ကျဆုံးသွားသည့် သူရဲကောင်း စစ်သည်များအား အမျှဝေနေစဉ် |
မကွေးတိုင်း ဒေသကြီး မင်းလှမြို့နှင့် ဘုရားကုန်းကျေးရွာ အနီးရှိ ၂၀၁၃ ခုနှစ်တွင် သက်တမ်းနှစ် ၁၅၀ ပြည့်မြောက်ခဲ့သည့် မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ်များ အထိမ်းအမှတ်ပွဲကို မင်းလှခံတပ်အတွင်း ကျင်းပပြုလုပ်ရန် မင်းလှမြို့နယ် စာရေးဆရာများ အသင်းနှင့် ဒေသခံများမှ သက်ဆိုင်ရာသို့ ကြိုတင်ခွင့်ပြုမှု တောင်းခံခဲ့သော်လည်း ခွင့်မပြုခဲ့သောကြောင့် ဇွန် ၉ ရက် နံနက်ပိုင်းက ကွေ့ချောင်းခံတပ်ကြီး အနီးတွင် ခံတပ်ကြီးနှစ်ခုမှ စစ်ပွဲအတွင်း ကျဆုံးခဲ့သော မြန်မာသူရဲကောင်းများအား ရည်စူးဆွမ်းကပ်ခဲ့ကာ ကွေ့ချောင်းတောင်ရွာ တိုင်တစ်ရာ ဘုန်းတော်ကြီးကျောင်းတွင် ကဗျာရွတ်ပွဲနှင့် ဂီတဖျော်ဖြေပွဲကို ကျင်းပခဲ့ရကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။
အဆိုပါ အထိမ်းအမှတ် ပွဲအတွက် မင်းလှခံတပ်ကြီးအတွင်း ကျင်းပခွင့်ပြုရန် မေ ၂၀ ရက်က မင်းလှမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ တင်ပြခဲ့သော်လည်း နေပြည်တော် ရှေးဟောင်းသုသေသန ဋ္ဌာနမှ ခွင့်မပြုနိုင်ကြောင်း အကြောင်းပြန်ခဲ့ကြောင်း၊ ထို့ကြောင့် မင်းလှခံတပ်ကြီးအနီး ရွှေဘုန်းသာ ဘုရားဝန်းအတွင်း ကျင်းပခွင့်တောင်းခံ ခဲ့သော်လည်း ဂေါပကအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ ခွင့်မပြုခဲ့ကြောင်း သိရသည်။
"ကျွန်တော်တို့က ကိုယ့်မြို့မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် ခံတပ်ကြီးတွေကို အများသူငါ တန်ဖိုးထားတတ်လာဖို့ သမိုင်းတန်ဖိုးကြီးမားတဲ့ ခံတပ်ကြီးတွေအတွက် ဂုဏ်ယူတတ်ဖို့နဲ့ စစ်အတွင်းက ကျဆုံးခဲ့သူတွေအတွက် ကုသိုလ်ပြုပေးဖို့ ရည်ရွယ်ပြီး စီစဉ်ခဲ့တာပါ။ အခုလို ခေတ်ကာလ ပြောင်းလာပြီး ပွင့်လင်းမြင်သာမှုဆိုတဲ့ စကားကို အကြိမ်ကြိမ်ပြောဆို နေကြပေမယ့် အောက်ခြေမှာ အခုလို အများအတွက် ကောင်းမှုလုပ်တာမျိုး တွေကိုတောင် တားဆီးမှုတွေ ရှိနေတာက ဒီမိုကရေစီ စနစ်ကို ကူးပြောင်းနေတဲ့ နိုင်ငံတစ်ခုအတွက် နောက်ပြန်ဆွဲ သမားတွေ ရှိနေတယ်ဆိုတာကို ဖော်ပြသလို ဖြစ်နေပါတယ်" ဟု ပွဲစီစဉ်သူ တစ်ဦးက ပြောခဲ့သည်။
အဆိုပါ အထိမ်းအမှတ်ပွဲတွင် ကဗျာဆရာများ၊ စာရေးဆရာများမှ မင်းလှခံတပ်နှင့် ကွေ့ချောင်းခံတပ်အကြောင်း ရေးဖွဲ့ထားသည့် ကဗျာများ ရွတ်ဆိုခဲ့ကြပြီး ဂီတပညာရှင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြကြောင်း၊ ကျဆုံးခဲ့သည့် မြန်မာသူရဲကောင်းများအတွက် စုပေါင်းအမျှ ပေးဝေခဲ့ကြကြောင်း သိရသည်။
Eleven Media Group