ငါးပိထောင်း (ဓါတ်ပုံ - Thinkyunthar.blogspot.com) |
မြန်မာတို့၏ အစားအစာတွင် ထမင်း၊ ဟင်းချို၊ အသားဟင်း တစ်မျိုးမျိုးနှင့် ငါးပိ၊ တို့စရာတို့သည် ထာဝရသုံး ဟင်းလျာများ ဖြစ်ပေသည်။ ယင်းတို့တို့အနက် ငါးပိသည် အခြေခံအစားအစာဖြစ်၏။ ထို့ကြောင့်လည်း မြန်မာတို့ နှုတ်များက ငါးပိပါမှ အားရတင်းတိမ်ပြီး ထမင်းမြိန်သည်ဟု ဆိုကြ ပြောကြလေသည်။
ငါးပိတွင် စိမ်းစားငါးပိ၊ မျှင်ငါးပိ၊ ဒမင်းငါးပိ၊ ရေချိုငါးပိနှင့် ငါးပိကောင်ဟူ၍ ရှိ၏။ စိမ်းစားငါးပိကို မြိတ်နှင့်ထား ဝယ်နယ်များတွင် လုပ်ကိုင်ကြပြီး ဒေသကို အစွဲပြုလျက် မြိတ်စိမ်းစားငါးပိ၊ ထားဝယ်စိမ်းစား ငါးပိဟု ခေါ်ဝေါ်ကြသည်။ မျှင်ငါးပိကို ဘိုကလေး (ဖျာပုံနယ်)၊ လပွတ္တာ (မြောင်းမြနယ်)၊ သက္ကသောင် (ပုသိမ်နယ်) တို့တွင် လုပ်ကိုင်ကြပြီး မျှင်ပိုက်နှင့်ဖမ်း၍ရသော မျှင်များကို အစွဲပြု၍ မျှင်ငါးပိဟု ခေါ်သည်။ ဒမင်းငါးပိမှာ ဒမင်းထောင်၍ ဖမ်းရသော ငါးကလေးအမျိုးမျိုးကို နေလှန်းဆားပ်က၍ ထောင်းယူရသော ငါးပိဖြစ်သည်။ ငါးပေါသည့် အရပ်တိုင်း၌ ဒမင်းငါးပိလုပ်ကြ၏။ ငါးကို အကောင်လိုက် ဆားပက်၍ ကုပ်နှိပ်ထားပေသည်။ ယင်းကို ငါးပိကောင်ဟု ခေါ်သည်။
ထိုသို့ ငါးပိကို ဒေသအလိုက် ခွဲခြားလုပ်ကိုင်ဆောင်ရွက်ကြသကဲ့သို့ စားသောက်ပုံမှာလည်း တစ်နယ်နှင့်တစ်နယ် မတူချေ။ ဒေသအလိုက် အကြိုက်တစ်မျိုးစီ သုံးဆောင်တတ်ကြပေသည်။ အထူးသဖြင့် ထားဝယ်ခရိုင်၊ ထားဝယ်ဒေသတွင် စိမ်းစားငါးပိဖြင့် ပြုလုပ်ရသော ငါးပိထောင်းကို အသုံးများ၏။ ငါးပိထောင်းကို ထားဝယ်သူ ထားဝယ်သားများ သာမက မောင်းမကန် ပင်လယ်ကမ်းခြေသို့ တစ်ခါတစ်ခေါက် အလည်ရောက်ကြသူများနှင့် အစိုးရအရာထမ်း အမှုထမ်းများ ကြားဖူး စားသုံးဖူး ကြပေလိမ့်မည်။
ယင်းငါးပိထောင်းတွင် စိမ်းစားငါးပိ၊ ငရုတ်သီး အစို/အခြောက်၊ ကြက်သွန်ဖြူနှင့် ပုဇွန်ခြောက်တို့ ပါဝင်ပေသည်။ ပြုလုပ်ရန် နည်းလမ်း၊ အကြမ်းဖျင်းမှာ စိမ်းစားငါးပိ သုံးကျပ်သားခန့်ကို တုတ်လျှို၊ တုတ်တပ်၍ (သို့မဟုတ်) မြေ စလောင်းဖုံးတွင် အပြားလိုက်ကပ်ပြီး မီးခဲရဲရဲဖြင့် ကပ်ရမည်၊ (သို့မဟုတ်) ဖုတ်ရမည်။ ၎င်းအပြင် ငရုတ်သီးအခြောက် (၁၀) တောင့်ခန့်နှင့် ငရုတ်သီးသုံးတောင့်ခန့်ကိုလည်း တုတ်ဖြင့် သီး၍ မီးကင်ရမည်။ ၎င်းငရုတ်သီးများ မီးကင်၍ ကျက်လျှင် ပုဇွန်ခြောက် တစ်ကျပ်သားခန့်နှင့် ကြက်သွန်ဖြူဥကြီးကြီးတစ်ုခန့် ရောပြီး ငရုတ်သီးမီးကင်နှင့်အတူ ဆုံတွင် ထည့်၍ ထောင်းရမည်။ ၎င်းအမည်များညက်လျှင် မီးကင်ပြီး အသင့်ဖြစ်နေသော ငါးပိသုံးကျပ် သားခန့်နှင့် ထပ်မံပေါင်း၍ ဆုံ၌ ဆက်လက်ထောင်း ပါလေ။
