နောက်ကြောင်းပြန်လှည့်ခြင်း၊ မလှည့်ခြင်းမှာ
ကျွန်တော်ဟာ သာမန်စာဖတ်သူတစ်ဦးပါ။ အပြောင်းအလဲကာလကို စိတ်ဝင်စားမိလို့ ဟိုဂျာနယ်ကောက်ကိုင်၊ ဒီစာအုပ် ကောက်ဖတ်တာလောက်ပဲ ရှိပါတယ်။ မနေတတ်၊ မထိုင်တတ်လို့ ဝင်ပြော မိတဲ့ စကားမှာ မှားတာပါရင် ခွင့်လွှတ်ပါလို့ အရင်ဦးဆုံး တောင်းပန် ပါရစေ။ ကျွန်တော်ဟာ ပညာရှင်တစ်ယောက် မဟုတ်တဲ့အတွက် အရေးအသားဟာ ပညာတတ် မဆန်တာလည်း ခွင့်လွှတ်ပေးပါ။
ရခိုင်အရေး၊ လက်ပံတောင်းတောင် ပြဿနာ၊ ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် နောက်ကြောင်း ပြန်လှည့်လေမလား ဆိုတဲ့ စိုးရိမ်စိတ်တွေ မြင့်တက် လာပါတယ်။
စိုးရိမ်မယ်ဆိုလည်း စိုးရိမ်စရာပဲ။ သမိုင်းကြောင်းကလည်း ရှိခဲ့တာကိုး။ ကျွန်တော်တို့ ပြည်သူအားလုံး စိုးရိမ်နေရုံနဲ့ မပြီးပါဘူး။ နောက်ကြောင်း ပြန်မလှည့်နိုင်အောင် ကျွန်တော်တို့အားလုံးက ဝိုင်းဝန်းထိန်းသိမ်းနိုင်စွမ်း ရှိဖို့ လိုပါတယ်။ ကိုယ်ရဲ့အပြုအမူ အပြောအဆိုတွေဟာ အသိစိတ်နဲ့ပဲ ဖြစ်ဖြစ်၊ မသိစိတ်ကြောင့်ပဲ ဖြစ်ဖြစ် အဟန့်အတားဖြစ်စေမယ့်၊ နောက်ကြောင်း ပြန်လှည့်စေနိုင်မယ့် အပြုအမူ၊ အပြောအဆိုမျိုး မဖြစ်ဖို့ လိုပါတယ်။ နာမည်ကြီးလေ၊ လူကြိုက်များလေ ပိုသတိထားသင့်လေ ပါပဲ။ အကြောင်းတစ်စုံ တစ်ရာဖြစ်လာပြီ ဆိုရင် မျက်နှာချင်းဆိုင် စေ့စပ်ညှိနှိုင်းပြီး အကောင်းဆုံး အဖြေကို ရှာဖွေသင့်ပါတယ်။ စိတ်ခံစားမှုကို ရှေ့တန်းမတင်ဘဲ၊ တရားသေ ဝါဒကို မဆုပ်ကိုင်ဘဲ ဖြစ်နိုင်ခြေရှိတဲ့ အဖြေကို တွက်ချက်တတ်ဖို့ လိုပါတယ်။ အဲဒီလို ဖြေရှင်းနိုင်ဖို့ရန် ကျွန်တော်တို့ ပြည်သူအားလုံးဟာ နိုင်ငံရေး အသိရေချိန်မြင့်ဖို့ လိုပါတယ်။ ဒီမိုကရက်တစ်ဓလေ့ ထွန်းကားဖို့ လိုပါတယ်။
ကျွန်တော်တို့ရဲ့ အသိပညာရေချိန် ဘယ်လောက်ရှိသလဲ။ တခြား ဝေးဝေးကြည့်စရာတောင် မလိုဘူး။ ရပ်၊ ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကို ကြည့်ရင်တောင် သိနိုင်ပါတယ်။ သူ့ဘက်၊ ကိုယ့်ဘက်၊ သူ့လူ၊ ကိုယ့်လူ၊ အချေအတင် ဖြစ်ကြ၊ ငြင်းကြခုံကြ၊ ကွဲကြ၊ ပြဲကြတယ်။ ကိုယ့်ရပ်ကွက်၊ ကိုယ့် ကျေးရွာ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနိုင်မယ့် သူကို ရွေးချယ်တင် မြှောက်ရမယ်ဆိုတဲ့ Common Ground ပျောက်နေပါတယ်။ အဲဒီလိုဖြစ်တာ တစ်နေရာ၊ နှစ်နေရာတည်း မဟုတ်ပါဘူး။ တစ်နိုင်ငံလုံး ဖြစ်နေတာပါ။
