ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအား ဆက်သွယ်ရေး သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန အဖြစ် ဝန်ကြီးဌာနအမည်ကို ၂၀၁၂ ခုနှစ်ကတည်းက ပြင်ဆင်သတ်မှတ် လိုက်ပါသည်။ ဖုန်းကတ်များကို အလကား ပေးသင့်ကြောင်း ပြောကြားခဲ့သည်။
အိုင်တီလောကတွင် နာမည်ကြီး သည့် KMD အုပ်စု အကြီးအကဲ ဦးသောင်းတင် ကို ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး နောက် ဖုန်းဆင်းမ်ကတ်များကို လူတိုင်း သုံးစွဲနိုင်ရေးနှင့် မြန်မာနိုင်ငံ ဆက်သွယ်ရေး တစ်ခေတ်အပြောင်းကို မျှော်လင့် လာနိုင်ကြသည်။
မြန်မာ့ဖုန်းဈေးကွက်သည် နှစ်သိန်းတန် ဖုန်းမှသည် နှစ်သောင်းတန်ဖုန်းအထိ သို့လော သို့လော အဖြေရှာမရဖြစ်နေသည်။ သမ္မတကိုယ်တိုင် တန်ဖိုးနည်းဖုန်း ကိစ္စ ပြောလာသဖြင့် လူစိတ်ဝင်စားမှု အများ အပြားရခဲ့ရာမှ ယခုနှစ်ဧပြီလတွင် ဖုန်းလိုင်း ဈေးကို မျှော်လင့်မထားသည့် ၁၅၀၀ ကျပ် ဖြင့် သုံးနိုင်မည်ဆိုသည့် သတင်းက ပြည်သူများ စိတ်ဝင်စားမှုအရဆုံး သတင်းတစ်ပုဒ် ဖြစ်သွားခဲ့သည်။ မြန်မာ့တယ်လီဖုန်း ဈေးကွက်၌ ဆက်သွယ်ရေးဝန်ကြီးဌာန ချုပ်ကိုင်မှုအောက်တွင် ၁၅ သိန်း၊ ၅ သိန်း၊ ၂ သိန်းမှသည် ယခုနောက်ဆုံး ၁၅၀၀ ကျပ် အထိ အဆင့် လျှော့ချလိုက်ခြင်းကြောင့် ယခင်တန်ဖိုးကြီးမြင့်စွာ ဈေးနှုန်းများပေးပြီး ကိုင်တွယ်ခဲ့ရသူများ အနေနှင့် စိတ်မခံချိ မခံသာ ဖြစ်စရာကောင်းလှကြောင်း တန်ဖိုးကြီးလိုင်းကြေး ပေးကာ ဖုန်းကိုင်ဆောင်ခဲ့ ရသူများက ဆိုသည်။
ဖုန်းကတ်များကို မှောင်ခိုမှု ကင်းစေရေးအတွက် ရန်ကုန်အပါအဝင် တိုင်းဒေသကြီးများနှင့် ပြည်နယ် ၁၁ ခုတွင် CDMA 800 ကတ်များကို ဦးစားပေး ရောင်းချသွားမည်ဟု ဆိုလာသည်။ CDMA 800 MHz ဖုန်းကတ်များကို ရခိုင်၊ ချင်းနှင့် ကယားပြည်နယ်များမှအပ အခြားပြည်နယ် နှင့် တိုင်းဒေသကြီး များတွင် တစ်လ လိုင်းကတ် သုံးသိန်းခွဲ ရောင်းချသွားမည်ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြားခဲ့သည်။
တာဝန်ရှိသူများက ပြည်နယ်နှင့် တိုင်းအလိုက် လိုင်းကတ်များကို ရောင်းချပေးမည် ဆိုသော်လည်း ကတ်အရေအတွက် မည်မျှရောင်းချပေးမည်ကို လျှို့ဝှက်ထားခြင်းကြောင့် ပွင့်လင်းမြင်သာမှု မရှိသေးဟု ဆိုရမည်ဖြစ်သည်။ ထို့ပြင် သင်္ကြန်မတိုင်မီ ကတည်းက ရပ်ကွက်အုပ်ချုပ်ရေးရုံးများ ရှေ့တွင် ရပ်ကွက်အတွင်း သန်းခေါင်စာရင်း ဖြင့် နေထိုင်သူများကို အိမ်ထောင်စုဝင် တစ်ဦး လျှောက်စနစ်ဖြင့် CDMA 800 MHz ကတ်များချပေးမည်ဟု ကြေညာချက်များ ထွက်လာသည်။ လျှောက်ထားသူ များသည် အစိုးရဝန်ထမ်းမဟုတ်သူ ဖြစ်ရမည် ဆိုသဖြင့် အစိုးရဝန်ထမ်းများ အတွက် သီးခြားအစီအစဉ် ရှိသလောဆိုသည့် မေးခွန်းများထွက်လာသည်။ နှစ်သိန်းတန် ဖုန်းကို ဝန်ထမ်းများအား အကြွေးစနစ်ဖြင့် ရောင်းချပြီးဖြစ်သဖြင့် အကြွေးကျေအောင် ဆပ်ရဦးမည်လော မသိ။