သတိပြုရန်မှာ ငါးပိမတူးမခြစ်စေရန်နှင့် ငရုတ်သီးမီးကင်၊ ပုဇွန်ခြောက်၊ ကြက်သွန်ဖြူ၊ ငါးပိဖုတ် စသည့်အမည် များအားလုံး ရောနှောနှံ့စပ်သမအောင် ထောင်းယူရန်ပင် ဖြစ်၏။ သို့မှ ထားဝယ်ငါးပိထောင်း အရသာပိုကောင်းပြီး လျှာတွေ့ခံတွင်း တွေ့ပေမည်။
တနင်္သာရီတိုင်းဒေသကြီး၊ ထားရုယ်ခရိုင်၊ ထားဝယ်ဒေသတွင် နေထိုင်ကြသူများသည် ငါးပိထောင်းကို တာရှည် စားသုံးနိုင်အောင် ထောင်းပြီးပြီးခြင်းလက်ဖြင့် ဆုပ်နယ်အလုံးပြုလုပ်ပြီး အဖုံးပါသော အစ်(သို့မဟုတ်) ခွက်တို့ဖြင့် ထည့်၍ စားသုံးကြသည်။ သန့်သန့်ရှင်းရှင်းနှင့် ပိုးမွှားမဝင်၊ ယင် မဥလျှင် ထားဝယ်ငါးပိထောင်းသည် တစ်လနှင့် နှစ်လအထိပင် အထားခံပေသည်။
ထားဝယ်ငါးပိထောင်းနှင့်တွဲ၍ စားသုံးနိုင်သော တို့စရာများမှာ သရက်ကင်း၊ မရမ်းကင်း၊ လမုက်ငး၊ လမဲ့ကင်း၊ မိန္နဲကင်း၊ သခွားသီးနှင့် နာနတ်ဦး၊ သီဟိုဠ်သီး၊ သရက်သီးစသည့် မချိုမချဉ်များ (သို့မဟုတ်) သစ်တို၊ တညင်း၊ တောင်တလဲ၊ ကန့်ကလာ၊ မုံလာ၊ ငှက်ပျောဖူးအပြင် အခြားချဉ်ဖတ်စိမ်ထားသော တို့စရာတို့နှင့် တွဲဖက်သုံး ဆောင်နိုင်လေသည်။
ထိုငါးပိထောင်းကို တို့စရာအစုံအလင်ဖြင့် ရာသီမရွေး၊ ဥတုမရွေးပြုလုပ်စားသုံးနိုင်၏။ သို့သော် နွေ၊ မိုး၊ ဆောင်း ခွဲ၍ ထောင်းက ပိုအရသာရှိရုံမက၊ ကျန်းမာရေးအတွက် ဆေးတစ်ခွက်ပင် ဖြစ်နိုင်သေး၏။ ဥပမာ – အေးသော ဆောင်းရာသီတွင် ငရုတ်သီးနည်းနည်းပိုကဲ၍ ထောင်းလျှင် ချွေးကလေးစို့စို့ဖြစ်လာပြီး အအေးဖျား၊ အညောင်း ဖျားများပျောက်၊ အရသာလည်း တွေ့ အာဟာရဓာတ်လည်း ဖြည့်ပြီး ဖြစ်ပေလိမ့်မည်။
မှန်ပေသည်။ အများစုသည် ငါးပိကို ကြိုက်နှစ်သက်၍ စားသုံးနေကြသော်လည်း ငါးပိတွင် မည်သည့်အာဟာရ ဓာတ်များပါရှိသည်ကိုမူကား ဂရုပြုသတိထား လေ့လာကြဟန်မတူချေ။ ငါးပိနှင့်ပတ်သက်၍ မြန်မာ့စွယ်စုံကျမ်း အတွဲ ၃၊ စာမျက်နှာ ၂၀၄ ငါးပိ၏ အာဟာရဓာတ်များအကြောင်းတွင် ယနေ့ပြည်သူတို့ အများစုစားသုံးနေသော ငါးပိ၌ရေ၊ ပရိုတင်းနှင့် တွင်းထွက်ဓာတ်သတ္တုများပါရှိပေသည်။ တွင်းထွက်ဓာတ်သတ္တုများအနက်၊ ဆားအပြင် ကယ်လ်စီယမ်နှင့် ဖော့စဗောရပ် (ခေါ်) ဒြပ်စင်များ ပါသည်။ ထို့အပြင် သွေးကေင်းရန်အတွက် သံဓာတ်လည်း ပါ၏။ ငါးပိတွင် ရေ ရာခိုင်နှုန်း ၄၀ မှ ၅၀ အထိ၊ ပရိုတင်းရခိုင်နှုန်း ၂၀ မှ ၃၀ အထိ၊ အဆီ ရာခိုင်နှုနန်း ၃ မှ ၄ အ ထိ ပါဝင်သည်။ စိမ်းစးနှင့် မျှင်ငါးပိတွင် ဆားရာခိုင်နှုန်း ၁၀ မှ ၂၅ အထိ ရေချိုငါးပိ၊ ဒမင်းငါးပိနှင့် ငါးပိကောင်များတွင် ဆားရာခိုင်နှုန်း ၂၀ မှ ၃၀ အထိ ပါဝင်ကြသည်။ အသားနှင့် အဆီများ ပါဝင်သောကြောင့် ငါးပိသည် အခြား အသားများကဲ့သို့ အပူဓာတ်ကိုပေးသည်။ ငါးပိအမျိုးအစားကို လိုက်၍ ငါးပိ တစ်အောင်စလျှင် အပူဓာတ် ၃၁ ကလိုရီမှ ၉၄၈ ကလိုရီအထိ ပေးနိုင်သည်။ ဤသည်တို့ကြောင့် ငါးပိသည် အမဲသား၊ ဆိတ်သား၊ ဝက်သား လောက် အာဟာရတန်ဖိုးရှိသည်ဟု ဆိုနိုင်လေသည်။
ယနေ့ဆိုလျှင် ငါးပိကို တိုင်းနှင့်ပြည်နယ် မြို့နယ်များ၊ အညာဒေသပါမကျန် စားသုံးတတ်နေကြပြီဖြစ်၍ ငါးပိ၏ အရသာကောင်းခြင်း၊ ငါးပိ၏ အာဟာရတန်ဖိုးကြီးမားခြင်း၊ အခြားအခြားသော အသားငါးများထက် ဈေးနှုန်း သက်သာခြင်းစသည့် အကျိုးများကြောင့် အသုံးပြုစားသောက်လာသည်ကိုလည်း တွေ့မြင်ရပေသည်။
“ထားဝယ်ငါးပိထောင်းနှင့် သိကောင်းစရာ” အဖြစ်နှင့် တင်ပြရခြင်း၏ ရည်ရွယ်ချက်မှာ ထားဝယ်ငါးပိထောင်းသည် အချိန်တိုတိုနှင့် လိုရင်းရောက်အောင် ပြုလုပ်နိုင်သည်။ ယင်းငါးပိထောင်းမှ ခွဲထွက်၍ သံပရာရည်ညှစ်၊ ငါးပိဖျော်၊ ငါးပိသုပ်၊ တို့စရာအမျိုးမျိုးနှင့် လည်းကောင်း ငါးပိထောင်းကို အစ်နှင့် ပိုးမွှားမဝင် လုံခြုံအောင်ထားလျှင် လနှင့်ချီ၍ စားသုံးနိုင်ခြင်း၊ နေထိုင်မကောင်းသူများ၊ ခံတွင်းမတွေ့သူများ၊ တို့စရာ၊ ဟင်းချိုနှင့် ပေါင်းဖက်လိုက်လျှင် ခံတွင်းမြိန်ခြင်း၊ အရသာတွေ့ခြင်း၊ ကျန်းမာရေးပင် ကောင်းမွန်လာနိုင်ပေသေးသည်။ အထူးသဖြင့် အလုပ်ကြမ်းသမားများ၊ တောင်သူလယ်သမား၊ အလုပ်သမားများနှင့် သင့်လျှော်သော ဟင်းလျာတစ်မျိုးဟု ဆိုနိုင်ပေသည်။ အလျဉ်းသင့်က ဖော်ပြပါ နည်းစနစ်အတိုင်း စမ်းသပ်လုပ်ကိုင်စားသောက်ကြဖို့ကိုလည်း စေတနာဖြင့် တိုက်တွန်းလိုပေသည်။
မှန်ပေသည်။ ထားဝယ်ငါးပိထောင်းသည် ထားဝယ်သူ၊ ထားဝယ်သားတို့၏ ဘိုးဘွားစဉ်ဆက်မှ စ၍ စားသုံးလာကြသည့် ရိုးရာဟင်းလျာတစ်မျိုးဖြစ်ကြောင်း တင်ပြလိုက်ရပါတော့သည်။
ရှိန်အောင်ဗိုလ်
Tavoyan Voice