ကျောက်ဆည်၊ မေ ၁၆
မေလ ၁၄ ရက် ည ၉ နာရီ ၂၀ မိနစ်လောက်မှာ ကျောက်ဆည်မြို့ စုကြီးရပ်၊ ကုန်မာဆိုင် ပိုင်ရှင် ဦးရာကွတ်ရဲ့ နေအိမ်အတွင်းရှိ ကားဂိုထောင်အတွင်းဝင်ရောက် အကြမ်းဖက်လုယက်ရန် ကြံစည်မှု တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဦးရာကွတ်ရဲ့သား ကိုခင်မောင်လေးက ပြောပါတယ်။
ဖြစ်စဉ်မှာ ပိုင်ရှင် ဦးရာကွတ်ရဲ့ သားဖြစ်သူ ကိုခင်မောင်လေး အပြင်မှပြန်လာစဉ် ပုံမှန်ထားနေကျ ကားဂိုထောင်သို့ကားသွင်းပြီးချိန် လုယက်ရန် ကြံစည်မှုဖြစ်ပွားခဲ့ကြောင်းသိရပြီး အဆိုပါ လုယက်ရန် ကြံစည်သူဟု ယူဆရသူမှာ ဓားမြောင်တစ်ချောင်းကိုင်ဆောင်ထားကာ မျက်နှာကို အဝတ်စည်းထားတဲ့ အမည်မသိ လူစိမ်းတစ်ဦး ဖြစ်ကြောင်း အကြမ်းဖက်ခံရသူ ကိုခင်မောင်လေး (ခ) ဟာမစ် က မြန်မာဓိကကို ပြောပါတယ်။ ဂိုထောင် အတွင်းကားသော့ချနေစဉ်၎င်း၏ အနောက်မှဝင်ရောက်ခဲ့ပြီး အသိမြန်သဖြင့် ထိခိုက်ဒဏ်ရာရမှုမရှိခဲ့ ကြောင်းကို ၄င်းကဆိုပါတယ်။
အဆိုပါလုယက်ရန်ကြံစည်သူလို့ ယူဆရသူမှာ ညအချိန် မီးအလင်းရောင် နည်းပါးမှု့ကြောင့် မျက်နှာအား ကောင်းစွာ မမြင်လိုက်ရသော်လည်း သုံးမိနှစ်ကြာမျှ အဆိုပါလူစိမ်းနဲ့ လုံးထွေး သတ်ပုတ်ခဲ့ရ ကြောင်း၊ ၄င်းလုယက်ရန် ကြံစည်သူလို့ ယူဆရသူမှာ ကိုခင်မောင်လေး၏ အိမ်အရှေ့လမ်းကြားဆီ ပြေးထွက် သွားခဲ့ပြီး အသင့်စောင့်ဆိုင်းနေသော 125 နံပါတ်မပါ မော်တော်ဆိုင်ကယ်ဖြင့် မောင်းထွက်သွားကြောင်းကို လည်း ကိုခင်မောင်လေး(ခ)ဟာမစ်က ပြောပါတယ်။ ဦးရာကွတ် ကုန်မာဆိုင်ပိုင်ရှင်မှာ ငွေကြေးအားဖြင့် အသင့်အတင့်ရှိသူလို့ သိရပြီး အဆိုပါလုယက်ရန် ကြံစည်မှုနဲ့ ပတ်သက်လို့ စုကြီးရပ်နေ မြို့မိမြို့ဖ ဦးစိန်မောင်သန်းမှ တစ်ဆင့် ကျောက်ဆည်မြို့၊ မြို့မရဲစခန်းမှုး ဦးထွန်းထွန်းဝင်းနဲ့ သက်ဆိုင်ရာထွေ/အုပ် အဆင့်ဆင့်ကို အကြောင်းကြား အသိပေးထားတယ်လို့ ကိုခင်မောင်လေးက ပြောပါတယ်။
အဆိုပါကိစ္စနဲ့ ပတ်သက်လို့ မြို့မရဲစခန်းမှူး ဦးထွန်းထွန်းဝင်းထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရာ “ ကျွန်တော်တို့ဆီ တိုင်ချက် ဖွင့်ထားတာ မရှိပါဘူးဗျ၊ အဲဒီ ကိစ္စဖြစ်တယ်ဆိုတဲ့ အချိန်ကလည်း ကျွန်တော်က တခြားကိစ္စနဲ့ တစ်နေရာ ရောက်နေတာ၊ ကျွန်တော်တို့တော့ မသိဘူးဗျ၊ အကြောင်းကြားထားတာလည်း မရှိပါဘူး၊ ကျောက်ဆည်မြို့မှာ အေးအေးဆေးဆေးပါ၊ ဘာမှမဖြစ် ပါဘူး”လို့ မြန်မာဓိကကို ပြောပြပါတယ်။
ဒိုးလေး (ကျောက်ဆည်)
မြန်မာဓိက
မြို့လယ်ခေါင်မှာ အကြမ်းဖက် လုယက်ရန်ကြံစည်မှုတစ်ခု ဖြစ်ပွား
Labels:
မှုခင်း