http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

Showing posts with label မှုခင်း. Show all posts
Showing posts with label မှုခင်း. Show all posts

ကျွဲဆည်ကန် ကားကြီးဝင်း အနီးတွင် ကျပ်သိန်းတစ်ရာကျော် ခိုးယူ လူသတ်မှုဖြစ်

မန္တလေး၊ သြဂုတ် ၆
မန္တလေးမြို့တော် ပြည်ကြီးတံခွန်မြို့နယ် ကျွဲဆည်ကန် အဝေးပြေးယာဉ် ရပ်နားစခန်းဝင်းအနီးရှိ ရွှေပြည်မန္တလာတိုက်တန်းတွင် နေထိုင်သူအမျိုးသမီးကြီး တစ်ဦးအားသတ်၍ ကျပ်သိန်းတစ်ရာကျော် ခိုးယူမှု ဇူလိုင်လ ၅ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ချမ်းမြသာယာရပ်ကွက် ရွှေပြည်မန္တလာ တိုက်တန်း ပထမထပ် အဆောင် (၂)၊ အခန်း (၈) တွင် နေထိုင်သူ ဒေါ်ဂျမ်းတော အသက် ၆၇ နှစ်သည် မီးဖိုခန်း အတွင်း နဖူးပေါက်ပြဲဒဏ်ရာရ၍ သတိလစ်နေကြောင်း ဒေါ်ဂျမ်းတောသားဖြစ်သူက တွေ့ရှိကာ မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်စဉ် လမ်းတွင် သေဆုံးသွားခဲ့ကြောင်း သေဆုံးသူ၏သမီးဖြစ်သူ ဒေါ်မြင့်က The Voice သို့ ပြောကြားသည်။

ယင်းအမှုနှင့် ပတ်သက်၍ ရွှေပြည်မန္တလာ တိုက်တန်းတွင် နေထိုင်သူနှစ်ဦးကို သံသယရှိသဖြင့် ခေါ်ယူစစ်ဆေး မေးမြန်းလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

"သုံးလွှာတိုက်ခန်း ပထမထပ်က အိမ်မှာ မိသားစုလေးယောက် နေတာ။ လေးနှစ်အရွယ် တူမလေးရယ်၊ အန်တီတို့ လင်မယားနှစ်ယောက်ရယ် နေကြတာ။ နေ့ခင်းဘက်မှာ အလုပ်သွားကြတာ။ အိမ်မှာ အမေရယ်၊ တူမလေးရယ် ကျန်ခဲ့တာ။ ကလေးက ကံကောင်းတယ်။ အပြင်မှာထွက်ပြီး ဆော့နေတာ။ ဓာတ်သိထဲကပဲ ဖြစ်မှာပါ။ နေ့ခင်းကြောင်တောင်ကြီး ပတ်ဝန်းကျင်ကလည်း မသိလိုက်ဘူးတဲ့။ အစ်ကိုက အိမ်ကိုလာလည်ရင်းနဲ့ တွေ့လိုက်တာ။ ဖြစ်နေတာက ၂ နာရီလောက် ကတည်းက နေမှာပေါ့။ ဘယ်သူသတ်တယ် ဆိုတာ အမြန်ဆုံး သိချင်ပါတယ်" ဟု သေဆုံးသူ၏ သမီးအရင်းဖြစ်သူက ပြောကြားသည်။

သေဆုံးသူ၏ သမက်ဖြစ်သူ ဦးဉာဏ်ရွှင်သည် နေအိမ်အတွင်း စစ်ဆေးရာ အိပ်ခန်းခုတင်၏ ယာဘက်နံဘေး တံခါးပေါက်အနီး ထားရှိသော သံသေတ္တာမှာ ပွင့်နေပြီး သေတ္တာအတွင်း ထားရှိသည့် ငွေသားကျပ်နှစ်သိန်းနှင့် ရွှေထည်ပစ္စည်း ၁၅ ကျပ်သား စုစုပေါင်း ၁၁,၉ဝဝ,ဝဝဝ ကျပ်ဖိုး ပျောက်ဆုံးသွားခဲ့ကြောင်း အဆိုပါ ရုံးမှတ်တမ်းများအရ သိရသည်။

"ပတ်ဝန်းကျင်ကလည်း ဘာမှမသိလိုက်ဘူး။ လပြည့်၊ လကွယ် ဘုံဆွမ်း လောင်းပွဲရှိတော့ ဓာတ်စက်သံနဲ့ဆိုတော့ ဘာမှမကြားရဘူး။ ဘာမှမသိလိုက်ဘူး" ဟု အခင်းဖြစ်ပွားရာ အခန်းနှင့်မျက်နှာချင်းဆိုင်အခန်းတွင် နေထိုင်သူ အသက် ၆၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား ဦးဉာဏ်ရွှင်က တရားလိုပြု တိုင်တန်း၍ ပြည်ကြီးတံခွန် မြို့နယ် (မြို့မရဲစခန်း) က (ပ) ၃၇၆/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂/၃၉၂ အရ အမှုဖွင့် အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

ရန်ကုန်-နေပြည်တော်ပွဲ ရန်ဖြစ်သူများကို ဗီဒီယို အထောက်အထားဖြင့် အရေးယူမည်

ဓါတ်ပုံ google
ရန်ကုန်၊ သြဂုတ် ၅
မြန်မာနေရှင်နယ်လိဂ် ဘောလုံးပွဲ၏ ရန်ကုန်-နေပြည်တော်ပွဲ၌ အချင်းများ ခဲ့သည့် နှစ်ဖက် ကစားသမားများနှင့် ရန်ပြု တိုက်ခိုက်ခဲ့သည့် ပရိသတ် အချို့ကို ဗီဒီယို အထောက်အထားများဖြင့် စုံစမ်း ဖော်ထုတ် အရေးယူသွား မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးစိုးမိုက ပြောကြားသည်။

သြဂုတ်လ ၄ ရက်၊ ညနေ ၆ နာရီတွင် ရန်ကုန်-နေပြည်တော် ပွဲ၌ ပြဿနာ ဖြစ်ပွားအောင် ဖန်တီးခဲ့သည့် နှစ်ဖက် ကစားသမားများ အပါအဝင် ပြဿာနာရှာ ရန်ပြုခဲ့သည့် ပရိသတ်များကို စုံစမ်းဖော်ထုတ် အရေးယူသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

အရေးယူမည်ဆိုလျှင် အိမ်ရှင် ဖြစ်သော နေပြည်တော် အသင်းကိုသာ အရေးယူမည် ဖြစ်ကြောင်း ပွဲမစခင် ရက်အနည်းငယ်က နေပြည်တော် အသင်း ပရိသတ်များကို စည်းကမ်းတကျ အားပေးစေရန် ထိန်းသိမ်းရေး မေတ္တာရပ်ခံစာကို နေပြည်တော်အသင်းထံ ပို့ထား ပြီး ဖြစ်ကြောင်း မြန်မာ နေရှင်နယ်လိဂ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ မှ ဦးခင်မောင်ထွေး (ပျဉ်းမနား) က ပြောကြား သည်။

မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်က ယင်းကိစ္စနဲ့ ပတ်သက်၍ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီကို တာဝန်ပေးခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။

“ကော်မတီကို တာဝန်ယူဖို့ ပြောခဲ့ရင်တော့ ကွင်းထဲက ပျက်စီးသွားတဲ့ တန်ဖိုးတွေကို အကုန် ပေးလျော်ခိုင်းမှာပါ။ အဆင့်အတန်းရှိရှိ လုပ်ထား တာကို ဖျက်ဆီးခဲ့လို့ပါ။ ပေါင်းလောင်းကွင်း မဟုတ်ဘူး၊ SEA Games အတွက် ရည်ရွယ်ထားတဲ့ ကွင်းပါ” ဟု ဦးခင်မောင်ထွေးက ဆိုသည်။

နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ သည့် နေပြည်တော် အသင်းနှင့် ရန်ကုန်အသင်းတို့၏ ရာသီပိတ်ပွဲတွင် ပရိသတ်နှင့် ကစားသမားများ အချင်းများခဲ့သော ကိစ္စနှင့် ပတ်သက်၍ လုံခြုံရေးပိုင်းဆိုင်ရာ အားနည်းမှုများ ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ လုံခြုံရေး အားနည်းခဲ့တယ်ဆိုတာ ဝန်ခံပါတယ်။ဒါပေမဲ့ သက်ဆိုင်ရာ အစိုးရအဖွဲ့ကို လုံခြုံရေး တောင်းခံပါသေးတယ်။ မရခဲ့ပါဘူး” ဟု ၎င်းက ဆိုသည်။

