http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

စီးပွားတည်နိုင်ပါမှ

အမျိုးကိုချစ်သည်မှာ ကောင်းသည်။ နိုင်ငံကိုချစ်သည်မှာလည်း မွန်မြတ်သည်။ ပြုပြင်ပြောင်းလဲရေးတွေ တစ်ဆင့်ပြီးတစ်ဆင့် တက်လှမ်းနေသည်မှာလည်း လူနတ်သာဓု ခေါ်စရာပင်။ သို့သော် တိုင်းပြည် စီးပွားတက်အောင် အားလုံးလုပ်နိုင်ပါမှ အမျိုးကို၊ နိုင်ငံကို တကယ်ချစ်ပြီး တိုင်းပြည်ကိုလည်း အမှန်တကယ် တည်ဆောက်နိုင်ပါလိမ့်မည်။

နိုင်ငံရေးနှင့် စီးပွားရေးသည် အပြန်အလှန် တိုက်ရိုက်ဆက်စပ်နေသည်။ စီးပွားရေးကို နိုင်ငံရေးက လွှမ်းမိုးသလို နိုင်ငံရေးကိုလည်း စီးပွားရေးက ခြယ်လှယ် သည်။ ထို့ကြောင့် နိုင်ငံရေးကို ပြောင်းလိုလျှင် စီးပွားရေးကို ပြင်ရသလို၊ စီးပွားရေးကို ပြင်လိုလျှင် နိုင်ငံရေး ကိုလည်း ပြောင်းရသည်။

နိုင်ငံတစ်နိုင်ငံကို အခြားနိုင်ငံတစ်နိုင်ငံက ကိုယ်ထိလက်ရောက် စစ်ရေးဖြင့် ကျူးကျော် သိမ်းပိုက်သော ခေတ်ကုန်သွားပြီ။ ရှားရှားပါးပါး စစ်ပွဲတစ်ပွဲ နှစ်ပွဲခန့်သာ မြင်တွေ့ရသည်။ အခြားနိုင်ငံ၏ စီးပွားရေးကို မိမိကခြယ်လှယ်နိုင်အောင် စီးပွားတောင့်တင်းလျှင်၊ သူ၏ ဈေးကွက်ကို အုပ်စီးထားနိုင်လျှင် စစ်တိုက်ရန် မလိုတော့။ မိမိအလိုကို လိုက်ရတော့မည်။ ထို့ကြောင့် နိုင်ငံကို မြင်သာထင်သာဖြစ်စေ၊ မသိမသာဖြစ်စေ အခြားသူတို့လက် အရောက်မခံလိုလျှင် စီးပွားတက်အောင် လုပ်ကြဖို့လိုသည်။

ဗြိတိသျှတို့လက်သို့ မြန်မာနိုင်ငံ ကျရောက်ခဲ့သောနှစ်သည် မြန်မာတို့ စီးပွားရေးကျသောနှစ်များ ဖြစ်သည်။ တိုင်းပြည်အတွင်း စီးပွားချို့တဲ့သောကြောင့် လုပ်နိုင်ကိုင်နိုင်စွမ်း ကျဆင်းနေသည်။ ဆင်းရဲမွဲတေမှု မြင့်သောကြောင့် ခိုးသားဓားပြ သောင်းကျန်းသလို တိုင်းပြည်မတည်ငြိမ်။ တိုင်းသူ ပြည်သားတို့ အာဟာရချို့တဲ့ ပညာဉာဏ် နုံ့နဲ့ကြသည်။ တပ်မတော်သည် လက်နက်လူသူ မစုဆောင်းနိုင်။ နိုင်ငံတွင်း ခေတ်မီနည်းပညာများ မရှိ။

အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စု စစ်အေးကာလ အတွင်းက ရာစုနှစ်ဝက် ပြိုင်ဆိုင်ပြီး ဆိုဗီယက်ပြည်ထောင်စု ပြိုကျသွားခဲ့သည်။ နှစ်နိုင်ငံ စစ်တစ်ကြိမ်မှ မဖြစ်လိုက်ရဘဲ ဆိုဗီယက် ပြိုကျသွားခဲ့သည်မှာ နိုင်ငံစီးပွားရေး ချွတ်ခြုံကျသွားသောကြောင့် ဖြစ်သည်။ ဆိုဗီယက်၏ ဆိုရှယ်လစ် စီမံကိန်းစီးပွားရေး စနစ်သည် နိုင်ငံနှင့် နိုင်ငံသားများကို ထောက်ပံ့နိုင်ခြင်း မရှိသဖြင့် နိုင်ငံ၏ နိုင်ငံရေးစနစ်ပါ ကျဆုံးခဲ့ခြင်း ဖြစ်သည်။ အမေရိကန်သမ္မတ ရေဂင်လက်ထက်တွင် အာကာသတွင်း စစ်ပွဲအတွက် လက်နက်တပ်ဆင်ခြင်း (ဝါ) ကြယ်တာရာစစ်ပွဲ (Star Wars) စီမံကိန်းကို လူသိရှင်ကြား ကြေညာကာ လက်နက်တပ်ဆင်ခြင်းကို ငွေကြေး မြောက်မြားစွာ အကုန်အကျခံပြီး ပြုလုပ်သည်။ ဆိုဗီယက်ကလည်း အားကျမခံ ထိုအစီအစဉ်ကို တန်ပြန်ရန် အပြိုင်အဆိုင် လက်နက် တပ်ဆင်သည်။ ပြိုင်ရင်း ပြိုင်ရင်း နဂိုကတည်းက ယိုင်နဲ့နဲ့ ဆိုဗီယက်စီးပွားရေး ပိုဆိုးလာပြီး ပြိုသွားတော့သည်။ ကြယ်တာရာစစ်ပွဲသည် ဆိုဗီယက် ပြည်ထောင်စု ပြိုကျသွားခြင်းတွင် အကြောင်းရင်းတစ်ရပ်အဖြစ် ပါဝင်သည်။

ဒီမိုကရေစီစနစ် တည်ဆောက်ဖို့ ငွေကြေးချမ်းသာကြွယ်ဝရန် မလိုသော်လည်း ငွေကြေးတောင့်တင်းသည့် နိုင်ငံများတွင် ဒီမိုကရေစီ တည်ဆောက်ရ ပိုလွယ်သည်၊ သို့မဟုတ် ကြာရှည်ခံသည်ကို တွေ့ရသည်။ လူမှုသိပ္ပံပညာရှင် Martin Lipset က “the more well-to-do- a nation, the greater its chances to sustain a democracy” “နိုင်ငံတစ်ခု ချောင်လည်လေလေ၊ ဒီမိုကရေစီကို ထိန်းသိမ်းနိုင်ခြေ များလေလေ” ဟု ပြောကြားခဲ့သည်။ တစ်နှစ်ပျမ်းမျှဝင်ငွေ ဒေါ်လာခြောက်ထောင်အထက် နိုင်ငံများတွင် ဒီမိုကရေစီသည် ကြံ့ခိုင်သန်မာသည်ဟု နိုင်ငံရေး သိပ္ပံပညာရှင် Adam Przeworski နှင့် Fernando Limongi တို့ ပူးတွဲပြုလုပ်ခဲ့သည့် ကျယ်ပြန့်လှသော သုတေသနတွင် တွေ့ရှိခဲ့သည်။ ဆိုလိုသည်က ဒေါ်လာ ခြောက်ထောင်အောက် နိုင်ငံများသည် သိပ်မသေချာလှသေး။ ဒေါ်လာ ခြောက်ထောင်မှတ်နှင့် ဝေးလေလေ၊ သတိကြီးကြီးထားနိုင်မှ တန်ခါကျ လေလေ ဆိုသည့်သဘော။

