6 Apr, 2013
နှစ်ဦးပေါ်က၊ ကံကော်ရင်ခတ်၊ ပင်တိုင်းညွှတ်လျှက် ပွင့်ဝတ်ဝေေ၀ တောင်လေဖြူးဖြူး လတန်ခူးဟု ကျွန်မ ကြားဖူးခဲ့ပါသည်။ သိသိသာသာကြီး ပူလာနေသော နွေက၀င်လာပြီဖြစ်၏။ နွေနံ့ရလာပြီဆိုမှဖြင့် ပိတောက်တွေ ပွင့်ကြပြန်ဦးပါမည်။ ပိတောက်သည် နွေ၏အမွန်တရနှင့် အမှတ်တရပန်း၊ ကောင်းကင်က အပြာငွေ့လေး မစွက်တစွက်ပြာလုလုခရုသင်းရောင်မှာ သင်္ဃန်းရောင်ပိတောက်တို့ ဝေေ၀ဆာဆာဆိုပါလျှင် သင်္ကြန်ချိန်ခါ ရောက်တော့မည်ဆိုသည်ကို ကျွန်မတို့ သတိပြုခဲ့ကြပြီ။
ဘုရားရှင်အဆူဆူမှာ ရေမွှေးရည်နှင့်ပူဇော်ရန်မဟာသင်္ကြန်ကျကြပါတော့မည်။ တိုင်းရင်းသူတိုင်းရင်းသားများပါ မကျန် ရေလှူဒါန်းခြင်းနှင့် ရေကစားခြင်းတို့ပြုကြသည်။ ဧရာဝတီ၊ တနသာင်္ရီ ဒီရေတောများမှ ကျူရိုးရှင်လှေကလေးတို့ကလည်း ရေကစားကာ ဘယ်ဘယ်ညာညာလူးလာ၍သော်၎င်း လတာစွန်းမှ ငဖျံတို့ဂျွမ်းပြန်ထိုး၍သော်၎င်း ပျော်မြူးကြသည့်အချိန်အခါဖြစ်သည်။ နွေဝင်လာပြီဖြစ်၍ “သူ့ကို သူလျှင်၊ ဘာထင်သည်မသိ၊ ဘုတ်မခုနှစ်သံနဲ့ တညံညံ လတာစွန်းမှာ သူ့လွမ်းသံချည့် ”ဟု ဆိုသောဆရာဇော်ဂျီကို စတင်ကာလွမ်းမိပါသည်။
ငယ်စဉ်ကလို မြို့မတေးဂီတအဖွဲ့နှင့် အတူပါလာမည့် မန္တလေး သူတို့အသဲစွဲကိုဝင်းဦးကို မျှော်ကာ ငွေငန်းကား တန်းကြီးနောက် တစ်ကောက်ကောက်လိုက်ခဲ့ရသော ဘ၀နှင့်လည်းဝေးခဲ့ပြီ၊ မန္တလေးနှင့် လည်းဝေးခဲ့မှ ကိုး၊ မန္တလေးကို ဒုတိယလွမ်းမိပါတော့သည်။
လွန်ခဲ့သည့် မေလက ကျွန်မအငြိမ်းစားယူခဲ့သည်။ အသက် ၆၀ ကပြည့်ခဲ့မှကိုး။ အသက်က ဆွဲထား၍မှ မရလေတော့ ယူရပေမပေါ့၊ ကြာခဲ့ပြီဟု ပြက္ခဒိန်အရ မှုန်ဝါးဝါးဖြစ်ကောင်းဖြစ်သွားလိမ့်မည်ဆိုပါသော်လည်း တစ်နှစ်တာသည် မကြာလိုက်ရသော အတိုင်းအတာတစ်ခုပင်ဖြစ်၏။ ပိတောက်တစ်ခါပွင့်ပြန်လျှင် အသက်တို့တစ်နှစ်ကြီးသွားရပြီ။
အသောအလွမ်းရောပြွမ်းသောဘ၀မှာ ဘယ်လောက်ကြာကြာနေကြရဦးမည် ကျွန်မတို့မသိနိုင်။ တရားအားထုတ်မူပြုနိုင် ကြစေရန် သင်္ကြန်ရက်ကကြိုနှင့်သည်ကိုတော့ သတိကပ်ကာဖြင့် ခါသင်္ကြန်ကို ကျေးဇူးတင်ရပါလိမ့်မည်။ တစ်သိန်းရင်းလို့ တစ်သောင်းမြတ်သောအလုပ်တွေလုပ်နေကြသူ ကျွန်မတို့ လူအများမှာလည်း ပိတောက်ရနံ့က အချက်ပြလာပြီဆိုမှဖြင့် တရားရိပ်သို့ ခိုဝင်လေ့ရှိကြ၏။ ကိုရင်ဘ၀၊ ဦးဇင်ဘ၀၊ ယောဂီဘ၀၊ သီလရှင်ဘ၀နှင့် အေးရိပ်ရှာလေ့ရှိကြပါသည်။