ရန်ကုန်နှင့် နေပြည်တော်ပွဲတွင်ရန်ကုန်ပရိသတ် နှစ်ထောင်ကျော်နှင့် နေပြည်တော်အသင်း ပရိသတ် နှစ်သောင်းခန့် လာရောက် အားပေးခဲ့ကြပြီး ပွဲမစမီကပင် နှစ်ဖက် ပရိသတ်များ အပြန်အလှန် အရာဝတ္ထုများနှင့် ပစ်ခတ်မှု များ ရှိခဲ့ကြောင်း ပွဲချိန် ၃၂ မိနစ်ခန့် တွင် ရန်ကုန်အသင်း ပင်နယ်တီ ပြစ် ဒဏ်ဘော ကန်ခွင့်ပေးခဲ့ခြင်းအပေါ် မကျေနပ်၍ နေပြည်တော် ပရိသတ် တစ်ဦး ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ကြောင်း ပင်နယ်တီ ပြစ်ဒဏ်ဘောကို ရန်ကုန်အသင်းမှ ဆီဇာ ကန်သွင်းပြီး အချိန်တွင် နေပြည်တော် ပရိသတ် ၂၅ ဦးခန့် ကွင်းအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ရန်ကုန် ကစားသမားများကို ရန်ပြုရန် ကြိုးစားရာမှ နှစ်ဖက် ကစားသမားများနှင့် ပရိသတ်များ ခိုက်ရန် ဖြစ်ပွားကာ ပွဲကို ရပ်နားခဲ့ရခြင်းဖြစ်သည်။

နေပြည်တော်အသင်းသည် ပရိသတ်များ ဆိုးရွားစွာ အားပေးသဖြင့် ဒဏ်ငွေ ရှစ်သိန်း ပေးဆောင်ထားရပြီး ယမန်နှစ်ကလည်း ဒဏ်ငွေ ၁၁သိန်း ပေးဆောင်ထားရသည့် အသင်း ဖြစ်သည်။

နေပြည်တော်-ရန်ကုန် ပွဲစဉ်ကို ပြိုင်ပွဲ ရပ်ဆိုင်းရေး စည်းမျဉ်း အမှတ် ၂၈ အပိုဒ်ခွဲ (ဂ) အရ လက်ရှိ ပွဲရလဒ်အတိုင်း ရန်ကုန်အသင်းအား တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် ထုတ်ပြန်ချက်အရ သိရသည်။
The Voice Weekly

ညောင်ဦးတွင် ပြင်သစ်နိုင်ငံသူ တစ်ဦး အိတ်ဆွဲလုခံရ

မန္တလေး၊ သြဂုတ်၎
မန္တလေးတိုင်းဒေသကြီး ပုဂံ-ညောင်ဦး မြို့သစ် ကားလမ်း၊ အနော်ရထာလမ်း တောင်ဘက်ရှိ ဆူးလေကုန်းဘုရား အနီးတွင် သြဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီ ၅၀ မိနစ် အချိန်၌ ပြင်သစ်နိုင်ငံသူ တစ်ဦး၏ ခါးပတ်အိတ်ကို ဆွဲယူ ထွက်ပြေးခံရမှု ဖြစ်ပွားခဲ့ကြောင်း ညောင်ဦး ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

ပြင်သစ်နိုင်ငံသူ Ms. Amilie Schaitt ၂၃ နှစ်သည် လှည့်လည် ဓာတ်ပုံ ရိုက်နေစဉ် အနော်ရထာလမ်း တောင်ဘက်ရှိ လူသွားလူလာ ပြတ် တတ်သော ဆူးလေကုန်းဘုရား အနီးတွင် ၎င်း၏ ခါးပတ်အိတ်ကို အသက် (၂၅) နှစ်ခန့်ရှိ အမျိုးသားတစ်ဦးက လုယူရာ ပြန်လည် ဆွဲသဖြင့် ပြင်သစ်နိုင်ငံသူ၏ ဝဲမျက်လုံး ညိုမည်း၊ လည်ပင်း ဝဲဘက်လက်ပြင် ပွန်းသော ဒဏ်ရာများ ရရှိခဲ့ကြောင်း ညောင်ဦး ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီနှစ်ဆန်းပိုင်းအတွင်းမှာ ဒီလို ဖြစ်စဉ် လေးကြိမ်လောက် ရှိသွားပြီ။ လုံခြုံရေးကတော့ လုပ်နေတာပါပဲ။ ဆူးလေကုန်းဘက်ဆိုတာက လူအသွားအလာ နည်းတဲ့ နေရာတွေပါ။ နောက်ပြီး နိုင်ငံခြားသားတွေ က တောလမ်းလို နေရာတွေကို စက်ဘီးနဲ့ တစ်ယောက်တည်း သွားကြ တယ်။ လုံခြုံရေးကိုတော့ ကြပ်ကြပ်မတ်မတ် လုပ်ဆောင်နေတာပါ။ ခရိုင် အုပ်ချုပ်ရေးမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာတွေ၊ Toursim Police တွေနဲ့လည်း လုံခြုံရေး ဆောင်ရွက်ပေးနေတာပါ။ လိုအပ် သလို ပြင်ဆင် ဆောင်ရွက်နေတာပါ။ အခွင့်အရေးသမားကတော့ အမြဲ စောင့်မှာပါပဲ” ဟု ပုဂံ ဧည့်လမ်းညွှန် အသင်း ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက The Voice သို့ ပြောဆိုသည်။

လုယူသွားသော ခါးပတ် အိတ်ထဲတွင် နိုင်ငံကူးလက်မှတ် စာအုပ် တစ်အုပ်၊ အမေရိကန်ဒေါ်လာ ၂၀၀၊ မြန်မာငွေ ၁၀၀၀ ကျပ်၊ Credit Card တစ်ခု၊ Flight Ticket တစ်စောင်၊ Bank Account Imformation တစ်ခုတို့ ပါသွားကြောင်း၊ အဆိုပါ ဧည့်သည်မှာ ဒဏ်ရာ ရရှိမှုကြောင့် ညောင်ဦးဆေးရုံ တွင် ပြင်ပ လူနာအဖြစ် ဆေးကုသခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့တွင် ဘန်ကောက်သို့ ပြန်လည် ထွက်ခွာမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှတ်တမ်းများအရ သိရသည်။

ပြင်သစ်နိုင်ငံသူ လုယက်ခံရမှုနှင့် ပတ်သက်၍ ၎င်းတည်းခိုသည့် တည်းခိုခန်း ပိုင်ရှင်က တရားလိုပြု တိုင်တန်းသဖြင့် ညောင်ဦး ရဲစခန်းတွင် (ပ) ၉၄/၂၀၁၃၊ ပြစ်မှု ပုဒ်မ ၃၆၈ အရ အမှုဖွင့်ခဲ့ပြီး တရားခံကို ဖမ်းဆီးရမိရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း ယင်းရုံးထံမှ သိရသည်။
The Voice Weekly

လှိုင် မြစ်ကမ်းတွင် ပုပ်ပွ ကလေး အလောင်းတွေ့

ရန်ကုန်၊ သြဂုတ် ၎
ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း အနောက်မြောက်ရပ်ကွက်၊ ကြည့်မြင်တိုင် ငါးဈေးအနီး လှိုင်မြစ်ကမ်းတွင် သြဂုတ်လ ၃ ရက် ညနေပိုင်း၌ ပုပ်ပွနေသည့် အသက် ခုနစ်နှစ်အရွယ် ကလေး အလောင်း တစ်လောင်း တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

ပုပ်ပွနေသည့် ကလေးအလောင်းသည် မိန်းကလေး အလောင်းဖြစ်ပြီး ယင်းအလောင်းကို ရန်ကုန် အထွေထွေ ပြည်သူ့ ဆေးရုံကြီးက ပီအာရ် ၀၁၉ ဖြင့် လက်ခံထားကြောင်း ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းထံမှ သိရှိရသည်။

“အလောင်းက လက်ချောင်းတွေက အရိုး ပေါ်နေတယ်။ ပါးစပ်ကလည်း ဟနေတယ်။ အလောင်းက တော်တော် ပုပ်ပွနေပြီ” ဟု မျက်မြင် တွေ့ရှိ သည့် ရဲအရာရှိက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၃၆/၁၃ ဖြင့် စစ်ဆေးလျက် ရှိပြီး သေဆုံးသူ အမည်နှင့် နေရပ်ကိုမူ စုံစမ်း စစ်ဆေးနေဆဲဖြစ်ကြောင်း ဆိပ်ကမ်းမြို့နယ် မြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။
The Voice Weekly

မန်း တံတားဦးတွင် မျက်မမြင်မိခင်အားလုပ်ကျွေးနေသူမိန်းကလေးအား မုဒိမ်းကျင့် လုယက်သတ်ဖြတ်ခဲ့သူအား သေဒဏ်ချမှတ်

ဓါတ်ပုံ google
မန္တလေး- သြဂုတ် ၎
မန္တလေးတံတားဦးတွင် မျက်မမြင်မိခင်အားလုပ်ကျွေးနေသူမိန်းကလေးအားမုဒိမ်းကျင့် လုယက်သတ်ဖြတ်ခဲ့သူအား ကျောက်ဆည်ခရိုင်တရားရုံးမှ သေဒဏ်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ အသက် ၇၀ကျော် မိခင်အား အကြော်ရောင်း ကျုံရာကျပန်းအလုပ်များဖြင့် လုပ်ကိုင်ကြွေး မွေးနေသော မစန်းစန်းဝင်း(ခ)မဂွတိုအား တရားခံ တပ်ပြေး အောင်စိုး သည် ၂၀၁၃ခုနှစ် မတ်လ ၈ရက် နေ့တွင် တံတားဦးမြို့မြင်းဝန်းသုသန်ထဲတွင် မုဒိမ်းကျင့်ကာ လူသတ်ခဲ့ပြီး အလောင်းမှ နားကပ်၊ လက်စွပ်တို့ အား ခိုးယူခဲ့ပြီး အဆိုပါတရားခံအား အဆိုပါနေ့တွင် မြို့သာမြို့အရှေ့ဘက် ရွာသစ်ကျေးရွာတွင်ဖွင့်လှစ်ထား သည့် လက်ဖက်ရည်ဆိုင်တွင် သက်သေခံပစ္စည်းနှင့်အတူ နေ့တွင်းချင်းဖမ်းမိခဲ့သည်။

