မေလ 12, 2013
ဂျပန်ရေပိုင်နက်အတွင်း မေလ ၁၂ ရက်နေ့တွင် အမျိုးအစား ခွဲခြား၍ မရသော ရေငုပ်သင်္ဘော တစ်စီးအား ရှာဖွေတွေ့ရှိခဲ့ကြောင်း ဂျပန်ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။
အဆိုပါ ရေငုပ် သင်္ဘောအား အရှေ့တရုတ် ပင်လယ်အတွင်း အိုကီနာ ဝါစီရင်စုအတွင်း Kumejima ကျွန်းအနီး၌ ဂျပန်ရေတပ်ဖွဲ့မှ P3C ကင်းလှည့်လေယာဉ်မှ ရှာဖွေ တွေ့ရှိခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ ရေငုပ်သင်္ဘောသည် မေလ ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပစိဖိတ် သမုဒ္ဒရာ အတွင်းသို့ ဦးတည် ခုတ်မောင်းသွားကြောင်း သိရှိရပါသည်။
၎င်းရေငုပ်သင်္ဘော ခုတ်မောင်းသွားသည့် ရေကြောင်းလမ်း အသေးစိတ်နှင့် မည်သည့် နိုင်ငံပိုင် ဖြစ်သည်ကို စိစစ်လျက်ရှိကြောင်း ဂျပန် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ထို့ပြင် မေလ ၂ ရက်နေ့ကလည်း အခြား ရေငုပ်သင်္ဘော တစ်စီးသည်လည်း Kagoshima စီရင်စုအတွင်းရှိ Amami-oshima ကျွန်းအနောက်ပိုင်း အနီးတွင် ခုတ်မောင်းသွားကြောင်း ၎င်းဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ၂ဝဝ၄ ခုနှစ် နိုဝင်ဘာလ အတွင်း၌ တရုတ် ရေငုပ် သင်္ဘောတစ်စီးသည် ဂျပန်နိုင်ငံ ရေပိုင်နက်အတွင်း Ishigaki ကျွန်းအနီးသို့ ဝင်ရောက်ခဲ့ဖူးကြောင်း သိရှိရ ပါသည်။
မြ၀တီ
ဂျပန် ရေပိုင်နက်အတွင်း ခွဲခြား၍မရသော ရေငုပ်သင်္ဘော တစ်စီးအားတွေ့ရှိ
Labels:
ပြည်ပသတင်း