ဂျော်ဒန်နိုင်ငံမှာ အခွင့်အရေး ချိုးဖောက်ခံရသူများ သတင်းစာ ရှင်းလင်းပွဲပြုလုပ်
2013-03-31
ဂျော်ဒန်နိုင်ငံ CMJ အထည်ချုပ်စက်ရုံရဲ့ မြန်မာအလုပ်သမားတွေ အခွင့်အရေး ချိုးဖောက်ခံနေရတာတွေနဲ့ ပတ်သက်ပြီး သောကြာနေ့က မြန်မာနိုင်ငံကို ပြန်ရောက်လာတဲ့ အလုပ်သမားတွေဟာ ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ၈၈ မျိုးဆက်ကျောင်းသားများ ရုံးခန်းမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲ တစ်ရပ် ကျင်းပခဲ့ပါတယ်။
လုပ်ငန်းခွင်အတွင်း အလုပ်သမားတွေရဲ့ အခွင့်အရေး ချိုးဖောက်ခံရတာတွေနဲ့ ပတ်သက်ပြီး အလုပ်သမား တစ်ဦးက သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောကြားပါတယ်။
" အခုဟာက ကုမ္ပဏီနဲ့ အလုပ်သမားဖြစ်တဲ့အတွက် ကျွန်တော်တို့ လူကြီးတွေကို အရမ်းအားကိုးတယ်၊ လူကြီးတွေလာရင် ကျွန်တော်တို့မှာ မိဘတွေလိုပဲ အရမ်းအားကိုပြီး စောင့်မျှော်ခဲ့တယ်၊ တစ်လခွဲထိနေခဲ့ရတဲ့အခါမှာ ကျွန်တော်တို့ဘက်မှာ ကူညီမှုလဲဘာမှမရှိခဲ့ဘူး၊ ကိုယ့်ပြဿနာကို ကိုယ်ဖြေရှင်းရတဲ့ပုံစံမျိုး ကျရောက်ပါတယ်၊ ကျွန်တော်တို့က အရမ်းအခက်အခဲတွေ ကြုံခဲ့ရတယ်၊ ကိုယ့်အခက်အခဲပဲကိုယ်သိတာပေါ့နော်"
အလုပ်သမားအရေးဆောင်ရွက်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က မသက်သက်အောင်ကလည်း ပြည်ပနိုင်ငံတွေကို သွားရောက်အလုပ်လုပ်တဲ့ မြန်မာအလုပ်သမားတွေရဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။
" ဂျော်ဒန်က ကျွန်မတို့ အတွက် ကောင်းဆုံး သာဓက တစ်ခုဖြစ်ခဲ့တယ်၊ မှတ်ပုံမတင်ထားတဲ့ တရားမဝင်တဲ့ အေဂျင်စီကလွှတ်လို့ လုပ်ရကိုင်ရ ခက်တယ်ဆိုသော်လည်း၊ လက်ရှိမြန်မာနိုင်ငံသားတွေ တခြားနိုင်ငံမှာ ခံစားနေရတာ ဖြစ်တဲ့အတွက် လျှင်လျှင်မြန်မြန် ထိထိရောက်ရောက် ဘယ်လိုကာကွယ်မှု ပေးနိုင်မလဲဆိုတာ မျိုးတွေတော့ ဒီအချိန်မှာ စဉ်းစားရတော့မယ်"
အဲဒီစက်ရုံမှာ မြန်မာအလုပ်သမား တစ်ထောင်လောက်အလုပ်လုပ်ကိုင်ကြပြီး၊ အလုပ်ရှင်ရဲ့ လုပ်အားခ ခေါင်းပုံဖြတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အလုပ်မဆင်းဘဲ သပိတ်မှောက်ခဲ့ကြပါတယ်။
လာမယ့် မေလအတွင်းမှာလည်း အလုပ်သမားတချို့ မြန်မာနိုင်ငံကို ပြန်လာဖို့ရှိတယ်လို့ သိရပါတယ်။
RFA Burmese

Labels:
ပြည်တွင်းသတင်း
သင်္ကြန်ကာလအတွင်း ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုများကြောင်း ဦးထွန်လွင် ပြောကြား
2013-03-31
မြန်မာတနိုင်ငံလုံးမှာ Ultraviolet Ray လို့ခေါ်တဲ့ ခရမ်းလွန်ရောင်ခြည် ကျရောက်မှုနှုန်း မြင့်တက်နေတဲ့ အတွက် အထူးသတိထား သွားလာကြဖို့၊ အထူးသဖြင့် သင်္ကြန်တွင်းမှာ အဝတ်အစား လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ မြန်မာ့ မိုးလေဝသပညာရှင် ဦးထွန်းလွင်က သတိပေးလိုက်ပါတယ်။
ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းဟာ (၁၁) ထက်ကျော်နေတဲ့အတွက် သတ်မှတ်စိုးရိမ် ညွှန်းကိန်း အထက်မှာ ရောက်နေတယ်လို့ ပြောပါတယ်။
သင်္ကြန်ကာလ ဧပြီလအတွင်း ခရမ်းလွန်ရောင်ခြည် ညွှန်းကိန်းပိုများမယ်လို့ ယူဆရပြီး အန္တရာယ် ပိုများဖွယ်ရှိတယ်လို့ ဦးထွန်းလွင်က ပြောပါတယ်။
" မြန်မာပြည်မှာ သင်္ကြန်ကာလမဟုတ်တဲ့ ရိုးရိုးချိန်မှာတောင် ကားတွေကသိပ်ကျပ်တယ် တစ်နေရာရောက်ရင် တော်တော်နဲ့ကို မထွက်နိုင်ဘူး၊ သင်္ကြန်ကာလဆို မဏ္ဍပ်တွေဘာတွေသွားမယ်ဆိုရင်တော့ အနည်းဆုံး ၄ နာရီ ၅ နာရီလောက်က ကားစီးပြီး နေပူထဲမှာ နေရမယ့် သဘောရှိနေတယ်၊ အန္တရာယ် ပိုကြီးတယ်ပေါ့ဗျာ၊ ဒီရေတို့ဘာတို့နဲ့ နီးနီးကပ်ကပ်ရှိတယ် ရေက အငွေ့ပျံတဲ့သဘာဝရှိတော့ ခရမ်းလွန်ရောင်ခြည်က ရေပေါ်မှာကျလို့ အလင်းပျံရင် လူကိုပိုထိခိုက်တယ်၊ အဲ့တော့ သင်္ကြန်မှာ ခရမ်းလွန်ရောင်ခြည်ရဲ့ အန္တရာယ်က ပိုရှိတယ်"
ကမ္ဘာ့လေထုအထက်မှာရှိတဲ့ အိုဇုန်လွှာပါးတဲ့အတွက် ကမ္ဘာမြေပေါ် ခရမ်းလွန် ရောင်ခြည် ကျရောက်တာဖြစ်ပြီး ကျန်းမာရေးအတွက် အန္တရာယ်ရှိပါတယ်။
ခရမ်းလွန်ရောင်ခြည်ဒဏ်ကာကွယ်နိင်အောင် ဗျက်ကျယ်တဲ့ ဦးထုပ်ဆောင်းဖို့၊ နေရောင်ခြည်ကာ မျက်မှန်တပ်ဖို့နဲ့ အဝတ်အထည်ကို လုံလုံခြုံခြုံ ဝတ်ဆင်ကြဖို့ ဦးထွန်းလွင်က အကြံပေးပါတယ်။

လျှပ်စစ်မီးရရှိရေးကော်မတီ ဥက္ကဋ္ဌ နှင့် ရွာသားများ အပြန်အလှန် တရားဆွဲ
Sunday, March 31, 2013
ပြည်ခရိုင်၊ ၀က်ထီးကန်မြို့နယ်၊ လွှစင်ကုန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအေးစိုးမှ ကျေးရွာ လျှပ်စစ်မီး ရရှိရေးအတွက် လွန်ခဲ့သော (၆)နှစ်ခန့် က ငွေကျပ်သိန်း(၄၆၀) ကောက်ခံခဲ့ပြီး မီးတိုင်(၅၀) နှင့် ထရန်စဖော်မာ တစ်လုံးသာ တပ်ဆင်ပြီးစီးခဲ့မှုအပေါ် မကျေနပ်၍ တာဝန်ရှိသူများသို့ အဆင့်ဆင့်တိုင်ကြားရာမှ အပြန်အလှန်တရား ဆွဲမှုပေါ်ပေါက်ခဲ့ကြောင်း ကျေးရွာသူကျေးရွာသားများက ပြောကြားသည်။
“ရပ်ကွက်ရုံးမှာ လမ်းလျှောက်ကြေး (တရားဝင်ပြေစာ မရဘဲ ပေးရသည့်ငွေ) ကျပ် သိန်း(၂၁၀)ကုန်ကျတယ် လို့ ကြေငြာထားတယ်။ ကျွန် တော်တို့ပေးတုန်းက လာဘ်ငွေပေးရမယ်လို့မပြောထားဘူး။ ဘယ်သူ့ကိုပေးရတာလဲ။ ဘာလို့ပေးရတာလဲ။ ဒါကို မကျေနပ်လို့ တိုင်တာပါ” ဟု လွှစင်ကုန်းကျေးရွာမှ ဦးမြင့်ဝေက ပြောကြားသည်။
အဆိုပါ ကိစ္စရပ်အတွက် ကျေးရွာသူ ကျေးရွာသား (၅၅)ဦး လက်မှတ်ထိုး တိုင်ကြားခဲ့ခြင်းကြောင့် နိုင်ငံတော် သမ္မတရုံးမှ ဗိုလ်မှူးကြီး မြင့်ဦး လာရောက်စစ်ဆေးပြီး အဖြေမထွက်မီ အုပ်ချုပ်ရေးမှူး ဦးအေးစိုးမှ ဦးဆောင်တိုင်ကြားသူ ငါးဦးကို ပုဒ်မ၂၁၁ဖြင့် တရားစွဲလိုက်ကြောင်း၊ မိမိတို့ မှလည်းပြည်သူတို့၏ ယုံကြည်စွာအပ်နှံငွေ အလွဲသုံးစားမှု ပုဒ်မ ၄၀၆ ဖြင့် တရားပြန်ဆွဲကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လွှစင်ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးဦးအေးစိုးက “ကျွန်တော်ကို ပုဂ္ဂိုလ်ရေးအရ တိုင်တာပါ။ အမှန်တိုင်မယ်ဆို မီးလင်းရေးအဖွဲ့ တစ်ခုလုံးကို တိုင်ရမယ်လေ။ ဒီကိစ္စ ဗောဓိကျောင်း ဆရာတော်ကိုယ်တိုင် စီမံခန့်ခွဲပြီး အစည်းအဝေး ဆုံးဖြတ်ချက်နဲ့ လုပ်တာ။ အစည်းအဝေး ဆုံးဖြတ် ချက်တွေ ကျွန်တော်ဆီမှာ ရှိတယ်”ဟု ပြောကြားသည်။
ကျေးရွာမီးလင်းရေး ကော်မတီကို (၂၀၀၇) ခုနှစ်က ယခင်အုပ်ချုပ်ရေးမှူး ဦးစိုးသိန်းမှ ဖွဲ့စည်းခဲ့ကြောင်း၊ ထိုအချိန်က မိမိမှာ ရာအိမ်စုမှူး အဆင့်သာ ရှိပြီး မီးလင်းရေး ဥက္ကဌတာဝန်ကို ယူရကြောင်း၊ ဗောဓိကျောင်းဆရာတော်မှာ ဘဏ္ဏာထိန်းအဖြစ် တာဝန်ယူပြီး ယခုတိုင်ကြားသူ အုပ်စု န၀င်းကွက်သစ်ဦးပိုင် ငွေကောက်ခံသူဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။
ပြီးခဲ့သည့် ဇန်န၀ါရီလက ပဲခူးတိုင်းဒေသကြီး လွှတ်တော်အမတ် ဦးကျော်ကျော်လင်း လာရောက်စဉ် လျှပ်စစ်မီး ရရှိရန်အတွက် ငွေကျပ်သိန်း (၁၃၀၀)ခန့် ကုန်ကျမည်ဖြစ်ပြီး ကုမ္ပဏီများနှင့် ဆက်သွယ်ပေးမည်ဟု ပြောခဲ့ကြောင်း လွှစင်ကုန်းကျေးရွာမှ ဦးဇော်ဦးက ပြောကြားသည်။
ဝက်ထီးကန်မြို့နယ်အတွင်းရှိ ကျေးရွာများဖြစ်သာ အေးမြသာယာ၊ အရှေ့ပုပ္ပါး၊ ဆီဆုန်ကုန်းကြီး၊ န၀င်းကွက်သစ်၊ လက်ပံချိုကျေးရွာ တို့မှာ လည်း လျှပ်စစ်မီး မရရှိသေးကြောင်း သိရသည်။
ကိုရေခဲ(ပြည်)
မြန်မာ့ခေတ်

