မန္တလေး၊ ဇွန် ၁၆
ကချင်ပြည်နယ် လိုင်ဇာသို့ လမ်းလျှောက် ချီတက်ခဲ့သည့် ငြိမ်းချမ်းရေး အဖွဲ့က တိုက်ပွဲဖြစ်ရာ နယ်မြေမှ ကောက်ယူလာသော ကျည်ဆန်ခွံ များဖြင့် ပြုလုပ်ထားသည့် မနောဝိ မုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်း
ပြည့် ဗုဒ္ဓဆင်းတုတော်နှင့် ခရစ်ယာန် လက်ဝါးကပ်တိုင်ကို ဇွန်လ ၁၆ ရက်နေ့တွင် မန္တလေးမြို့တော်မှ လိုင်ဇာသို့ ပင့်ဆောင်ကြောင်း ယင်း ပင့်ဆောင်သူများက ပြောကြားသည်။
"ဒီနေ့မနက်ပဲ အနေကဇာတင် မဟာမုနိ ရုပ်ရှင်တော်မြတ်ရှေ့မှာ ရင်ငွေ့တော် လှုံပါတယ်။ ဒီကနေ့ မွန်းလွဲ ၁ နာရီမှာ မန္တလေးမြို့ထဲ လှည့်လည် အပူဇော်ခံပြီး လိုင်ဇာကို ပင့်ဆောင်ပါတယ်" ဟု ယင်း ရုပ်ပွားတော် ပင့်ဆောင်ရာတွင် ဦးဆောင် သံဃာတစ်ပါး ဖြစ်သူ အရှင်ဝိသုတက The Voice သို့ မိန့်ကြားသည်။
ယင်းကျည်ဆန်ခွံများနှင့် ပြုလုပ်ထားသည့် ရုပ်ပွားတော်မှာ ဥာဏ်တော် အမြင့် ၂၇ လက်မ၊ အလေးချိန် ၁၁ ပိဿာ ရှိပြီး လက်ဝါးကပ်တိုင် မှာ နှစ်ပေခန့် ရှိကြောင်း အဆိုပါ အဖွဲ့ထံမှ သိရှိရသည်။
"ဗုဒ္ဓရုပ်ပွားတော်ကို ဘယ်မှာ အပူဇော် ခံမယ်ဆိုတာတော့ လိုင်ဇာရောက်မှ စီစဉ်နိုင်မယ်။ လက်ဝါးကပ်တိုင်ကတော့ ခရစ်ယာန် ဘာသာဝင် ရွာတစ်ရွာမှာ ထားဖို့ ရှိပါတယ်" ဟု လိုင်ဇာ လမ်းလျှောက်ရာတွင် ကူညီ ပံ့ပိုးသူ ဦးဝင်းချိုက ဆိုသည်။
ကျည်ဆန်ခွံများနှင့် သွန်းလုပ်ထားသော မနောဝိ မုတ္တိရသ ငြိမ်းချမ်းရေး ဆုတောင်းပြည့် ဗုဒ္ဓဆင်းတုတော် ပင့်ဆောင်သည့် အဖွဲ့တွင် မန္တလေး မြို့တော်မှ အရှင် ဦးဝိသုတနှင့် အရှင် ဦးကာဝိရ၊ ရန်ကုန်မြို့တော်မှ လမ်းလျှောက် အဖွဲ့တွင် ပါဝင်ခဲ့သူ အရှင်ဦးဝဏ္ဏသိဒ္ဓိ၊ ဦးဝင်းချို၊ ဦးလူတာ ဝင်းမွှေး၊ ဦးစည်သူ၊ ဦးကျော်သူ၊ ဦးဟန်ဇော်ထိုက်၊ ဦးပြည့်ဖြိုးအောင်တို့ ပါဝင်သည်။
The Voice Weekly