http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

စွမ်း အဖွဲ့ကို ဧရာဝတီတိုင်းအတွင်း ဇာတ်ကခွင့် တိုင်းအစိုးရ ပိတ်ပင်

Wednesday,May 01,2013
ဇလွန်ပြည်တော်ပြန် ဘုရားပွဲမှာ ပရိသတ်နဲ့ ပဋိပက္ခ ဖြစ်ပြီး ပွဲပျက် ပြန်ပြေးခဲ့ရတဲ့ စွမ်းဇာနည် ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က အဲဒီ တိုင်းအတွင်း လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲတော်မှာ တပေါင်းလပြည့်ကျော် ၁ ရက်နေ့ မတ်လ ၂၇ ရက်နေ့ မနက် ၂ နာရီခွဲလောက်က စွမ်းသဘင် ဇာတ်ရုံမှာ စွမ်း ဇာတ်အဖွဲ့နဲ့ ပရိသတ်တချို့ ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး စင်ကို မီးရှို့ ခံရတဲ့အပြင်၊ ဇာတ်အဖွဲ့က ပါလာတဲ့ လေအိတ်ကား တစီး၊ ကုန်ကားနှစ်စီးနဲ့ မင်းသားရဲ့ ကိုယ်ပိုင်ကား မှန်တွေကို ရိုက်ခွဲခံရ ပြီး ၁ လ အကြာမှာ စွမ်းဇာနည်ဇာတ်အဖွဲ့ကို ဧရာဝတီတိုင်း အစိုးရအဖွဲ့က သူတို့ဒေသမှာ လာရောက်ဖျော်ဖြေခွင့် ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး မင်းသား စွမ်းဇာနည်နဲ့ တိုက်ရိုက် အဆက်အသွယ် မရခဲ့ပေမယ့် မြန်မာနိုင်ငံ သဘင်အစည်းအရုံး အတွင်းရေးမှူး ဦးမိုးဝင်းကတော့ “ပိတ်မယ်ဆိုတဲ့ သတင်း ကြားရုံ ရှိပါသေးတယ်။ အတိအကျတော့ ကျနော်တို့ဆီကို စာမပို့သေးပါဘူး” လို့ ပြောပါတယ်။

အငြိမ့်မင်းသမီး ခေါင်းဆောင် မင်းသမီးတဦးလည်း ဖြစ်၊ စွမ်းဇာနည်တို့ မိသားစုနဲ့လည်း ခင်မင်သူ ကျားလေးစိန်ကတော့ ပိတ်ရင်လည်း ကောင်းပါတယ်လို့ ဆိုပါတယ်။

သူက “ပိတ်တယ် ဆိုတာလည်း စွမ်းကို နစ်နာစေလိုတဲ့ ဆန္ဒတော့ မဖြစ်နိုင်ပါဘူး၊ လောလောဆယ် ဧရာဝတီတိုင်း ဘက်မှာ မဖျော်ဖြေ သေးတာတော့ အကောင်းဆုံးပေါ့။ ဒီကိစ္စမှာ စွမ်းတို့ဘက်က တရားမစွဲဘူးလို့ သိရတယ်” လို့ ဆက်ပြောတယ်။

စွမ်းဇာနည်နဲ့ ဇလွန်ပရိသတ်တို့ရဲ့ ပဋိပက္ခ ဖြစ်စဉ်အကျဉ်းကိုတော့ စွမ်းဇာနည်နဲ့ နီးစပ်သူ တဦးက ဧရာဝတီကို ပြောပြ တာကတော့ -

ဇလွန်မှာ စွမ်းဇာနည် ဇာတ်အဖွဲ့ အနေနဲ့ မတ် ၂၄၊ ၂၅၊ ၂၆ သုံးရက် ဖျော်ဖြေပေးဖို့ စီစဉ်ထားပေမယ့် ၂၅ ရက်နေ့ညဘက်မှာ ဇာတ်ရုံ အဖောက်ခံရပြီး တီးဝိုင်းသမား ပစ္စည်း တချို့နဲ့ သဘင်အစည်းအရုံး ကတ်တချို့ အခိုးခံခဲ့ရတယ်။ ၂၆ ရက်နေ့ ညနေမှာတော့ ဇာတ်သမားတချို့ ပွဲဈေးတန်းအတွင်း ထမင်းသွားစားတဲ့ အချိန် ဒေသခံတချို့ရဲ့ ရန်စထိုးကြိတ်ခြင်း ခံခဲ့ ရတယ်လို့ သိရပါတယ်။ အဲဒီလို ဖြစ်လာတော့ စွမ်းဇာနည်က ကန်ထရိုက်ကို ပွဲဆက်မကတော့ဖို့ ပြောရာမှာ ကန်ထရိုက်က အစစ တာဝန်ယူကြောင်း တောင်းပန်တာနဲ့ အဲဒီည ပွဲဆက်က ဖြစ်တယ်၊ စွမ်းဇာနည်ရဲ့ ဖခင်ကတော့ ဇလွန်သားတွေ ဘယ်လို ဆိုးရွားတဲ့အကြောင်း တော်တော်ကလေး မကျေမနပ် ပြောဆို လိုက်တယ်လို့ သူတို့ ဇာတ်အဖွဲ့နဲ့ နီးစပ်သူတဦးက ဆိုပါတယ်။

