ဒီရက်ပိုင်းတွေအတွင်းမှာ မြန်မာပြည်ရဲ့ အကြီးဆုံး အတိုက်အခံပါတီ NLD ရဲ့ ပထမဆုံးအကြိမ် ပါတီညီလာခံ ကျင်းပခဲ့တာ တွေ့ရပါတယ်။ ပါတီညီလာခံ ဆိုတာ အေးဆေးတည်ငြိမ်ပြီး နိုင်ငံတွေက ပါတီတွေ အဖို့တော့ ပုံမှန် လေးနှစ်တစ်ကြိမ် ငါးနှစ်တစ်ကြိမ် ကျင်းပကြတာပါ။ ဒါပေမဲ့ အခက်အခဲ အကျပ်အတည်းပေါင်းများစွာ ဖြတ်သန်းနေကြရတဲ့ နိုင်ငံတွေက ပါတီတွေအဖို့တော့ နိုင်ငံရေးအချိုးအကွေ့ အလှည့်အပြောင်းတွေဖြစ်လာမှ (သို့) အဆင့်တစ်ဆင့်ကို တက်လှမ်းလာနိုင်မှ ခက်ခက်ခဲခဲ ကျင်းပကြရတာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးရပြီး သမိုင်းခေတ်အတွင်း ပါတီ အများအပြား ပေါ်ထွန်းခဲ့ပေမယ့် ပါတီညီလာခံ တစ်ရပ်ကို ပီပီပြင်ပြင် ကျင်းပပြီး လုပ်ငန်းစဉ်တစ်ရပ်ကို ပီပီပြင်ပြင် ချမှတ်လုပ်ဆောင် သွားနိုင်တဲ့ ပါတီဆိုတာ လက်ချိုးရေလို့ ရလောက်အောင် အနည်းစု ကလေးဘဲ ရှိခဲ့ပါတယ်။ အချို့အကွေ့တွေဟာ ပြင်းထန်လွန်းလို့ ပါတီအများအပြား လွင့်စင် ပျောက်ကွယ်သွားတယ်။ အလားတူပဲ လျှမ်းလျှမ်းတောက်ဆိုတဲ့ လက်ဝဲ၊ လက်ယာ ခေါင်းဆောင် အများအပြား သမိုင်းရေစီးမှာ တဖြည်းဖြည်း နစ်မြုပ်ပျောက်ကွယ်ကုန်ကြတယ်။ ပါတီအချို့ဟာ တောတွင်းလက်နက်ကိုင် ဘဝနဲ့ တဖြည်းဖြည်း ချုပ်ငြိမ်းသွားကြတယ်။ တချို့က မြေပေါ်မှာတင် ဖမ်းဆီးခံရ နှိပ်ကွပ်ခံရပြီး ဖျက်သိမ်းခြင်းခံရတယ်။ မြန်မာ့သမိုင်းမှာ လက်ယာပါတီ တွေ ၁၉၆၂ ခုနှစ်နောက်ပိုင်း မရှိသလောက် ဖြစ်သွားခဲ့ပြီး၊ လက်ဝဲပါတီ တွေထဲမှာတော့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ၁၉၉၀ လောက်ကစပြီး မြေအောက်စည်းရုံးရေး ပါတီအဖြစ် ယဲ့ယဲ့လေး ကျန်နေတာ တွေ့ရပါတယ်။
၁၉၃၉ ခုနှစ်က စတင်တည်ထောင်တဲ့ ဗမာပြည်ကွန်မြူနစ် ပါတီရဲ့ သက်တမ်းတစ်လျှောက် ၁၉၈၆ ခုနှစ်အထိ ပါတီကွန်ဂရက် သုံးကြိမ် ကျင်းပခဲ့တာ တွေ့ရတယ်။ ကျန်တဲ့သမိုင်းမှာ ပျောက်ကွယ် သွားခဲ့တဲ့ ပါတီတွေမှာ ဒီလို ကွန်ဂရက် သို့မဟုတ် ညီလာခံ သုံး ကြိမ်ကျင်းပနိုင်တာ မရှိခဲ့ဘူးလို့ ထင်ပါတယ်။ ဆိုလိုတာကတော့ ညီလာခံတစ်ရပ်တောင် ကျင်းပဖို့ ခက်ခဲလှတဲ့ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းကို ပြောချင်တာပါ။
