ဒီမိုကရေစီ အသွင်ကူးပြောင်းရေး လုပ်ငန်းများ အကောင်အထည် ဖော်နေသော မြန်မာနိုင်ငံတွင် ဒီမိုကရေစီ အငွေ့အသက်များ ခံစားထိတွေ့လာရသည်မှာ ၂နှစ်နီးပါး ရှိနေပြီဖြစ်ပါသည်။ အထူးသဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာသုံးရပ်ရှိ တာဝန်အသီးသီးကို ထမ်းဆောင်နေကြသူများ၊ စတုတ္ထမဏ္ဍိုင်မှ စောင့်ကြည့် ထိန်းမတ်ပေးနေသော မီဒီယာများ၊ ပဉ္စမမဏ္ဍိုင် ဖြစ်သော ပြည်သူလူထု၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုများက အသွင်ကူးပြောင်း ကာလကို အရှိန်တင်ပေးလျက် ရှိနေပါသည်။ ထိုအခြေအနေများက မြန်မာနိုင်ငံကို နိုင်ငံတကာအလယ်တွင် ထွန်းသစ်စ ဒီမိုကရေစီ နိုင်ငံတစ်ခုအဖြစ် မျက်နှာပွင့်စေရန် အရောင်တင်ပေးခြင်းလည်း ဖြစ်ပါသည်။
အသွင်ပြောင်းကာလ ကနဦးအစတွင် ဥပဒေပြုလွှတ်တော်၏ ရှင်းလင်းပြတ်သားသော ဆွေးနွေး၊ ဆုံးဖြတ်ချက်များ၊ ထုတ်ပြန်ကြေညာချက်များ၊ အချေအတင်ဆွေးနွေးမှုများ၊ အုပ်ချုပ်ရေးပိုင်း၏ စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုများ၊ ငြိမ်းချမ်းရေးတည်ဆောက်မှု လုပ်ငန်းစဉ်များက ပြည်သူလူထုအား ဒီမိုကရေစီ နိဒါန်းပျိုးပြီဟု ဝမ်းမြောက်ပီတိ ဖြစ်ရလောက်သည် အထိ အားရကျေနပ်စရာ ကောင်းခဲ့ပါသည်။ အထူးသဖြင့် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ မိန့်ခွန်းများက နိုင်ငံသားအားလုံး အပြင် နိုင်ငံတကာ စောင့်ကြည့်လေ့လာသူ များနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးကပါ အံ့သြ ချီးမွမ်းရသည်အထိ ပြောင်မြောက်ခဲ့ပါသည်။ ထို့ကြောင့် အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့ အညင်သာဆုံးနှင့် အမြန်ဆုံး အသွင်ကူးပြောင်းနိုင်သော နိုင်ငံတစ်ခုအဖြစ် နိုင်ငံရေးသိပ္ပံပညာဆိုင်ရာ လောကတွင် မှတ်တမ်းတင် ခံခဲ့ရပါသည်။
သို့သော် အခြားတစ်ဖက်တွင်လည်း ရာစုနှစ်ဝက်ခန့် အာဏာရှင်စနစ်အောက်တွင် ဖြတ်သန်းလာခဲ့သော နိုင်ငံတစ်ခု ဖြစ်သောကြောင့် ဒီမိုကရေစီစနစ်သို့ ကူးပြောင်းရာတွင် ယခင်စနစ်ဟောင်းနှင့် များစွာ အသားကျလာခဲ့သူ များ၏ မသိမသာတစ်မျိုး သိသိသာသာတစ်မျိုး ဆန့်ကျင်ခုခံမှုများ ရှိနေပါသည်။ ထိုသို့ ဆန့်ကျင်ခုခံသူများတွင် စနစ်ဆိုးကြောင့် ရာထူး၊ သြဇာ၊ အာဏာ၊ ဝင်ငွေ လမ်းဖြောင့်ခဲ့သူများနှင့် စနစ်ဆိုး၏ ဖိနှိပ်မှုကို အကြောင်းပြုကာ ထောက်ပံ့ကူညီမှု များစွာရှိသူများ ဟူ၍ နှစ်မျိုးရှိပါသည်။ စနစ်ပြောင်း၊ လူမပြောင်းပုံစံဖြင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အကောင်အထည်ဖော် နေသောကြောင့် ဥပဒေပြု အာဏာနှင့် အုပ်ချုပ်ရေးအာဏာ အတွင်းတွင် ပထမအမျိုးအစား ရှိသူများ ပါဝင်နေပါသည်။ ဒုတိယ အမျိုးအစားတွင်မူ စနစ်ဆိုးကြောင့် ဇာတ်နာသူများကို လက်ညှိုးထိုးကာ ပရောဂျက်ဆွဲ၊ ထောက်ပံ့ငွေ တောင်းပြီး လုပ်ငန်းလည်ပတ် ဆောင်ရွက်စရိတ်များ တစ်နင့်တစ်ပိုး ခံစားနေသူများ ဖြစ်ပါသည်။ အဆိုပါ နှစ်မျိုးစလုံးသည် စနစ်ပြောင်းသွားသည့်အခါ ယခင်တစ်လျှောက်လုံး ခံစားလာခဲ့ရသည့် အခွင့်အရေးများ ပျောက်ဆုံး သွားမည်ကို စိုးရိမ်ကြီးကာ အသွင်ပြောင်း ကာလကို ၄င်းတို့နည်း ၄င်းတို့ဟန်ဖြင့် အသီးသီး ခုခံဆန့်ကျင်နေကြခြင်း ဖြစ်ပါသည်။
ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် ရှိနေသော ဆန့်ကျင်ခုခံသူများသည် ၄င်းတို့နှင့် ချိတ်ဆက်နေသော လိုင်စင်နှင့် ပါမစ်စီးပွားသာ သိသည့် ပညာမဲ့ခရိုနီများ အတွက် အကျိုးမရှိနိုင်သည့် ဥပဒေများကို ကန့်သတ်ခြင်း၊ သတင်း လွတ်လပ်ခွင့် ပေးလိုက်လျှင် ၄င်းတို့ အရေးပါအရာရောက်မှု ဆုံးရှုံးသွားကာ အတိတ်ကလုပ်ရပ်ဆိုးများ ပေါ်လာမည် စိုးသောကြောင့် တစ်ဖက်လှည့် ကန့်သတ်ထိန်းချုပ်သော ဥပဒေကြမ်း များကို ပုံမှန်မဟုတ်သည့် နည်းလမ်းဖြင့် လွှတ်တော်သို့ တင်သွင်းခြင်း၊ နိုင်ငံတော်အဆင့် စီမံကိန်း များတွင် မိမိတို့ကိုယ်ပိုင် ကုမ္ပဏီနှင့် အဆွယ်အပွား ကုမ္ပဏီများကသာ လက်ဝါးကြီးအုပ် ရယူထားခြင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများရှိ ဒေသအုပ်ချုပ်ရေး အာဏာပိုင်များ ယခင်စနစ်ဆိုး အတိုင်းသာ ရှိနေသေးခြင်း၊ မသိနားမလည်မှုနှင့် ကိုယ်ကျိုးစီးပွားကို အကြောင်းပြုကာ လူအများစု အားကိုသုံးပြီး ဒီမိုကရေစီနည်းဖြင့် အကျပ်ကိုင် ဖိအားပေးလာခြင်း၊ အာဏာတစ်ခုနှင့် တစ်ခုအကြား ပုဂ္ဂိုလ်ရေး ဆန်သော အားပြိုင်မှု ပြင်းထန်လာခြင်း၊ အာဏာအချင်းချင်း အကြား ဒီမိုကရေစီနည်းကျ အပြန်အလှန် ထိန်းညှိမှုထက် မဆီမဆိုင် စွက်ဖက်ထိပါးရန် ကြိုးစားလာခြင်း စသည့် အခြေအနေများက အပျံသင်စ ဒီမိုကရေစီချိုးငှက်ကို အတောင်ချိုး လိုက်သကဲ့သို့ ဖြစ်စေပါသည်။