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ တည်ဆောက်ရေးသည်လည်း နိုင်ငံ့စီးပွားရေး အပေါ်တွင် မူတည်နေသည်။ အထူးသဖြင့် မြန်မာ့ပြုပြင်ပြောင်းလဲရေးသည် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုတို့ကို တစ်ပြိုင်တည်း ပြုလုပ်နေသောကြောင့် စီးပွားရေးသည် ပိုပြီး အရေးကြီး သည်။ နိုင်ငံရေး ပြုပြင်ပြောင်းလဲလိုက် သောကြောင့် လူတို့၏ စိတ်ထဲတွင် မျှော်လင့်ချက်များ မြင့်တက်လာသည်။ မြင့်တက်လာသော မျှော်လင့်ချက် များကိုလည်း လမ်းပေါ်တွင်၊ စာမျက်နှာများပေါ်တွင်၊ ခန်းမများထဲတွင် ထုတ်ဖော်နိုင်လာသည်။ တစ်ဖက်တွင် ထိုမျှော်လင့်ချက်များကို အကောင်အထည် ဖော်ပေး၊ ဖြည့်ဆည်းပေးနိုင်ရန်သည် စီးပွားရေး ပြုပြင်ပြောင်းလဲရေး၏ ပခုံးပေါ်သို့ ကျရောက်လာသည်။ လုပ်ခလစာတိုးမြှင့်ရေး၊ ၂၄ နာရီ မီးရရှိရေး တို့သည် နိုင်ငံ၏ စီးပွားရေး အခြေအနေပေါ်တွင် မူတည်သည်။ သို့သော် မည်သည့် စီးပွားပြုပြင်ပြောင်းလဲရေး မဆို တည်ဆောက်ရေးကာလ ရှိပြီး ထိုအချိန်ကာလကျော်မှ အသီးအပွင့် ခူးဆွတ်စားသုံးနိုင်သည်။ ဥပမာ လွယ်လွယ်တစ်ခု ပေးရလျှင် ဈေးဆိုင်တည်ရန် မြေနေရာရွေး၊ မြေရှင်း၊ ဆိုင်ဆောက်၊ ပစ္စည်းခင်းကာလပြီးမှ ဈေးဝယ်များ တဖွဲဖွဲလာမည်။ လာလျှင် ပင် ဆိုင်ရှိပစ္စည်းများ လာကြည့်ပြီး မဝယ်ဘဲပြန်သွားသူလည်း ရှိမည်။ တဖြည်းဖြည်းနှင့်မှ အရောင်းသွက်လာပြီး အရင်းကျေ၊ ထိုမှတစ်ဆင့် အမြတ်ရလာသည့် အဆင့်သို့ ရောက်သည်။ ထိုသို့ အသီးအပွင့် ခူးမစားနိုင်ခင် စိုက်ထားသည့် အချိန်ကာလအတွင်းတွင် မျှော်လင့်ချက်များကား တစ်ဆ ထက်တစ်ဆ တိုးလာမည် ဖြစ်သောကြောင့် ဖိအားများလာပြီး နိုင်ငံရေး မတည်ငြိမ်သည်အထိပင် ဖြစ်လာနိုင်သည်။

မည်သည့်စနစ်ပင် သုံးသုံး နိုင်ငံ့စီးပွား တိုးတက်ရေးသည် နိုင်ငံ တည်ငြိမ်မှု ရှိ၊ မရှိပေါ်တွင် မူတည်သည်။ နိုင်ငံမတည်ငြိမ်လျှင် စီးပွားရေး လုပ်ငန်း တည်ထောင်လိုစိတ် မည်သူမျှ ရှိမည်မဟုတ်။ မိမိရှိသည့် အထုပ်လေးကိုသာ ပိုက်ထားကြမည်။ နှစ်ရှည်သွားမှ အရင်းကျေ အမြတ်ထွက်မည့် လုပ်ငန်းကြီးများဆိုလျှင် တည်ထောင်ရန် ပို၍ပင် မလွယ်သေးသည်။ အခြေချ နှစ်ရှည်လုပ်လျှင် မသေချာသောကြောင့် အမြီးကျက် အမြီးစား ခေါင်းကျက် ခေါင်းစား တစ်နပ်စားဉာဉ်ဖြင့် လုပ်နိုင်မှ တော်ရုံကျမည်။ ပြည်တွင်းမှ သူပင် စီးပွားရေး မလုပ်လိုလျှင် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရန် လမ်းမမြင်။ ယခုမှ စမည့်သူ ကလည်း စီးပွားရေးလုပ်ရန် တွန့်ဆုတ်နေ၊ လုပ်လက်စ သူကလည်း တိုးချဲ့ရန် တွန့်နေလျှင် နိုင်ငံ့စီးပွားမတက်နိုင်။ စီးပွားရေးလုပ်ငန်းများ ကျဆင်းလျှင်၊ မတိုးချဲ့နိုင်လျှင် အလုပ်အကိုင် ပေါ်ထွန်းမှု နည်းပါးပြီး အလုပ်လက်မဲ့နှုန်း များပြားမည်။

အလုပ်လက်မဲ့နှုန်း များခြင်းသည် နိုင်ငံတည်ငြိမ်ရေးကို အထောက်အကူ မပြုကြောင်း ပညာရှင်ဖြစ်ရန်မလို လူတိုင်းသိသည်။ အလုပ်လက်မဲ့ နှုန်းများခြင်းနှင့် ရာဇဝတ်မှုများ များပြားခြင်းသည် တိုက်ရိုက်အချိုးကျသည်။ အလုပ်လက်မဲ့နှုန်း များပြားလျှင် နိုင်ငံတွင်းတွင် စိတ်တိုနေသူများ၊ မိမိနှင့် မဆိုင်သည်များကို စိတ်ဝင်စားသူများ များပြားသည်။ အာရုံစူးစိုက်ထားရမည့် အရာကင်းမဲ့သော သန်းနှင့်ချီသည့် လူများသည် နိုင်ငံအတွက် အန္တရာယ် ကြီးသည်။

စည်းမျဉ်းစည်းကမ်းများ ဖြေလျှော့နေပြီ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုများကို တစ်ရက်တည်းဖြင့် မှတ်ပုံတင်နိုင်အောင် လုပ်ပေးသည်ဟူသော သတင်းတစ်ရပ် ကြားလိုက်ရသည်။ ဘဏ်များ ပြုပြင်ပြောင်းလဲရေး တစ်ဆင့်ပြီးတစ်ဆင့် တက်လာသလို လုံးခနဲ အားလုံးပေးစရာမလိုဘဲ ငွေအရစ်ကျ သွင်းခြင်းဖြင့် တိုက်ခန်းပိုင်၊ ကားပိုင်နိုင်မည့် အစီအစဉ်များ ပေါ်လာသည်။ သီလဝါ အထူး စီးပွားရေးဇုန်ကို ဂျပန်အကူအညီဖြင့် အကောင်အထည်ဖော်ရန် သေချာသွားပြီ။ မြန်မာနိုင်ငံကို စိတ်ဝင်တစားနှင့် လာရောက်ရင်းနှီးမြှုပ်နှံရန် အကဲခတ် သူများ များပြားနေပြီ။ ယင်းတို့သည် သတင်းကောင်းများဖြစ်ပြီး အမှန် တကယ် ဂုဏ်ယူလောက်သည့် အပြောင်းအလဲများ ဖြစ်သော်လည်း သေသေ ချာချာကြည့်လိုက်လျှင် စီးပွားရေး စတက်ရန် အရှိန်စယူဆဲသာ ရှိနေသေး သည်။ နိုင်ငံတွင်း ဝင်ငွေတိုးတက်ခြင်း အားရစရာ မရှိသေးသလို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင်လည်း “လာ၊ ကြည့်၊ ပြန်” များသာ များနေသည်။

ယခုတလော မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော မတည်ငြိမ်မှုများသည် နိုင်ငံ့စီးပွားရေး အတွက် မည်သည့်ဘက်က ကြည့်ကြည့် လုံးဝမကောင်းသော ဖြစ်ရပ်များဖြစ်သည်။ နိုင်ငံသားတို့လည်း ကျီးလန့်စာစားဖြင့် စီးပွားရေး လုပ်ချင်စိတ် ယုတ်လျော့စေပြီး ဝင်လာလုဆဲဆဲ နိုင်ငံခြားသား တို့ကိုလည်း နှစ်ခါပြန် စဉ်းစားသွားစေသည်။ မျှော်လင့်ချက်များ တစ်ဟုန်ထိုး မြင့်တက်ပြီး ထင်သလို ဖြစ်မလာသေးသောကြောင့် ဒေါသထွက်နေသူများနှင့် စီးပွား မတက်ခြင်းတို့ ပေါင်းမိလျှင် မြန်မာနိုင်ငံအတွက် အပေါင်းလက္ခဏာ ဆောင်သောရလဒ် ဖြစ်ပေါ်စေမည်မဟုတ်ပါ။

မြန်မာ့စီးပွားရေးနှင့် ပတ်သက်ပြီး “စလုံးရေသာစ” ရသေးသည့်အတွက် တက်ထောင်ရန် စောလွန်းနေပါသေးသည်။ နိုင်ငံရေးသည် ရှေ့ရောက်နေ သော်လည်း စီးပွားရေးကို မထောက်ကူဘဲ တွန်းချမည့် ရှေ့ရောက်ခြင်းမျိုး ဖြစ်ပါက စီးပွားရေး နောက်ပြန် လန်ကျလျှင် နိုင်ငံရေးပါ ပါသွားပါလိမ့်မည်။ “အူမတောင့်မှ သီလစောင့်နိုင်သည်” “A hungry man is an angry man” (ဗိုက်ဆာလျှင် စိတ်တိုတတ်သည်) တို့သည် လူတို့၏ စရိုက်ကိုကြည့်ပြီး လက်ဆင့်ကမ်းခဲ့သော စကားပုံများ ဖြစ်သည်။
(ေဇယ်သူ)
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com