![]() |
ဓာတ်ပုံ - ဒူဘိုင်းအခြေစိုက် MBC ရုပ်သံက ၂၀၀၂ ခုနှစ်၊ ဧပြီ ၁၇ တွင် ထုတ်လွှင့်ခဲ့သော ဗီဒီယို၌ Abu Ghaith ကို တွေ့ရစဉ် |
အိုစမာဘင်လာဒင်၏ သမက်ဖြစ်သူ Suleiman Abu Ghaith ကို အမေရိကန် နိုင်ငံသားများအား သတ်ရန်ကြိုးပမ်းမှု စွဲချက်များဖြင့် နယူးယောက်၌ မတ် ၈ ရက်တွင် ရုံးတင်စစ်ဆေးခဲ့ရာ ယင်းစွဲချက်များကို ကျူးလွန်ခဲ့ခြင်းမရှိဟု ၎င်းက ထွက်ဆိုခဲ့သည်။
အယ်လ်ကေးဒါးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်သည့် Abu Ghaith ကို ဂျော်ဒန်တွင် ပြီးခဲ့သည့် သီတင်းပတ်အတွင်း ဖမ်းဆီးမိခဲ့ပြီး နှစ်နိုင်ငံ တရားခံလွှဲပြောင်းရေး စာချုပ်များအရ Abu Ghaith ကို ပြီးခဲ့သည့် သီတင်းပတ်၌ အမေရိကန် တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေး ခဲ့ကြောင်း ဂျော်ဒန်လုံခြုံရေး အရာရှိတစ်ဦးက အေပီသတင်းဌာနသို့
ပြောကြားခဲ့သည်။
Abu Ghaith သည် 9/11 တိုက်ခိုက်မှုတွင် ပူးပေါင်းကြံစည်ခဲ့သူ တစ်ဦးဖြစ်သည်ဟု အမေရိကန်တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ကူဝိတ်တွင် ကျောင်းဆရာတစ်ဦးနှင့် ဗလီဆရာ တစ်ဦးဖြစ်သည့် Abu Ghaith သည် 9/11 တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကူဝိတ်နိုင်ငံသားအဖြစ်မှ ရုပ်သိမ်းခံရသည်။
Abu Ghaith သည် ၂၀၀၁ ခုနှစ်မေလမှ ၂၀၀၂ ခုနှစ်အထိ ဘင်လာဒင်နှင့်အတူ တာဝန်ထမ်းဆောင်ခဲ့ပြီး 9/11 နှင့် အလားတူသော တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်မည်ဆိုသော သတိပေးမှုများကို ပြောကြားခဲ့သူဖြစ်ကြောင်း တရားရေးဌာနမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အထူးသဖြင့် ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် Abu Ghaith သည် ဘင်လာဒင်နှင့် ဇာဝါဟီရီတို့နှင့်အတူ ထွက်ပေါ်ခဲ့ပြီး အမေရိကန်ကို သတိပေးစကားပြောခဲ့ကြောင်း တရားရုံးမှတ်တမ်းများအရ သိရှိရသည်။ ဘင်လာဒင်၏ပြော ကြားမှုများကို ပြန်လည်ပြောကြားသည့် ဗီဒီယိုများစွာတွင် ပါဝင်ခဲ့သည်ဟု FBI လက်ထောက်ညွှန်ကြားရေးမှူးချုပ် George Venizelos က ပြောကြားခဲ့သည်။
Abu Ghaith ၏ ရုံးတင်စစ်ဆေးမှုမှာ အယ်လ်ကေးဒါး အကြီးတန်းခေါင်းဆောင် တစ်ဦးကို အမေရိကန်တွင် ပထမဆုံး ရုံးတင်စစ်ဆေးနိုင်မှုဖြစ်လာမည်ဖြစ်သည်။
Ref:CNN/BBC
Eleven Media Group