စနစ်ဆိုးအောက်တွင် အိမ်နီးချင်းထိုင်းနိုင်ငံနှင့် တတိယနိုင်ငံများတွင် နှစ် ၂၀နီးပါး ရှိနေခဲ့သော နိုင်ငံတကာ အထောက်အပံ့ ဘဏ္ဍာသိုက်ကြီးသည် ကုန်ခဲ့သည့် ၂၀၁၀ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံ အတွင်းသို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာသည့်အခါ ထိုဘဏ္ဍာသိုက်ကို အကြောင်းပြု ရပ်တည်ရှင်သန်နေသော အထောက်အပံ့ခံ အင်အားစုအချို့၏ ဒေါသကို ဆွပေးလိုက်သကဲ့သို့ ဖြစ်စေပါသည်။ ထိုအခါ ပြည်တွင်းတွင် မလိုလားအပ်သော ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ဖန်တီးခြင်း၊ စနစ်ဆိုးအောက်တွင် ဖိနှိပ်ချုပ်ချယ် ခံခဲ့ရသည့် ပြည်သူလူထု၏ မကျေနပ်မှုကို အလွဲနည်းလမ်းဖြင့် နှိုးဆွပေးခြင်း၊ ဆူပူဆန္ဒပြမှုများ ဖြစ်ပေါ်လာပါက စနစ်ဆိုးကာလက နည်းလမ်းများအတိုင်း ဖြေရှင်းလေ့ရှိသည့် အာဏာပိုင်များ၏ လုပ်ရပ်ကို လက်ညှိုးထိုးကာ ယခင်စနစ်အတိုင်း မပြောင်းမလဲ ရှိနေသေးသည်ဟု နိုင်ငံတကာကို ပြသလိုခြင်း စသည့် အခြေအနေများကလည်း ဒီမိုကရေစီလှေကြီးတွင် နောက်ပြန် လှော်နေသည့် သဘော သက်ရောက်နေပါသည်။
မှန်ပါသည်။ ယနေ့မြန်မာနိုင်ငံ၏ အခြေအနေသည် နှစ်ပေါင်းများစွာ ကျောက်ချရပ်နား ထားခဲ့ရာက ဒီမိုကရေစီ ရေဆန်ခရီးကို ရုန်းကန်လှော်ခတ်နေသည့် လှေကြီးတစ်စင်းနှင့် အလားသဏ္ဌာန် တူပါသည်။ ထိုလှေပေါ်တွင် ရှေ့သို့အားစိုက် လှော်ခပ်နေသူများ ရှိသကဲ့သို့ နောက်ပြန်လှော်ခတ် နေသူများလည်း ရှိပါသည်။ ပင်ပန်းဆင်းရဲစွာ အားစိုက်လှော်ခတ်ရမည့် ရေဆန်ခရီး ဖြစ်သည့်အပြင် မိုးသက်မုန်တိုင်းများ၊ ရေသတ္တဝါဆိုးများ၏ အန္တရာယ်ကလည်း ရှိနေပါသည်။ ထိုအခြေအနေ တွင် နောက်ပြန် လှော်ခတ်သူသာ တစ်နေ့တခြား များလာပါက ရှေ့မတိုးနောက်မဆုတ် ဖြစ်ကာ အခန့်မသင့်လျှင် လှေနစ် သွားနိုင်သည်ကို သက်ဆိုင်ရာနယ်ပယ် အသီးသီးအလိုက် ရှေ့ဆောင်ဦးရွက် ပြုနေသူများနှင့် ပါဝင်ပတ်သက်သူ Stakeholder အားလုံး အထူးသတိထားရန် လိုပါကြောင်း။
အယ်ဒီတာ (၇-၃-၂၀၁၃)
The Voice Weekly
ဒီမိုကရေစီ ရေဆန်ခရီးနှင့် နောက်ပြန်လှော်သူများ
Labels:
အယ်ဒီတာ အာဘော်