အခု NLD ပါတီဟာ သက်တမ်း ၂၅ နှစ်အတွင်းမှာ ပထမဆုံး ကျင်းပနိုင်ခဲ့တဲ့ ညီလာခံဖြစ်ပါတယ်။ ၄င်းပါတီရဲ့ သက်တမ်း ၂၅ နှစ်အတွင်းမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် ရချိန်ဟာ သုံး၊ လေး နှစ်ထက် မပိုဘူးလို့ ထင်ပါတယ်။ ကျန်တဲ့ တစ်လျှောက်လုံးကတော့ ပြင်းထန်တဲ့ နှိပ်ကွပ်မှုတွေကို တစ်လျှောက်လုံး ခံခဲ့ရတာ တွေ့ရပါတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ ပြင်းထန် ကြမ်းတမ်းတဲ့ သမိုင်းကြောင်းတွေ နှစ်ပေါင်း ၅၀၀၀ ရှိခဲ့တယ်ဆိုပေ မယ့် သူတို့မှာက သူလည်းလက်နက်နဲ့၊ ကိုယ်လည်း လက်နက်နဲ့ ဆိုတဲ့ အပြန်အလှန်သဘောတွေ ရှိပါတယ်။ နဝတခေတ်ပါတီတွေ အဖို့ ပြောရရင်တော့ တစ်ဖက်သတ် နှိပ်ကွပ်တာကို ခံကြရတာ ဖြစ်တယ်။ မြန်မာ့သမိုင်းမှာ အနှိပ်ကွပ်အခံရဆုံးလို့ ပြောရင် ရလောက်ပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ မိုးထဲရေထဲ ဖြတ်သန်းခဲ့ သူတွေ၊ မီးတောနှင်းတောထဲ မကြောက်မရွံ့တိုးခဲ့သူတွေ၊ အရေး တော်ပုံစိတ်ဓာတ် အပြည့်ရှိကြသူတွေလို့ ဘေးမှ ရပ်ကြည့်သူတစ် ယောက်အနေနဲ့ မြင်တွေ့ရပါတယ်။
အခုတော့ ပါတီညီလာခံကိုပါ ကျင်းပနိုင်ခဲ့ကြပါပြီ။ ညီလာခံ တစ်ရပ်ဟာ အများအားဖြင့်တော့ ပြီးခဲ့တဲ့လက အတွေ့အကြုံ၊ သင်ခန်းစာတွေကို နိဂုံးချုပ်ပြီး အားကောင်းချက်တွေကိုယူ၊ အားနည်းချက်တွေကို ပယ်ကာ အနာဂတ်ကာလအတွက် မှန်ကန်တဲ့ လမ်းစဉ်တွေကို ချမှတ်နိုင်ဖို့ပဲလို့ ဆိုကြပါတယ်။ ၁၉၆၂ နောက်ပိုင်း ကျွန်တော်တို့တစ်သက်တာ တွေ့ဖူးတဲ့ ညီလာခံတွေ၊ ကွန်ဂရက် တွေဟာ လက်ဝဲညီလာခံ ကွန်ဂရက်တွေပဲ များပါတယ်။ မဆလရဲ့ ပါတီ ညီလာခံတွေ၊ ဗကပရဲ့ ကွန်ဂရက်တွေနဲ့ တရုတ်ပြည်ကြီးက ပြည်သူ့ ကွန်ဂရက်တွေ စတာတွေပဲ များပါတယ်။ ဒါတွေကတော့ ပုံစံကျ ညီလာခံတွေပါ။ ဘာတွေပြောမယ်၊ ဘာတွေဆုံးဖြတ်မယ် ဆိုတာ အားလုံးစီစဉ်ပြီးသားတွေပါ။