ကျွန်တော်တို့ ပြည်သူအားလုံးရဲ့လက်ရှိ အခြေအနေမျိုးမှာ နိုင်ငံရေး လူတွင်ကျယ်လုပ်ချင်တဲ့ ရေသာခို နိုင်ငံရေးသမားတွေကို သတိကြီးကြီး ထားနိုင်မှ တန်ကာကျမယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ဟာ နောက်ကြောင်း ပြန်လှည့်စေနိုင်လောက်တဲ့ သူတွေ ဖြစ်လို့ပါပဲ။ သူတို့ဟာ ဘယ်ခေတ်မဆို ရှိကြတာပါပဲ။ သည်းခြေကြိုက် စကားလုံးတွေ လှိုင်လှိုင်သုံးပြီး၊ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အပထား။ သူတို့နေရာရဖို့၊ နာမည်ကြီးဖို့ လူရှေ့သူရှေ့ ထွက်ပြီး ကယ်တင်ရှင်လေသံ ဟစ်ပြီး လူစုတတ်ကြတယ်။ သူတို့ဟာ ပန်းတိုင်ကို ဘယ်လိုသွားရမယ်၊ ဘယ်လိုရှာရမယ်ဆိုတာ မသိပါဘူး။ စိတ်လည်း မဝင်စား ပါဘူး။ လက်ညှိုးထိုး လုပ်စားနေသူတွေပါ။
ကျွန်တော်တို့ဟာ သူတို့ရဲ့ ထောင်ချောက်ထဲ တိုးဝင်မိလို့ ကတော့ နောက်ကြောင်းပြန်လှည့်ရုံ တင်မကဘူး။ တစ်စစီဖြစ်သွားနိုင် ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အားလုံးဟာ သူတို့ရဲ့ သွေးဆောင်ဖြားယောင်းမှု နောက်မလိုက်မိဖို့ လိုပါတယ်။ သတိရှိဖို့ လိုပါတယ်။
အခုအချိန်ဟာ Democratization ကာလဆိုတာရယ်၊ Democratization နဲ့ Democracy ဟာ ထပ်တူမကျဘူးဆိုတာ နိုင်ငံရေးကို နည်းနည်းလောက် စိတ်ဝင်စားရုံနဲ့ သိပါတယ်။ ဒါပေမဲ့ တကယ့်တကယ် ပြောကြ၊ ဆိုကြတဲ့အခါ၊ လုပ်ကြ ကိုင်ကြတဲ့အခါမှာ ပေတံတွေ ပါလာတော့တာပါပဲ။ နိုင်ငံရေးကို စိတ်ဝင်စားမှုနည်းတဲ့ သာမန်လူတွေဆို နားလည် လက်ခံလို့ရပေမယ့် နိုင်ငံရေးကို ထဲထဲဝင်ဝင် နားလည်ပါတယ်ဆိုတဲ့ သူတွေပါ ပေတံတကားကား ဖြစ်လာတာ တော်တော် စိတ်ပျက်ဖို့ ကောင်းပါတယ်။ ပညာရှိ သတိဖြစ်ခဲတာလား၊ လူတွင်ကျယ် လုပ်ချင်တာလား။ အဲဒီလိုလူမျိုးတွေထဲမှာ ကျွန်တော်အထင်ကြီး လေးစားရတဲ့ သူတွေပါနေတာ စိတ်မကောင်း ဖြစ်မိတယ်။ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ကွဲဖို့လိုပါပြီ။ ကျွန်တော်တို့ဟာ ဆရာအောင်ထွဋ် ပြောသလို ထီမပေါက်ဘဲ သူဌေးဖြစ်နိုင်မယ့် နည်းလမ်းကို ရှာခဲ့ကြတာ ဆိုတာ မမေ့ဖို့ လိုပါတယ်။
ကျွန်တော် တောင်းပန်ချင်တာကတော့ နိုင်ငံရေးကိုလည်း နားလည် တယ်။ နိုင်ငံနဲ့လူမျိုးကို ချစ်တယ်ဆိုတဲ့ သူတွေ ဒီမိုကရေစီ ခရီးလမ်းမှာ ကိုယ့်ကြောင့် အဟန့်အတား မဖြစ်စေဖို့ သတိရှိကြ စေလိုပါတယ်။ ကျွန်တော်တို့ဟာ မြောင်းဖောက် မပေးနိုင်တောင် ဒိုက်တွေ၊ အမှိုက်သရိုက်တွေ မဖြစ်ဖို့ လိုပါတယ်။
