ပြီးခဲ့တာ ဧပြီလ ၁၈ရက်နေ့က ရခိုင်ပြည်နယ် မဒေးကျွန်းမှာ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို ဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြခေါင်းဆောင် ၁ဝ ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။
ဒီနေ့တရားရုံးမှာ စစ်ဆေးခံရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူဦးထွန်းကြည်ကအခုလိုပြောပါတယ်။
"ကျနော်တို့က ဦးဆောင်ပြီး ဆန္ဒပြတာလားလို့မေးတယ်လေ၊ ကျနော်တို့က မဟုတ်ဘူး၊ ရွာသူရွာသားတွေက ဆန္ဒပြချင်လို့ပြတာ၊ ကျနော်တို့က ဒီဥပဒေနဲ့ ပြဿနာမဖြစ်အောင် ဦးဆောင်ပြီးဖြေရှင်းပေးတာ"
သူတို့ ၁ဝ ဦးဟာ တရားမဝင်စီတန်း လှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အရင်တုန်းက တရားလိုပြသက်သေတွေကို ခုနှစ်ကြိမ် စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းကြောင့် မဒေးကျွန်းမှာ လယ်သိမ်း၊ မြေသိမ်းကိစ္စတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် ထိုက်တန် တဲ့လျော်ကြေးငွေပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြတာပါ။
RFA Burmese မှ ကူးယူဖော်ပြသည်