နယ်ကိုယ်စားလှယ်တွေရဲ့ အစီရင်ခံစာတွေကို အားလုံးဆင်ဆာ ဖြတ်တောက်စိစစ်ပြီးသားတွေပါ။ ဗကပရဲ့ တတိယအကြိမ်မြောက် ပါတီကွန်ဂရက် (၁၉၈၅) ရှမ်းပြည်နယ် အလယ်ပိုင်းက ကိုယ်စားလှယ်ဟာ သူ့ရဲ့ အစီရင်ခံစာ မှာ မပါတဲ့ စကားတစ်ခွန်းနှစ်ခွန်းကို ထည့်ပြောခဲ့မိလို့ အခမ်းအနားမှူး လုပ်တဲ့ ရဲဘော်ထွန်း (ခေါ်) ဗိုလ်ကျင်မောင်က အစီရင်ခံစာမှာ အဲဒီစကားမပါကြောင်း ချက်ချင်း လှမ်းထောက်ပါတယ်။ အဲဒီ ကွန်ဂရက်ရဲ့ မျက်မှောက်အခြေအနေ သုံးသပ်ချက် အချုပ်ကတော့ ပါတီဟာ အတိတ်ကာလက ရရှိခဲ့တဲ့ ဒီရေမြင့်နဲ့ အနာဂတ်ကာလမှာ မုချရရှိလာမယ့် တော်လှန်ရေး ဒီရေမြင့်ကြီးရဲ့ ကြားကာလမှာ ရောက်ရှိနေတယ်လို့ သုံးသပ်ခဲ့တယ်။ ချမှတ်ခဲ့တဲ့ လမ်းစဉ်ကတော့ လက်နက်ကိုင်တိုက်ပွဲနဲ့သာ အာဏာသိမ်းရမယ် ဆိုတဲ့ လမ်းစဉ်ပဲ ဖြစ်ပါတယ်။ ဒီလိုပုံစံဟာ ဗကပတစ်ခုတည်း ကွက်ပြီး ဖြစ်ခဲ့တာတော့ မဟုတ်ပါဘူး။ အဲဒီခေတ်ကာလက တောတွင်းမှာရော မဆလပါတီ မှာရော ကျွန်တော်တို့ အရှေ့ဘက်က နိုင်ငံကြီးငယ် တချို့မှာပါ အားလုံး ဒီပုံစံအတိုင်း ဖြစ်ခဲ့ကြတာပါ။
NLD ရဲ့ ပါတီညီလာခံကတော့ ဒီလိုပုံစံတွေကနေ ခွဲထွက် ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ ရပ်ကျေးကနေ စပြီးတော့ ညီလာခံ ကိုယ်စားလှယ်တွေ၊ ဗဟိုကော်မတီတွေကအစ ဒီမိုကရေစီနည်းကျစွာ ရွေးချယ်ခဲ့တာ တွေ့ရတယ်။ ဒီလိုပုံစံဟာ ဒီနေ့ခေတ်အဖို့ အလွယ် တကူတွေ့နေကျကိစ္စမျိုးလို့ ယူဆနိုင်ပေမယ့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်မရှိတဲ့ ပါတီများအဖို့ အခုခေတ်မှာလည်း ဒီအတိုင်း လိုက်လုပ်ဖို့ မလွယ်လှပါဘူး။NLD ကိုယ်စားလှယ်ရွေးပွဲတွေမှာ တောင် ဂိုဏ်းဂဏပြဿနာ၊ အကွဲအပြဲပြဿနာကို အတော်ကြုံ လိုက်ရတာတွေ့ရပါတယ်။ ဒါပေမဲ့ ဖြေရှင်းကျော်လွှားနိုင်ခဲ့တာ တွေ့ရတယ်။ ဒီအကွဲအပြဲတွေကနေ ကြည့်ရင်NLD အတွက် ရေရှည်မှာ ဂရုစိုက်ဖို့လိုတဲ့ ပြဿနာတစ်ခုကိုတော့ တွေ့ရပါတယ်။ အဲဒါ ကတော့ လူဟောင်း၊ လူသစ်ဆိုတဲ့ ပြဿနာပါ။