Eiffel မျှော်စင် ဗုံးလန့်မှုဖြစ်
30.03.2013
ပြင်သစ်နိုင်ငံ ပဲရစ်မြို့တော်က Eiffel မျှော်စင်ကြီးကို စနေနေ့က ၂ နာရီလောက်ကြာအောင် ရဲက ရုတ်တရက် ပိတ်ပစ်ခဲ့ရပြီးတော့ လူပေါင်း ၁,၄၀၀ လောက်ကို ဘေးလွတ်ရာကို သွားခိုင်းခဲ့ရပါတယ်။
ဘယ်သူဘယ်ဝါမှန်း မသိရသူတဦးက ဖုန်းခေါ်ပြီး ဗုံးရှိတယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖြစ်ပါတယ်။
အနှံ့ခံခွေးတွေနဲ့ ဗုံးကို လိုက်ရှာပြီးမတွေ့တော့ မျှော်စင်ကို အများပြည်သူအတွက် ပြန်ပြီး ဖွင့်ပေးခဲ့ပါတယ်။
VOA Burmese Fan Page

၈၈မျိုးဆက်ရုံးတွင် ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမားများ အရေးကိစ္စကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်
ဂျော်ဒန်နိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားများနှင့် ယင်းပဋိပက္ခအတွင်း ကူညီဖြေရှင်းပေးခဲ့ကြသည့် ၈၈မျိုးဆက်၊ အလုပ်သမားရေးရာအဖွဲ့တို့သည် ယနေ့ မတ်လ၊ ၃၁ ရက်၊ နံနက် ၁၀း၃၀ နာရီက ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းရှိ ၈၈မျိုးဆက်ရုံးတွင် ဂျော်ဒန်နိုင်ငံရှိ မြန်မာအလုပ်သမားများ အရေးကိစ္စကို သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြသည်။
88 Generation Students
88 Generation Students
Labels:
ပြည်တွင်းသတင်း
ဆူပူအကြမ်းဖက်မှုများကို ထိန်းသိမ်းရန် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီဖွဲ့စည်း
ရန်ကုန်၊ မတ်-၃၁
လတ်တလောဖြစ်ပေါ်နေသော ဆူပူအကြမ်းဖက်ဖျက်ဆီးမှု အခြေအနေများကို ထိန်းသိမ်းကိုင်တွယ်ဆောင်ရွက်ရန်အတွက် အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီကို နိုင်ငံတော် သမ္မတရုံးက အမိန့်ကြော်ငြာစာအမှတ် ၃၄/၂၀၁၃ မတ်လ ၃၀ ရက် ရက်စွဲဖြင့် ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ကိုကိုကလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌအဖြစ် သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် အတွင်းရေးမှူး ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းတို့က တာဝန်ယူထားပြီး အဖွဲ့ဝင်အဖြစ် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်မှူးချုပ်အောင်သော်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေတို့ကို ထည့်သွင်းဖွဲ့စည်းထားသည်။
အဆိုပါ ကော်မတီ၏ လုပ်ငန်းတာဝန်များတွင် အစိုးရ၏ လုံခြုံရေးအဖွဲ့အစည်းများကြား ထိရောက်သည့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်စေရန်၊ ပြည်နယ်အစိုးရများနှင့် ချိတ်ဆက်၍ အဓိကရုဏ်းဖြစ်ပွားခဲ့လျှင် လျင်လျင်မြန်မြန် သွားရောက်နှိမ်နင်းနိုင်ရေး (Rapid Response) စီမံပေးရန်၊ လူမျိုး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံမဖြစ်ပွားစေရေး ထိထိရောက်ရောက် ကာကွယ်နိုင်ရန်၊ နောက်ကွယ်မှ သွေးထိုးလှုံ့ဆော်သူများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တားဆီးကာကွယ်နိုင်ရန်အတွက် အဓိကကျသည့် လှုံ့ဆော်သူများကို ဖော်ထုတ်ပြီး ဖမ်းဆီးထိန်းသိမ်းရန်နှင့် ဥပဒေအရ အရေးယူနိုင်ရန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ပြည်သူကို ဗဟိုပြုသော ရဲလုပ်ငန်းစနစ်အား မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ ဖွဲ့စည်းဆက်စပ်ဆောင်ရွက်ပေးသွားရန်၊ လူမှုရေးအဖွဲ့အစည်းများ၏ အကူအညီကို ရယူပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသွားရန်တို့ ပါဝင်သည်။
7Day News Journal

မိတ္ထီလာမြို့ စည်ပင်သာယာဈေးအား မတ်လ ၃၀ ရက် နံနက် ၉ နာရီတွင် ပြန်လည်ဖွင့်လှစ်
Sunday, March 31, 2013
ကိုးရက်ကြာ ပိတ်ထားခဲ့ရသော မိတ္ထီလာမြို့ စည်ပင်သာယာ ဈေးကြီးနှင့် ကပ်လျှက်တည်ရှိသော ပိတောက်မြိုင် ဈေးတို့အား မတ်လ ၃၀ ရက်နေ့ နံနက် ၉ နာရီတွင် ပြန်လည် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
“ဈေးက အခုဖွင့်ထားပြီ ဆိုပေမယ့် ဆိုင်ခန်းအများစုကတော့ မထွက်ကြသေး
ဘူး၊ ညနေ ဘယ်နှစ်နာရီ ပိတ်မယ်ဆိုတဲ့ ညွှန်ကြားချက်တော့ မရှိသေးဘူး၊ မိတ္ထီလာတစ်မြို့လုံး အကောင်းကျန်တာဆိုလို့ ဒီဈေးတစ်ခုပဲ ရှိတယ်။ အရင်တုန်းကတော့ ဒီဈေးက စည်းကမ်းထိန်းသိမ်းမှု အရမ်းအားနည်းတယ်၊ အခုတော့ ဘယ်လိုလာမယ် မသိသေးဘူး။ မီးသတ်ကားနဲ့ မီးသတ်အင်အား
ကို နေ့ညမပြတ် အဆင်သင့် ထားပေးစေချင်တယ်၊ နောက်ပြီး တကယ်လို့ အရေးကြုံလာရင် တာဝန်ရှိသူတွေ အနေနဲ့ ပြတ်ပြတ်သားသား လျှင်လျှင်
မြန်မြန် အရေးယူ ဆောင်ရွက်ဖို့ လိုအပ်တယ်” ဟု မိတ္ထီလာမြို့ စည်ပင်သာ
ယာဈေး အတွင်းရှိ သဇင်ပလတ်စတစ် ရောင်းဝယ်ရေးမှ ကိုမင်းအောင်နိုင်
က ပြောသည်။
ဈေးပြန်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍မိတ္ထီလာမြို့ စည်ပင်သာယာရေးကော်မတီ
မှ တာဝန်ရှိသူ တစ်ဦးကလည်း “ဒီနေ့မနက် ကိုးနာရီမှာ ဈေးကို ပုံမှန်အတိုင်း ပြန်ဖွင့်ထားပါတယ်။ ညနေငါးနာရီလောက်မှ ဈေးပြန်ပိတ်ပါမယ်။ မနက်ဖြန်
လည်း ပုံမှန်အတိုင်း ပြန်ဖွင့်နိုင်ဖို့ ရှိပါတယ်၊ လုံခြုံရေး အနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ နောက် ဈေးအကျိုးတော်ဆောင်အဖွဲ့၊
ဈေးမိဈေးဖတွေ အားလုံးရှိပါတယ်” ဟု ပြောသည်။
မိတ္ထီလာဈေးကြီးမှာ အနီးအနားရှိ မြို့နယ်များဖြစ်သော ရမည်းသင်း၊
ပျော်ဘွယ်၊ သာစည် အစရှိသော မြို့များမှပင် လာရောက် ဈေးဝယ်လေ့
ရှိသော ဈေးကြီးတစ်ခုဖြစ်ပြီး မှတ်ပုံတင်ထားသောဆိုင်ခန်းပေါင်း လေးထောင်
ကျော်နှင့် ယာယီပျံကျ ဆိုင်ခန်းပေါင်း သုံးထောင်ကျော် ရှိကြောင်း သိရသည်။
eleven media group