သီလကိုထိန်းလိုက်သည်နှင့် ၀ီတိက္ကမကိလေသာတွေငြိမ်းကုန်ကြသည်။ သီလစင်ကြယ်လျှင် သမာဓိဝင် လာခဲ့၏။ သမာဓိရလာပြီဆိုလျှင် ကိလေသာတို့ပို၍ ငြိမ်းလာကြမည်။ စိုးရိမ်စိတ်၊ ပူဆွေးစိတ်၊ လွမ်းဆွတ် ငိုကြွေးစိတ်တို့ချုပ်ငြိမ်းသွားကြရသည်။ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်းနှင့်အတူ ရှင်သန်ခဲ့ရသော နှစ်တစ်နှစ်၏ ၁၁ လတာမှ စိတ်ဝေဒနာများ ကင်းငြိမ်းသွားရန်တရားရိပ်မှာ ခိုဝင်ကြရခြင်းဖြစ်ပါသည်။ တရားအားထုတ်ခြင်းအားဖြင့် အကျိုး(၇)ပါးလက်ငင်းရနိုင်ပါ၏။
၁။ ကိလေသာတွေသန့်စင်နိုင်ခြင်း
၂။ စိုးရိမ်မှုတွေ ချုပ်ငြိမ်းသွားခြင်း
၃။ ငိုကြွေးရခြင်းများ ချုပ်ငြိမ်းသွားခြင်း
၎။ ကိုယ်ဆင်းရဲခြင်းများ ချုပ်ငြိမ်းသွားခြင်း
၅။ စိတ်ဆင်းရဲခြင်းများ ချုပ်ငြိမ်းသွားခြင်း
၆။ အသိဥာဏ်၊ ၀ိပဿနာဥာဏ်၊ မဂ်ဥာဏ်၊ ဖိုလ်ဥာဏ်တွေရရှိစေခြင်း
၇။ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ခြင်းပင်ဖြစ်ပါ၏။
နိဗ္ဗာန်ဆိုသည် ရုပ်၊ နာမ်၊ သင်္ခါရတို့၏ ငြိမ်းရာချမ်းရာ သဘောတရားအဖြစ်တကယ်စင်စစ်ရှိနေသည့် တရားဖြစ်ပါ၏။ ကိလေသာမရှိသောအခါကံတွေဖြစ်မလာတော့၊ ကံတွေမရှိမှတော့ အကျိုးပေးရန် မစွမ်းနိုင်တော့၊ ကံက အကျိုးမပေးမှတော့ ဘ၀သစ်ကဖြစ်မလာတော့။ အာရုံကြောင့် ဖြစ်သော ကံများချုပ်ငြိမ်းမှုကို တောင့်တအပ်၍ တရားအားထုတ်ကြရခြင်းဖြစ်သည်။ စိတ်ရောဂါများနှင့် နပမ်းလုံးခဲ့ရသော လူ့ဘ၀၏ကာလအပိုင်းအခြားမှာ စိတ်ထားရန်နေရာတစ်ခုလိုသည် နွေအပူနှင့်ဘ၀အပူကို ရှောင်ပြေးလိုသော အခါ ရိပ်သာဝင်ကြရလေ့ရှိကြပါ၏။
တစ်နှစ်ပတ်လုံး ပျော်ပြုံးနိုင်သူရှိသလို အငိုနှင့်စ အငိုနှင့်ဆုံးသော လူသားများအားလုံးတွက် သာသနာပကာလ မရောက်သေးသည့်အတွက် ဖြေဆေးကရှိနှင့်သည်။ သာသနာဆိုသည်မှာ ဘုရားရှင်၏ အဆုံးအမသာဖြစ်ပါ၏။ အဆုံးအမကိုလိုက်နာလျှင် လိုက်နာသူမှာသာသနာတည်လေ့ရှိသည်။ လိုက်နာမှုမရှိလျှင်တော့ သာသနာမတည်နိုင်။ လူအများကလိုက်နာမှုမရှိကြတော့အချိန်မှာ သာသနာကွယ်ပျောက်ကာ သာသနာပကာလသို့ ကျွန်မတို့ရောက်လာကြမည်ဖြစ်ပါ၏။ ပိတောက်နံ့နှင့်ယစ်မူး၊ ဥသြသံမှာ လွမ်းဆွတ်နေခဲ့ကြပြီးဖြစ်ပါ၍ သာသနာပြုကြဖို့ကိုလည်း မမေ့မလျော့သတိကပ်ကာ ကျင့်ကြံအားထုတ်ခွင့်ရပါသော သင်္ကြန်ခါဖြစ်ပါစေသတည်းဟု တောင်းဆုပြုလိုက်မိပါတော့သည်။
ဒေါက်တာစိန်စိန်သိန်း
Myit Makha Mediagroup
ပိတောက်ပွင့်ချိန်၌ သာသနာပ ကာလသို့ မရောက်ရှိစေလို
Labels:
ဆောင်းပါး