၁၅၀၀ ကျပ်တန်ဖုန်းလိုင်းကို ယခု ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များမှ တစ်ဆင့် ဖြန့်ချိပေးသည့် စနစ်တွင် မဲဖောက်ပေးမည် ဖြစ်ပြီး ကတ်မည်မျှရ၍ မည်မျှမဲဖောက်ပေး မည်ကိုမူ မသိရပေ။
မိုဘိုင်းလ်တစ်ခေတ်ဆန်းသစ်
မြန်မာနိုင်ငံတွင် CDMA တယ်လီဖုန်း စနစ်ကို ၁၉၉၇ ခုနှစ်တွင် အသုံးပြုနိုင်ပြီး GSM စနစ်ကို ၂၀၀၁ ခုနှစ်တွင် စတင်တပ်ဆင် အသုံးပြုနိုင်ခဲ့သည်။
မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းသည် GSM မိုဘိုင်းလ်ဖုန်း တိုးချဲ့တပ်ဆင်ခြင်း စီမံကိန်းကို ၁၄-၃-၂ဝ၁၂ နေ့မှ စတင်ကာ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်းပြည်နယ် များတွင် ပထမအဆင့် အနေဖြင့် လိုင်းအင်အား ၁၉၅,၃၀၀ ကို တပ်ဆင်ပေးခဲ့သည်။
တိုင်းဒေသကြီးများဖြစ်သည့် စစ်ကိုင်း၊ တနင်္သာရီ၊ ပဲခူး၊ မကွေး၊ ဧရာဝတီ၊ မန္တလေး၊ နေပြည်တော်တို့တွင်လည်း ၂၀-၃-၂၀၁၂ နေ့မှစတင်ပြီး တန်ဖိုးနည်း GSM ဖုန်းများ ကို စတင်ရောင်းချ ပေးနိုင်ရေး ပထမအဆင့် အနေနှင့် တပ်ဆင်ပေးမည့် လိုင်းအင်အား မှာ ၄၃၅,၆၀၀ ဖြစ်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံ တစ်နိုင်ငံတွင် မိုဘိုင်းလ်ဖုန်း သိပ်သည်းဆ ၁၀ ရာခိုင်နှုန်းတိုးခြင်း သည် တိုင်းပြည်ဝင်ငွေ (GDP) ကို ၁ ဒသမ ၂ ရာခိုင်နှုန်းခန့် တိုးတက်စေရန် ကြံဆောင် ခြင်းဟု ဆိုထားပါသည်။ နိုင်ငံတကာ မိုဘိုင်းလ်ဖုန်း အော်ပရေတာများ၏ အဖွဲ့ အစည်းတစ်ခုဖြစ်သော GSM အဖွဲ့၏ ထုတ်ပြန်ချက်အရ မိုဘိုင်းလ်ဖုန်း သိပ်သည်းဆ ၁၀ ရာခိုင်နှုန်းတိုးတိုင်း ကုန်ထုတ်စွမ်းအား ၄ ဒသမ ၂ ရာခိုင်နှုန်း တိုးတက်လာနိုင်သည် ဟုဆိုထားသည်။ အပြည်ပြည်ဆိုင်ရာ ကြေးနန်းအဖွဲ့ (ITU) ၏ လေ့လာတွေ့ရှိချက် တွင်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများတွင် တယ်လီဖုန်း လိုင်းသစ်တစ်ခုကို တပ်ဆင်အသုံးပြုတိုင်း တိုင်းပြည်ဝင်ငွေ GDP အမေရိကန် ဒေါ်လာ ၄၅၀၀ ခန့် တိုးပွားစေသည်ဟု ဆို ထားသည်။