၎င်းမှာ တပ်မှ ထွက်ပြေးလာသော ဒုတပ်ကြပ်ကြီးတစ်ဦးဖြစ်သောကြောင့် စစ်ဘက်ဆိုင်ရာ တရားရုံး တွင် စစ်ဆေးမည်ကို မြို့ခံများက စိုးရိမ်သောကြောင့် အရပ်ဘက် တရားရုံးတွင်သာ စစ်ဆေးလိုကြောင်း စာတန်းများ၊ သေဒဏ်ပေးစေလိုသောစာတန်းများကို ကိုင်ဆိုင်ကာ တံတားဦးရဲစခန်းရှေ့တွင် မတ်လအတွင်း က ဆန္ဒထုတ်ဖော်ခဲ့ကြသေးကြောင်းမြို့ခံတစ်ဦးကပြောသည်။

သေဆုံးသူ မစန်းစန်းမြင့်(ခ)မဂွတိုမှာ အသက်၇၀ကျော် မျက်မမြင်မိခင်အား လုပ်ကျွေးနေပြီး အတန်း ပညာကောင်းစွာမရှိခြင်း၊ စကားမပီခြင်း ခေါင်းရွက်ဈေးသည်အဖြစ် ဈေးလှည့်လည်ရောင်းချကာ ကြုံရာကျပန်းအလုပ်လုပ်ကိုင် ခြင်းတို့ကြောင့် စာနာစိတ်ဖြင့် တောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးကဆိုသည်။

တံတားဦးမြို့နယ်ရဲစခန်းမှ တရားခံအောင်စိုး(၂၅)နှစ်အား (ပ) ၁၄/၂၀၁၃ ပုဒ်မ ၃၉၂/၃၀၂/၃၇၆တို့ဖြင့် စွဲချက်တင်ခဲ့ပြီး ကျောက်ဆည်ခရိုင်တရားရုံးတွင် ပြစ်မှုဆိုင်ရာ အမှု ကြီးအမှတ် ၇/၂၀၁၃ ပုဒ်မ ၃၀၂/၁၁(ဂ)အရ သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ဖိုးလပြည့်
Popular Myanmar News Journal

ဦးလေးနှင့်တူ အရက်အတူသောက်ရာမှ လူသတ်မှုဖြစ်

တောင်ငူ၊ သြဂုတ် ၃
တောင်ငူမြို့နယ် ရှမ်းစုကျေးရွာအုပ်စု ပွတ်စုကျေးရွာဈေးဆိုင်တွင် ဇူလိုင်လ ၃၁ ရက်နေ့ နံနက် ၉ နာရီက တူဝရီးနှစ်ဦး အရကဝိုင်းတွင် စကားများ ရန်ဖြစ်ပြီး ဦးလေး ကခုံဖြင့်ရိုက်သဖြင့် တူဖြစ်သူ သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

တူဖြစ်သူ အသက် ၂၇ နှစ်အရွယ် ကိုဖြိုးဝေဦး၏ ဆိုင်တွင် တူအပါအဝင် ဦးလေးဖြစ်သူ အသက် ၂၉ နှစ်အရွယ် ကိုကျော်သူနှင့် တစ်ရွာတည်းနေ ဦးသက်တို့ အရက်သောက်ရာမှ တူဝရီးချင်း စကားများရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း မြို့မရဲစခန်းထံမှ သိရှိရသည်။

၎င်းတို့နှစ်ဦး စကားများရန်ဖြစ်ပြီးနောက် ဦးလေးက နေအိမ်သို့ ပြန်သွားပြီး မွန်းလွဲ ၂ နာရီတွင် ပြန်လည်ရောက်လာကာ စိန်ခေါ်နေသဖြင့် တူဖြစ်သူ ကိုဖြိုးဝေဦးက အိမ်နောက်ဖေးပေါက်မှ ထွက်သွားစဉ် ကိုကျော်သူက တူဖြစ်သူကို သစ်သားကုလားထိုင်ဖြင့် ဦးခေါင်းကို ရိုက်နှက်ခြင်း၊ လဲကျနေသည့်တူကို ခြေဖြင့်ကန်ခြင်းများကို ပြုလုပ်ခဲ့ကြောင်း ရဲစခန်းထံ တိုင်ကြားချက်အရ သိရှိရသည်။

အရိုက်ခံရသူ တူဖြစ်သူ ကိုဖြိုးဝေဦးတွင် ဦးခေါင်းချိုစောင်း ပေါက်ပြဲဖူးရောင် ဒဏ်ရာ၊ ဘယ်ဘက်မျက်လုံး ဖူးရောင်ဒဏ်ရာ များဖြင့် တောင်ငူ ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ရာ ည ၉ နာရီခန့်တွင် သေဆုံးခဲ့ကြောင်း တောင်ငူမြို့ မြို့မရဲစခန်းထံမှ သိရှိရသည်။

“ရန်ငြိုးရန်စ မရှိပါဘူး။ မူးနေလို့ ဖြစ်သွားတာ။ ဆေးရုံပေါ်ရောက်တော့လည်း အကောင်းပါပဲ။ ည ၉ နာရီလောက်မှ ဆုံးသွားတယ်” ဟု ပွတ်စုကျေးရွာနေ အသက် ၇၀ ခန့်အရွယ်ရှိ ရပ်မိရပ်ဖတစ်ဦးက ပြောကြားသည်။

အဆိုပါ သေဆုံးမှုကြောင့် ရိုက်နှက်သူ ကိုကျော်သူကို (ပ)၄၂၄/၂၀၁၃၊ ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ထားကြောင်း လတ်တလောတွင် ဦးလေးသည် ထွက်ပြေးလျက် ရှိကြောင်း တောင်ငူမြို့ မြို့မရဲစခန်းထံမှ သိရှိရသည်။
The Voice Weekly

ငွေ ၅၀၀ အတွက် အချင်းများရာမှ လူသတ်မှုဖြစ်

4.8.2013
ပဲခူးတိုင်း (အနောက်ပိုင်း) ဒေသကြီး ရွှေတောင်မြို့နယ် မီးတောင်အုပ်စု၊ ဝါးလည်ရွာတွင် အလုပ်လုပ်ခြင်းဖြင့် ပေးဆပ်မည်ဟုဆိုကာ ချေးယူ ထားသောငွေ ၅၀၀ ကျပ်အတွက် အချင်းများရာမှ လူသတ်မှု ဖြစ်ပွားခဲ့ကြောင်း ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။

တူဖြစ်သူ ကိုသန်းသူမောင်ထံက ချေးယူထားသော ငွေ ၅၀၀ ကျပ်အတွက် အလုပ်လုပ်ပေးရန် ဦးဝင်းမြင့်နိုင်ကို သွားရောက်ခေါ်စဉ်တွင် ဦးဝင်းမြင့်နိုင် နေမကောင်း ဖြစ်နေခဲ့ကြောင်း၊ နောက် တစ်နေ့တွင် တူဝရီးနှစ်ယောက် အတူအရက်သောက် စကားများရာမှ ဦးဝင်းမြင့်နိုင် သေဆုံးခဲ့ပြီး သေဆုံးသူ၏ နေအိမ်ရှေ့တွင် တူဖြစ်သူက တုတ်ဖြင့် ရိုက်ခဲ့ခြင်း ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ အနီးရှိ ရွာခံများ၏ ပြောဆိုချက်အရ သိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က တူဝရီးဖြစ်သူ ဦးဝင်းမြင့်နိုင်နှင့် ကိုသန်းသူမောင်တို့ အရက်အတူ သောက်ရာမှ စကားများခဲ့ပြီး ကိုသန်းသူမောင်က ဝါးတုတ်ဖြင့်တစ်ချက် ရိုက်ခဲ့ရာ ဒဏ်ရာပြင်းထန်သဖြင့် ပြည်မြို့ ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ခဲ့ကြောင်း၊ အဆိုပါဒဏ်ရာဖြင့် သြဂုတ် ၁ ရက်နေ့တွင် ဦးဝင်းမြင့်နိုင် သေဆုံး သွားခဲ့ကြောင်း ရွှေတောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ တပ်ကြပ်ကြီး ဦးအောင်မြင့်ဌေးက ပြောကြားသည်။