ဒီ ပြဿနာဟာ ပါတီတစ်ခုအနေနဲ့ အခက်အခဲ အကျပ်အတည်း ကို ဖြတ်သန်းလာပြီး အဆင့်တစ်ဆင့်ကို ရောက်လာတဲ့အချိန်မှာ တွေ့ရလေ့ရှိတဲ့ ပြဿနာဖြစ်ပါတယ်။ နိုင်ငံတကာ အတွေ့အကြုံတွေ အရဆိုရင် တရုတ်ပြည် ကွန်မြူနစ်ပါတီမှာလည်း ဒီလိုပြဿနာတွေ ရှိခဲ့တယ်။ သူတို့သမိုင်းမှာ ကျင်တန်းတောင်တန်း တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီး မော်စီတုန်းနဲ့အတူ ခရီးရှည်ချီတက်ပွဲ ဆင်နွဲခဲ့သူတွေဟာ ကေဒါဟောင်းတွေ၊ ဝါရင့်ပုဂ္ဂိုလ်တွေ ဖြစ်လာကြတာပါ။ ၁၉၃၇ ခု ယင်အန်းခေတ်၊ ဂျပန်ခုခံရေးကာလ ရောက်တဲ့အချိန်မှာ တစ်နိုင်ငံ လုံးက မြေအောက်ယူဂျီတွေ၊ တော်လှန်ရေးသမားတွေ၊ တက်ကြွသူ တွေ အများအပြား ရောက်လာလို့ တရုတ်ကွန်မြူနစ်ပါတီဟာ အဆပေါင်းများစွာ ကြီးထွားလာခဲ့တယ်။ ဒီ နေရာမှာ နောက်ရောက်လာတဲ့ လူသစ်တွေ (လူသစ်ပေမယ့် မြို့ပေါ်မှာ ထုသားပေသား ကျလာခဲ့တဲ့ တော်လှန်ရေးသမားတွေ ပါပဲ) ဟာ ပညာတတ်တွေဖြစ်ပြီး သူတို့ဟာ လူရှောက်ချီရဲ့ လူတွေများပါ တယ်။ မူလလူဟောင်းတွေကတော့ လက်သမား ကေဒါတွေဖြစ်ပြီး မော်ရဲ့လူတွေပါ။ လူဟောင်းတွေကတော့ အကြမ်းပတမ်း ကိစ္စတွေမှာ ပိုရပြီး လူသစ်တွေက အုပ်ချုပ်ရေး၊ စည်းရုံးရေး လုပ်ငန်းတွေမှာ ပိုနေရာ ရလာကြတာပါ။ ဒီတအုံနွေးနွေး ပြဿနာဟာ ၁၉၅၈ ခုနှစ် မှာ မဟာခုံပျံကျော်လွှားရေး ဆိုတဲ့ စီမံကိန်းအမှားမှာ ပိုကြီးထွားလာပြီး မော်စီတုန်းကိုယ်တိုင် အခြေအနေယိမ်းယိုင်လာတဲ့ သဘော ဖြစ်လာတာပါ။ ဒါကြောင့် ၁၉၆၄ မှာ ပေါ်ထွက်လာတဲ့ ယဉ်ကျေးမှု တော်လှန်ရေးဆိုတာဟာ လူရှောက်ချီနဲ့ သူ့လူတွေကို ရှင်းတဲ့ပွဲကြီး ဖြစ်လာတာပါ။ ဇာတ်လမ်းစတာကတော့ လူဟောင်း လူသစ်ပြဿနာပါ။
ဒါကြောင့် ဒီလိုပြဿနာမျိုးကို မှန်မှန်ကန်ကန် သဘောထား နိုင်ရေး၊ မှန်မှန်ကန်ကန် ဖြေရှင်းရေးဟာ အခက်အခဲ အကျပ်အတည်း ကို ဖြတ်သန်းလာတဲ့ ပါတီတစ်ခုအတွက် အရေးကြီးတဲ့ လုပ်ငန်းစဉ် တစ်ခုဖြစ်ပါတယ်။ လက်ရှိ ကျင်းပခဲ့တဲ့ ညီလာခံမှာ ဒီကိစ္စကို မှန်မှန်ကန်ကန် နေရာချထားနိုင်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီလှိုင်းဂျာနယ်မှာ ဖော်ပြတဲ့ ဆောင်းပါးတချို့မှာ ဒီပြဿနာအပေါ် မှန်မှန်ကန်ကန် သဘောထားရေး အမြင်ချို့တဲ့နေတာ တွေ့ရတယ်။ နောက်တစ်ခုက ကိုယ်ချည်းပဲ အနစ်နာခံခဲ့ရတယ်ဆိုတဲ့ အမြင်မျိုးတွေလည်း တွေ့ရပါတယ်။ ဥက္ကဋ္ဌဖြစ်သူနဲ့ ကွဲလွဲနေတာတွေ ကိုလည်း အတော်တွေ့ရပါတယ်။