နှစ်သစ်ကူးတဲ့ သင်္ကြန် ရေဖြုန်းတီးတဲ့ သင်္ကြန်
မကြာမီ မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ရောက်တော့မည်။ သင်္ကြန်သည်ကား မြန်မာတို့အဖို့ ပျော်စရာ၊ ရွှင်မြူးစရာ၊ စိတ်လွတ်လပ်ပေါ့ပါးစရာ၊ စိတ်ထွက်ပေါက်ပေးစရာ အကောင်းဆုံး ပွဲတော်ဖြစ်သည်။ နှစ်တစ်နှစ်လုံး ပေကျံညစ်ထေးခဲ့သမျှ အတာရေဖြင့် ဆေးကြောသန့်စင်ပြီး နှစ်သစ်ကို မင်္ဂလာရှိရှိ ကြိုဆိုကြသည့် ရိုးရာပွဲတော်လည်း ဖြစ်သည်။ ရှေးကာလတွင်တော့ တစ်ဦးနှင့် တစ်ဦး ပိတောက်တစ်ခက်၊ သပြေတစ်ခက်ဖြင့် နံ့သာရေဖျန်းပြီး ယဉ်ယဉ်ကျေးကျေး ရေကစားခဲ့ကြသည်။ ထို့နောက် တစ်ဦးနှင့် တစ်ဦး ချစ်ခင်စွာ ကျီစယ်၊ နောက်ပြောင်ကြသည့် ပွဲလည်းဖြစ်သည်။ ရိုးရာသင်္ကြန်ပွဲတော်အကြောင်း အနုပညာဖြင့် သရုပ်ဖော်သမျှသည် လည်း ရိုးရာယဉ်ကျေးမှုကို အခြေခံကာ သပြေခက်ဖြင့် ရေဖျန်း ကစားသည့် အသွင်သဏ္ဌာန်ကိုသာ သရုပ်ဖော်ကြသည်။ စင်စစ်အားဖြင့် သင်္ကြန်သည်ကား မြန်မာတို့အတွက် ကြည်နူးပျော်ရွှင်စရာ အကောင်းဆုံး ပွဲတော်ပင်တည်း။
သို့သော် ကုန်ခဲ့သည့် နှစ်သုံးဆယ်ခန့် ကာလအတွင်း မြန်မာ တို့၏ မြန်မာနှစ်သစ်ကူး သင်္ကြန်တွင် ရိုးရာရနံ့တို့ တဖြည်းဖြည်း ကွယ်ပျောက်လုနီးပါး ဖြစ်လာသည်။ ပကာသနကို ဦးစားပေးလာသည်။ ရိုးရာ ယဉ်ကျေးမှုနှင့် မဆီမလျော်တွေက များလာသည်။ ပိုက်သင်္ကြန် ဖြစ်လာသည်။ ကြော်ငြာသင်္ကြန် ဖြစ်လာသည်။ ဘီယာ၊ အရက် သင်္ကြန်ဖြစ်လာသည်။ အဖော်၊ အချွတ် သင်္ကြန်ဖြစ်လာသည်။ အဆိုးဆုံးက အဖိုးတန်ရေချိုများ ဖြုန်းတီးပစ်သည့် သင်္ကြန်ဖြစ်မှန်း မသိဖြစ်လာခြင်းပင်။
နှစ်စဉ်နှစ်တိုင်း သင်္ကြန်တွင်းကာလတွင် ဖြုန်းတီးပစ်သည့် ရေချို ဂါလံသိန်းချီရှိသည်။ အထူးဖြုန်းတီးခြင်းက ရေပက်ခံသူ၊ ရှိရှိ၊ မရှိရှိ ရေပိုက်များ ဖွင့်ထားခြင်း၊ ရေပြင်းအားကြီး၊ ရေထွက် အားကြီးသည့် ရေပိုက်များဖြင့် ပက်ခြင်းများသည် သင်္ကြန်ရေကစား သည်နှင့်မတူဘဲ ရေဖြုန်းတီးခြင်းသဘော ပိုဆောင်သည်။ သန့်စင်သော ရေကြည်တစ်ပေါက်အတွက် လူသန်းပေါင်းများစွာ မည်မျှ ဒုက္ခပင်ပန်းဆင်းရဲ ခံနေကြရသည်ကို ရွှေမြန်မာအများစု သတိ မပြုမိကြ။ ငွေကြေးတတ်နိုင်သည် ထားဦး။ မဆင်မခြင်သုံးလျှင် ကုန်ခန်းသွားနိုင်သည့် အရင်းအမြစ်ဖြစ်သည်ကို သတိထားဖို့ လိုသည်။ ရေကို အတတ်နိုင်ဆုံး ချွေတာသုံးဖို့လိုသည်။
သင်္ကြန်ကာလရောက်တိုင်း ကျွန်တော်လှိုက်လှိုက်လှဲလှဲ ကြည်နူးပီတိဖြစ်မိသည်က ရခိုင်ရိုးရာသင်္ကြန် ဖြစ်သည်။ ရခိုင်ဓလေ့ ထုံးတမ်းစဉ်လာများကို နှစ်ပေါင်းရာချီ ထိန်းသိမ်းလာခဲ့ကြသည်။ သူတို့ရေပက်ကစားသည် ကလည်း ယဉ်ကျေးသည်။ စည်းကမ်း ရှိသည်။ ရေကစားသူအချင်းချင်း အကြား ဂုဏ်သိက္ခာမြှင့်တင် ပေးသည်။ ရေပက်ခံသော ရခိုင်ပျိုဖြူများ၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးကို အလေးထားရာရောက် သည်။ လောင်းလှေကြီး အတွင်း ထည့်ထားသည့်ရေကို ငွေဖလားကလေးများဖြင့် ခပ်ကာ လောင်းပက် ကစားကြသည်။ ပက်ချင်သူ၊ လောင်းချင်သူက ယဉ်ကျေးစွာ ခွင့်တောင်းရသည်။ မည်သူ့ကိုမဆို ရေလောင်း နိုင်သည်။ အပြန်အလှန် လည်း လောင်း၍ရသည်။ ရေအပို မသုံး။ ရေကစားခြင်း ဆိုသည်မှာ သည်လိုမျိုးကိုခေါ်သည်။ ယခုရွှေမြန်မာတို့ သင်္ကြန်က သည်လိုမဟုတ်။
သိန်းဆယ်ဂဏန်းချီ အကုန်ကျခံကာ စင်မြင့်ကြီးဆောက်၊ ပိုက်များတန်းစီချ၊ မိတ်ကပ်အဖွေးသားလိမ်း၊ ဖက်ရှင်ကျကျ ဝတ်ဆင်ကာ မျက်မှန် မည်းမည်းကြီးများ တပ်ပြီး အခန့်သားပိုက်ကိုင်ကာ ရေပက်ခံသူ လာလာ၊ မလာလာ ရေဖွင့်ထားသည်။ ဒုံးဒုံးဒိုင်းဒိုင်းသံ အနောက်တိုင်းတေးဂီတ ကို ဆောင်းဘောက်စ်ကြီး များဖြင့်ဖွင့်သည်။ ခြေတောင့်၊ ခါးအောင့်ခံပြီး မိုးတိုးမတ်တတ် တစ်နေကုန် ရေပိုက် ကိုင်ထားရသည်။ ရေပက်ခံသူ ကလည်း ပိုက်မှကျလာသော ရေများ အောက်တွင် ရေဆေးဆီထိုးခံရသည့် ကားပမာ ရေပက်စင်ရှေ့ဝင်ရပ်၊ ခြေကားယား၊ လက်ကားယား၊ တွန့်လိမ် ကောက်ကွေးကခုန်ပြီး ရေပက်ခံသည်။ အပြန်အလှန် ရေကစားရသည့် ကြည်ကြည်နူးနူး ချမ်းချမ်းမြေ့မြေ့ အရသာမျိုးမရှိ။ ရေပက်မဏ္ဍပ်တစ်ခုခု မရောက်မချင်း ကားပေါ်တွင် ရေစိုနေသော အဝတ်များဖြင့် ကားလေတိုးတိုင်း ချမ်းတုန်နေကြရသည်။ ထို့ကြောင့် အမျိုးသားအများစု သင်္ကြန် လည်တိုင်း အချမ်းလုံ ယမကာမှီဝဲကြသည်။ ယခုနောက်ပိုင်း မိန်းကလေးများပါ ခေတ်မီသည် အထင်ဖြင့် သောက်သုံးလာကြသည်။ အချို့ရေပက်ခံကားများ ပေါ်နှင့် ရေပက်စင်များပေါ်တွင် မူးပြီး ရမ်းနေသော မိန်းကလေးငယ်များကို ယောက်ျားလေးငယ်များက ပြန်ထိန်းနေရသည်မျိုး အတွေ့ရများလာသည်။ မည်သို့သင်္ကြန်မျိုး ပါနည်း။ သင်္ကြန်တွင် အမြင်မတော်သည်များကို ရေးပြလျှင် တစ်ထောင့်တစ်ညပုံပြင်များ ကဲ့သို့ ဖြစ်သွားမည်။ သည်ဆောင်းပါး တွင်ပြောချင်သည်က အဖိုးတန်ရေကို အကျိုးရှိရှိသုံးတတ်စေချင် သည့်အကြောင်းသာ။
ကျွန်တော့်တစ်ဦးတည်း အမြင်အရ ယနေ့မြို့ကြီးများရှိ သင်္ကြန်သည် ရေဖြုန်းတီးခြင်းဘက်ကို လုံးလုံးလျားလျား ရောက်နေသည်ဟု ထင်သည်။ ဤသို့ဆိုခြင်းအားဖြင့် သင်္ကြန်တွင် ရေမပက်ရဟု မဆိုလို။ ရှေးခေတ်ကအတိုင်း တောင်ရှည်ပုဆိုး၊ ပိုးသားခေါင်းပေါင်းနှင့်၊ ထိုင်မသိမ်းအင်္ကျီ၊ ချိတ်ထမီ၊ ဆံထုံး၊ ဆံတောက်နှင့် ငွေဖလားတွင် နံ့သာရေထည့်ကာ သပြေခက်ဖြင့် ဆွတ်ဖျန်းကစားရမည်ဟု မဆိုလို။ ရေသည် ငွေထက်ပင် တန်ဖိုးကြီး ကြောင်း သိရှိနားလည်စေရန်၊ လိုသည်ထက်ပို၍ ဖြုန်းတီးသကဲ့သို့ မဖြစ်စေရန်၊ သင်္ကြန်အလှလည်း မပျက်စေရန် ခေတ်ကာလနှင့်လည်း ကိုက်ညီစေရန် စည်းကမ်းမူဘောင်တစ်ရပ် ချထားပေးလိုခြင်းဖြစ်သည်။
သင်္ကြန်မဏ္ဍပ်များကိုလည်း သစ်ဖြုန်းတီးမှုမဖြစ်စေရန် အရန်သင့်ဆောက် သံထည်များသာ ခွင့်ပြုမည်။ ရေပိုက်များကို တစ်ပြေးညီ အရွယ်အစား ကန့်သတ်မည်။ ဥပမာ- ပိုးသတ်ဆေးဖျန်းသည့် ပန့်မှ ရေထွက်သည့် ပမာဏမျိုးသာထွက်သည့် ရေပိုက်မျိုးသာ ခွင့်ပြုမည်။ သာမန်ရေမီတာဖိုးထက် အနည်းဆုံး ငါးဆမှ ဆယ်ဆအထိ ပိုကောက်ခံမည်။ ဥပမာ- သာမန်အချိန် ရေတစ်လီတာ ၅ကျပ်ဆိုလျှင် သင်္ကြန်ရေပက်မဏ္ဍပ်များ အတွက် ၂၅ ကျပ်သို့မဟုတ် ၅၀ ကျပ် ကောက်ခံမည်။ ရေပက်မဏ္ဍပ် တစ်ခုလျှင် ပိုက်အရေအတွက် ကန့်သတ်ထားမည်။ ရေပက်ချိန်ကိုလည်း တိတိကျကျ ပိုင်းဖြတ် ပေးထားမည်။ ဥပမာ- နံနက် ၇ နာရီမှ ၁၁ နာရီခွဲ၊ မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအထိသာ။ ထိုအချိန်မတိုင်မီနှင့် အချိန်လွန်ပါက ရေဖြတ်ထားမည်။ သင်္ကြန်အတွင်း ရေပက်ခံလှည့်သည့် ကားမောင်းသူများ အားလုံး အရက်၊ ဘီယာ လုံးဝမသောက်ရန် တားမြစ်ထားမည်။ မဏ္ဍပ်တစ်ခုချင်းစီ အလိုက် သတ်မှတ်ဧရိယာအတွင်း စည်းကမ်းမဲ့ ပစ်သမျှအမှိုက်အားလုံး သက်ဆိုင်ရာမဏ္ဍပ်တွင်သာ တာဝန်ရှိသည်။ မြို့တော်စည်ပင်သာယာရေး ကော်မတီက အမှိုက်ပုံးများ လုံလုံ လောက်လောက် ချထားပေးရမည်။ အထူးသဖြင့် အင်းလျားကန်စောင်း တစ်လျှောက် သင်္ကြန်တွင်းကာလ အမှိုက်ပုံးများ တိုးချ ထားရမည်။ စည်ပင်ရဲများ စောင့်ပေးရမည်။ စည်းကမ်းမဲ့ အမှိုက် မပစ်ရန် လက်ကိုင် အသံချဲ့စက်ကလေးများဖြင့် စောင့်ကြည့် ဆော်သြပေးရမည်။ သင်္ကြန်တွင်း အရက်၊ ဘီယာလုံးဝရောင်းခွင့် မပြုဆိုသော အမိန့်မျိုးထုတ်လျှင် မှောင်ခိုရောင်းကြမည်။ ထို့ကြောင့် တရားဝင်ရောင်းခွင့်ပြုရမည်။ သို့သော် ပုံမှန်ထက် ငါးဆအခွန် ကောက်မည်။ သို့ဆိုလျှင် ပိတ်ပင်တားဆီးရာလည်း မရောက်၊ လက်လွတ်စပယ် ခွင့်ပြုရာလည်းမရောက် ဖြစ်ပြီး အလိုလို ထိန်းပြီးသား ဖြစ်သွားမည်။ သည်ကြားထဲ ခိုးရောင်းလျှင် ကြီးလေးသည့် ပြစ်ဒဏ်ချမည်ဖြစ်ကြောင်း ကြိုတင်ကြေညာထားရမည်။
ယနေ့ကမ္ဘာကြီးတွင် သန့်ရှင်းစင်ကြယ်သော သောက်သုံးရေ လုံလောက်စွာမရရှိသည့် လူသန်းပေါင်းများစွာ ရှိနေသည်။ မြန်မာနိုင်ငံရှိ အညာကျေးလက်ဒေသများ ကိုပင်ကြည့်။ သောက်ရေတစ်အိုး ရရှိရန် ရွာနှင့် ကိုးမိုင်၊ ဆယ်မိုင်ဝေးသော သဲချောင်းသို့သွားကာ လက်ယက်တွင်းတူးပြီး တစ်နေကုန် စောင့်ခပ်နေကြရသည်။
သစ်တောများ ပြုန်းတီးမှုကြောင့် မြစ်ကမ်းပါး၊ ချောင်းကမ်းပါးများ တိုက်စားပြိုကျကာ မြစ်၊ ချောင်းတို့ကောလာသည်။ ရေချို အရင်းအမြစ်များ လျော့ပါးလာသည်။ မြေပေါ်သစ်တောကို အမှီပြု နေရသော မြေအောက်ရေ အရင်းအမြစ်သည်လည်း နည်းပါးခန်း ခြောက်လာသည်။ ကမ္ဘာကြီးသည် တစ်နေ့တခြား သူထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုး များကြောင့် ဒဏ်ရာဒဏ်ချက်တွေ များလာသည်။ ကြာလာလျှင် ကမ္ဘာ့လူသားများကို ရေချို လုံလောက်အောင်ပင် ပေးနိုင်ပါ့မလားမသိ။ စစ်စစ်အားဖြင့် ဤကမ္ဘာကြီး၏ ရေ၊ မြေ၊ တော၊ တောင်၊ မြေပေါ်၊ မြေအောက် သယံဇာတများကို လက်ရှိ အသက်ရှင်နေထိုင်နေသော သက်ရှိသတ္တဝါ အားလုံးသာမက နောင် လာမည့် မျိုးဆက်များစွာလည်း ပိုင်ဆိုင်သည်။ ကျွန်တော်တို့ အသက်ရှင် နေစဉ်အတွင်း ကျွန်တော်တို့ စည်းကမ်းမဲ့ ပရမ်းပတာ သုံးစွဲလိုက်လျှင် နောင်မျိုးဆက်များအတွက် ဒုက္ခနှင့် ပြဿနာများ ချန်ထားခဲ့သလို ဖြစ်ပေမည်။ အမှန်တကယ်လည်း ကျွန်တော်တို့တစ်တွေသည် ကျွန်တော်တို့နေထိုင်ရာ မြေကမ္ဘာကြီးကို ကျွန်တော်တို့ဘာသာ ဖျက်ဆီးသကဲ့သို့ ဖြစ်နေသည် မဟုတ်လော။
သို့ဆိုလျှင် မြေကမ္ဘာကြီး၏ ရေသယံဇာတကို ကျွန်တော်တို့ တတ်နိုင်သည့်နည်းဖြင့် ကာကွယ်ထိန်းသိမ်းကြဖို့ လိုမည်။ ထို့ အတွက် သင်္ကြန်တွင် အတိုင်းအတာ တစ်ခုလောက်အထိ ရေအသုံး လျှော့ခြင်း အားဖြင့် လက်တွေ့ကူညီနိုင်သည်။ ဤသို့ ကူညီလိုက်ခြင်း အားဖြင့် နှစ်သစ်ကို ကျက်သရေမင်္ဂလာရှိစွာ ကြိုဆိုနိုင်မည်။ နှစ်သစ်ကူးသည့် သင်္ကြန်၊ မင်္ဂလာရှိသည့် သင်္ကြန်ဖြစ်မည်။ ထိုအခါ "မင်္ဂလာပါ ကမ္ဘာကြီး" ဟု ဝံ့ဝံ့ကြွားကြွား နှုတ်ဆက်နိုင်ကြမည်။
(ကျော်ဗဟိန်း)
The Voice Weekly

