ရန်ကုန်၊ မေ ၁။
ယနေ့ ကျရောက်သော အလုပ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် (၁၂၃) ကြိမ်မြောက် အလုပ်သမားဗဟိုပြု (မေဒေး) အလုပ်သမားနေ့ အခမ်း အနားကို ရန်ကုန်မြို့ သီရိမင်္ဂလာဈေးသစ်ရှိ နန်းထိုက်တော်ဝင်
စားသောက်ဆိုင်ခန်းမ၌ အလုပ်သမားဦးရေ ၂၀၀၀ ကျော်ခန့်ဖြင့် စည်းကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သတ်၍ “မိမိရရှိနေတဲ့ ခံစားနေတဲ့ အလုပ်သမားအခွင့်အရေးတွေအတွက် တိုက်ပွဲဝင်ခဲ့ကြတဲ့ နိုင်ငံတကာ အလုပ်သမား ခေါင်းဆောင်တွေ ကိုလေးစားဂုဏ်ပြုတဲ့အနေနဲ့ ဒီပွဲကို ကျင်းပရခြင်း ဖြစ်တယ်” ဟု အလုပ်သမားရေးရာ ဆောင်ရွက်သူရှေ့နေဦးဌေးမှ ပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ နာယက ဦးတင်ဦး၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ အလုပ် သမားရေးရာ ဆောင်ရွက်သူ ရှေ့နေဦးဌေး၊ ၈၈မျိုးဆက်ကျောင်းသားများ၊ ဗကသများ အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လူ့ဘောင်သစ်ပါတီမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ လူငယ်များ အစည်းအရုံး (ဗဟို)၊ အလုပ်သမားခေါင်းဆောင် ၂၀၀ ကျော်၊အလုပ်သမားပေါင်း ၁၀၀၀ ကျော်ခန့် နှင့် နိုင်ငံရေးသမားများ၊ စိတ်ဝင်စားသူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။
“ဒီနေ့ အခမ်းအနားဟာ အမှောင်ခေတ်တစ်ခေတ်လုံးမှာ အဖိနှိပ်ခံခဲ့ရတဲ့ အလုပ်သမားတွေရဲ့ ပထမဆုံး
ခြေလှမ်းဖြစ်တယ်။ ဘယ်သူတွေက အလုပ်သမားတွေ ဘဝကို မြှင့်တင်ပေးမယ်ပြောပြော မယုံပါနဲ့။ ကိုယ့်ကိုကိုယ်ပြောင်းလဲမှ ရမှာပါ။ ကိုယ့်ကိုကိုယ်ပဲ အားကိုးကြပါ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်
မင်းကိုနိုင်က ပြောကြားသည်။ ယင်းအခမ်းအနားသို့ စက်ရုံပေါင်း ၃၇ ရုံမှ အလုပ်သမားပေါင်း ၁၈၀၀ ခန့်
တက်ရောက်ခဲ့ကြပြီး အဖွဲ့အစည်း ၁၀ ခုကျော်မှ ပေးအပ်ခဲ့သော သဝဏ်လွှာများကိုလည်းဖတ်ကြားခဲ့ကြကြောင်း သိရသည်။
ရည်မွန်
မြန်မာ့ခေတ်
(၁၂၃) ကြိမ်မြောက် အလုပ်သမားနေ့ အခမ်းအနား ကျင်းပ
Labels:
ပြည်တွင်းသတင်း