July 24, 2013
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့
ပင်လယ်ရေအောက် ဖိုင်ဘာကေဘယ် (SEA-ME-WE 3) ဆက်ကြောင်း ဇူလိုင် ၂၂ ရက်နေ့က
ချို့ယွင်းသွားလို့ ပြင်ဆင်ချိန် ၁ လအတွင်း အင်တာနက်နှေးမယ်လို့
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မနေ့ညနေက ကြေညာချက်ထုတ်ပြန် အသိပေးပါတယ်။
ဒီဆက်ကြောင်းဟာ
အပြည်ပြည်ဆိုင်ရာ ဆက်ကြောင်းတွေနဲ့ အဓိက ချိတ်ဆက်ထားတာဖြစ်ပြီး
အမြန်ပြန်ပြင်ဖို့ စင်ကာပူအခြေစိုက် ပင်လယ်ရေအောက် ကေဘယ်ပြုပြင်
ထိန်းသိမ်းရေးအဖွဲ့နဲ့ ညှိနှိုင်းဆောင်ရွက်မယ်လို့ ဆိုပါတယ်။ဒီဆက်ကြောင်းကနေ ဝန်ဆောင်မှုပေးထားတဲ့ အင်တာနက်နဲ့ နိုင်ငံရပ်ခြား တယ်လီဖုန်း အဝင်/အထွက် ခေါ်ဆိုမှုတွေကိုတော့ လုံးဝပြတ်တောက်မသွားအောင် စီစဉ်ပေးထားတယ်လို့ ဆိုပါတယ်။
လက်ရှိမြန်မာပြည်က အင်တာနက်နဲ့ တယ်လီဖုန်းသုံးစွဲသူတွေဟာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တခုတည်းအပေါ် မှီခိုနေရတာဖြစ်ပြီး အင်တာနက်အသုံးပြုခက လက်ရှိမှာ ၁ မိနစ်ကို စီဒီအမ်အေဖုန်းက ၄ ကျပ်၊ ဂျီအက်စ်အမ်က ၂ ကျပ် ဖြစ်ပါတယ်။
ဇွန်လက ဆက်သွယ်ရေးအော်ပရေတာ လုပ်ကိုင်ခွင့်အောင်မြင်ခဲ့တဲ့ နော်ဝေအခြေစိုက် Telenor Mobile နဲ့ ကာတာအခြေစိုက် Ooredoo (Qatar Telecom) ကုမ္ပဏီ တို့ကတော့ လုပ်ငန်းစဖို့ ပြင်ဆင်နေဆဲဖြစ်ပါတယ်။
DVB Burmese