မူလတိုက်ခန်းများထက် အခန်းများ တိုးချဲနိုင်ရေး အထပ်မြင့် အဆောက်အအုံများ တည်ဆောက်မည်
Sunday, 31 March 2013
ရန်ကုန်မြို့၏ တိုးတက်လာသည့် လူဦးရေအတွက် မြို့ပြချဲ့ထွင်ရန် လိုအပ်နေသည့်အပေါ် ရန်ကုန်မြို့ပြ ချဲ့ထွင်မှု စီမံကိန်းတစ်ရပ်အဖြစ်
ဝေဠုဝန်အိမ်ရာ၊ ရန်ကင်းအိမ်ရာစသည့် အိမ်ရာစီမံကိန်း ၁၁ ခုနေရာ၌ မူလတိုက်ခန်းများထက် အခန်းများ တိုးချဲ့နိုင်ရေးအတွက် အထပ်မြင့် အဆောက်အအုံများ အဖြစ် ပြောင်းလဲတည်ဆောက် သွားမည်ဖြစ်ကြောင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ သိရသည်။
“ရန်ကုန်မြို့က ရွှေဂုံအိမ်ရာ စီမံကိန်းကို အဆင့်မြှင့် တည်ဆောက်ဖို့အတွက် အခုဆိုရင် တင်ဒါခေါ်ထားပါပြီ။ ရွှေဂုံအိမ်ရာအပြင် ရန်ကုန်မှာရှိတဲ့ ဝေဠုဝန်၊ ရန်ကင်း စတဲ့အိမ်ရာ စီမံကိန်းတွေကိုလည်း အဆင့်မြှင့် တည်ဆောက်သွား
မှာပါ။ ရွှေဂုံအိမ်ရာဆိုရင် မြေဧရိယာ၂ ဒသမ ၂၀၇ ဧက ကျယ်တယ်။ တိုက်လေးလုံး၊ တိုက်ခန်း ၄၀ ပါဝင်တယ်။ အဲဒီနေရာမှာ အထပ်မြင့် အဆောက်အအုံအဖြစ် တည်ဆောက်သွားမှာပါ။ ဒါပေမယ့် ရွှေဂုံအိမ်ရာက
ရွှေတိဂုံဘုရားနဲ့နီးတော့ အထပ်မြင့် ဆိုပေမယ့် ခြောက်ထပ်ထက်ပိုပြီး တည်ဆောက်ခွင့်ပြုမှာ မဟုတ်ပါဘူး။ တခြားနေရာတွေမှာတော့ အထပ်မြင့်
ကို ဘယ်လောက်အထိဆိုတာ မသတ်မှတ်ရသေးပေမယ့် အထပ်မြင့်တွေ
တော့ တည်ဆောက်မှာပါ။ အဲဒီအိမ်ရာတွေမှာ လက်ရှိနေထိုင်တဲ့ သူတွေ
အပြင် နောက်ထပ်မိသားစု ၁၀၀ လောက် နေထိုင်လို့ရတဲ့ အနေအထားဖြစ်
အောင် ဆောင်ရွက်သွားမှာပါ” ဟုမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်နိုင်က ပြောသည်။
အဆိုပါ အိမ်ရာစီမံကိန်း ၁၁ ခုမှာ ဝေဠုဝန်အိမ်ရာ၊ ရန်ကင်းအိမ်ရာ၊ သုဝဏ္ဏ
အိမ်ရာ၊ ပျဉ်းမပင်၊ ပုစွန်တောင် ပြည်တော်သစ်၊ ရွှေဂုံ၊ ၅၁ လမ်းအိမ်ရာ၊ လမ်းသစ်၊ ကြို့ကုန်း၊ ဦးဝိစာရနှင့် ဖဆပလအိမ်ရာတို့ ဖြစ်သည်။
မြန်မာနိုင်ငံ၏ မြို့ပြဒေသ လူဦးရေတိုးနှုန်း မြင့်တက်လာမှုကြောင့် အခြေခံ အဆောက်အအုံနှင့် ပြည်သူ့အိမ်ရာ လိုအပ်ချက်မှာ တိုးမြှင့်လာ လျက်ရှိ
ကြောင်း မြန်မာနိုင်ငံ အိမ်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အိမ်ရာကဏ္ဍ ဘဏ္ဍာငွေ စီမံခန့်ခွဲမှုစနစ် အလုပ်ရုံဆွေးနွေးပွဲတွင် မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
“ရန်ကုန်မြို့ရဲ့ တိုးတက်လာနေတဲ့ လူဦးရေအတွက် အိမ်ရာလိုအပ်ချက်က
လည်း များလာတယ်။ မြို့ကို ချဲ့ဖို့လိုသလို အပေါ်ကိုလည်း ချဲ့ဖို့လိုပါ
တယ်။ ဘေးကိုချဲ့မယ်ဆိုရင် သယ်ယူပို့ဆောင်ရေး ကိစ္စ၊ Infrastructure
တွေလည်း လုပ်ရမယ်။ အပေါ်ကို ချဲ့မယ်ဆိုရင်တော့ လက်ရှိပြန်လည် တည်ဆောက်ဖို့လိုနေတဲ့ အိမ်ရာတွေကိုလည်း အထပ်မြင့် အဆောက်အ
အုံတွေ ပြောင်းလဲတည်ဆောက် သင့်ပါတယ်”ဟု မြို့ပြစီမံကိန်းဆိုင်ရာ ပညာရှင်တစ်ဦးက သုံးသပ်သည်။
ထို့ပြင် ရန်ကုန်မြို့၏ တိုးပွားလာနေသည့် လူဦးရေအတွက် Yangon City Concept Plan-2040 ကို ရေးဆွဲလျက်ရှိကြောင်း သိရသည်။
eleven media group
Labels:
ပြည်တွင်းသတင်း
ခြိမ်းခြောက်မှုရပ်ဆိုင်းဖို့ တောင်ပိုင်းကပြော
30.03.2013
မြောက်ကိုရီးယားနိုင်ငံအနေနဲ့ လက်မခံနိုင်တဲ့ ခြိမ်းခြောက်မှုတွေကို ရပ်တန်းကရပ် ဖို့ တောင်ကိုရီးယား အမျိုးသားကာကွယ်ရေး ၀န်ကြီးဌာနက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ တောင်ကိုရီးယားတပ်ဖွဲ့တွေ အနေနဲ့ မြောက်ကိုရီးယားရဲ့ ဘယ်လိုခြိမ်းခြောက်မှုမျိုးကိုမဆို ပြတ်ပြတ်သားသား ဒဏ်ခတ်အရေးယူသွားဖို့ အဆင်သင့် အနေအထားမှာရှိတယ်လို့ စနေနေ့မှာထုတ်ပြန်တဲ့ ၀န်ကြီးဌာနရဲ့ ကြေညာချက် မှာ ဖော်ပြထားပါတယ်။
အိမ်နီးချင်း တောင်ကိုရီးယားနိုင်ငံနဲ့ စစ်ဖြစ်နေတဲ့အနေအထားကို ရောက်ရှိနေပြီလို့ သဘောထားတဲ့အကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနက စနေနေ့မှာ ပြောဆိုလိုက်ပြီးတဲ့နောက် တောင်ကိုရီးယားဘက်က အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။ ဒီလို ကြေညာချက် ထုတ်ပြန်လိုက်ပြီးတဲ့နောက် မြောက်ကိုရီးယားနိုင်ငံက အင်တာနက် ၀က်ဘ်ဆိုက်တွေကို တိုက်ခိုက်သူတွေက တိုက်ခိုက်ကြတယ်လို့ ယူဆရပါတယ်။ စနေနေ့မှာ ပျက်တောင်းပျက်တောင်း ဖြစ်နေတာကို တွေ့ရပါတယ်။ ဘယ်အဖွဲ့အစည်းကမှတော့ သူတို့ရဲ့လက်ချက်ဆိုတာ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
စနေနေ့နှောင်းပိုင်းမှာတော့ နှစ်နိုင်ငံ ပူးတွဲဖွင့်လှစ်ထားတဲ့ စက်မှုဇုံကို ပိတ်ပစ်မယ် လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်လိုက်ပါတယ်။ မြောက်ကိုရီးယားအပေါ် ဂုဏ်သိက္ခာကျဆင်းအောင် ဆက်လက်လုပ်ဆောင်နေမယ်ဆိုရင် နှစ်နိုင်ငံကြား စစ်မဲ့ဇုံအဖြစ် သတ်မှတ်ထားတဲ့ဒေသအတွင်း မြောက်ကိုရီးယားဘက်ခြမ်းမှာတည်ရှိတဲ့ ကေဆောင်း စက်မှုဇုံကို ပိတ်ပစ်မယ်လို့ မြောက်ကိုရီးယားရဲ့ စက်မှုဇုံ အုပ်ချုပ်ရေးရုံးက ပြောခွင့်ရသူက ပြောဆိုလိုက်တာပါ။
စစ်ရေးအသွင်ဆောင်မှုဟာ အဆန်းတကျယ်မဟုတ်ကြောင်း၊ ဒါပေမဲ့ ခြိမ်းခြောက်မှုတွေကတော့ ဆက်လက်ရှိနေကြောင်း တောင်နဲ့မြောက်ကိုရီးယား ဆက်ဆံရေးနဲ့ သံတမန်ရေးကိစ္စတွေ ကို ဆောင်ရွက်ပေးနေတဲ့ တောင်ကိုရီးယား ပြန်လည် ပေါင်းစည်းရေး ၀န်ကြီးဌာနက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ကတော့ မြောက်ကိုရီးယားနိုင်ငံရဲ့ ကြေညာချက်အပေါ်မှာ အလေးအနက်ထားကြောင်း၊ အမေရိကန် အမျိုးသားကောင်စီရဲ့ ပြောခွင့်ရသူအမျိုးသမီး က ပြောဆိုလိုက်ပါတယ်။

အဓိကရုဏ်းဖြစ်ပွားခဲ့သည့် ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်
စနေနေ့၊ မတ်လ ၃၀ ရက် ၂၀၁၃
ရန်ကုန်(မဇ္ဈိမ)။ ။ မိတ္ထီလာမြို့၏ လက်ရှိအခြေအနေမှာ တည်ငြိမ်လျက်ရှိသော်လည်း ကျန်းမာရေး ချို့ယွင်းမှုများ ရှိသည်ဟု ဒေသခံ မဖြူက မဇ္ဈိမသို့ပြောသည်။ မဖြူက “နေရာတိုင်းမှာ လူတွေက ညှပ်နေလို့ ကူးစက်မှုတွေ ပိုများလာတယ်။ လူအချင်းချင်း ထိပြီးအိပ်ရတာ တော်တော်ဆိုးတယ်” ဟု ဆိုသည်။
ဒုက္ခသည်များထံ လှူဒါန်းမှုများကို ဆက်သွယ်ရေးစခန်းမှ တဆင့်လှူစေခြင်းကို အချို့လှူဒါန်းသူများက မနှစ်သက်ကြကြောင်း လှူဒါန်းသူတဦးက ပြောသည်။ ဒေသခံတဦးဖြစ်သူ မသီရိကလည်း စိတ်ထဲတွင် ကြောက်ရွံ့မှုများ မရှိတော့သော်လည်း ကျန်းမာရေးကို စိတ်ပူနေရသဖြင့် အိမ်များ အမြန် ပြန်ဆောက်ပေးရေးကိုသာ လိုလားနေကြောင်း ဆိုသည်။ ၎င်းက “ကျွန်မတို့ အိမ်မြန်မြန် မရရင် ရောဂါကူးမယ်။ အိမ်ပြန်မဆောက်ပေးရင် ကိုယ့်မြေမှာ ကိုယ်တဲပဲထိုးနေရနေရ ကျေနပ်တယ်” ဟု ပြောပြသည်။
မိတ္ထီလာ ဒေသခံများ၏ ကျန်းမာရေး အခြေအနေမှာလည်း စောင့်ရှောက်မှုများ ပိုမိုလိုအပ်နေသည်ဟု ဒေသခံ ၈၈မျိုးဆက်ကျောင်းသား ကိုထိန်မင်းခိုင်က မဇ္ဈိမကို ပြောသည်။
၎င်းက “ ကျီးလန့်စာစားနေနေရတဲ့အတွက် အကုန်လုံးတော့ တော်တော်လေး ဒုက္ခရောက်နေတယ်။ အခြေအနေ ကိုတော့ ထိန်းနိုင်တဲ့အခြေအနေပါ။ ဆိုးဝါးနေတာတော့ မဟုတ်ဘူး” ဟု ဆိုသည်။
မတ်လ ၂ဝ ရက်နေ့တွင် မိတ္ထီလာမြို့တွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်နှင့် အခြားမြို့များတွင် ဖြစ်ပွားခဲ့သည့် ပဋိပက္ခဖြစ်စဉ်များ၌ ပျက်စီးဆုံးရှုံးမှုများကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲဇာနည် Facebook စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါ ပဋိပက္ခဖြစ်စဉ်များကြောင့် သေဆုံးသူ (၄၂) ဦး၊ ဆေးရုံတက်ရောက် ကုသသူ (၉၃) ဦး၊ ဆေးရုံမှ ဆင်းသွားသူ (၆၃) ဦးနှင့် ကုသဆဲ လူနာ(၃ဝ) ဦးရှိကြောင်းနှင့် အမှုဖြင့် ဖမ်းဆီးထားသည့် တရားခံ (၆၈) ဦးနှင့် မသင်္ကာ၍ စစ်ဆေးနေသူ (၁၅) ဦးရှိကြောင်း ထုတ်ပြန်ချက်အရသိရသည်။
အကြမ်းဖက်သူများက နေအိမ် အဆောက်အဦများ၊ ဘာသာရေး အဆောက်အဦများ၊ ဈေးဆိုင်ခန်းများနှင့် အခြားပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ လူနေအိမ် (၁၂၂၇) လုံး၊ ဈေးဆိုင်ခန်း (၇၇) ခန်း၊ ရုံး (၁) ရုံး၊ ဘာသာရေး အဆောက်အဦ (၃၇) လုံး၊ ဆန်စက်/ဂိုဒေါင် (၄ ) လုံး၊ ကား/ထော်လာဂျီ (၂၁) စီး၊ ဆိုင်ကယ် (၁၂) စီး၊ သုံးဘီးဆိုင်ကယ် (၃) စီးတို့ ပျက်စီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါဝင်သည်။
ဒုက္ခသည် စခန်းတွင်းမှ အပြင်လုံးဝ ထွက်ခွင့်မရ ကြောင်းနေမကောင်းပါက ဆရာဝန်များ လာရောက်ကြည့်ရှုပေးကြောင်း မိထ္တီလာဒေသခံ မဖြူကပြောသည်။ ၎င်းက“ဆရာဝန်တွေကတော့ ကြည့်တော့ ကြည့်ပေးနေတာပဲ။ ဒီမှာ မကုနိုင်တဲ့အခါမှ ထွက်တဲ့ လက်မှတ်ယူပြီး သွားကုရတယ်။ အပြင်ထွက်မယ်ဆိုရင် အပြင်က လာခေါ်မှ ထွက်လို့ရတာ။” ဆိုသည်။
မတ်လ ၂၆ ရက်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည့် နတ္တလင်းမြို့တွင် အခြေအနေများ တည်ငြိမ်လျက် ရှိသော်လည်း ကျန်းမာရေး အခြေအနေမှာမူ စိတ်လုံNခုံမှု မရှိကြသေးကြောင်း ထပ်မံဆူပူမှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံ တဦးဖြစ်သည့် ကိုလွင်သန်းက မဇ္ဈိမကို ပြောသည်။
ဇီးကုန်းမြို့တွင်လည်း ဒေသခံများက စိတ်ချရမှုကို လိုချင်နေကြကြောင်း ဇီးကုန်းဒေသခံ မ၀င်းမာက ဆိုသည်။
မ၀င်းမာက “ တော်တော်ကို စိုးရိမ်နေကြတယ်။ လူတွေက ကြောက်နေတာ ထပ်ဖြစ်မလား။ လာပြီး ဖျက်ဆီးမလား ဒါကိုပဲ နေ့တိုင်းစိုးရိမ်နေကြတာ” ဟုဆက်ပြောသည်။
ကြို့ပင်ကောက် ဒေသခံ မခင်မူက ကျန်းမာရေးစောင့်ရှောက်မှုများမှာ လိုအပ်သည်ထက် လျော့ကြောင်း ဆိုသည်။
အစိုးမှ အကြမ်းဖက်မှု၊ မီးလောင်ကျွမ်းမှုနှင့် အဓိကရုဏ်းများကြောင့် အိုးအိမ်စွန့်ခွာခဲ့ရသော ဒုက္ခသည် ပြည်သူ လူထု၏ အရေးပေါ် စားဝတ်နေရေး၊ လုံခြုံရေးကို အပြည့်အ၀ ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေအနေ တည်ငြိမ် လာသည်နှင့်အမျှ ဒုက္ခသည်များ ပြန်လည် နေရာချထားရေးကို အမြန်ဆုံးဆောင်ရွက်သွားမည်ဟု သတင်းထုတ်ပြန်ရေး အဖွဲ့၏ (၇/ ၂၀၁၃) တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါကြေညာချက်တွင် အစိုးရအနေနှင့် လိုအပ်သော လူသားချင်းစာနာသည့် အကူအညီများကို ပေးနိုင်ရန် အတွက် လူထုအခြေပြု၊ လူ့အဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်သွားမည်ဟု ပါရှိသည်။
ခိုင်ခိုင်
Mizzima - News in Burmese

