ပြည်မြို့တွင် ကားတိုက်ခံရသည့် ကလေးငယ် အခြေအနေ စိုးရိမ်ရ
ပြည်၊ ဧပြီ ၂၅။
ပြည်မြို့ ဈေးကြီးအနီး (AEC) စတိုးဆိုင်အရှေ့တွင် ယမန်နေ့ ည(၈)ခန့်က ဖြစ်ပွားခဲ့သည့်
ယာဉ်တိုက်မှုတွင် အတိုက်ခံရသည့် ကလေးငယ်၏ အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေရှိနေပြီး
ရန်ကုန်ဆေးရုံကြီးသို့ အချိန်မီ ပို့ဆောင်ရန်လိုအပ်ကြောင်း ကလေး မိခင်ဖြစ်သူက ပြောကြားသည်။
“ကလေးက ခြေထောက်ကိုင်တာတောင် အကိုင်မခံဘူး။ ဗိုက်အောင့်တယ်၊ ဗိုက်အောင့်တယ်ဆိုပြီး အော်နေတယ်။
ရန်ကုန်ဆေးရုံကြီး ပို့ရ မယ် လို့ ဆရာဝန်က ပြောတယ် ” ဟု မိခင်ဖြစ်သူက မြန်မာ့ခေတ်သို့ ပြောကြားသည်။
ယာဉ်တိုက်ခံရသူ မဇွန်ပွင့်ဖြူခေါ် အသက် ခြောက်နှစ်အရွယ် ကလေးငယ်မှာ ဆီးအိမ်အက်ကွဲဒဏ်ရာရရှိပြီး
ဘယ်ဘက်ခါး သုံးချက်ချုပ်ရကာ ရင်ဘတ်တစ်ခုလုံး ပွန်းပဲ့ဒဏ်ရာများရရှိခဲ့ကြောင်း ပြည်မြို့
ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ပြည်မြို့၊ အမှတ်(၁)ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက “သူတို့က အမှုလာတိုင်တာ နောက်ကျတယ်။
ဘယ်လိုတိုက်မိတယ်ဆိုတာ ကျွန်တော်တို့ မသိလိုက်ရဘူး။ မျက်မြင်အခြေအနေလည်း မတွေ့လိုက်ရဘူး။ အခုတော့
ကားလည်း သွားသိမ်းထားပြီးပြီ”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။
အသက် ၂၆ နှစ်ရှိ အောင်ကိုဟိန်း မောင်းနှင်လာသော ဒိုင်နာအစိမ်းရောင်သည် ကလေးငယ်ကို ဘေးဘက်မှ
ဝင်ရောက် တိုက်မိခဲ့ကြောင်း၊ အဆိုပါ အမှုကို ပြည်မြို့ အမှတ်(၁)ရဲစခန်းတွင် ပ-၈/၃၃၈(ယာဉ်)ဖြင့်
အရေးယူထားကြောင်း အမှတ်(၁)ရဲစခန်းမှ သိရသည်။
ကိုရေခဲ(ပြည်)
The Myanma Age
Labels:
ပြည်တွင်းသတင်း