တကယ်တမ်း မြန်မာနိုင်ငံမှာ အနာခံရဆုံး သူတွေဟာ ဘယ်သူတွေပါလဲ။ ကျွန်တော့်အမြင်အရတော့ ပြည်သူတွေ လို့ပဲ မြင်ပါတယ်။ အထူးသဖြင့် အစိုးရတပ်နဲ့ လက်နက်ကိုင် တပ်ဖွဲ့များကြား မြေစာပင် ဖြစ်နေရတဲ့ ရှမ်းတွေ၊ ဝတွေ၊ ပအို့တွေ၊ ပလောင်တွေ၊ ကချင်၊ ကရင်တွေပါပဲ။ မိန်းမဖြစ်သူက အိုးတစ်လုံး စောင်တစ်ထည်၊ ဆန်နို့ဆီဘူး တစ်လုံးနှစ်လုံးလောက်ပါတဲ့ ပလိုင်း ကိုလွယ်၊ ယောက်ကျားဖြစ်သူက ကလေးကိုပွေ့၊ ဓားတစ်လက်နဲ့ တောရှင်းရင် နှစ်ပေါက်အောင် ပြေးနေရတဲ့ ရွာပုန်းရွာရှောင်တွေ၊ ညောင့်စူးမိတဲ့ ဒဏ်ရာလောက်နဲ့ အနာဝင်ပြီး မသေသင့်ဘဲ သေဆုံး သွားရသူတွေ၊ ငှက်ဖျားနဲ့ လုံးပါးပါးသွားရသူတွေ၊ မိုင်းနင်းမိသူတွေ၊ ပေါ်တာဆွဲခံရပြီး ဘယ်တော့မှ ပြန်ရောက်မလာတော့တဲ့ သူတွေ၊ ဟိုဘက်ကိုလည်းကြောက်ရ၊ ဒီဘက်ကိုလည်းကြောက်ရနဲ့ နေရသူတွေ၊ တစ်နှစ် ၂ နှစ်လည်းမဟုတ်၊ လေး ငါးဆယ်နှစ်လည်း မက နှစ်ပေါင်း ၂၀၊ ၃၀ ဖြစ်ခဲ့ကြတာပါ။ အခုမှ ဒုက္ခသည်စခန်း ဆိုတာတွေ ပြည်တွင်းမှာ ရှိလာပေမယ့် အရင်တုန်းက ဒီလို ပြည်သူတွေရဲ့ ကိစ္စဟာ ဘယ်နေရာမှာမှ ဘယ်သူကမှ ဂရုစိုက်ခဲ့တဲ့ ကိစ္စတွေ မဟုတ်ခဲ့ပါဘူး။
ညီလာခံတစ်ခုမှာ လုပ်ငန်းစဉ်တစ်ခုလုံးအပြင် အဖွင့်မိန့်ခွန်းနဲ့ အပိတ်မိန့်ခွန်းတွေက အရေးအကြီးဆုံး ပါပဲ။ ဒီမိန်းခွန်းတွေကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင်သဘောထားတွေဟာ ပါတီရဲ့ ခံယူချက်နဲ့ လမ်းညွှန်သဘောထား တွေပဲ ဖြစ်ပါတယ်။