၂၀၁၂ ခုနှစ်တွင် မြန်မာနိုင်ငံ၏ တယ်လီဖုန်း အသုံးသည် လူဦးရေ၏ ၅ ရာခိုင်နှုန်းမျှပင် မရှိသေးပေ။ ထိုအချိန်၌ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံတွင် လူဦးရေ၏ ၅၇ ရာခိုင်နှုန်း၊ လာအိုတွင် ၆၄ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံတွင် ၁၀၀ ရာခိုင်နှုန်းကျော် တယ်လီဖုန်းများကို အသုံးပြုနေကြပြီ ဖြစ်သည်။
မြန်မာနိုင်ငံတွင် မိုဘိုင်းလ်ဖုန်း တစ်လုံးကို အမေရိကန်ဒေါ်လာ ၄၅ မှ ၁၅၀၀ ခန့်အထိ ပေးကိုင်နေကြရသည်။ SIM ကတ် တစ်ကတ်ကိုလည်း ယမန်နှစ်က အထိ အမေရိကန်ဒေါ်လာ ၁၅၀ မှ ၃၅၀ ခန့် အထိ ဝယ်သုံး နေကြရသေးသည်။ ယခုနှစ် ဧပြီလတွင်မှ မိုဘိုင်းလ်ဖုန်း လိုင်းကို မြန်မာ ကျပ်ငွေ ၁၅၀၀ ဖြင့် လာမည့် ၂၄ ရက်နေ့မှ စတင်သုံးနိုင်မည် ဖြစ်ကြောင်း ဆက်သွယ် ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ သတင်းကြေညာချက်တွင် CDMA 800 MHz မိုဘိုင်းလ်ဖုန်းနှင့် WCDMA ကို စတင်ရောင်းချမည်ဖြစ်ပြီး CDMA 800 MHz မရနိုင်သေးသည့် ဒေသများတွင် WCDMA ကို ဦးစားပေးရောင်းချသွား မည် ဟုဆိုသည်။
နိုင်ငံတကာနှင့်ယှဉ်
မြန်မာနိုင်ငံတွင် လူဦးရေ ၆၂ သန်း ခန့်ရှိပြီး လူဦးရေ၏ ၉ ရာခိုင်နှုန်းခန့်သာ မိုဘိုင်းလ်ဖုန်းများကို သုံးစွဲနိုင်ကြသေး သည်။ ၂၀၁၆ ခုနှစ်တွင် နိုင်ငံလူဦးရေ၏ ၈၀ ရာခိုင်နှုန်းခန့် မိုဘိုင်းလ်ဖုန်းများ သုံးစွဲရန် လျာထားသတ်မှတ် ထားကြောင်း ပြည်တွင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
ကမ္ဘောဒီးယားတွင် လူဦးရေ၏ ၇၀ ရာခိုင်နှုန်း၊ လာအိုတွင် ၈၇ ရာခိုင်နှုန်း၊ ထိုင်းတွင် ၁၀၀ ရာခိုင်နှုန်းကျော် မိုဘိုင်းလ် ဖုန်းများကို သုံးစွဲနေကြသည်။
မြန်မာနိုင်ငံ မိုဘိုင်းလ်စနစ်တွင် သုံးစွဲနေသည့် ရေဒီယိုလှိုင်းပမာဏမှာ GSM အတွက် 900 MHz နှင့် 1800 MHz စနစ်ဖြစ်ပြီး WCDMA အတွက် 800 MHz စနစ်၊ UMTS အတွက် 2100 MHz စနစ်များဖြစ်ကြသည်။
မြန်မာနိုင်ငံတွင် ယမန်နှစ် ဒီဇင်ဘာလ အထိ မိုဘိုင်းလ်ဖုန်း သုံးစွဲသူ ၅ ဒဿမ ၄၄ သန်းရှိကြောင်း သိရသည်။ နိုင်ငံလူဦးရေ အချိုးနှင့်ကြည့်လျှင် ၉ ရာခိုင်နှုန်း ခန့်သာ သုံးစွဲနိုင်သေးသည့် သဘော ဖြစ်သည်။ လူဦးရေ၏ ၁ ဒဿမ ၃ ရာခိုင်နှုန်းသည် လိုင်းဖုန်းများကို သုံးစွဲနေကြပြီး broadband အင်တာနက် သုံးစွဲနိုင်သူဦးရေမှာ သုည ဒဿမ ၀၃ ရာခိုင်နှုန်းဖြစ်သည်။
နာဂစ်ပြီးချိန်မှ စတင်ပြီး CDMA 450 နှင့် တစ်နိုင်ငံလုံးတယ်လီဖုန်း ပြောဆိုနိုင်ရေး ဆောင်ရွက်ခဲ့သည်။ CDMA 450 ဖုန်းသည် Coverage ပေါင်းစုံသုံးနိုင်သည့် ဖုန်းမဟုတ်ပေ။ အိမ်နီးချင်း နိုင်ငံများကို ယူသွားပြီး အသုံးပြုနိုင်သည့် International Roaming ရရှိနိုင်သည့် ဖုန်း စနစ်လည်းမဟုတ်ပေ။ ထို့ကြောင့် GSM စနစ်ကို ထပ်မံတပ်ဆင် အသုံးပြုရသည်။