ဦးဝင်းမြင့်နိုင် သေဆုံးမှုနှင့် ပတ်သက်၍ ပ/၁၈၄/၂၀၁၃၊ ပုဒ်မ ၃၂၅ ဖြင့် အမှုဖွင့်ခဲ့သော်လည်း လက်ရှိတွင် ပုဒ်မ ၃၀၂ ဖြင့် ပြောင်းလဲ အမှုဖွင့်ထားကြောင်း ရွှေတောင်မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။
The Voice Weekly

ရန်ကုန်မြို့လယ် နာမည်ကြီး လောင်းကစားဒိုင်ကြီးကို ဖမ်းဆီး

ရန်ကုန်၊ သြဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် ၂၉လမ်း (အလယ်ဘလောက်) ရှိ တိုက်အမှတ် ၁၀၀/၁၀၃ သုံးလွှာတွင်ရှိ နာမည်ကြီး လောင်းကစားဒိုင်ကို သြဂုတ်လ ၁ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်က ဝင်ရောက် ဖမ်းဆီးခဲ့ရာ လောင်းကစား ပြုလုပ်သူ ၂၆ ဦးကို ဖမ်းမိခဲ့ကြောင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက The Voice သို့ ပြောကြားသည်။

“သုံးလွှာကနေ ထွက်ပြေးတဲ့သူတောင် ရှိတယ်။ ဖမ်းထားတဲ့သူတွေကို ခု (မွန်းလွဲ ၂နာရီ ခွဲ) အထိ ကားနဲ့သယ်တာ လေးခေါက်လောက်ရှိပြီ” ဟု မျက်မြင်တွေ့ရှိသူ ၂၉ လမ်းတွင် နေထိုင်သူ အသက် ၃၂ အရွယ်ရှိ အမျိုးသမီးတစ်ဦးက ပြောကြားသည်။

အဆိုပါ လောင်းကစားဒိုင်မှာ ဘောလုံးပွဲ၊ နှစ်လုံးထီ၊ ချဲထီနှင့် လေးကောင်ဂျင် ကစားဝိုင်းကို တရားဝင် ခွင့်ပြုချက်ဖြင့် လုပ်ကိုင်နေသည်ဟု ထင်ရလောက်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါဖမ်းဆီးသည့် ကိစ္စနှင့်ပတ်သက်၍ ဖမ်းမိသူများကို စစ်ဆေးလျက် ရှိသောကြောင့် အတည်ပြု ပြောကြား၍ မရသေးကြောင်း ပန်းဘဲတန်းမြို့နယ် ရဲစခန်း တာဝန်ကျ အရာရှိတစ်ဦးက ပြောကြားသည်။

“တစ်ရက်က ရပ်ကွက်ထဲက အမျိုးသမီးတစ်ဦးက ဒီဒိုင်မှာထိုးတာ သူ့ဂဏန်း ထွက်လာတော့ ဂဏန်းက ထိုးလို့မရဘူးလို့ ချဲရောင်းသမားကပြောတော့ အကြောင်းသိစေရမယ်လို့ ပြောဆိုသွားတယ်လို့ သိရတယ်။ တိုင်တဲ့သူများရှိလို့ ဝင်ဖမ်းတာလား အတိအကျတော့ မသိဘူး” ဟု ရပ်ကွက်အတွင်းမှ အမျိုးသမီးတစ်စု၏ ပြောဆိုချက်အရ သိရသည်။

အဆိုပါအခန်းကို ဦးကျော်ကိုကိုဆိုသူက နှစ်ချုပ်ဖြင့် ငှားရမ်းအသုံးပြုလျက်ရှိပြီး ဖမ်းဆီးရာတွင် လောင်းကစား အသုံးပြုသည့် စာရွက်စာတမ်း၊ ပရိဘောဂနှင့် ငွေကျပ် သိန်း ၃၀ ကျော်တို့ကို ဖမ်းမိခဲ့ကာ ဖမ်းဆီးမိသူများကို ပန်းဘဲတန်းမြို့နယ် ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း (၂) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ပြောကြားသည်။
The Voice Weekly

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် သုံးထပ်ဆောင်ပေါ်မှ အမျိုးသမီးလူနာခုန်ချ

ရန်ကုန်၊ သြဂုတ် ၁
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် သွပ်ဝိုင်းကြီး ရပ်ကွက်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် (ရန်ကုန်) ဆေးကုသဆောင် သုံးထပ်ဆောင်ပေါ်မှ ဇူလိုင်လ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်က အသက် ၂၈ နှစ်အရွယ် အမျိုးသမီး လူနာတစ်ဦး ခုန်ချခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

အသက် ၂၈ နှစ်အရွယ် ဒေါ်မေဖြိုးအောင်သည် တွံတေးမြို့နယ် သုံးအိမ်ကျေးရွာတွင် နေထိုင်သူဖြစ်ပြီး ၎င်း၏ ညာဘက်အာခေါင်တွင် အကြိတ်ပေါက်နေသဖြင့် ခွဲစိတ်ကုသရန် အတွင်းလူနာဆောင်၌ တက်ရောက်နေစဉ် ခုန်ချခဲ့ခြင်း ဖြစ်ကြောင်း၊ အမျိုးသမီးသည် ခုန်ချသည့်ဒဏ်ကြောင့် ညာဘက်ပါး ဖူးရောင် စုတ်ပြဲဒဏ်ရာ၊ ညာလက်ဖျံရိုးနှင့် ညာဘက်ပေါင်ကျိုး ဒဏ်ရာများ၊ အပေါ်သွားနှစ်ချောင်း ကျိုး၍ နောက်စေ့ဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း အဆိုပါ မြို့နယ်ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ဆေးကုသနေသည့် အဆိုပါအမျိုးသမီး မည်ကဲ့သို့ ခုန်ချခဲ့သည်ကို စုံစမ်းနေဆဲသာ ဖြစ်ကြောင်း အဆိုပါရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၏ သုံးထပ်ဆေးကုသဆောင်မှ ခုန်ချသူလူနာကို ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောအထူးကုဌာန အထူးကြပ်မတ် ကုသဆောင်တွင် ကုသလျက်ရှိပြီး ၎င်း၏ ဦးခေါင်းဒဏ်ရာကို ဓာတ်မှန်စစ်ချက်များအရ အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း အဆိုပါဆေးရုံမှ တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောကြားသည်။

ခုန်ချသူ၏ အာခေါင်တွင် ခံစားနေရသည့် ရောဂါဝေဒနာနှင့် ပတ်သက်၍ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ရှိခဲ့ခြင်းကြောင့် ခုန်ချခြင်း ဖြစ်နိုင်ကြောင်း သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

အလားတူ မြန်မာနိုင်ငံ၌ လူနာအများဆုံး တက်ရောက် ကုသသည့် ဆေးရုံဖြစ်သည့် ခုတင် ၁၅၀၀ ဆံ့ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး ခွဲစိတ်ကုသဆောင် (၁၃/၁၄ ) လေးလွှာတွင် ဇွန်လ ၈ ရက် ညနေပိုင်းက အသက် ၃၈ နှစ်အရွယ်ရှိ အမျိုးသား လူနာတစ်ဦး ခုန်ချသေဆုံးခဲ့သည်။
The Voice Weekly

ရဲတပ်သားတစ်ဦး ဆွဲကြီုးချသေဆုံးမှုဖြစ်ပွား

2.8.2013
ကြံခင်းမြို့ ရွာသစ်ရပ်ကွက် ဘုရားကြီးလမ်းတွင် ၊ မြို့မရဲစခန်းမှ ရဲတပ်သား တေဇာလင်း(ဘ) ဦးဌေးအောင် အသက် ၂၅ နှစ်သည်
ယနေ့ညနေ ၅ နာရီ ခွဲခန့်တွင် နေအိမ်၌ ဆွဲကြိုးချ သေဆုံး။ ကြံခင်းရဲစခန်းမှ သေမုသေခင်း ဖွင့်ထားပြီး ဟုသိရှိရပါသည်။

သေဆုံးသူ ရဲတပ်သားမှာ အရက်ဖြတ် ဆေး သောက်ထားသဖြင့် အရက်ကြောင်နေခြင်း ဖြစ်နိုင်သည်ဟုသိရပါသည်။
သတင်း ဥယျာဉ်
Shan News

ကုန်တင်သင်္ဘောဖြင့် တိုက်မိပြီး ငါးဖမ်းလှေပေါ်ရှိ ရေလုပ်သား သေဆုံး

ကြာသပတေးနေ့၊ သြဂုတ်လ ၀၁ ရက် ၂၀၁၃
တနသာင်္ရီတိုင်းဒေသကြီး ၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် ရေပိုင်နက်တွင် ကုန်တင်သဘောင်္တစ်စီးဖြင့် တိုက်မိ၍ရွာကမ်းခြေတွင် ဆိုက်ကပ်ထားသည့် ငါးဖမ်းလှေပေါ်ရှိ ရေလုပ်သားတစ်ဦး သေဆုံးခဲ့ကြောင်း အခင်းဖြစ်ပွားသည့် နေရာတွင် ရှိသည့် ရေလုပ်သားများထံမှ စုံစမ်းသိရှိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၆ ရက် နံနက် ၁ နာရီတွင် ရေကန်တောင် ကျေးရွာအုပ်စု၊ ကျောက်ရေပြင်အရှေ့ ကျေးရွာအနီး ပင်လယ်ပြင်တွင် ငါးဖမ်းစက်လှေငယ်များ ရပ်နားထားစဉ် MV ရွှေဧကရီ ကုန်တင်သံထည် သဘောင်္ကြီးမှ အရှိန်ဖြင့် ရွာထဲသို့ မောင်းဝင်လာစဉ် ငါးဖမ်းလှေတစ်စီးကို ၀င်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူ လူငယ်၏ဖခင် ဦးအေးလွင်က ရှင်းပြသည်။