ဟန်းဆက်ဈေး မကစားရေး ဆောင်ရွက်မည်ဟု သမ္မတပြောကြား
သို့သော် ဧပြီ ၁ ရက်နေ့တွင် စတင် ရောင်းချတော့မည်ဆိုသည့် ဆင်းကတ်ဈေးနှုန်းနှင့် ပတ်သက်၍ တိတိကျကျ ပြောဆိုခြင်းမရှိဘဲ အသေးစိတ်ကို မြန်မာ့ဆက်သွယ်ရေးက ကြေညာပေးမည်ဖြစ်ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောဆိုခဲ့သည်။
မိုဘိုင်းလ်ဟန်းဆက်များ ဈေးနှုန်းတက်ရန်မှာ ယေဘုယျအားဖြင့် ဖြစ်နိုင်ခြေ အလွန်နည်းပါးပြီး အစိုးရမှ ချထားပေးမည့် လိုင်းကတ်အရေအတွက် ပြည့်မီအောင် တင်သွင်းနိုင်မည်ဖြစ်ကြောင်း မန္တလေးမြို့တော် မိုဘိုင်းလ်မားသားဖုန်း အရောင်းဆိုင်တာဝန်ခံ ဦးအောင်မြတ်ကိုကိုက သုံးသပ်ပြောကြားသည်။ “Big Player တွေသာ ဈေးမကစားရင် ဟန်းဆက်ဈေးနှုန်းက တက်စရာအကြောင်း မရှိပါဘူး” ဟု ၄င်းကဆိုသည်။ ထပ်မံချထားပေးမည့် လိုင်းကတ် ရှစ်သန်းကို လစဉ်အလိုက် တစ်လ အလုံးရေ ၃၅၀၀၀၀ နှုန်းဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရများကတစ်ဆင့် ဖြန့်ချိသွားမည်ဖြစ်ပြီး မူလဈေးနှုန်းအတိုင်း ပြည်သူများ ဝယ်ယူနိုင်ရန် သမ္မတက ညွှန်ကြားထားသည်။ လစဉ်ဈေးနှုန်း မပြောင်းလဲဘဲ ဖြန့်ဝေပေးမည် ဖြစ်သည့်အတွက် ယခုလမရရှိပါက နောက်လတွင် ပြည်သူများ ဝယ်ယူရရှိမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ဆိုသည်။
ဂျာနယ်စုံ
Labels:
ပြည်တွင်းသတင်း
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အသစ်အဆန်းမဟုတ်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က တုံ့ပြန်
မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကို အသစ်အဆန်းမဟုတ်ဟု အမေရိကန်နှင့် တောင်ကိုရီးယားတို့က တုံ့ပြန်မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုကြောင့် တုန်လှုပ်ခြောက်ခြားမှုများ ဖြစ်ပေါ်လာသော်လည်း အမေရိကန် ပင်တဂွန် စစ်ဋ္ဌာနချုပ်နှင့် တောင်ကိုရီးယား အစိုးရတို့က ယင်းမှာ အသစ်အဆန်း မဟုတ်ဟုဆိုကာ ပယ်ချလိုက်ကြောင်း သိရသည်။
အမေရိကန် ကာကွယ်ရေး ၀န်ကြီးဋ္ဌာနမှ ထိပ်တန်းအရာရှိ တစ်ဦးက "အက်ကြောင်းထပ်နေပြီးသားကို ပြန်နွှေးတာထက် မပိုပါဘူး" ဟုသာ မတ်လ ၃၀ ရက်နေ့ အနှောင်းပိုင်းတွင် ပြောကြားခဲ့သည်။ သို့သော် ယင်းအရာရှိသည် မီဒီယာများသို့ ထုတ်ဖော်ပြောဆိုခွင့်ရှိသူ မဟုတ်ဟုဆိုကာ အမည်ဖော်ပြခွင့် မပြုခဲ့ပေ။ အမေရိကန်သမ္မတအား စစ်ပွဲနှင့် ပတ်သက်၍ အကြံပေးနေသော အမျိုးသား လုံခြုံရေးကောင်စီကလည်း မြောက်ကိုရီးယား၏ ကြေညာချက်မှာ အဓိပ္ပာယ် မရှိဘဲ ခြိမ်းခြောက်မှုကို ပိုမိုလေးနက်အောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ဆိုသည်။
အမျိုးသား လုံခြုံရေးကောင်စီ၏ ပြောရေးဆိုခွင့်ရ အမျိုးသမီး ကိတ်တလင်းဟေဒင်က မြောက်ကိုရီးယားသည် ရန်စသော စကားများနှင့် ခြိမ်းခြောက်မှုများကို ပြုလုပ်ခဲ့ဖူးသည့် သမိုင်းကြောင်း ရှည်လျားစွာ ရှိခဲ့ပြီး ယခုကြေညာချက်မှာလည်း ယင်းပုံစံမျိုးပင် ဖြစ်သည်ဟု ဆိုသည်။
တောင်ကိုရီးယားကလည်း မြောက်ကိုရီးယား၏ နောက်ဆုံးခြိမ်းခြောက်မှုကို အန္တရာယ် ကျရောက်လုဆဲဆဲ အခြေအနေဟု ယူဆခြင်း မပြုပေ။ မြောက်ကိုရီးယား၏ ခြိမ်းခြောက်မှုသည် အသစ်မဟုတ်ဟု တောင်ကိုရီးယား၏ ပူးပေါင်းဆောင်ရွက်ရေး ၀န်ကြီးဋ္ဌာနက ကြေညာချက် ထုတ်ပြန်ခဲ့သည်။

သစ် အလုံးလိုက် ပြည်ပတင်ပို့မှုခွင့် ရပ်ဆိုင်းမည်
Saturday, March 30, 2013
ရန်ကုန် (မဇ္ဈိမ)။ ။ ပြည်ပသို့ သစ် အလုံးလိုက် တင်ပို့မှုကို ဧပြီလ ၁ ရက်နေ့မှ စတင်၍ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တော ဝန်ကြီးဌာန မှတဆင့် ဆိုသည်။
“သစ်နဲ့ပတ်သက်ပြီး သစ်အချောထည်နဲ့ တဝက်တပျက် အချောထည်အဖြစ်သာ တင်ပို့ခွင့်ကို ဝန်ကြီးဌာနက မတ်လ ၂၉ ရက် နေ့စွဲနဲ့ သတင်းထုတ်ပြန်ပြီးဖြစ်ပါတယ်” ဟု ယင်းဌာနမှ တာဝန်ရှိသူ တဦးက ပြောသည်။
ထို့သို့ ပိတ်ပင်ရခြင်းမှာ ပြည်သူလူထု တရပ်လုံး၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် နိုင်ငံတော်၏ အဓိက သယံဇာတ တခုဖြစ်သည့် သစ်တော သယံဇာတများ ရေရှည် အကျိုးရှိစွာ အသုံးချနိုင်ရန် ရည်ရွယ် လုပ်ကိုင်ခြင်း ဖြစ်သည်ဟု ဆိုသည်။
“အခုလို သစ်အလုံးလိုက်တင်ပို့မှုကို ပိတ်လိုက်တာဟာ ၂၀၁၁ ခုနှစ် လောက်ကတည်းက ကုန်ကြမ်း မလုံလောက် လို့ ရပ်ထားရတဲ့ သစ်စက်တွေ၊ ပိတ်လိုက်ရတဲ့ သစ်စက်တွေနဲ့အတူ အလုပ်လက်မဲ့ ဖြစ်ခဲ့ရတဲ့ သစ်စက် အလုပ်သမားတွေ လက်လွှတ်လိုက်ရတဲ့ အလုပ်တွေ ပြန်လည် ရရှိနိုင်တော့မှာပါ” ဟု တောင်ဥက္ကလာပရှိ သစ်စက်လုပ်ငန်းရှင် ဦးအောင်မိုး က မျှော်လင့်သည်။
ထို့အပြင် ပြည်ပ လုပ်ငန်းရှင်များက သစ်အချောထည် စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုများ စီးဝင်လာနိုင်ကြောင်း မြန်မာနိုင်ငံ သစ်လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တဦးက ပြောဆိုသည်။
ခင်မျိုးသွယ်

မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်သဟဇာတဖြစ်ရေး
ရန်ကုန် မတ် ၃၀
မြန်မာငြိမ်းချမ်းရေးစင်တာ)တွင်ပြုလုပ်သော“မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့်သဟဇာတဖြစ်ရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့်ဘာသာပေါင်းစုံဆွေးနွေးပွဲ”သို့ နိုင်ငံတော်သံဃမဟာနာယကဆရာတော် ၊ အရှင်ဆေကိန္ဒ ဆရာတော်ဦးဝိရသူ၊ အစ္စလာမ်ဘာသာရေးအဖွဲ့ ၊ခရစ်ယာန်ဟိန္ဒူဘာသာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်၊ရုပ်ရှင်အစည်းအရုံးနှင့်အရပ်ဖက်အဖွဲ့ အစည်းမှ ကိုယ်စားလှယ်များတက်ရောက်ဆွေးနွေးလျှက်ရှိသည်။
7Day News Journal
ဓာတ်ပုံ-အောင်သူရ