အပြောင်းအလဲများဖြင့် တစ်ခေတ်ဆန်း
ဆက်သွယ်ရေး၊ သတင်းအချက်အလက် နှင့် နည်းပညာ ဝန်ကြီးဌာနသည် စာတိုက်၊ ကြေးနန်း၊ တယ်လီဖုန်းဆိုင်ရာ ဆက်သွယ်ရေး ဥပဒေ၊ နည်းဥပဒေများကို ခေတ်စနစ် နှင့်လျော်ညီစေရန် ပြင်ဆင်ရေးဆွဲပါမည် ဟု ဆိုထားသည်။ ထို့ပြင် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများအား PPP (Public, Private, Partnership) ပုံစံဖြင့် ပါဝင်ရင်းနှီးမြှုပ်နှံ ဆောင်ရွက်ခွင့်များလည်း ပေးတော့မည် ဖြစ်ကြောင်း ဆိုလာသည်။
၂၀၁၃ ခုနှစ်မှစတင်ပြီး မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းအား နိုင်ငံတော် ဘတ်ဂျက်အပေါ် မှီခိုခြင်းအသုံးပြုခြင်း မရှိသည့် ကော်ပိုရေးရှင်းအဖြစ် ပြောင်းလဲမည် ဖြစ်ကြောင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် ဆက်သွယ်ရေးဝန်ကြီးဌာန၏ လွှတ်တော်သို့ တင်သွင်းသော အမျိုးသားစီမံကိန်း ဥပဒေ ကြမ်းအရ သိရှိရသည်။ ထို့ပြင် နိုင်ငံခြား အထောက်အပံ့နှင့် ချေးငွေများ ရယူကာ GSM/UMTS မိုဘိုင်းလ်တယ်လီဖုန်း များကို တိုးချဲ့တပ်ဆင်သွားမည် ဟုလည်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်သွယ်ရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲရေး အနေနှင့်
၁။ ဖြေလျှော့ခြင်း (Liberalization)
၂။ နည်းဥပဒေများကို ပြန်လည် ပြင်ဆင်ရေးဆွဲခြင်း (Modernization)
၃။ ဆက်သွယ်ရေး ဈေးကွက်ပြိုင်ဆိုင်မှု ပေးခြင်း (Competition)
၎။ နိုင်ငံပိုင်အချိုးအစားများစွာ သိမ်းပိုက်ထားရာမှ ပုဂ္ဂလိကပိုင်အဖြစ် လျှော့ချ အသွင်ကူးပြောင်းခြင်း (Privatization) တို့ကို ပြုလုပ်မည်ဟုလည်း ဆိုထားသည်။
ဝန်နှင့်အားမျှရန်လို
ရန်ကုန်တွင် လူဦးရေ ခြောက်သန်းခန့် ရှိသည်။ လက်ရှိ ရန်ကုန်တွင် ဖုန်းအသုံးပြု နေသည့် ဦးရေ ၃ သိန်းကျော် ၄ သိန်းခန့် ရှိသည်။ လူဦးရေ ၅ သန်းခွဲခန့် ဖုန်းမသုံး နိုင်သည့် အနေအထားတွင်ရှိသည်။ ၅သန်း ခွဲတွင် လက်ရှိရောင်းဈေးနှုန်း ၂ သိန်းဖြင့် ၁၀ ရာခိုင်နှုန်း ဝယ်နိုင်မည်ဆိုလျှင်၊ နောက်ထပ် လူဦးရေ ၅ သိန်းခွဲလောက် ဖုန်းဝယ် သုံးကြလျှင် ယခုတည်ဆောက်ထားသော Network ကွန်ရက်မှာ သုံးသိန်းခွဲခန့်သာ ခံနိုင်သဖြင့် ကွန်ရက်ပြိုလဲသွားနိုင်ကြောင်း ယမန်နှစ် ၂၄-၃-၂၀၁၃ နေ့တွင် ရန်ကုန်မြို့ MICT Park ရှိ မြန်မာအင်ဖိုတက်ခ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာ့ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး ကော်ပိုရေးရှင်း လီမိတက် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ် ဒဿမ အကြိမ်မြောက် နှစ်ပတ်လည် အထွေထွေ အစည်းအဝေးတွင် ဆက်သွယ်ရေး၊ စာတိုက် နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင့်လွင်က ပြောကြားခဲ့သည်။ ဦးတင့်လွင် က ဈေးချလိုက်ရင် ဝယ်လိုအား တက်လာမည်၊ ဝယ်လိုအားတက်လာလျှင် ခံနိုင်ဝန်ရှိရန် အရေးကြီးသည်၊ ငွေရေးကြေးရေးနှင့် နည်း ပညာအခက်အခဲ မရှိသော်လည်း နေရာ ဒေသအလိုက် ရနိုင်ရန်အခက်အခဲရှိသည်၊ တည်ဆောက်ရန် အချိန်လိုအပ်သည်ဟု ပြောကြားခဲ့ဖူးသည်။
ယခုအခါ ရန်ကုန်မြို့တွင် တပ်ဆင် ထားသော မိုဘိုင်းလ်ဖုန်းလိုင်း အင်အား၏ ၉၅ ရာခိုင်နှုန်းခန့်ကို သုံးစွဲခွင့်ရနေပြီ ဖြစ်ကြောင်း ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။ လက်ရှိ အနေအထားတွင် မြန်မာနိုင်ငံ၌ Roof-top Mobile Antenna (အိမ်ခေါင်မိုး မိုဘိုင်းလ် အင်တင်နာ) များ တပ်ဆင်ရန် အမြောက်အမြား လိုအပ်နေသေးပြီး တိုးချဲ့တပ်ဆင်နိုင် ခြင်းမရှိပါက ဆက်သွယ်ပြောဆိုမှုများ ပြတ်တောက်နိုင်ကြောင်း အဆိုပါဌာန၏ သတင်း Website တွင် ရေးသားဖော်ပြ ထားသည်။
အနာဂတ် မြန်မာ့ဆက်သွယ်ရေးနှင့် နည်းပညာ
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု အစီအစဉ်များအရ မိုဘိုင်းလ်ဖုန်းများကို တိုးချဲ့တပ်ဆင်ရန် အောက်ပါ အတိုင်း လျာထားကြောင်း MPT သတင်း Website တွင်ဖော်ပြထားသည်။
တိုးချဲ့တပ်ဆင်မည့် မိုဘိုင်းလ်တယ်လီဖုန်းလိုင်း အင်အားမှာ
၂၀၁၃-၁၄ ၁၀ သန်း
၂၀၁၄-၁၅ ၁၄ သန်း
၂၀၁၅-၁၆ ၁၅.၅ သန်း
စုစုပေါင်း ၃၉.၅ သန်း ဖြစ်သည်။
ထိုသို့တိုးချဲ့ တပ်ဆင်ပြီးနောက် ဖြစ်ပေါ်လာမည့် တယ်လီဖုန်း သိပ်သည်းဆ မှာ ၂ဝ၁၅-၁၆ တွင် ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်သည်။ တယ်လီဖုန်း သိပ်သည်းဆကို လူ ၁၀၀ လျှင် ဖုန်းမည်မျှ အသုံးပြုနိုင်သနည်း ဆိုခြင်းနှင့် တိုင်းတာပါသည်။ ထို့ကြောင့် မြန်မာနိုင်ငံ တွင် ၂၀၁၅-၁၆ တွင် လူဦးရေ ၇၅ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်းအထိ မိုဘိုင်းလ်ဖုန်းများ သုံးစွဲခွင့် ရရှိလာမည်ဖြစ်သည်။ ထိုသို့ဖြစ် လာစေရန် ပြည်သူများ လက်လှမ်းမီသည့် ဈေးနှုန်းများဖြစ်လာရန် လိုပါသည်။
