ရန်ကုန်၊ ဧပြီ ၂၄။
ယမန်နေ့က သာယာဝတီ အကျဉ်းထောင်မှ အကျဉ်းသား(၄၃)ဦး လွတ်မြောက်သည့်အထဲတွင် နိုင်ငံရေး
အကျဉ်းသား နှစ်ဦးသာပါဝင်ပြီး (၁၅)ဦး ကျန်ရှိနေသေးကြောင်း အဆိုပါထောင်မှ ပြန်လည်လွတ်မြောက်လာသူများက မြန်မာ့ခေတ်သို့ ပြောကြားသည်။
“ကျွန်တော်တို့ ပြန်လွတ်တော့ အထဲမှာ (၁၅)ယောက် ကျန်ခဲ့ပါတယ်၊ ကိုအေးမင်းနိုင်တို့ အမှုတွဲက (၇)ယောက်၊ ရှမ်းလက်နက်ကိုင် ဦးသံချောင်းတို့က (၇)ယောက်၊ နောက်တစ်ယောက်က နျူကလီးယားကိစ္စနဲ့
သေဒါဏ်ကနေ ထောင်တစ်သက် ပြောင်းကျနေတဲ့ ဦးဝင်းနိုင်ကျော်ပါ ”ဟု ထောင်ထဲတွင် (၄)နှစ်နီးပါး
နေထိုင်ခဲ့သူ ကိုအေးမင်းဖြိုး က ပြောကြားသည်။
ကိုအေးမင်းဖြိုးနှင့်အတူ လွှတ်မြောက်လာသူ ကိုအောင်သူကလည်း “ ထောင်ထဲမှာ ဘာကြောင့် ကျန်ခဲ့တယ်ဆိုတာမသိပေမယ့်၊ သူတို့တွေ ကျန်ရှိနေသ၍ ဒီစနစ် ပြောင်းပြီ မဆိုနိုင်သေးဘူး၊ ကိုယ့်ကိုယ်ကိုလည်း တကယ်မလွတ်မြောက်သေးဘူးလို့ ခံစားရတယ် ”ဟု ပြောကြားသည်။
စွမ်းအားမြှင့် မြန်မာကျောင်းသား စစ်သည်တော်အဖွဲ့မှ ကိုအောင်သူသည် ပေါက်ကွဲမှု၊ မတရားသင်း၊ နယ်စပ်ဖြတ်ကျော် စသည့်အမှုများဖြင့် ထောင်ဒါဏ် (၁၅)နှစ် ကျခံခဲ့ပြီး ကိုအေးမင်းဖြိုးမှာလည်း အမှုသုံးမှုဖြင့် ထောင်ဒါဏ်(၁၃)နှစ် ကျခံခဲ့ခြင်း ဖြစ်ပြီး (၄)နှစ်ခန့်အကြာတွင် ယခုကဲ့သို့ ပြန်လည် လွတ်မြောက်လာကြခြင်း ဖြစ်ကြောင်း သိရသည်။
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အကျဉ်းထောင် အသီးသီးမှ လွှတ်မြောက်လာသူ(၉၃)ဦးတွင် နိုင်ငံရေး အကျဉ်းသား (၅၉)ဦး ပါဝင်သည်ဟု ဆိုသော်လည်း ယင်းတို့ထဲတွင် လက်နက်ကိုင် အဖွဲ့အစည်းများမှ (၄ဝ)ဦးပါဝင်နေကြောင်းနှင့် နိုင်ငံရေး အကျဉ်းသား အယောက် ၂၀၀ ၀န်းကျင်ခန့် ကျန်ရှိနေသေးကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများ အဖွဲ့ချုပ်မှ သိရသည်။
ထက်နောင်နောင်
The Myanma Age
သာယာဝတီထောင်တွင် နိုင်ငံရေး အကျဉ်းသား (၁၅)ဦး ကျန်ရှိနေသေး
Labels:
ပြည်တွင်းသတင်း