အဆင့်မြင့်အရာရှိ ၆၀ ခန့်အား ဌာနလွှဲပြောင်းခြင်း၊ အငြိမ်းစားပေးခြင်း၊ တာဝန်မှရပ်စဲခြင်းများ ပြုလုပ်
အစိုးရ၀န်ကြီးဌာနအချို့မှ ညွှန်ကြားရေးမှူးချုပ်များ အပါအ၀င် အဆင့်မြင့်အရာရှိများအား အပြောင်းအလဲပြုလုပ်ခြင်း၊ အငြိမ်းစားပေးခြင်း၊ တာဝန်မှရပ်စဲခြင်းများအား ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
"မှန်ပါတယ်။ ညွှန်မှူးကနေ ဒုညွှန်ချုပ်အထိ အရာရှိများကို ၀န်ကြီးဌာနများအတွင်းမှာ အပြောင်းအရွှေ့ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ညွှန်ချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးကဲ့သို့သော အဆင့်မြင့်အရာရှိကြီး တချို့ကိုလည်း အငြိမ်းစားယူခွင့် ပြုခဲ့ပါတယ်။ ဒါတွေဟာ သမ္မတကြီး ဆောင်ရွက်နေတဲ့ အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်အရ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်" ဟု သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က အတည်ပြုပြောကြားသည်။
နိုင်ငံပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် လိုက်ပါဆောင်ရွက်နိုင်ခြင်းမရှိသော အရာရှိများကို အငြိမ်းစားပေးခြင်း၊ ဌာနလွှဲပြောင်း တာဝန်ပေးခြင်းတို့ကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နေပြည်တော်မှ အဆင့်မြင့်အရာရှိတစ်ဦးက ပြောသည်။
"ညွှန်ချုပ်ကနေ ညွှန်မှူးအဆင့်ထိ ၅၀ ကျော် ၆၀ လောက်ရှိမယ်။ အတိအကျတော့ မသိရသေးဘူး။ မတ် ၂၇ ရက်ကစပြီး စာထွက်နေတာ ဆက်တိုက်လည်း အရာရှိကြီးတွေ အပြောင်းအရွှေ့လုပ်တာ။ တချို့တွေကိုပြောင်း၊ တချို့တွေကို အနားပေးတာပါ" ဟု ၎င်းက ဆက်လက်ပြောကြားသည်။

ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်နေရေး ဘာသာပေါင်းဆုံဆွေးနွေးပွဲ
မြန်မာနိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတဖြစ်နေရေးအတွက် အရပ်ဖက်လူ့အဖွဲ့အစည်းများနှင့် ဘာသာပေါင်းဆုံဆွေးနွေးပွဲ ကိုယနေ့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ကျင်းပခဲ့ပြီး ဘာသာအသီးသီးမှ ဘာသာရေးခေါင်းဆောင်များ နိုင်ငံရေးပါတီများ လူမှုအဖွဲ့အစည်းများ နှင့် စီးပွားရေးလုပ်ငန်းရှင်များပါတက်ရောက်ခဲ့ကြသည်။
Messenger News Journal
Messenger News Journal
Labels:
ပြည်တွင်းသတင်း
အမေရိကန်မြို့ကြီးများအား ပစ်ခတ်မည့် ဒုံးကျည်ချထားပြီး တောင်ကိုရီးယားနှင့် စစ်ဖက်ဖြစ်ပွားသည့် အခြေအနေဟု ကင်ဂျုံအမ်ဆို
ပြုံးယမ်း၊ မတ် ၃၀
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် ဒုံးကျည်များ ချထားရေး အစီအစဉ်အား လက်မှတ်ရေးထိုး ခဲ့သည့်အပြင် အိမ်နီးချင်းတောင်ကိုရီးယားနှင့်လည်း စစ်မက်ဖြစ်ပွားသည့် အခြေအနေအဖြစ် ထုတ်ဖော်ပြောဆိုခဲ့သည်။
နိုင်ငံပိုင် KNCA သတင်းဌာနက ထုတ်လွှင့်ချက်အရ “တောင်နဲ့မြောက် ကိုရီးယား နှစ်နိုင်ငံကြား မည်သည့်အရေးကိစ္စမဆိုအား စစ်မက်ဖြစ် ပွားနေသည့် ကာလအတိုင်း ဆောင်ရွက်သွားမည်”ဟု မြောက်ကိုရီးယားတို့က ဆိုထားပြီး အမေရိကန်မြို့ကြီးများအား တိုက်ခိုက်မည့် အစီအစဉ်ဟု ဖော်ပြထားသော ပုံကြမ်းတစ်ရပ်ကိုလည်း ထုတ်လွှင့်သွားခဲ့သည်။
အဆိုပါ ပုံကြမ်းတွင် တိုက်ခိုက်မည့် ပစ်မှတ်များအဖြစ် ကယ်လီဖိုးနီးယား၊ နယူးမက္ကဆီကို၊ အရီဇိုးနား၊ တက္ကဆပ်၊ အာကင်ဆတ်၊ အိုကလာဟိုးမား၊ မစ္စစ္စပီ၊ ဂျော်ဂျီယာ၊ အလာဘားမားနှင့် တောင်ကယ်ရိုလိုင်းနား တို့ကို ဖော်ပြထားသည်။
ဖေဖော်ဝါရီလအတွင်းက မြောက်ကိုရီးယားတို့၏ တတိယမြောက်နျူ စမ်းသပ်မှုအပြီး ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့၏ ထပ်မံ၍ ပိတ်ဆို့ အရေးယူမှု ခံရပြီး ကတည်းက တိုက်ခိုက်မှုများ ပြုလုပ်သွားမည့် မြောက်ကိုရီးယားတို့က နေ့စဉ်လိုလို ခြိမ်းခြောက်မှု ပြုခဲ့ကြသည်။
PN055/ Ref: CNN,BBC,usatoday,Popular Myanmar News Journal

ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး နယ်မြေလုံခြုံရေးအရ ၅ ဦးကို အာမခံဖြင့် လွှတ်ပေးထား
Friday, 29 March 2013 23:08
မတ်လ ၂၃ရက်နေ့ ညပိုင်း မှစ၍ ပဲခူးတိုင်းဒေသကြီးအတွင်း ပဋိပက္ခဖြစ်စဉ်များအား ဦးဆောင်ခဲ့သူ ၁၉ ဦးအား ဖမ်းဆီးခဲ့ကြောင်း ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး လှမြင့်က မတ်လ ၂၉ ရက် ညနေပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။
မင်းလှမြို့နယ်တွင် ဖမ်းဆီးထိန်းသိမ်းခဲ့သော ဦးဆောင်သူ ၅ ဦးကို နယ်မြေလုံခြုံရေးအရ အာမခံဖြင့် ပြန်လွှတ်ပေး ထားရကြောင်း ဒုတိယရဲမှူးကြီး လှမြင့်က အတည်ပြု ပြောကြားခဲ့သည်။
မတ်လ ၂၃ ရက်နေ့မှ ၂၈ ရက်နေ့အထိ ပဲခူးတိုင်း ဒေသကြီး သာယာဝတီ ခရိုင်အတွင်း ဖြစ်ပွားခဲ့သော အဆောက်အဦ နေအိမ်များ ဖျက်ဆီးမှုတွင် ဦးဆောင်ခဲ့သူ ဇီးကုန်းမြို့နယ်မှ ၁၀ဦး၊ မင်းလှ မြို့နယ်မှ ၅ ဦး၊ မိုးညိုမြို့နယ်မှ ၂ ဦး၊ နတ္တလင်းမြို့နယ်မှ ၂ ဦး စုစုပေါင်း ၁၉ ဦးအား ဖမ်းဆီးခဲ့ပြီး မတ်လ ၂၈ ရက်တွင် မင်းလှ မြို့၌ လက်နက်ကိုင်ဆောင်ထားသူ တစ်ဦးအား ထပ်မံ ဖမ်းဆီးခဲ့ကြောင်း သိရသည်။
"အဓိက ဖမ်းဆီးထားတဲ့ သူတွေက အဆောက်အဦတွေကို ဖျက်ဆီးတဲ့နေရာမှာ ဦးဆောင်သူတွေ ဖြစ်တယ်။ သူတို့ရဲ့ ကွင်းဆက်အနေနဲ့ ဘာတွေရှိလဲ ပြီးတော့ သူတို့ရဲ့ နောက်ကွယ်မှာရှိတဲ့ သူတွေကို ထပ်မံဖမ်းဆီးနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေတယ်။ မင်းလှမြို့နယ်က လူငါးဦးကို လွှတ်ပေးခဲ့ရတာကလည်း ဒေသခံတွေက သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ အတွက် နယ်မြေလုံခြုံရေးအရ အာမခံနဲ့ လွှတ်ပေးခဲ့ခြင်း ဖြစ်တယ်။ သူတို့ငါးဦးကို ဖြစ်စဉ်အပေါ် မူတည်ပြီး ပြန်လည် ဖမ်းဆီးသွားမှာပါ" ဟု ဒုတိယရဲမှူးကြီး ဦးလှမြင့်က ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင်အတွင်း ကြိုပင်ကောက်၊ ဇီးကုန်း၊ အုတ်ဖို၊ နတ္တလင်း၊ မင်းလှ မြို့နယ်၊ ပုတီးကုန်း၊ မိုးညို၊ အင်းမနှင့် အိုးသည်ကုန်း စသည့် မြို့များသည် ပဋိပက္ခ ဖြစ်ပွားခဲ့ရာ အဓိက ဒေသများ ဖြစ်ပြီး အဆိုပါ ဒေသများသည် မတ်လ ၂၉ ရက်နေ့မှ စတင်ပြီး တည်ငြိမ်မှု ပြန်လည် ရရှိခဲ့ကြောင်း သိရသည်။
Eleven Media Group

အမှန်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါများရှိနေပြီး သမ္မတမိန့်ခွန်းသည် ယျေဘူသဘောဆောင်နေဟု ဖိုးသောကြာဆို
ရန်ကုန်၊ မတ် ၃၀။
လတ်တလောဖြစ်ပေါ်နေသော ဆူပူများနှင့်စပ်လျဉ်း၍ နိုင်ငံတော်သမ္မတမိန့်ခွန်းသည် ယျေဘူယျဆန်လွန်းနေပြီး ပြတ်သားမှုမရှိကြောင်း အမှန်တကယ်တွင် မြန်မာနိုင်ငံ၌ အယ်ကိုင်ဒါကဲ့သို့သော အစွန်းရောက် မူစလင်အချို့ ရှိနေကြောင်း သတင်းစာဆရာကြီး ဖိုးသောကြာက မတ်လ ၂၉ ရက်နေ့တွင် ပြောကြားလိုက်သည်။
မတ်လ ၂၈ ရက်နေ့တွင် ပြောကြားသော နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းတွင် လူတချို့က သွေးထိုးလှုံ့ဆော်မှုတွေရှိနေကြာင်း ပြောကြားထားပြီး “ကျွန်တော့တို့ နိုင်ငံသားတစ်ဦးချင်းစီရဲ့ အသက် အိုးအိမ်စည်းစိမ်ကို ထိပါလားရင်တော့ ကျွန်တော့်ကို အခြေခံဥပဒေက အပ်နှင်းထားတဲ့ နိုင်ငံတော်သမ္မတ လုပ်ပိုင်ခွင့်တွေ ၊ လုံခြုံရေးအဖွဲ့အစည်းတွေ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းတွေရဲ့ အင်အားကို အသုံးပြုပြီး အကာအကွယ် ပေးသွားဖို့ ဆုံးဖြတ်ထားပြီး ဖြစ်ပါတယ်”ဟု ပြောကြားထားခြင်းဖြစ်သည်။
ထို့သို့ ပြောကြားခြင်းသည်ပင် ယျေဘူယျသဘောဆောင်လွန်းကြောင်း ၊ မင်းသည်မင်းကျင့် တရားနှင့်အညီ ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်ရမည်ဖြစ်ပြီး ဆုံးမသင့်သောသူကိုလည်း ဆုံးမရမည်ဖြစ်ကြောင်း သတင်းစာဆရာကြီး ဖိုးသောကြာက ဝေဖန်ပြောကြားသည်။
၎င်းက ဆက်လက်၍ “ ဒီကနေ့ဖြစ်နေတဲ့ ကိစ္စမှာ ပြည်တွင်းက မွတ်စလင်တချို့ရဲ့အစွန်းရောက်မှုတွေ ရှိတာပေါ့။ အစ္စလာမ်ဘာသာဝင် အများစုက အဲ့ဒီလိုစိတ်မျိုး မရှိကြဘူး။ အဲ့ဒီတော့ တရားခံက ပယောဂ၊ ပယောဂက အယ်ကိုင်ဒါ(သို့မဟုတ်) အယ်ကိုင်ဒါ ကဲ့သို့သော အခြား အစွန်းရောက် မွတ်စလင်တွေကြောင့်ဘဲ” ဟု ပြောကြားသည်။ ထိုသို့အစွန်းရောက်များ ရှိနေသည်ကို ၎င်းတစ်ယောက်တည်းက ပြောဆိုခြင်း မဟုတ်ဘဲ ရင်းနှီးသောမွတ်စလင် အချို့ကလည်း ပြောဆိုနေကြခြင်း ဖြစ်သောကြောင့် ထိုသို့သော အစွန်းရောက်များကို ဖော်ထုတ်အရေးယူ ရန်သည် အထူးလိုအပ်လာပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၏ မွတ်စလင်အများဆုံး နေထိုင်ရာ ဗလီ၁၃လုံးရှိနေသော ပန်းပဲတန်းမြို့နယ်၌ ၎င်းနေထိုင်လာခဲ့သော ၂၂နှစ်တာကာလအတွင်း မွတ်စလင် အစွန်းရောက်အချို့က ဗမာမလေးတစ်ယောက်ကို ရလျှင်ဘယ်လောက် ဆိုသည်မှာ မဆလ လက်ထက်ကပင် ရှိခဲ့ကြကြောင်း၊ နားနဲ့မဆံ့အောင်ကြားခဲ့ရကြောင်း၊ အဆော်ကားခံရမှုများကိုလည်း တွေ့မြင်ခဲ့ရပြီး ပြဿများဖြစ်ပွားသော သမိုင်းများစွာ ပန်းပဲတန်း ရဲစခန်းတွင် များစွာရှိနေကြာင်း ပြောကြားသည်။ ထို့ကြောင့် အစွန်းရောက် အယ်ကိုင်ဒါများကို ဖော်ထုတ်အရေးယူရန်သည် ယျေဘူယျသဘော ပြောနေရမည့် အနေအထားမဟုတ်ကြောင်း ၎င်း၏အမြင်များကို သတင်းစာဆရာကြီး ဖိုးသောကြာက ပြောကြားလိုက်သည်။
အောင်သိုက်