ဒါပေမယ့် အဲဒီညပွဲမှာပဲ ပွဲခင်းထောင့်က လူတစုက အမျိုးမျိုး ရန်စလာတာကြောင့် မင်းသားက စင်ပေါ်ကနေ “သတ္တိရှိရင် တယောက်ချင်း ချမလား၊ စင်ပေါ်တက်ခဲ့” ဆိုပြီး မိုက်ကရိုဖုန်းနဲ့ အော်တာနဲ့ ပရိသတ်ထဲက စင်ပေါ်တက်လာ ကြတော့ မင်းသားက တက်လာတဲ့သူရဲ့ မျက်နှာကို ခြေထောက်နဲ့ ဆောင့်ကန်လိုက်တယ်လို့ စွမ်းဇာနည်နဲ့ နီးစပ်တဲ့သူက ဧရာဝတီကို ရှင်းပြပါတယ်။ ပဋိပက္ခက အဲဒီကနေ ကြီးလာပြီး စွမ်းဇာနည်ရဲ့ကားအပါအဝင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၁၅၀၀ ဖိုးလောက် ဖျက်ဆီး ခံခဲ့ရတဲ့အပြင် ဇာတ်တဖွဲ့လုံး ပြန်ပြေးခဲ့ရတာလို့ သိရပါတယ်။

မြန်မာနိုင်ငံ သဘင်အစည်းအရုံး ကတော့ ဒီလိုကိစ္စတွေ ဆက်မဖြစ်ဖို့ ပွဲကန်ထရိုက်တွေနဲ့ အနုပညာရှင်တွေ ကြိုတင် စာချုပ် ချုပ်ထား သင့်တယ်လို့ ဆိုပါတယ်။

အတွင်းရေးမှူး ဦးမိုးဝင်းက “စွမ်းဇာတ်သဘင် ကိစ္စ ဖြစ်ဖြစ်ချင်း ကျနော်တို့ဆီ ဆက်သွယ်လာပါတယ်။ ဒါကြောင့် ကြေညာချက် တခု ထုတ်ခဲ့ပါတယ်။ ဒီကိစ္စကို ဝမ်းနည်းကြောင်းပေါ့။ ဒီ ပဋိပက္ခက တော်တော်ကြီးသွားတယ်၊ ရှုပ်ထွေးတဲ့ အပိုင်းလည်း ရောက်သွားတယ်။ ပရိသတ်နဲ့ အနုပညာရှင် ဖြစ်နေတယ်။ စွမ်းဘက်ကတော့ တရားမစွဲတော့ပါဘူး။ ဖြစ်တဲ့ အချိန်မှာ ညဥ့်နက်တဲ့ အတွက် လုံခြုံရေးများ အားနည်းတယ်လို့ ယူဆရပါတယ်။ နောက်ဆိုရင် သဘင်သည်တွေ ကန်ထရိုက်နဲ့ စာချုပ်ချုပ်ရင် လုံခြုံရေးအတွက် ကန်ထရိုက်ဘက်က တာဝန်ယူပါမည်၊ ပြဿနာ ဖြစ်ခဲ့ရင် ကန်ထရိုက်မှ လျော်ကြေး ပေးရမည်ဆိုတဲ့ အချက် ပါဝင် ရေးသားသင့်တယ်။ ဇာတ်ပွဲတခု ကပြမယ် ဆိုရင်လည်း သက်ဆိုင်ရာ မြို့နယ်သဘင် အစည်းအရုံးတွေကို အကြောင်းကြားထားဖို့ လိုပါတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စွမ်းဇာနည်နဲ့ ဇလွန်ဒေသခံတွေ ပဋိပက္ခ ဖြစ်ရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ သဘင်အစည်းအရုံးက “၂၇ – ၃ – ၂ဝ၁၃ ရက်နေ့ ဇလွန်မြို့ ပြည်တော်ပြန် မြတ်စွာဘုရား ပွဲတော်တွင် စွမ်းဇာနည်ဇာတ် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) အလုပ် အမှုဆောင် ကော်မတီအဖွဲ့မှ များစွာ ဝမ်းနည်း ခဲ့ကြရပါသည်။ သို့ဖြစ်ပါ၍၊ နောက်နောင် ၎င်းဖြစ်စဉ်မျိုး ထပ်မံဖြစ်ပွားမှု မရှိစေ ရန် ၃ဝ-၃-၂ဝ၁၃ ရက်နေ့တွင် ပြန်လည် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ သဘင် ပညာရှင်များ အစည်းအရုံး (ဗဟို) အလုပ် အမှုဆောင် ကော်မတီ (အသစ်) မှ စီစဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာ့ ဇာတ်သဘင် ချစ်ခင်သူများသို့ လေးစားစွာ ပန်ကြားအပ်ပါသည်” ဆိုပြီး ဟု ထုတ်ပြန် ကြေညာခဲ့ပါတယ်။