"NLD ပါတီဟာ ၂၅ နှစ်တာအတွင်းမှာ လွတ်လွတ်လပ်လပ် မလှုပ်ရှားနိုင်ခဲ့ရလို့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ ဒီလိုအပ် ချက်တွေ ဖြည့်ဆည်းဖို့ဆိုတာ အချိန်ယူရပါမယ်။ အချိန်လည်းယူ ရမယ်။ ဝီရိယလည်း စိုက်ထုတ်ရမယ်" လို့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းမှာ တွေ့ရတယ်။ နောက်ပြီး အဖွဲ့ချုပ်ဝင်တွေနဲ့ ပတ်သက် ပြီး "ပြည်သူနဲ့ ဆက်ဆံတဲ့နေရာမှာ ဖြောင့်မတ်ပါ။ ကိုယ့်အချင်းချင်း အပေါ်မှာ သစ္စာရှိပါ။ ကျေးဇူးတရားကို ဘယ်တော့မှ မမေ့ပါနဲ့" ဆိုပြီး အလွန်ရိုးရှင်းစွာ ပြောကြားခဲ့တာ တွေ့ရတယ်။ "မတူကွဲပြားတဲ့ အမြင်တွေကို မကြောက်ဖို့၊ မစိုးရိမ်ဖို့နဲ့ ဒါတွေကို ကြိုဆိုပြီးတော့ ဒီမတူကွဲပြားတဲ့ အမြင်တွေကို ဘယ်လို ကျွန်မတို့ရဲ့အင်အားတစ်ခု ဖြစ်အောင် လုပ်သွားမလဲလို့ ကျွန်မတို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်" လို့ ပြောသွားပါတယ်။ ခြုံကြည့်လိုက်ရင် ဒီမိန့်ခွန်းတွေမှာ မွန်မြတ်မှုရှိတဲ့၊ ပျော့ပျောင်းမှုရှိတဲ့၊ အမြင်ကျယ်မှုရှိတဲ့၊ ပြည့်ဝမှုရှိတဲ့ သဘောထားအမြင်တွေ ပါနေတာ တွေ့ရပါတယ်။
မည်သို့ဆိုစေNLD အနေနဲ့တော့ ၂၅ နှစ်တာမှာ ညီလာခံ တစ်ခု ကျင်းပနိုင်ခဲ့တဲ့ မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါပြီ။ ဒီညီလာခံမှာ တင်သွင်းရရှိလာခဲ့တဲ့ သဘောထား အမြင်တွေဟာ ၂၅ နှစ်တာ အတွင်း စုဆောင်းရရှိလာတဲ့ အတွေ့အကြုံတွေနဲ့ အမွေအနှစ်တွေလို့ ဆိုရမှာပါ။ အမေရိကန်သမိုင်းမှာ ဂျော့ရှ်ဝါရှင်တန်က စလို့ လက်ရှိ သမ္မတအိုဘားမားအထိ ပြောဆိုခဲ့တဲ့ မိန့်ခွန်းတွေနဲ့ ဆုံးဖြတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေဟာ အမေရိကန်ရဲ့ အလုပ်လမ်းညွှန်တွေပဲ ဖြစ်ပါ တယ်။ လင်ကွန်းတို့၊ ရူးစ်ဘဲ့တို့လို အချိုးအကွေ့ကြီးတဲ့ ကာလကို ဖြတ်သန်းခဲ့သူ သမ္မတတွေရဲ့ မိန့်ခွန်းတွေဟာပိုပြီး အဖိုးတန် နက်နဲပြီး ပိုအရေးပါတဲ့ လမ်းညွှန်တွေဖြစ်တတ်ပါတယ်။ အခု NLD ၂၅ နှစ်တာ မှတ်တိုင်ရဲ့ အလုပ်လမ်းညွှန်တွေဟာ နောင် ၂၅ နှစ်စာ အတွက် ဟုတ်ကောင်းမှ ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့ လတ်တလော ရင်ဆိုင်ရမယ့် ၂၀၁၅ ကာလလောက်အထိတော့ အသုံးတည့်နေမယ့် လမ်းညွှန်တွေဖြစ်မယ်လို့ ယူဆမိပါတယ်။
(ဘမောင်ညို)
The Voice Weekly