ဘရပ်ဆဲလ်၊ ဧပြီ-၁၈
ဥရောပသမဂ္ဂ(အီးယူ)သည် လာမည့်အပတ်အတွင်း မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုအားလုံးကို လက်နက်တင်ပို့မှု ပိတ်ပင်ခြင်းမှလွဲ၍ ရုပ်သိမ်းသွားရန် မျှော်လင့်နေကြောင်း သတင်းရရှိသည်။
ရိုက်တာသတင်း၏ ဖော်ပြချက်အရ အီးယူသည် မြန်မာနိုင်ငံတွင် မှတ်သားလောက်ဖွယ် ပြုပြင်ပြောင်းလဲမှုများကြောင့် ယခုကဲ့သို့ ပိတ်ဆို့မှုများ ရုပ်သိမ်းပေးသွားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်းဆိုသည်။ အီးယူသည် ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ထားမှုများကို လက်နက်တင်ပို့မှုမှလွဲ၍ တစ်နှစ်တာကာလ ဆိုင်းငံ့ပေးခဲ့သည်။ သို့သော် ယခုဆုံးဖြတ်ချက် ပေါ်ထွက်လာပါက မြန်မာနိုင်ငံအပေါ် ယမန်နှစ်ကကဲ့သို့ ယာယီဆိုင်းငံ့ပေးခြင်းမျိုး မဟုတ်တော့ဘဲ လက်နက်တင်ပို့မှုမှလွဲ၍ ကျန်ပိတ်ဆို့မှုများအားလုံးကို အပြီးတိုင် ပယ်ဖျက်ပေးသွားမည်ဖြစ်သည်။
ပိတ်ဆို့မှုများ ပယ်ဖျက်ရေးအတွက် အီးယူသံအမတ်ကြီးများသည် ယမန်နေ့က ဆွေးနွေးခဲ့ပြီး အီးယူအဖွဲ့အတွင်း ၀န်ကြီးအဆင့် သဘောတူအတည်ပြုချက်ကိုမူ တနင်္လာနေ့ ၀န်ကြီးများအစည်းအဝေးတွင် ပြုလုပ်ဖွယ်ရှိသည်။ အီးယူ၏ ပိတ်ဆို့မှုများ ပယ်ဖျက်ခဲ့ပါက ဥရောပကုမ္ပဏီများအားလုံးသည် မြန်မာနိုင်ငံတွင် အခြားနိုင်ငံများနှင့်အပြိုင် စီးပွားရေးရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်မည်ဖြစ်သည်။
အီးယူသည် ယခင်က မြန်မာကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၁,၀၀၀ နီးပါးခန့်၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ထားခဲ့ပြီး မြန်မာနိုင်ငံအတွင်းမှ လူပုဂ္ဂိုလ် ၅၀၀ ခန့်ကိုလည်း ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့ ၀င်ရောက်ခွင့် ပိတ်ပင်ထားခဲ့သည်။
ref; Reuters
7Day News Journal