ဆူပူမှုနောက်ကွယ်၌ တပ်မတော်မရှိဟု တုံ့ပြန်ပြောကြား
ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေလက်ထက်က လမ်းပြမြေပုံ(၇)ရပ်ကို ချမှတ်ခဲ့ခြင်းမှာဒီမိုကရေစီလမ်းကြောင်းသို့ ကူးပြောင်းစေလိုခြင်းကြောင့်ဖြစ်သည် ဟုပြည်ခိုင်ဖြိုးပါတီမှ တောင်ဥက္ကလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်သိန်းလင်းက ဆိုသည်။
“စစ်သားတွေက ရိုးရိုးသာမာန်အရပ်သားထက် ငြိမ်းချမ်းရေးကို ပိုလိုလားပါတယ်။ကျွန်တော်တို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်ကတည်းက Road Map (၇)ချက်အတိုင်း လုပ်ဆောင်ခဲ့လို့ အခုလို ဒီမိုကရေစီအသွင် ကူးပြောင်းခဲ့တာပါ။အခုဆိုရင် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီး ဒီမိုကရေစီစည်းဝိုင်းထဲ ရောက်နေပါပြီ။ အခုလည်း ဒီမိုကရေစီလမ်းဟောင်းကို ကျင့်သုံးတာ၂နှစ်ကျော်ပဲရှိသေးတယ်။ မရင့်ကျက်သေးတော့ နောက်ပြန်လှည့် သွားနိုင်ပါတယ်”ဟု ဦးအောင်သိန်းလင်းက သုံးသပ်ပြောဆိုသည်။
ပြည်နယ်အချို့တွင် အကြမ်းဖတ်မှုနှင့် ပဋိပက္ခများ မကြာခဏဆိုသလိုဖြစ်ပေါ်နေခြင်းမှာ တပ်မတော်မှ နောက်ကွယ်က ကြံစည်နေခြင်းဖြစ်သည်ဟုအင်တာနက် လူမှုရေးဝက်ဆိုက်ဒ်အချို့၌ ပျံနှံ့ပြောဆိုနေမှုမှာ မှန်ကန်ခြင်းမရှိဟု ၄င်းက ဆိုသည်။
“အစိုးရ အကူအညီတောင်းလို့သာ တပ်မတော်က ၀င်ပြီး ပုဒ်မ ၁၄၄ထုတ်ရတာပါ။တပ်မတော်က နောက်က ကြိုးကိုင်ပြီး လှုံ့ဆော်နေတယ်ဆိုတာ မဟုတ်ပါဘူုးဗျာ၊အပ်နဲ့ထွင်းရမယ့် ဟာကို ပုဆိန်နဲ့ ထွင်းရမှာစိုးလို့ တပ်မတော်က၀င်လုပ်ပေးနေတာပါ။ ဒီမိုကရေစီလမ်းကြောင်းကိုသွားနေတာ တပ်မတော်က ပျက်ဆီးရာ ပျက်ဆီးကြောင်း လုပ်ပါ့မလားဗျာ။ တပ်မတော်ကို အပုပ်ချချင်လို့အမြင်စောင်းနေသူတွေက အခုလို ပုံကြီးချဲ့ပြီး တပ်ကို မုန်းတီးလို့စွပ်စွဲပြောဆိုနေကြတာပါ” ဟုပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာပမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သိန်းလင်းက ပြောသည်။
မြန်မာနိုင်ငံတွင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသပိတ်စခန်းဖြိုခွင်းခြင်းကြာင့် ပြည်သူအများလမ်းပေါ်ထွက် ဆန္ဒပြမှုများအတော်အတန်ကြာဖြစ်ပေါ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခများဖြစ်ပွားခဲ့ရာမှ မိတ္တီလာမြို့၌ ဘာသာရေး အဓိကရုဏ်းများ ဖြစ်ပေါ်ခဲ့ပြီးလက်ရှိအချိန်အထိ တည်ငြိမ်မှုရရန် ပုဒ်မများ ထုတ်ပြန်ကာထိန်းသိမ်းနေရဆဲဖြစ်သည်။
ပဋိပက္ခများဖြစ်စဉ်များနောက်၌ တပ်မတော်အပြင် ပြည်ပမှအဖွဲ့အစည်းများမှလှုံ့ဆော်နေခြင်း ကြောင့် ဖြစ်သည်ဟု လူမှုရေးစာမျက်နှာများ၌ဝေဖန်ပြောဆိုသံများ ထွက်ပေါ်နေခြင်းဖြစ်သည်။
အဆိုပါ အသံများနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှဦးသိန်းညွှန့်က ယခုကဲ့သို့ သုံးသပ်ပြောဆိုသည်။
“ယူဆတာက စနစ်သစ်ကို ပြောင်းတဲ့အချိန်မှာ ခေတ်ဟောင်းက ဥစ္စာကြွယ်ဝပြီးအနှစ်(၂၀)လုံးလုံး သပိတ်ဆိုရင် သူပုန်ထချင်သူတွေ နိုင်ငံတည်ဆောက်တဲ့အခါမှာ နှေးကွေးအောင် လုပ်နေသူတွေ လုပ်နေတာပါ။ စစ်တပ်က မဟုတ်ပါဘူး။နောက်တစ်ခု ကျွန်တော်ကြားမိတာက ပြည်ပအဖွဲ့အစည်းတွေကနေပြည်တွင်းက အချို့အဖွဲ့တွေကို ငွေကြေးထောက်ပံ့ပေးပြီး ပဋိပက္ခဖြစ်အောင်လုပ်နေတယ်ဆိုတာတွေ ဒီလိုပဋိပက္ခဖြစ်အောင် လုပ်တဲ့အထဲ မှာနိုင်ငံရေးပါတီအချို့လည်း ပါနေတယ်ဆိုတာတွေပေါ့” ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီသစ်မှ ဦးသိန်းညွှန့်က ပြောသည်။
ဆူပူမှု၏ နောက်ကွယ်တွင် စစ်တပ်နှင့်အစိုးရအပေါ် စွပ်စွဲပြောဆိုချက်များကအခြေအမြစ် မရှိကြောင်း ၊ ပဋိပက္ခများ ဖြစ်ပေါ်အောင် ပြုလုပ်နေခြင်းကြောင့်ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် အဟန့် အတားဖြစ်စေကြောင်းနိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ဖေ့ဘုတ်လူမှုရေးကွန်ယက်၌ဆိုသည်။
“အစိုးရနဲ့ တပ်မတော်က ဒီအခြေအနေတွေမှာ အစိုးရိမ်ဆုံး အဖွဲ့အစည်းပါ။ဒါတွေက နိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေး ၊စီးပွားရေးပြုပြင်ပြောင်းလဲမှုစတဲ့ လုပ်ငန်းအားလုံးကို ထိခိုက်စေရုံ သာမကနိုင်ငံတကာမှာမြန်မာနိုင်ငံရဲ့ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကိုပါ ထိခိုက်စေတဲ့ကိစ္စဖြစ်ပါတယ်၊ ကျွန်တော်တို့အားလုံးက ဒါတွေကို ထိန်းဖို့ကြိုးစားနေတာဖြစ်ပါတယ် “ ဟု ဦးရဲထွဋ်က ဖေ့ဘုတ်စာမျက်နှာတွင်ပြောကြားထားခြင်းဖြစ်သည်။
အဆိုပါပဋိပက္ခအရေးများကိုဖြေရှင်းရာ၌ နိုင်ငံတော်သမ္မတအနေဖြင့် ပွင့်လင်းမြင်သာစွာဖြေရှင်းသင့်ကြောင်း ၊ လူထုကလည်း ပူးပေါင်းပါဝင်တားဆီးသင့်သည်ဟု ဦးသိန်းညွှန့်ကအကြံပြုပြောဆိုသည်။
Myit Makha Mediagroup
Labels:
ပြည်တွင်းသတင်း
သမရိုးကျလက်နက် ကန့်သတ်ရေး ၃ နိုင်ငံကန့်ကွက်
29.03.2013
အမေရိကန် ဒေါ်လာ ဘီလီယံတန်ဖိုးရှိတဲ့ နိုင်ငံတကာ လက်နက်ရောင်းဝယ်ရေး ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက် ဥပဒေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ သဘောတူညီချက်အပေါ် အီရန်၊ ဆီးရီးယား နဲ့ မြောက်ကိုးရီးယားတို့က ကန့်ကွက်လိုက်ပါတယ်။
ဒီသဘောတူညီချက်ကို အတည်ပြုဖို့အတွက် ကြာသာပတေးနေ့ ကုလသမဂ္ဂ အဖွဲ့ချုပ်ရုံးရဲ့စေ့စပ် ညှိနှိုင်းမယ့်အစည်းအဝေးမှာ အဖွဲ့ဝင်တွေရဲ့ တညီတညွတ်တည်း ထောက်ခံမှု လိုအပ်တာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်လို့ ညွန့်ပေါင်းအဖွဲ့နိုင်ငံတွေက ကုလ အထွေထွေညီလာခံ ကနေ အတည်ပြု ပြဌာန်းဖို့ မျှော်လင့်နေပြီး လက်ခံဖို့ အဆင်သင့် ဖြစ်နေပြီလို့လည်း သိရပါတယ်။ ဒီ သဘောတူစာချုပ်ကို ဥပဒေအဖြစ် အတည်ပြု ပြဌာန်း လိုက်ခြင်းအားဖြင့် သမရိုးကျ လက်နက်တွေကို ရောင်းဝယ်ဖောက်ကား တင်ပို့ လွဲပြောင်းမှုတွေမှာ နိုင်ငံတကာက လိုက်နာရမယ့် စံသတ်မှတ်ချက်တွေ ရှိလာမှာ ဖြစ်ပါတယ်။
လက်နက်တွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ အသုံးမပြုဖို့ အရေးယူ ဆောင်ရွက်မှုတွေကို ပိုပြီး ခိုင်မာ အားကောင်းအောင် ဆောင်ရွက်နိုင်မှာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီသဘောတူညီချက်မူကြမ်းဟာ သူတို့နိုင်ငံတွေရဲ့ လိုအပ်ချက်အတွက် လုံလောက်တဲ့ စည်းမျဉ်းတွေမဟုတ်ဘဲ နိုင်ငံရေးအရ အားပေးမှုရှိပြီး တရားမျတမှုလည်း မရှိဘူးလို့ အီရန်၊ ဆီးရီးယားနဲ့ မြောက်ကိုးရီးယားနိုင်ငံတွေက ရှုမြင်ကြပါတယ်။ ကမ္ဘာ့အကြီးဆုံး လက်နက် တင်ပို့ရောင်းချတဲ့ အမေရိကန်နိုင်ငံကလည်း ဒီဥပဒေမူကြမ်းရဲ့ အပိုင်းတချို့နဲ့ ပတ်သက်လို့ အစောပိုင်းက ကန့်ကွက်မှု တချို့ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂါနေ့ကတော့ ဒီဥပဒေဟာ တရားမျတပြီး အလျှင်အမြန် အတည်ပြုချက်ရဖို့အတွက် အမေရိကန်နိုင်ငံက မြှော်လင့်နေတယ်လို့ အမေရိကန် သံတမန်တဦးက ပြောဆိုခဲ့ပါတယ်။
ဒီဥပဒေကို အလျှင်အမြန် ပြဌာန်းနိုင်မယ်လို့ ယုံကြည်ကြောင်း ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရုံးက ပြောဆိုလိုက်ပါတယ်။ ဒီဥပဒေနဲ့ ပတ်သက်လို့ အင်္ဂါနေ့မှာ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မဲခွဲဆုံးဖြတ်နိုင်တယ်လို့ သံတမန်တွေက ပြောကြပါတယ်။

