မော်လမြိုင်၊ ဇွန် ၁၆
မွန်ပြည်နယ် အစိုးရက ဟိုတယ်ဇုန်တည်ဆောက်ရန်သတ်မှတ်
ပေးပြီးနောက် မုတ္တမမြို့ အရှေဘက်ခြမ်း တောင် ကုန်းပေါ်ရှိ
မြေကွက်များ ဝယ်ယူသူ များပြားပြီး ဈေးမြင့်တက်လာကြောင်း
မော်လမြိုင်မြို့မှ အိမ်၊ ခြံ၊ မြေအကျိုးဆောင်များက ပြောကြားသည်။
ယင်းမြေနေရာတွင် ဒေသခံဟိုတယ် လုပ်ငန်းရှင်များအပြင် နိုင်ငံခြား ကုမ္ပဏီများပါ လာရောက် စုံစမ်းလျက် ရှိကြောင်း ယင်းဟိုတယ်ဇုန်တွင် ဟိုတယ် ဆောက်လုပ်နေသည့် သံလွင်အေး ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။
အဆိုပါ ဟိုတယ်ဇုန် ဆောက်လုပ်မည့် မော်လမြိုင် - ရန်ကုန် ကားလမ်းပေါ်ရှိ မြေကွက်များသည် ယခင် တစ်ဧက ကျပ်သိန်း တစ်ရာ ရှိရာမှ ယခုကျပ်သိန်း နှစ်ရာ အထိ မြင့်တက်သွားကြောင်း မော်လမြိုင်မြို့မှ အိမ်၊ ခြံ၊ မြေလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ဆိုသည်။
အဆိုပါ ဟိုတယ်ဇုန် အနီးရှိ တောင်ပေါ်မြေကွက်များကိုလည်း ကျပ် ၁၀ သိန်း ဝန်းကျင်မှ ကျပ်သိန်း ၄၀ ဝန်းကျင်အထိ ပေးကာ ဝယ်ယူသူများ ရှိနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
မွန်ပြည်နယ်တွင် ဟိုတယ်ဇုန်နှစ်ခု သတ်မှတ် ပေးထားသော်လည်း မုတ္တမ ဟိုတယ်ဇုန် စီမံကိန်းကို စတင် အကောင်အထည် ဖော်နေခြင်း ဖြစ်ပြီး ဒုတိယဟိုတယ်ဇုန် စီမံကိန်းကို စတင်ရေးဆွဲလျက် ရှိပြီ ဖြစ်ကြောင်း မွန်ပြည်နယ် စီးပွားရေးနှင့် စီမံကိန်းဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ရှင်းပြသည်။

The Voice Weekly