“ညဘက်အချက်ပြမီးတွေလည်း တပ်ထားတာပဲ။ ဒါပေမယ့်အဲဒီသင်္ဘောက ရုတ်တရက်ကြီး မျက်နှာချင်း ဆိုင် ၀င်လာတာ”ဟု ယင်းငါးဖမ်းလှေမှ ရေလုပ်သားတစ်ဦးက ပြောသည်။

ယင်းသို့ တိုက်မိခြင်းသည် MV ရွှေဧကရီ ကုန်တင်သံခွံသင်္ဘောမှ လှေမောင်းသူ၏ ပေါ့ဆမှုသာဖြစ် ကြောင်း ကျွန်းစုမြို့နယ် ကန်မော်ရဲတပ်ဖွဲ့စခန်းမှ မှုခင်းမှတ်တမ်း ရဲအရာရှိတစ်ဦးက မှတ်ချက်ပြုသည်။

“တကယ်က သူဝင်လာရမည့် လမ်းကြောင်းမဟုတ်ဘူး။ ညပိုင်းကြီးမောင်းတာ အရှိန်လည်း မလျော့ဘူး။ ဒါကြောင့် အခုလိုဖြစ်တာ”ဟု ယင်းရဲအရာရှိက ဆိုသည်။

ယင်းသို့ တိုက်မိစဉ်တွင် ရေလုပ်သားအချို့က လှေပေါ်မှခုန်ချ၊ အချို့ကလည်း ပြုတ်ကျခဲ့သဖြင့် အသက် ဘေးမှ လွှတ်မြောက်ခဲ့သော်လည်း သေဆုံးသွားသူမှာ အသက် ၁၇ အရွယ်ရှိ မောင်ညီညီဇော်မှာ အခင်း ဖြစ်ပွားချိန် လှေခေါင်မိုးပေါ်တွင် အိပ်ပျော်ကာ ကျန်နေခဲ့သည်ဟု အထက်ပါ ရေလုပ်သားက ပြောသည်။

ယင်းငါးဖမ်းစက်လှေတွင် ရေလုပ်သား ခုနစ်ဦးပါရှိသည်။ “MV ရွှေဧကရီ ကုန်တင်သင်္ဘောကို ပဲ့နင်းက ထားဝယ်ဘက်ကို မောင်းပြီး ထွက်ပြေးသွားတယ်။ လက်ရှိတော့ စုံစမ်းနေတုန်းပဲ”ဟု ယင်းရဲအရာရှိက ဆို သည်။

အဆိုပါ လှေတိုက်မှုနှင့်ပတ်သက်ပြီး ကျွန်းစုမြို့နယ်၊ ကန်မော်ရဲတပ်ဖွဲ့မှ ဇူလိုင်လ ၂၆ ရက် နံနက် ၅း၃၀ နာရီချိန်တွင် သွားရောက်စစ်ဆေးခဲ့ပြီး၊(ပ) ၁၉/၂၀၁၃၊ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ၊၂၈၀/၃၀၄(က)အရ အမှု ဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း ကန်မော်ရဲစခန်းမှ သိရသည်။
Dawei Watch
Mizzima - News in Burmese

ကျွဲကျောင်းသားတစ်ဦး၏ ပုပ်ပွနေသည့်အလောင်း ရေမြောင်းထဲတွေ့

ရန်ကုန်၊ ဇူလိုင် ၃၁
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် (၁၂၁) ရပ်ကွက်၊ လယ်ကွင်းပြင်ရှိ ရေမြောင်းထဲမှ ဇူလိုင်လ ၃၀ ရက် နံနက် ၁၁နာရီ ၃၀မိနစ်က အသက် ၅၀ အရွယ်ရှိ ကျွဲကျောင်းသားအမျိုးသား အလောင်းတစ်ခုကို တွေ့ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ စုံစမ်းသိရှိရသည်။

သေဆုံးသူသည် အဆိုပါရပ်ကွက် အင်းဝလမ်းတွင် နေသူ ဦးဘာဘူကြီး ဖြစ်ပြီး ၄င်းသည် အရက်အလွန်အကျွံ သောက်စားတတ်သူ တစ်ဦးဖြစ်ကြောင်း လွန်ခဲ့သော သုံးရက် (ဇူလိုင်လ ၂၇ ရက်) ခန့်က ကျွဲကျောင်း သွားရာမှ ပျောက်ဆုံးခဲ့ပြီး ဒဂုံအင်တာ နေရှင်နယ်ကုမ္ပဏီပိုင် လယ်ကွင်းရှိ အကျယ် ၁၀ပေ၊ အနက် ရှစ်ပေရှိ ရေမြောင်းထဲမှ အလောင်းကို ပုပ်ပွ၍ ပြန်လည်တွေ့ရှိခဲ့ ခြင်းဖြစ်ကြောင်း (၁၂၅) ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးအောင်ချမ်းသာက The Voice သို့ ပြောကြားသည်။

"ကျွဲကျောင်းသားကောင်လေးက တွေ့ပြီး ရပ်ကွက်ရုံးကို လာပြောလို့ ရဲစခန်း ကို အကြောင်းကြား ခဲ့တယ်။ သွားကြည့်တော့ အလောင်းက တော်တော်လေး ပုပ်ပွ နေပါပြီ" ဟု အဆိုပါ ရပ်ကွက်အုပ်ချုပ် ရေးမှူးက ထပ်မံပြောကြားသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း ၁၁/၂၀၁၃ဖြင့် အမှုဖွင့် အရေးယူထား ကြောင်း ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
The Voice Weekly

မြောက်ဥက္ကလာပ တည်းခိုခန်းတွင် အမျိုးသားတစ်ဦး သေဆုံး



ရန်ကုန်၊ ဇူလိုင် ၂၉

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၊ (ဃ) ရပ်ကွက်ရှိ ချမ်းမြေ့ တည်းခိုခန်းတွင် ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၁ နာရီခန့်က အချိန်ပိုင်း လာရောက် တည်းခိုသူ ချစ်သူ နှစ်ဦးအနက် အသက် ၃၈ နှစ်အရွယ် အမျိုးသား တစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်း သိရှိရသည်။

သေဆုံးသူ အမျိုးသားသည် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် နေထိုင် သူ ဖြစ်ပြီး အဆိုပါ တည်းခိုခန်းတွင် ချစ်သူ အမျိုးသမီးနှင့်အတူ တည်းခိုနေ စဉ် သတိလစ် မေ့မြောရာမှ ဆေးရုံသို့ ပို့ဆောင်သည့် လမ်းတွင် သေဆုံး ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရှိရသည်။

သေဆုံးသူ အမျိုးသားသည် နှလုံးသွေးကြောကျဉ်းရောဂါ လက္ခဏာနှင့် သွေးတိုးရောဂါရှိပြီး ရင်ခွဲ စစ်ဆေးချက်များအရ နှလုံး၏ အစိတ်အပိုင်း အချို့မှာ ပုပ်နေသည်ကို တွေ့ရှိရကြောင်း မြောက်ဥက္ကလာပ မြို့နယ် ရဲစခန်းထံမှ စုံစမ်း သိရှိရသည်။

“ကာမအားတိုးဆေး သောက်ထားလား ဆိုတာတော့ အသေးစိတ် မသိသေး ပါဘူး။ ဒါပေမဲ့ ဖြစ်တဲ့ နေရာကို စစ်ကြည့်တာတော့ ဘာအစအနမှ မတွေ့ပါဘူး၊ အတူပါလာတဲ့ သူကိုလဲ မေးကြည်တော့ မသုံးထားဘူးလို့ ပြော တယ်” ဟု အဆိုပါ သေဆုံးမှုကို စစ်ဆေးလျက်ရှိသည့် ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

နှလုံး ကြွက်သားပုပ်သည်ဟု ဆရာဝန်၏ အတည်ပြုချက်သည် နှလုံးတွင်းသို့ လိုအပ်သည့်သွေး (အောက်ဆီဂျင်) ပမာဏ မရောက်ရှိပါက နှလုံးခုန်ရပ်ပြီး ငါးမိနစ်မှ ၁၅ မိနစ်အတွင်း နှလုံး ကြွက်သား ပုပ်နိုင်ကြောင်း အထွေထွေ ရောဂါကု ဆရာဝန် တစ်ဦးက ပြောကြားသည်။