သူ့လမ်းကြောင်းနဲ့ သူ
ဦးသိန်းစိန်နဲ့ ဒေါ်စု ပြည်ပခရီး ကိုယ်စီထွက်ကြမည် |
လာမယ့် ဧပြီလထဲမှာ မြန်မာသမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံကို သွားဖို့ရှိနေပြီး မြန်မာ့ ဒီမို ကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂျပန်နိုင်ငံကို ခရီးထွက်ဖို့ ရှိနေပါတယ်။ အခုလို မြန်မာနိုင်ငံ အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက်မှုတွေ ဖြစ်ပွားနေတဲ့အချိန် နိုင်ငံ အတွက် အရေးပါဆုံး ပုဂ္ဂိုလ်နှစ် ဦးစလုံး ခရီးထွက်မှာကို ပြည်သူတွေကြား စိုးရိမ်မှုတွေ ရှိပါတယ်။ အဲဒီလို စိုးရိမ်မှုတွေ ရှိနေသလို နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်အောင် ထိန်းထားနိုင်တယ်လို့ ယုံကြည်ပုံရတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ ဒီအကြောင်းကိုတော့ ရန်ကုန်အခြေစိုက် ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာပါ။
သမ္မတဦးသိန်းစိန်ဟာ တရုတ်နိုင်ငံမှာ ဧပြီလ ၆ ရက် နေ့ကနေ ၈ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပမဲ့ အာရှ နှစ်ပတ်လည်ညီလာခံကို တက်ရောက်ဖို့ ရှိနေတယ်လို့ နိုင်ငံတော်သမ္မတရုံးနဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောဆိုလာတာပါ။
တစ်ချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်လည်း ဧပြီလ ၁၂ ရက်နေ့မှာ ဂျပန်နိုင်ငံကို သွားရောက်လည်ပတ်မယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။
အခုလို နိုင်ငံအတွက် အရေးပါတဲ့ ခေါင်းဆောင်နှစ်ဦးလုံးက တိုင်းပြည်မှာ အကြမ်းဖက် လုပ်ရပ်တွေ ဖြစ်ပေါ်နေချိန် ပြည်တွင်းကနေ ပြည်ပခရီးသွားရောက်ဖို့တွေ ရှိနေတဲ့အပေါ်မှာ စိုးရိမ်မှု တချို့ ရှိနေကြပါတယ်။
ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ဥက္ကဋ္ဌ ဖြစ်သူ ဦးသုဝေက အခုလိုအချိန်မှာ နိုင်ငံရဲ့ အလေးထားရတဲ့ သူနှစ်ဦး ပြည်ပခရီးသွားမယ်ဆိုတာကို အနည်းငယ်စိုးရိမ်မိတယ်လို့ ပြောပါတယ်။
“ဖြစ်သင့်တာကတော့ တိုင်းပြည်မှာ အရေးကြီးတဲ့ခေါင်းဆောင်များဟာ တိုင်းပြည်မှာ အခက်အခဲတွေ တွေ့နေတဲ့ ကာလမှာတော့ သူတို့က တိုင်းပြည်မှာပဲ ရှိသင့်တာပေါ့နော်။
ချိန်းပြီးသားတောင်မှပဲ အချိန်းအချက်တွေကို ဖျက်ပြီးတော့ သက်ဆိုင်ရာ အခြေအနေတွေ ကို ဖြေရှင်းဖို့က အရင်ဦးစားပေး တာပေါ့နော်။ တစ်ခုတော့ ရှိတာပေါ့။ ကျနော်တို့ အခု တိုင်းပြည်မှာ ညက ဆိုလို့ရှိရင် သမ္မတကြီးက တိုင်းပြည်အတွက်ကို ပြောကြားတဲ့ မိန့်ခွန်း ရှိတာပေါ့နော်။ သူပြောတာကတော့ ကျနော် အတော်ကြိုက်ပါတယ်။ ကောင်းပါတယ်။ အားလုံး အေးအေးဆေးဆေး ဖြစ်သွားအောင်ပေါ့နော်။ အကယ်၍များ အဲဒီဟာကြောင့်မို့လို့ လူတွေကလည်း လူတွေကလည်း အေးအေးချမ်းချမ်း ဖြစ်သွားမယ်၊ နောက်ပြီး အစိုးရ ကလည်း သေသေချာချာလေး ဂရုတစိုက်နဲ့ထားမယ်ဆိုရင်တော့ တိုင်းပြည်က ငြိမ်သွားမှာပေါ့နော်။ အဲလို ငြိမ်သွားလို့ သွားမယ်ဆိုရင်တော့လည်း ကောင်းပါတယ်။ တိုင်းပြည်အတွက် သွားတာပဲ-ပေါ့နော်။”
နိုင်ငံတော်သမ္မတဟာ အခုတစ်ကြိမ်သွားရောက်မယ့် ခရီးစဉ်နဲ့ဆိုရင် သူ့ရဲ့သမ္မတသက်တမ်းအတွင်း ၃ ကြိမ်မြောက် တရုတ်နိုင်ငံကို သွားရောက်မယ့်ခရီးစဉ်လည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌလည်းဖြစ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်ခရီးစဉ်ဟာ ဧပြီလ ၁၂ ရက်မှာ စတင်မှာဖြစ်ပေမဲ့ ဘယ်လောက် ကြာမယ် ဆိုတာကိုတော့ မသိနိုင်ဘူးလို့ ဦးဉာဏ်ဝင်းက ပြောထားတာပါ။
ခေါင်းဆောင် (၂) ဦးဟာ အခုလို တိုင်းပြည်မှာ အနည်းငယ် မငြိမ်မသက်ဖြစ်နေပေမဲ့ ပြည်ပ နိုင်ငံတွေကို သွားဖို့ ဆုံးဖြတ်ကြတာဟာ သူတို့မှာ ယုံကြည်မှုတွေရှိလို့ သွားရဲတာဖြစ်နိုင်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ပြောပါတယ်။
“ဒါကတော့ ဒီလိုပဲ ရှိမှာပဲလေ။ ဗမာရဲ့သမိုင်းကြောင်းက အဲလိုပဲလေ။ ရုတ်ရုတ်..ရုတ်ရုတ် ကတော့ ဖြစ်နေမှာပဲ။ သွားတာလည်း သူ့ဟာသူ သွားမှာပဲ။ ….တစ်ခုပဲ ရှိတယ်။ ပြောလို့မရတာကတော့ ရှမ်းပြည်ဘက်လည်း ပြောလို့ မရဘူး။ ရှမ်းပြည်ဘက်ကလည်း နည်းနည်း (စစ်) ထိုးနေတယ်ဗျ။”
သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခရီးသွားပေမဲ့လည်း ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုအနေနဲ့ ကိုယ်လုံခြုံရေးအတွက်ကို အမြဲ သတိရှိရှိနဲ့ နေထိုင်နိုင်မယ်ဆိုရင် ပြဿနာတွေ ဖြစ်လာနိုင်ဖို့က နည်းတယ်လို့လည်း နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောပါတယ်။
“နိုင်ငံကို အုပ်ချုပ်တဲ့ သမ္မတတို့၊ ဒေါ်အောင်ဆန်းစုကြည်တို့- သူတို့အောက်ကရှိတဲ့သူတွေ၊ သက်ဆိုင်ရာ လုံခြုံရေးတို့၊ တပ်မတော်ပိုင်းတို့၊ နောက် အုပ်ချုပ်ပိုင်ခွင့်ရှိတဲ့ကဏ္ဍက ဝန်ကြီးတွေအပေါ် မူတည်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပဲ သွားသွား၊ ဦးသိန်းစိန်ပဲ သွားသွား၊ အဆင့်ဆင့်အုပ်ချုပ်ရတဲ့ ဌာနဆိုင်ရာတွေမှာ မူတည်ပါတယ်။ အဓိက-ကတော့ ပြည်သူတွေရဲ့ နေရေးထိုင်ရေးမှာ ကိုယ့်စည်းကမ်းနဲ့ကိုယ် နေဖို့ အရေးကြီးပါတယ်။”
ဒေါ်အောင်ဆန်းစုကြည် ဟာ ဂျပန်နိုင်ငံကိုသွားရောက်မဲ့ ခရီးစဉ်မှာမြို့တော် တိုကျိုကို သွားရောက်မှာ ဖြစ်တဲ့အပြင် ၁၉၈၅ -၁၉၈၆ ကာလတွေအတွင်းသူမ ပညာသင်ခဲ့တဲ့ ကျိုတိုမြို့ကိုလည်း လည်ပတ်မှာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဦးသိန်းစိန်ရဲ့တရုတ်ပြည်ခရီးစဉ်ကတော့ တရုတ်နိုင်ငံက ထိပ်ပိုင်းခေါင်းဆောင်တွေ အပြောင်းအလဲ ဖြစ်ပြီးချိန်မှာ ပထမဆုံး သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်လာမှာပါ။
သမ္မတဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သွားရောက်မဲ့ တရုတ်နဲ့ဂျပန် နှစ်နိုင်ငံဟာ ဆိုရင် မြန်မာပြည်နဲ့ ထိတွေ့ ဆက်ဆံရေးတွေ အများကြီးရှိတဲ့ နိုင်ငံတွေလည်း ဖြစ်ပါတယ်။ တရုတ်နိုင်ငံဟာ အရင်စစ်ခေါင်းဆောင်တွေလက်ထက်မှာ မြန်မာနိုင်ငံနဲ့ ဆက်ဆံရေး ကောင်းမွန် ခဲ့ပြီး ပြည်တွင်းမှာလည်း စစ်တပ်နဲ့အတူ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေကိုလည်း အမြောက်အမြား ရင်နှီး လုပ်ကိုင်ခဲ့တာပါ။
ဂျပန်နိုင်ငံကတော့ မြန်မာနိုင်ငံရဲ့ အစိုးရသစ်လက်ထက်မှာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အစဉ်တစိုက် တွန်းအားပေးဖို့ ကူညီ ဆောင်ရွက်နေတဲ့ နိုင်ငံတစ်ခုလည်းဖြစ်ပါတယ်။ မကြာသေးခင်တုန်းကဆိုရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေမှာ ပိုပြီးတိုးတက်ဖို့ မြန်မာနိုင်ငံက တင်နေတဲ့ ကြွေးမြီကင်းအော် ကူညီဆပ်ပေးခဲ့တဲ့ နိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါတယ်ခင်ဗျာ။
VOA Burmese Fan Page
လားရှိုးပြည်သူ့ဆေးရုံမှ လူနာများကို အလေးမထားဟုဆို
လားရှိုး၊ မတ် ၂၉။
ယမန်နေ့က လားရှိုးပြည်သူ့ဆေးရုံသို့ ယာဉ်တိုက်မှုဖြင့် ရောက်လာသော အရေးပေါ်လူနာကလေးအား တာဝန်ကျ ဆရာဝန်၊ ဆရာမများက ဂရုတစိုက်ဆေးကုပေးခြင်း မရှိဘူးဟု လူနာရှင်ကလေးဖခင်၏ ပြောကြားချက်အရ သိရသည်။
လားရှိုးမြို့၊ ရပ်ကွက်(၈)၊ မဟာဗျုဟာလမ်းနေ ဦးမြင့်လွင်၏ နှစ်နှစ်သားအရွယ် ကလေးငယ်အား ဆိုင်ကယ်တိုက်ခံရ၍ နံနက်၁၁း၃၀နာရီအချိန် လားရှိုးပြည်သူ့ဆေးရုံသို့ ရောက်လာခဲ့သည်။ တာဝန်ကျ သူနာပြုဆရာမများက ဒဏ်ရာရကလေးအား ၀ါဂွမ်းနှင့်အရက်ပျံဖြင့်သာ ဖုံးအုပ်ပေးထားပြီး တစ်ညလုံး ပစ်ထားကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။
ဆေးရုံ၌ တစ်ညလုံးငိုနေသော ကလေး၏အဖြစ်ကို ကြည့်ပြီး စိတ်မကောာင်း၍ ဖခင်ဖြစ်သူက တာဝန်ကျသူနာပြုဆရာမကို လူနာအခြေအနေ လာရောက်ကြည့်ပေးပါရန် ပြောဆိုသော်လည်း ဆရာမ၏ အော်ငေါက်တာကို ခံရတယ်ဟု ဦးမြင့်လွင်က ပြောကြားသည်။ နောက်တနေ့မနက်၁၂း၀၀နာရီ အချိန်ထိ ဒဏ်ရာရကလေးအား ဂရုတစိုက် လာမကြည့်သေးသောကြောင့် ဦးမြင့်လွင်က စိတ်ဆိုး၍ သက်ဆိုင်ရာသို့ အကြောင်းကြား အကူအညီတောင်းကာ ခဏအကြာ မီဒီယာတစ်ဦး ရောက်လာပြီး တာဝန်ကျသူနာပြု ဆရာမကို ကလေးလူနာ အခြေအနေ ဘယ်လိုဆက်လုပ်ပေးမလဲမေးမှ ဆေးရုံအုပ်ကြီး၏ ခွင့်ပြုမိန့်ရပြီး ခွဲစိပ်မှုပြုပေးကြောင်း သိရသည်။
“တော်တော်စိတ်ပျက်စရာ ကောာင်းတယ်။ ဆေးရုံကိုအားကိုးမိကာမှ ပိုစိတ်ဆင်းရဲရတယ်။ လူနာအပေါ်အချိန်မှီဆေးကုသ ဆောင်ရွက်ခြင်းမရှိ။ ဆေးရုံမှာဆေးမရှိ။ ကလေးတခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ။ နားရွက်လေးချုပ်ပေးလိုက်တာပဲရှိတယ်။ ဒီဆေးရုံမှာ ဆက်မကုနိုင်တော့ဘူး။ ကလေးရဲ့ဦးခေါင်းက ဒဏ်ရာကလည်းရှိသေးတယ်။ မန္တလေးမှာဆက်ကုတော့မယ်” ဟုကလေးဖခင် ဦးမြင့်လွင်က ပြောကြားသည်။
ထိုကြောင့်လားရှိုးပြည်သူ့ဆေးရုံသည် ဆေးရုံ၌ဆေးမရှိသည့်အပြင် တာဝန်ကျဆေးရုံဝန်ထမ်းမျာက လူနာများကို နွေးထွေးဆက်ဆံခြင်းမရှိ။ အရေးပေါ်အချိန်မီ ဆေးကုသပေးခြင်းလည်းမရှိ။ နားလည်မှုတွေနဲ့မျက်နှာလိုက်ပြီး လုပ်ဆောင်နေကြောင်း ဆေးရုံလူနာစောင့်များက ပြောပြကြသည်။
ထွန်းထွန်း

Subscribe to:
Posts
(
Atom
)