ဇလွန်ပြည်သူ တဦးလည်းဖြစ်၊ ဇလွန်မြို့နယ် သဘင်အစည်းအရုံးနဲ့ ဗဟိုကော်မတီဝင်လည်း ဖြစ်သူ ဦးအေးချမ်းက “စွမ်း ဇာတ်သဘင်ကို ပိတ်မယ်ဆိုတာ နှုတ်စကားအရပဲ ရှိသေးတာဆိုတော့ ကျနော်တို့ အတိအကျတော့ စာမထွက် သေးပါဘူး။ ကျနော်တို့ ဇလွန်ပြည်တော်ပြန် ဘုရားပွဲဆိုတာ အတွင်းအပြင် လုံခြုံရေး ၇၀ ကနေ ၁၀၀ အကြား ထားလေ့ရှိတယ်။တခြားမြို့တွေ ကလည်း အကူအညီ ခေါ်ကြတယ်။ အဲဒီပွဲမှာတော့ လုံခြုံရေး အားနည်းချက်တွေ ရှိခဲ့တာတွေ့ရတယ်” လို့ ဧရာဝတီကို ပြောပါတယ်။

စွမ်း ဇာတ်သဘင်ကို ဧရာဝတီတိုင်းအတွင်း ဖျော်ဖြေခွင့်ပိတ်ခဲ့ရင် မြန်မာနိုင်ငံ သဘင်အစည်းအရုံးက တတ်နိုင်သမျှ ကူညီပေးသွားမယ်လို့ သဘင်အစည်းအရုံး ပြန်ကြားရေးမှူး ဦးဝင်းကြိုင်က ဆိုပါတယ်။

“စွမ်းအဖွဲ့ကို ဧရာဝတီတိုင်းအတွင်း ပွဲ ပါမစ်ပိတ်မယ်လို့ ကျနော်တို့ ဒီနေ့မနက် သိရတယ်။ တရားဝင်စာ မလာသေးပါဘူး။ ဒေသဆိုင်ရာ အာဏာပိုင်တွေက ဥပဒေအရ ပြဿနာ ဆက်မဖြစ်ပွားဖို့ ပါမစ်ပိတ်တယ် ဆိုရင်တောင် သဘင်သည်များ အရေးအတွက် သွားရောက် တောင်းပန်ညှိနှိုင်း ပေးဖို့ အစီအစဉ်ရှိပါတယ်” လို့ သူက ဆက်ပြောတယ်။

ဒီ ကိစ္စနဲ့ပတ်သက်ပြီး ဧရာဝတီတိုင်း အစိုးရအဖွဲ့ ရုံးခန်းက ၃ ရက်တိတိ ဖုန်းမကိုင်ဘဲ၊ ဧရာဝတီတိုင်း အစိုးရအဖွဲ့ အတွင်းရေးမှူးဆီ ဖုန်းဆက်တဲ့ အခါမှာလည်း အစည်းအဝေး ရှိနေလို့ နောက်မှပြန်ခေါ်ဖို့ပဲ ပြန်ကြားပါတယ်။ ပြန်ခေါ်တဲ့အခါမှာ ဖုန်းမကိုင်တဲ့အတွက် အဲဒီဘက်က အခြေအနေကို သေသေချာချာ မသိရှိရသေးပါဘူး။