အမျိုးသား ကာမ အားတိုးဆေးဝါးများ သောက်သုံးထားမှု ရှိ မရှိ စစ်ဆေးရာ တွင် အခြားသော စိတ်ကြွဆေး၊ မူးယစ်ဆေးများ သုံးစွဲထားခြင်း ရှိ မရှိကို စစ်ဆေးခြင်းကဲ့သို့ မလွယ်ကူကြောင်း၊ နှလုံးရောဂါ (သို့) ရင်ဘတ် အောင့် တတ်သည့် ရောဂါ ဝေဒနာ ခံစားနေရသူများ အနေနှင့် ကာမ အားတိုးဆေး ဝါးများကို မသုံးသင့်ကြောင်း ၎င်းက အကြံပြု ပြောကြားသည်။

အဆိုပါ ဆေးဝါးများသည် သွေးပေါင်ကို လျော့စေသော အာနိသင် ရှိသောကြောင့် သွေးပေါင်ကို လျော့ကျစေပြီး ခန္ဓာကိုယ်မှ အားစိုက်ထုတ်ချိန် တွင် နှလုံးတွင်းသို့ လိုအပ်သည့် သွေးပမာဏ မရောက်ဘဲ နှလုံးသွေး ရပ်ကာ သေဆုံးနိုင်ကြောင်း၊ နှလုံးသွေးကြောကျဉ်း ရောဂါကြောင့် ဦးနှောက်သွေးကြောများကို ထိခိုက်နိုင်ပြီး လေဖြတ်၊ လေငန်းရောဂါများ လည်း ဖြစ်ပွားနိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက ရှင်းပြသည်။

အဆိုပါ သေဆုံးမှုကို သေမှုသေခင်း အမှတ် ၂၉/၁၃ ဖြင့် စစ်ဆေးလျက် ရှိကြောင်း မြောက်ဥက္ကလာပ ရဲစခန်းထံမှ သိရှိရသည်။

ဇူလိုင်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် ဘုရင့်နောင်လမ်းပေါ်ရှိ တည်းခိုခန်း နှစ်ခုတွင် အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးနှင့် အသက် ၄၇ နှစ်အရွယ် အမျိုးသား တစ်ဦးတို့ အလားတူ သေဆုံးမှု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ သိရှိရသည်။


The Voice Weekly

မန္တလေးကျုံးဘေး ဓါးခုတ်ခံရသူ ရဲက အကူအညီမပေးဟုဆို


အောင်ကိုဦး | တနင်္လာနေ့၊ ဇူလိုင်လ ၂၉ ရက် ၂၀၁၃ ခုနှစ်

မန္တလေးမြို့ ၁၄ လမ်းနှင့် ၁၅ လမ်းကြား လမ်း ၈၀ တွင် ဇူလိုင်လ ၁၇ ရက်က ဓားဖြင့်ခုတ်ခံရပြီး အခင်းဖြစ်သည့်နေရာနှင့် နီးစပ်သော မန္တလေးကျုံးဘေးတွင် တာဝန်ကျနေသည့် ရဲတပ်သားများကို အကူအညီတောင်းခံရာ ကူညီခြင်းမရှိဟု ဓားဖြင့်ခုတ်ခံရသူ ကိုမျိုးသူရဦးက မဇ္ဈိမကိုပြောသည်။

“ကျွန်တော် အလုပ်ကနေ ဆိုင်ကယ်နဲ့ ပြန်လာတာပါ။ နောက်ကနေ ဖီနိုဆိုင်ကယ်သုံးစီးနဲ့ လိုက်လာပြီး ခုတ်တာပါ။ ကျွန်တော်လည်း အိမ်ကိုမောင်းပြေးတယ်။ ပြေးရင်း ကျုံးမြောက်ဘက်ပေါက်မှာ လုံခြုံရေးကျတဲ့ ရဲနဲ့တွေ့လို့ အကူအညီတောင်းတော့ ခင်ဗျားဖြစ်ခဲ့တာ ကျွန်တော်တို့ အပိုင်မဟုတ်ဘူး၊ အမှတ် (၄) စခန်းပိုင် နယ်မြေမှာဖြစ်တာ၊ အဲဒီကိုပဲသွားလို့ပြောတယ်။ ဒါနဲ့အိမ်ပြန် မိဘတွေခေါ်ပြီး အမှတ် (၄) စခန်းသွားတိုင်တော့ ရဲကတစ်ယောက်ပဲရှိတယ်” ဟု မဇ္ဈိမကို ပြောကြားခဲ့သည်။

သို့သော် အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးကျုံး၏ အရှေ့ဘက်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသည့် ဒုရဲအုပ်တစ်ဦးကမူ အခင်းဖြစ်ခဲ့သည့်နေရာသည် ယင်းတို့လုံခြုံရေးယူထားသည့် နေရာနှင့်ဝေးလံခြင်းကြောင့် လိုက်လံဖြေရှင်းပေးသော်လည်း အချိန်မမီတော့ဟုဆိုသည်။

“ကျုံးပတ်ပတ်လည်မှာ လုံခြုံရေးရှိနေတယ်ဆိုပေမယ့်လည်း အခုဖြစ်သွားတဲ့နေရာတွေက ကျွန်တော်တို့နဲ့ အလှမ်းဝေးတဲ့ နေရာတွေ ဖြစ်ဖြစ်နေတယ်။ သိလို့လိုက်ချိန်မှာ မမီတော့ဘူး။ ဖမ်းဆီးအရေးယူနိုင်အောင် ဆောင်ရွက်နေပါတယ်” ဟု မဇ္ဈိမကိုပြောကြားခဲ့သည်။

အမှတ် (၄) စခန်းက ရဲတပ်ကြပ်အောင်မြင့်ဦးကလည်း ကိုမျိုးသူရဦး ဓားခုတ်ခံရမှုနှင့် ပတ်သက်၍ “ကျွန်တော်တို့စခန်းကို ညကလာတာဟုတ်ပါတယ်။ ဒဏ်ရာရတဲ့ ကလေးပါမလာဘူးမှတ်လို့ပါ၊ တာဝန်သိသူ တစ်ဦးက သတင်းလာပို့တယ်ထင်လို့ပါ။ ကျွန်တော်ချက်ချင်း ဆေးစာရေးပေးလိုက်ပါတယ်။ စခန်းမှူးဆီကိုလည်း သတင်းပို့ပေးလိုက်ပါတယ်” ဟု ဖြေရှင်းချက်ပေးသည်။

ဓားဖြင့်ခုတ်ခံရသူ ကိုသူရမျိုးဦး၏ ဖခင်ဖြစ်သူ ဦးကိုလတ်ကမူ “အခုတ်ခံရလို့ နီးစပ်ရာရဲကို ပြောပေမယ့် သူတို့နဲ့မဆိုင်သလို သူတို့အပိုင်မဟုတ်ဘူးလို့ ပြောလွှတ်တယ်၊ ဒါနဲ့အပိုင်ရဲစခန်းဖြစ်တဲ့ အမှတ်(၄)ရဲစခန်း ကိုသွားတော့လည်း တာဝန်မှူးအဖြစ် ဆောင်ရွက်နေတဲ့ ရဲတပ်ကြပ်က ကျုံးဘေးမှာ လုံခြုံရေးရဲတွေ ရှိပါတယ်။ သူတို့ဆီသွားပြောပါလို့ ပြောပါတယ်။ စခန်းမှာ သူတစ်ယောက်တည်းပဲ ရှိလို့ပါတဲ့။ ဒီလိုဆိုတော့ ကျွန်တော်တို့ဘ၀တွေ မလုံခြုံဘူးလို့ခံစားရတယ်” ဟု တုံ့ပြန်ပြောဆိုသည်။

ကျုံးဘေး၌ လုယက်မှု၊ ဓားခုတ်မှုများ မကြာခဏဖြစ်ပေါ်နေသည်ဆိုကာ ဇူလိုင်လ ၇၊ ၈၊ ၉ ရက်များတွင် ကျုံးဘေးတစ်လျှောက် သွားလာနေသည့် လိင်တူချစ်သူများကို စီမံချက်ဖြင့် ဖမ်းဆီးထိန်းသိမ်းမှုများ ပြုလုပ်ခဲ့သည်။ ယခုအခါ ကျုံးသို့ လိင်တူချစ်သူများ သွားရောက်မှုမရှိတော့သော်လည်း ဓားခုတ်မှုများ ပိုမို၍ ဖြစ်ပွားလျက်ရှိသည်ဟု မြို့ခံလူထုကဆိုသည်။

Mizzima - News in Burmese

ဆူဒိုအက်ဖီဒရင်းဆေးပြားပီနန်အိတ်(၂)လုံးဖမ်းဆီးမိ

ကလေး၊ ဇူလိုင် ၂၈။
ကလေးမြို့၊ တာဟန်းရပ်ကွက်၊ နယ်မြေ(၁၆)၊ အိမ်အမှတ်(၃၆)နေ ဦးရင်ကျုံးနုံး နေအိမ်မှ ပီနန်အိတ်(၂)လုံးဖြင့် ထည့်ထားသည့် ဆူဒိုအက်ဖီဒရင်း ဆေးပြားများကို ဇူလိုင်၂၇ရက်နေ့ ည(၈)နာရီ၊ (၁၅)မိနစ်ခန့်က ဖမ်းဆီးမိကြောင်း ကလေးခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