ဒီမိုကရေစီ ပန်းတိုင်ကို မဖဲ့မစောင်း အရောက်ချီတက် နိုင်ဖို့ အရေးပါတဲ့ သူတွေကတော့ အပြောင်းအလဲကို ဦးဆောင်ပါဝင်ခဲ့ကြတဲ့ နေရာ အသီးသီးမှ Stakeholder တွေနဲ့ Media တွေပါပဲ။
နေရာအသီးသီးမှ Stakeholder တွေအနေနဲ့ အနာဂတ်နိုင်ငံတော် တည်ဆောက်ရာမှာ အဓိကကျတဲ့ အခန်းကဏ္ဍက ပါဝင်တဲ့အတွက် ပြောသတိ၊ ရေးသတိ ရှိသင့်ပါတယ်။ အစွန်းမရောက်ဖို့ အရေးကြီးပါတယ်။ ကိုယ်ပြောလိုက်တဲ့ စကားတစ်ခွန်း၊ ကိုယ်ရေးလိုက်တဲ့ စာတစ်လုံးကြောင့် ထိန်းမနိုင်၊ သိမ်းမရ မဖြစ်ဖို့လိုပါတယ်။ ကိုယ်ပြောတဲ့ စကားမှန်တယ် ဆိုဦးတောင် အကျိုးသင့် အကြောင်းသင့်နဲ့ တစ်ဖက်လူ ခံသာဖို့ လိုပါတယ်။ အသံကြောင့် ဖားသေ ဆိုသလိုမျိုးလည်း မဖြစ်သင့်ပါဘူး။ ငါလုပ်တာမှ အမှန်၊ သူလုပ်ရင် အမှား ၊ ငါနဲ့မတူ၊ ငါ့ရန်သူဆိုတဲ့ ကလေးကလား ဆန်တဲ့ အပြုအမူမျိုးလည်း မရှိသင့်၊ မရှိအပ်ပါဘူး။ ယခုအချိန်ခါမှာ Stakeholder အားလုံး ညီညီ ညွတ်ညွတ်နဲ့ ဖြစ်လာတဲ့ ပြဿနာတွေကို အတူလက်တွဲ ဖြေရှင်းသင့်ပါပြီ။ တွယ်ကပ်နေဖို့ မသင့်တော့ပါဘူး။ တစ်ဦးရဲ့အားနည်းချက်ကို တစ်ဦးက ဖြည့်စွက်၊ တစ်ဦးရဲ့ အားသာချက်ကို တစ်ဦးက အလေးပေး အသိအမှတ် ပြုသင့်ပါပြီ။ ဒါမှသာ ကျွန်တော်တို့ ပြည်သူအားလုံး တောင့်တနေတဲ့ ဒီမိုကရေစီ ပန်းတိုင်ကို အရောက်လှမ်းနိုင်မှာပါ။
မီဒီယာတွေအနေနဲ့ စတုတ္ထမဏ္ဍိုင် ပီပီသသဖြစ်ဖို့ လိုပါတယ်။ အစွဲတွေ၊ ခံစားမှုတွေကင်းပြီး ဖြစ်သင့်၊ ဖြစ်ထိုက်တဲ့ အကြံပြုချက်၊ ဝေဖန် ထောက်ပြချက် မျိုးတွေပဲ ဖော်ပြသင့်ပါတယ်။ မီဒီယာတွေဟာ တစ်ဖက်နဲ့ တစ်ဖက်အပြန်အလှန် နားလည်မှု ယုံကြည်မှုတွေ တည်ဆောက်နိုင်စွမ်း ရှိသလို ပျက်ပြား နိုင်စွမ်းလည်း ရှိပါတယ်။ ကိုယ်ရေးလိုက်တဲ့၊ ဖော်ပြလိုက်တဲ့ စာတစ်လုံး၊ စာတစ်ပုဒ်ဟာ မှန်တယ်ဆိုပေမယ့် ကသောင်းကနင်း ဖြစ်စေ နိုင်မလား၊ ချင့်ချိန်သင့်ပါတယ်။ ဖြစ်နိုင်တယ်လို့ ယူဆရင် မဖော်ပြသင့်ပါဘူး။ နည်းနည်းပါးပါး စာပေလွတ်လပ်ခွင့်လေး ရလာတော့ ကျွန်တော်တို့ မြန်မာ စရိုက်ကို ထင်ဟပ်တဲ့ အရေးအသားမျိုးတွေ ခပ်စိပ်စိပ်တွေ့လာရတယ်။ ပြုံးလည်းပြုံးမိ စိတ်လည်းပျက်မိတယ်။ လူပြိန်းကြိုက်စကားလုံးတွေ သုံးပြီး ရောင်းအားကောင်းအောင် လုပ်တာ ကိုယ့်အတွက် အကျိုးရှိပေမယ့် တိုင်းပြည် အတွက် အန္တရာယ်ကြီးလှတယ်။ အခုအချိန်ဟာ အပြောင်းအလဲကာလ ဆိုတာ မေ့ချင်ယောင်ဆောင်ဖို့ မသင့်ပါဘူး။