စွမ်းဇာတ်သဘင် ပြန်လည် လည်ပတ်နိုင်ဖို့ လက်ရှိ အနေအထားအရ ဖိုးချစ်က ကူညီပေးနေတဲ့ သတင်းကြားတဲ့ အတွက် ဖိုးချစ်ကိုမေးကြည့်တော့ “ဘယ်သူမှန်တယ် မှားတယ်တော့ မပြောလိုပါဘူး၊ မှတ်ချက်လည်း မပေးတတ်ပါဘူး၊ သဘင် ညီအစ်ကိုတွေ ဖြစ်တာကြောင့် တတ်နိုင်တဲ့ဘက်က ကူညီပေးသွားမှာပါ။ ဒီနေ့ဒီအချိန်အထိ ကျနော်ဘာမှ ကြီးကြီးမားမား မကူညီရသေးပါဘူး” လို့ ဖြေပါတယ်။

စွမ်းဇာနည်ကတော့ အဲဒီနေ့က ဆုံးရှုံးနစ်နာမှု သိန်း ၁၅၀၀ ကျော် ရှိမယ်လို့ အလင်းတန်း ဂျာနယ် အင်တာဗျူးမှာ ဖြေကြားတားတာ တွေ့ရတယ်။ စွမ်းက တရားစွဲဆိုမှုတော့ မပြုလိုကြောင်း၊ ဖြစ်ဖြစ်ချင်း ဖိုးချစ်၊ တင်မောင်ဆန်းမင်းဝင်း၊ဟန်ဇာမိုးဝင်း စတဲ့ သဘင်ညီအစ်ကိုတွေက အကူအညီပေးမယ်လို့ ပြောခဲ့ကြကြောင်း အလင်းတန်းမှာ ဖော်ပြထားပါတယ်။

စွမ်းဇာနည်နဲ့ နီးစပ်သူတွေရဲ့ အဆိုအရတော့ စွမ်းကိုယ်တိုင်လည်း ဒီပဋိပက္ခမှာ အမှားမကင်းတဲ့အတွက် တရားစွဲဆိုတာတွေ ဘာတွေ မလုပ်တာလို့ သိရတယ်။

စွမ်းရဲ့ လူမှုကွန်ရက် facebook စာမျက်နှာမှာတော့ ပြဿနာဖြစ်ပြီးပြီးချင်း သူ့မိခင်က ပွဲမှာ ပျက်ဆီးသွားတဲ့ ကားအတွက် လင်ခရူဆာကားတစီး ပြန်ဝယ်ပေးခဲ့တယ်လို့ ဧပြီ ၈ ရက်နေ့က ရေးတင်ထားတာ တွေ့ရတယ်။ စွမ်းဇာနည်က စွမ်း ဇာတ်သဘင်မှာ ခေါင်းဆောင်မင်းသား အဖြစ် ဦးဆောင်ပြီး ရုပ်ရှင်ဗီဒီယို သရုပ်ဆောင် အဖြစ်ပါ အနုပညာ လှုပ်ရှားမှုတွေ လုပ်ကိုင် နေပါတယ်။

စွမ်းဇာနည်ဆိုတာ အရင်ကလည်း ပရိသတ်နဲ့ ပဋိပက္ခဖြစ်ခဲ့ဖူးတဲ့ အတွက် သဘင်အစည်းအရုံးက ဇာတ်ကပြ ဖျော်ဖြေခွင့် ပိတ်ပင်ခြင်း ခံခဲ့ရဖူးတဲ့သူ ဖြစ်ပါတယ်။ အခု ဖြစ်သွားတဲ့ ကိစ္စမှာတော့ ၂၀၁၃ မှာ အသစ်ဖွဲ့စည်းထားတဲ့ သဘင်အစည်းအရုံးက စွမ်းဇာတ်သဘင်ကို ပိတ်ပင်ခြင်း ပြုမှာမဟုတ်တဲ့ အကြောင်း သဘင်အစည်းအရုံး ဗဟို အဖွဲ့ဝင် ဦးအေးချမ်းဆီက သိရ ပါတယ်။

စွမ်းဇာနည် ဇာတ်အဖွဲ့ ဖျော်ဖြေပွဲကို ကြည့်ဖူးသူတွေကတော့ စွမ်းဇာနည်ဟာ စတိတ်ရှိုး ဆိုရာမှာကော၊ စင်ပေါ်ကနေ ပရိသတ်ကို ပြောဆိုရာမှာပါ မယဉ်ကျေးတဲ့ အကြောင်း၊ ကြည့်ရှုသူ လူငယ်တွေ အနေနဲ့ သူ့အပေါ် မကျေမနပ် ဖြစ်နိုင်တယ်၊ ပြဿနာ များနိုင်တယ် ဆိုတဲ့အကြောင်း ဝေဖန်ကြပါတယ်။
နဒီထိုက်
ဧရာဝတီ သတင်းဌာန

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com