ဆူဒိုအက်ဖီဒရင်း ဆေးပြားများမှာ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဓါတုဗေဒ ပစ္စည်းများဖြစ်ကြောင်း၊ ၎င်းဆူဒိုအက်ဖီဒရင်း ဆေးပြားများကို သယ်ယူရောင်းချခွင့် မသာ၍ နယ်စပ်ကျေးရွာများတွင် ၀ှက်သိမ်းထားကြောင်း သတင်းရရှိသဖြင့် ခရိုင်ရဲတပ်ဖွဲ့မှူး၏ မူးယစ်ဆေးဝါး ရှာဖွေဝရမ်းဖြင့် ခရိုင်(ထ/န)ခေါင်းဆောင် ရဲအုပ်လှနိုင် ဦးစီးသောအဖွဲ့၊ တာဟန်းရဲကင်းမှူး
ဒုရဲအုပ်ကျဲအိုဒင်မွိုင်း ဦးစီးသောအဖွဲ့နှင့် ကလေးမူးယစ်(အထူး)အဖွဲ့မှ ရဲအုပ်သန်းဇော်ဝင်းတို့ ပူးပေါင်းပါဝင်သော သက်သေများနှင့်အတူ ၀င်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ကြောင်း၊ ရင်ကျုံးနုံးမှာ ထွက်ပြေးသွားပြီး ၎င်း၏ဇနီး ဒေါ်ဗန်ဒိုကျန်းအား ဖမ်းဆီးရမိခဲ့ကြောင်း ခရိုင်(ထ/န)ခေါင်းဆောင် ကပြောသည်။

ရင်ကျုံးနုံး၏ နေအိမ်တွင် ရှာဖွေရာ နေအိမ်မီးဖိုခန်း အတွင်းမှ ဆူဒိုအက်ဖီဒရင်း ဆေးပြား(၆၃၀၀၀၀)ပြား ဖမ်းဆီးရမိခဲ့ပြီး ၎င်းဆေးပြားများ၏ ကာလတန်ဖိုးမှာ ကျပ် (၆၃၀)သိန်း ဖြစ်ကြောင်း သိရသည်။

၎င်းဆေးပြားများကို ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၁၆) အိမ်အမှတ် (၁၃)နေမာထန်(ခ)လားလ်ထန်ဗဲလ်မှ လာရောက် ပို့ဆောင်ထားသော ပစ္စည်းများဖြစ်ကြောင်း၊ မာထန်၏ နေအိမ်ကို ပူပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေရာမာထန်(ခ)လားလ်ထန်ဗဲလ်မှာ တိမ်းရှောင်လျက် ရှိကြောင်း သိရသည်။

“ဆူဒိုအက်ဖီဒရင်း ဆေးပြားများနှင့် အတူ ဖမ်းဆီးမိတဲ့ မမန်ဒိုကျန်း၊ ထွတ်ပြေး တိမ်းရှောင်နေသူ ရင်ကျုံးနုံးနှင့် မာထန်(ခ)လားလ်ထန်ဗဲလ်တို့ကို (ပ)၈၀/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါများ ဥပဒေပုဒ်မ၁၅/၁၆(ခ)/၂၁ အရ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိပါတယ်”ဟု ခရိုင်(ထ/န) ခေါင်းဆောင် ရဲအုပ်လှနိုင်ဦးက ပြောသည်။

ဇွန် (၁၅)၊ ၂၀၁၃ မှ ဇူလိုင် (၁၂)၊ ၂၀၁၃ ရက်နေ့အထိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ် အစီအစဉ်ဖြင့် ကလေးဒေသတရားဥပဒေ စိုးမိုးရေး ပိုမိုကောင်းမွန်ရန်ဆောင်ရွက်ခဲ့ပြီးနောက် ကလေးခရိုင် ရဲတပ်ဖွဲ့မှလည်း တရားဥပဒေ စိုးမိုးရေးလုပ်ငန်းများကို
အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကျော်သူစိုး(ကလေးမြို့)
မြန်မာ့ခေတ်

ဆိုက်ခေါင် ရဲကင်းမှူး နဲ့ အဖွဲ့ သောင်းကျန်းနေ

ရှမ်းပြည်နယ် တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ရဲကင်းမှူး ရဲအုပ် ၀င်းထွန်း ၊ တပ်ကြပ်ကြီး မြင့်ထူးတို့သည် မူးယစ်ဆေးဝါးများကို ဖမ်းဆီးပြီး အရေးယူခြင်းမပြုဘဲ ငွေကြေးယူပြီး လွတ်ပေးလျှက်ရှိနေကြောင်း သတင်းရရှိပါသည်။

ရဲအုပ် ၀င်းထွန်းနှင့် တပ်ကြပ်ကြီး မြင့်ထူး တို့သည် ၁-၇-၂၀၁၃ ရက်နေ့ နံနက်ပိုင်းက တောင်ကြီးခရိုင်၊ ဆီဆိုင်မြို့နယ်၊ ဆိုက်ခေါင်ကျေးရွာ၊ ဇောတိက ရပ်ကွက်၊ အိမ်အမှတ် ဇ/၄၉ တွင် ဘိန်းမဲ (၃၀)ပိသာခန့်အား တွေ့ရှိပြီး အိမ်ရှင်ထံမှ ငွေကျပ် (၈၅)သိန်းကို အုပ်ချုပ်ရေးမှူး ဦးထွန်းတင်နှင့် ပေါင်းစပ်ညှိနှိုင်းကာ လာဘ်ပေးလာဘ်ယူမှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံများက Myanmar News Now ကိုပြောပါသည်။ 

ထို့ အပြင် တပ်ကြပ်ကြီး မြင့်ထူးသည် ကျေးရွာများရှိ လိုင်စင်မဲ့ကားများကို ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ (၁)စီး (၅၀၀၀၀ိ/-)ကောက်ခံရယူ နေကြောင်းလည်း ဒေသခံများက ပြောပြပါသည်။
Myanmar News Now

သမီးရည်းစားချိန်းတွေ့ရာမှ အလိုမတူပြုကျင့်မှုဖြစ်ပွား

Friday, July 19, 2013
လားရှိုးမြို့အတွင်း ညဉ့်အချိန်မတော် သမီးရည်းစား ချိန်းတွေရာမှ အဓမ္မသားမယား အဖြစ်ပြုကျင့်ခံရပြီး အမှတ်(၁)ရဲစခန်းသို့ တိုင်တန်းအမှုဖွင့်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

လားရှိုးမြို့၊ ရပ်ကွက်(၁)၊ နယ်မြေ(၁)၊ ပါရမီလမ်းသွယ်(၇)တွင် နေထိုင်သော အမျိုးသမီးငယ် တစ်ဦးသည်ရပ်ကွက်(၇)ကွက်သစ်နေ ယူစွပ်(ခ) မျိုးဝင်းခိုင်(၂၁)နှစ် ဆိုသူနှင့်သမီးရည်းစားဖြစ်ခဲ့ပြီး ဧပြီလ(၈)ရက်နေ့ ညဥ့် ၁၂နာရီခန့်တွင် ပန်းခြံအတွင်းရှိ လွတ်လပ်ရေး ကျောက်တိုင် အနောက်ဖက် သစ်သားခုံပေါ်တွင်အလိုမတူဘဲ သားမယား အဖြစ်ပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းသို့သားမယားအဖြစ် ပြုကျင့်သည်ကို ချက်ချင်းမပြောခဲ့ဘဲနေခဲ့ရာ ကိုယ်ဝန်နှစ်လ ရှိလာသည့် အခါမှသာ အလိုမတူဘဲ သားမယား ပြုကျင့်သော ရည်းစားဖြစ်သူ ယူစွပ်(ခ) မျိုးဝင်းနိုင်အား အရေးယူပေးပါရန် ဇူလိုင်လ (၇)ရက်နေ့တွင် လားရှိုးမြို့ အမှတ်(၁) ရဲစခန်းသို့ တိုင်တန်းခဲ့ကြောင်း ယင်းရဲစခန်းမှ သိရသည်။

ယင်းအမှုကိစ္စနှင့်ပတ်သက်၍ အမှတ်(၁) ရဲစခန်းမှ (ပ) ၃၆၂/၁၃ ပြစ်မှုပုဒ်မ ၃၇၆ဖြင့် ယူစွပ်(ခ)မျိုးဝင်းနိုင်အားအမှုဖွင့် အရေးယူ ဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်

မြိတ်တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ နိုင်ငံတော် အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူ တစ်ဦးကို ဖမ်းဆီး


Saturday, 20 July 2013
မြိတ်မြို့တွင် အာဇာနည်နေ့ အခမ်းအနား မကျင်းပမီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ ကိုင်ဆောင်ထားသည့် နိုင်ငံတော်အလံအား လုယူဆွဲဖြဲပစ်ရန် ကြိုးစားသူတစ်ဦးကို ဖမ်းဆီးထိန်းသိမ်း ခဲ့ရကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင် ၁၉ ရက်တွင် အာဇာနည်နေ့ ကျင်းပရန်အတွက် နေရာယူနေစဉ် အဆိုပါ အဖြစ်အပျက် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မူးယစ်ဆေးဝါးများ သုံးစွဲထားသည်ဟု ယူဆရသော လူငယ်တစ်ဦးက အလံကိုင်အဖွဲ့ များရှိရာသို့ ရောက်ရှိလာပြီး နိုင်ငံတော် အလံအား လုယူပြီး ဆွဲဖြဲပစ်ရန် ကြိုးစားရာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