ယခုလက်ရှိ မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ကြိုးတန်းပေါ် လမ်းလျှောက်နေတဲ့ အနေအထား မျိုးပါ။ တစ်ဖက်နဲ့ တစ်ဖက်ဟန်ချက် ညီဖို့ အရေးကြီးဆုံး အချိန်ပါပဲ။ အဲဒီလိုဟန်ချက်ညီဖို့ မီဒီယာတွေမှာ များစွာ တာဝန်ရှိပါတယ်။ တစ်ဖက်စောင်းနင်း ဆန်တဲ့၊ အထင်မှား၊ အမြင်မှားဖြစ် စေနိုင်တဲ့ အရေးအသားမျိုး မဖြစ်ဖို့ အထူးဂရုပြုသင့်ပါတယ်။ ဘယ်သူ့ မျက်နှာမှ မကြည့်ဘဲ ပြည်သူတွေရဲ့ ရှေ့ရေးကို ကြည့်ပြီး ရေးသားတင်ပြ သင့်ပါတယ်။ ဒါမှသာ ပြည်သူတွေက အလေးထားရတဲ့ စတုတ္ထမဏ္ဍိုင်အဖြစ် ရပ်တည်နိုင်မှာပါ။
အပြောင်းအလဲရဲ့ အရသာကို ကျွန်တော်တို့ ပြည်သူတွေ ကောင်းကောင်းမခံစားရသေး ပေမယ့် နောက်ပြန်လှည့် လေမလားဆိုတဲ့ သောကကိုတော့ တော်တော်လေး ခံစားနေရပါပြီ။ ကျွန်တော်တစ်ဦးတည်း အမြင်ကတော့ နောက်ပြန်လှည့်ခြင်း၊ မလှည့်ခြင်းဟာ ကျွန်တော်တို့ ပြည်သူ အားလုံးနဲ့ပဲ ဆိုင်တယ်လို့ ယူဆပါတယ်။ ကျွန်တော်တော့ နောက်ပြန်လှည့်ရင် ဆိုတဲ့ အတွေး တွေးလိုက်တာနဲ့ နှလုံးရောဂါရမှာ ကြောက်ရပါတယ်။ မျက်စိထဲ လစ်ဗျား၊ ဆီးရီးယား တို့ပဲ ပြေးပြေး မြင်နေမိတယ်။ ကျွန်တော်တို့နိုင်ငံဟာ တိုင်းရင်းသားပေါင်း တစ်ရာကျော်နဲ့ တည်ဆောက်ထားတာပါ။
နောက်ကြောင်းပြန်လှည့် လိုသူတွေ၊ မျောက်ပြဆန်တောင်း လိုသူတွေကို ကျွန်တော်တို့ ပြည်သူအားလုံးက လက်ညှိုးထိုး အပြစ်တင်နေစရာ မလိုပါဘူး။ သူတို့ဆန္ဒ၊ သူတို့သဘော အတိုင်းပေါ့။ ကျွန်တော်တို့ ပြည်သူတွေ အားလုံးကသာ သူတို့ကို ခွဲခြားသိမြင်ပြီး ထိန်းချုပ် ဖယ်ရှားရှင်းလင်း နိုင်ဖို့ပဲ လိုတာပါ။ အဲဒီလို ဖယ်ရှားနိုင်ဖို့ ကျွန်တော်တို့အားလုံးမှာ နိုင်ငံရေးအသိ ရေချိန်မြင့်မားဖို့၊ ဒီမိုကရက်တစ်ဓလေ့ ထွန်းကားဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ လက်ရှိ အနေအထားအရ ကျွန်တော်တို့ ပြည်သူ အားလုံး သတိရှိရှိနဲ့ ဝိုင်းဝန်းကြိုးပမ်းနိုင်မှ တော်ကာကျပါလိမ့်မယ်။ ဒါကြောင့် နောက်ကြောင်းပြန်လှည့်ခွင့် မရအောင် ဝိုင်းဝန်းအားထုတ်ကြပါ လို့ တောင်းပန်လိုက်ပါရစေ။
(မျိုးမြင့်အောင်)
The Voice Weekly