လွိုင်ကော်၊ မတ် ၁၉။
ကယားပြည်နယ် အတွင်းရှိ ဒေသအသီသီးသို့ နိုင်ငံခြားသားများ ၊ အခြားလူမှု အဖွဲ့အစည်းများနှင့် ဒေသခံများ အပါအဝင် ကယားပြည်နယ်ရှိ ဒေသအသီးသီးသို့ ပွင့်လင်းမြင်သာစွာ သွားလာခွင့်မရသေးခြင်းသည် ကန့်သတ်ထားခြင်း မဟုတ်သော်လည်းနယ်မြေ အနေအထားအရ သက်ဆိုင်ရာ အဖွဲ့စည်းအသီးသီးက ခွင့်မပြုခြင်းဖြစ်ကြောင်း ကယားပြည်နယ် ဝန်ကြီးချုပ်ဦးခင်မောင်ဦးက မီဒီယာများသွားရောက် မေးမြန်းစဉ်ဖြေကြားသည်။
အစိုးရနှင့် ကယားပြည်နယ်မှ လက်နှက်ကိုင် အဖွဲ့အစည်းများသည် ငြိမ်းချမ်းရေးယူထားခြင်း၊ အပစ်အခတ် ရပ်စဲထားခြင်းများ ရှိသော်လည်း သဘောတူညီမှုအချို့နှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ မပြုလုပ်ရသေးသောကြောင့် ပြည်သူများ၏ လုံခြုံရေးအရ လွတ်လပ်စွာ သွားလာခွင့်များကို ခွင့်မပြုနိုင်ခြင်းဖြစ်ကြောင်း သိရသည်။ နိုင်ငံခြားသားများကို လွိုင်ကော်မြို့နှင့် ဒီမောဆိုးနှစ်မြို့ကိုသာ ခွင့်ပြုထားကြောင်း ဝန်ကြီးချုပ်က ဆက်လက်ပြောကြားသည်။
ကယန်းပြည်သစ်ပါတီမှ ဗိုလ်မှူးစောလွင်က“ ခုအချိန်ထိ ကျွန်တော်တို့ ကယန်းပြည်သစ်ပါတီ အနေနဲ့ကတော့ လက်နှက်ကိုင် အနေနဲ့ပဲ ရှိနေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လူထုစိတ်တိုင်းကျပြင်ဆင်ပယ်ဖျက် အသစ်ရေးဆွဲပြီးတော့မှဘဲ လက်နှက်ကိုစွန့်မယ်” ဟု ပြောကြားသည်။ ထို့ပြင် မြေမြုပ်မိုင်း ကိစ္စများသည် ငြိမ်းချမ်းရေးရမှ လုပ်ရမည့်ကိစ္စများ မဟုတ်ကြောင်း ပြောသည်။
အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးသော KNPPမှ စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က “ ဒီလထဲမှာဘဲ ငြိမ်းချမ်းရေး လုပ်တဲ့ဗိုလ်မှူးတွေနဲ့ ဆွေးနွေးပွဲလုပ်ဖို့ ရှိပါသေးတယ်” ဟု ပြောကြားသည်။
ကယားပြည်နယ်သည် ယခုအချိန်ထိ လွိုင်ကော်မြို့တစ်မြို့သာ အညိုရောင်နယ်မြေ ဖြစ်ပြီး ကျန်နယ်မြေများသည် အနက်ရောင်နယ်မြေ အဆင့်ထိ ရှိနေသေးကြောင်း ကရင်နီ လူငယ်များ သမဂ္ဂမှအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။ ထို့ပြင် အရပ်ဖက်လူမှု အဖွဲ့စည်းများမှ ဌာနဆိုင်ရာများသို့ ခွင့်ပြုချကတောင်းခံသော စာတင်သည့် ကိစ္စများတွင် ဒေသကွပ်ကဲရေး စစ်တပ်များကိုပါ အကြောင်းကြား ရသောကိစ္စများ ရှိနေသေးကြောင်း ဒေသခံများက ပြောကြသည်။
အောင်သိုက်
The Myanma Age
ကယားနယ်မြေတွင် ပြည်သူများလွတ်လပ်စွာသွာလာခွင့်မရသေး
Labels:
ပြည်တွင်းသတင်း