''ဒီလူက မနက် ၈ နာရီလောက် ကတည်းက ဗိုလ်ချုပ်ကြေးရုပ် ရှေ့မှာလာပြီး လုံခြုံရေး တာဝန်ကျနေတဲ့ သူတွေကို လိုက်နှောင့်ယှက် နေတာပါ။ အရင်က အသုံးပြုခဲ့တဲ့ နိုင်ငံတော် အလံဟောင်းကိုလည်း ကိုင်ထားပါတယ်။ မနက် ၉ နာရီလောက်မှာ တစ်ခါထပ်ပြီး လာနှောင့်ယှက်နေတော့ ပါတီဝင်တစ်ဦးက ဖျောင်းဖျပြီး ဆိုင်ကယ်နဲ့ မြို့နယ်ရုံးနားမှာရှိတဲ့ ပြည်သူ့ရဲတပ်ဖွဲ့တွေနားကို ခေါ်တင်လာပါတယ်။ ရုံးနားကိုလည်း ရောက်တာနဲ့ အလံကိုလဲချပြီး လုယူဖို့ ကြိုးစားပါတယ်။ အလံတစ်ခုက တိုင်ကနေ ကျွတ်ပါသွားပါပြီး ဆုတ်ဖြဲပစ်ဖို့ ကြိုးစားတာကြောင့် ပါတီဝင်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲတပ်ဖွဲ့ဝင်တွေက ခေါ်ဆောင်သွားတာပါ'' ဟု ပါတီဝင်တစ်ဦးက ပြောကြားသည်။
  
အဆိုပါ လူငယ်မှာ ဇော်လွင်အောင် (ခ) စုဂန်း (ခ) မိုက် (အဘ) ဦးစန်းလွင်၂၁ နှစ် ဆိုသူဖြစ်ပြီး မြိတ်မြို့၊ မြိတ်တောင်နယ်မြေ၊ မြို့မ(၂) ရပ်ကွက်၊ မြ၀ါရုံလမ်းတွင် နေထိုင်ပြီး ပန်းရန်အလုပ်ကို လုပ်ကိုင်ကြောင်း သိရသည်။
Eleven Media Group

လားရှိုးမြို့ရှိသုံးဘီးယာဉ်များပေါ်တွင် လောင်းကစားပြုလုပ်

လားရှိုး၊ ဇူလိုင် ၁၉။လားရှိုးမြို့တွင် ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း နေရာအချို့ရှိ သုံးဘီးယာဉ်များပေါ်တွင် လောင်းကစားများ ပေါ်ပေါ်ထင်ထင် ပြုလုပ်လျှက် ရှိလာကြသောကြောင့် မှုခင်းကြိုတင် ကာကွယ်သော အနေဖြင့် သတိပေး အရေးယူရန် လိုအပ်လျက် ရှိကြောင်း မြင်တွေ့ရသူ အများစုက ပြောကြသည်။

“ဒီအနေအထားတွေက မြို့ရဲ့အနာဂတ်အတွက် ရင်လေးစရာဘဲဗျာ။ ကျနော်လည်း ဒါမျိုးနှစ်နေရာ
သုံးနေရာလောက်ကို တွေ့ဘူးနေတာ။ ဒါကိုတာဝန်ရှိတဲ့ သူတွေသေချာ အရေးယူဖို့တော့လိုမယ်။ လူတွေက တိုင်ကြားဖို့ ဆိုတာကလည်း ဘယ်လောက်ထိ တိုင်ကြားမှာလည်းဗျာ။ နေရာတိုင်း တိုင်နေရရင်လည်း မဟုတ်သေးဘူဗျ။ ဒီအတိုင်းဆိုရင် ကျနော်တို့မြို့ရဲ့ အလားအလာ မကောင်းဘူး”ဟု လောင်းကစား ပပျောက်လိုသူမြို့ခံ တစ်ဦးက ပြောသည်။             

ယင်းသို့ လောင်းကစားများ ပြုလုပ်ရာတွင် နံနက်မှစ၍ တနေကုန်အထိ လောင်းကစား လုပ်လေ့ရှိပြီး
တစ်ခါတစ်ရံတွင် ညမိုးချုပ်သည့် အချိန်ထိပင် သုံးဘီးမီးထွန်းကာ လောင်းကစား ပြုလုပ်ကြကြောင်း သိရသည်။

“ကျွန်တော်က မြို့ပြင်ကို ဆီသွားထည့်တာ အသွားကလည်း မော်တော်ပီကယ်ရုံနားက လမ်ဘေးမှာ သုံးဘီးတစ်စီး လမ်းမှာထိုးထားပြီး သုံးဘီးပေါ်မှာ လူတွေစုနေတာတွေ့တယ်။ ဒီလိုနဲ့ ဆီထည့်ပြီး ပြန်လာတော့လည်း အဲ့ဒီနားမှာလူတွေ စုနေတာတွေ့လို့ ဘာဖြစ်တာလဲ ယာဉ်တိုက်မှု ဖြစ်တာလားလို့ မေးလိုက်မိတာ ဘာယာဉ်တိုက်မှုမှ မဖြစ်ဘူး။ ပွတ်နေတာဗျ ဒီမှာရှုံးနေရတဲ့အထဲဆိုပြီး ပြောတယ်”ဟု ကိုယ်တိုင်တွေ့ ကြုံခဲ့ရသူ တစ်ဦးက ပြောသည်။       

လာရှိုးမြို့တွင် ယခင်ကထိုသို့သုံးဘီးယာဉ်များပေါ်၌ ပေါ်ပေါ်ထင်ထင် လောင်းကစားမှုများ
မရှိခဲ့သော်လည်း လာရှိုးမြို့  ပဋိပက္ခဖြစ်ပွားပြီး နောက်ပိုင်းတွင် ပေါ်ပေါ်ထင်ထင် ပြုလုပ် လာကြခြင်းဖြစ်ကြောင်း  တွေ့ရှိသူများက ပြောကြသည်။
စိုင်းကံသာ(လားရှိုး)
မြန်မာ့ခေတ်

မန်းကျုံးတွင် လူသေအလောင်းတွေ့ပြန်

မန္တလေး၊-ဇူလိုင် ၁၈
မန်းကျုံးရေပြင်တွင် ရေနစ်သေဆုံးသည်ဟု ယူဆရသည့် လူသေအလောင်းတစ်လောင်း တွေ့ရှိမှု ယနေ့မနက် ၁နာရီ ၄၅မီနစ်ခန့်က ဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ည ၁၁နာရီခန့် လှည့်ကင်းရဲများ ကင်းလှည့်စဉ် ၂၆လမ်း၊ ၇၀-၇၁လမ်းကြား ကျုံးဘေးပလက် ဖောင်းတွင် ၁ယ/၅၂၅၆၀တစ်စီးရပ်ထားသည်မှာ ကြာမြင့်နေသောကြောင့် လှည့်ကင်းရဲများမှ စစ်ဆေးရာ ဆိုင်ကယ်နှင့်အတူ ဂိုးလွှမ်းပိုင်အမည်ပါ နိုင်ငံသားကဒ်ပြားတစ်ခု၊ ယာဉ်မောင်းလိုင်စဉ်တစ်ခု၊ ဓာတ်ပုံနှစ်ပုံ၊ မန်မိုရီကဒ်တစ် ကဒ်၊ မျက်မှန်တစ်လက်၊ ဂွင်းထိုးဖိနစ်တစ်ရံတို့ကို တွေ့ရှိခဲ့ပြီး အနီးနားဝန်းကျင်အား ထိုဆိုင်ကယ်ပိုင်ရှင်အား လိုက်ရှာရာတွင် မတွေ့ဘဲ ကျုံးရေပြင်သို့ရှာဖွေရာ ၁နာရီ ၄၅မီနစ်အချိန်တွင် လူသေအလောင်းတစ်လောင်း ကျုးရေပြင်မှာ တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အလောင်းမှာ ပြင်ပဒဏ်ရာမတွေ့ရှိ ရဘဲ ရေနစ်သေဆုံးသည်ဟု ယူဆရသောကြောင့် ခွဲစိတ်စစ်ဆေးရန် မန္တလေးမြို့ အထွေထွေရောဂါကုဆေးရုံ ကြီးသို့ ပို့ဆောင်ထားပြီး သေဆုံးသူမှာ မှတ်ပုံတင်လိပ်စားများအရ ချမ်းအေးသာစံမြို့နယ် ဟေမာဇလရပ်ကွက် တွင်နေထိုင်သူဖြစ်ပြီး အမှုအား အမှတ်(၂)ရဲစခန်းမှ သေမှုသေခင်းအမှတ် ၃၅/၂၀၁၃အရအမှုဖွင့်အရေးယူထား ကြောင်း ရဲမှတ်တမ်းများမှသိ၇သည်။
ဖိုးလပြည့်
Popular Myanmar News Journal

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com