မြန်မာနိုင်ငံတွင် ၂၀ဝ၁ ခုနှစ်က စတင်ပြီး GSM မိုဘိုင်းလ်ဖုန်းများကို သုံးစွဲနိုင်သော်လည်း အကန့်အသတ်ဖြင့်သာ သုံးစွဲနိုင်ကြသည့် အနေအထားတွင် ရှိခဲ့သည်။ GSM စနစ် မိုဘိုင်းလ်ဖုန်း သုံးစွဲ ခွင့်ရရေးအတွက် ထိုစဉ်က ရင်းနှီးရသည့် ငွေကြေးပမာဏမှာ မြန်မာငွေ ၄ ဒသမ ၅ သန်း (ဒေါ်လာ ၅၂၅၀) ခန့် ဖြစ်သည်။ ထိုအဆင့်မှ GSM စနစ်ဖုန်းသုံးစွဲခွင့်ကို ယမန်နှစ်က ငွေကျပ် ၂ သိန်းအထိ လျှော့ချ ပေးခဲ့သည်။ ယခုနှစ် ဧပြီလမှစတင်ပြီး CDMA စနစ်ကို ငွေကျပ် ၁၅၀၀ ဖြင့် ဝယ်ယူ သုံးစွဲခွင့်ရမည်ဟု ဆိုထားသော်လည်း လူထု အတွင်း ဖြန့်ချိမှုမှာ ရပ်ကွက်အတွင်း မဲစနစ် ဖြင့် ဖြန့်ချိမည် ဖြစ်ကြောင်းနှင့် အရေအတွက် မည်မျှဖြန့်ချိမည်ကို မသိရသေးပေ။
လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ ၌ လူ ၁၀၀ လျှင် ငါးဦးခန့်သာ ဖုန်းသုံးစွဲနိုင်သည့် အနေအထားတွင် ရှိနေသေးသည်။ GSM စီမံကိန်း ပြီးဆုံးလျှင် လူဦးရေ ထက်ဝက်ကျော် မိုဘိုင်းလ်ဖုန်းများကို သုံးစွဲ လာနိုင်မည်ဟု ယူဆရသည်။
ဆက်သွယ်ရေးကဏ္ဍ၏ Reform Plan အရ ကုမ္ပဏီများဖြင့် ပြန်လည်ဖွဲ့စည်းပြီး နှစ်အလိုက် တယ်လီဖုန်း သိပ်သည်းဆနှင့် မိုဘိုင်းလ်လိုင်းများကို တိုးချဲ့တပ်ဆင်သွားရန် ရည်ရွယ်ထားကြောင်း သိရသည်။
GSM နှင့် CDMA စနစ်များ ကွာခြားချက်
နှစ်မျိုးစလုံး ဒစ်ဂျစ်တယ်စနစ်ဖြင့် အသုံးပြုနိုင်သည်။ GSM စနစ်ကို ကိုရီးယား နှင့် ဂျပန်နိုင်ငံမှအပ ကျန်နိုင်ငံများတွင် အသုံးပြုနေသည်။ CDMA ကို အာရှတိုက်နှင့် အမေရိကတိုက် တို့တွင်သာ အသုံးပြုသည်။
GSM စနစ်ကို SIM (Subscriber Identification Module) ကတ်ဖြင့်သာ အသုံးပြုနိုင်သည်။ CDMA စနစ်ကို ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ ကန့်သတ်ထားသော ဖုန်းများတွင်သာ အသုံးပြုနိုင်သည်။
GSM စနစ်သည် အသံအရည် အသွေး ၃၅ ကီလိုမီတာအတွင်း ကောင်းစွာ အသုံးပြုနိုင်သည်။ CDMA စနစ်သည် Cell Site ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင် သည်။
GSM သည် နိုင်ငံတကာတွင် အသုံးပြုနိုင်သည့် (International Roaming) စနစ်ဖြစ်သည်။ CDMA ကို နိုင်ငံတကာတွင် အသုံးပြု၍ မရနိုင်ပေ။ GSM စနစ်ကို တန်ဖိုးနည်းဖုန်း များတွင် ထည့်သုံးနိုင်သည်။ CDMA စနစ်ကို တန်ဖိုးကြီးသော Multi-mode, Multi-band ဖုန်းများတွင်သာ အသုံးပြုနိုင်သည်။ GSM စနစ်သည် ရေဒီယိုလှိုင်း အများအပြား သုံးနိုင်သည်။ CDMA စနစ် တွင် လှိုင်းတစ်မျိုးတည်း ကိုသာ အသုံးပြု နိုင်သည်။
CDMA သည် Channel တစ်ခုတည်းနှင့် အထူး Code များကို အသုံးပြုပြီး ကွန်ရက် ချိတ်ဆက်နိုင်သည်။ ထို့ကြောင့် CDMA က ဧရိယာချင်းတူလျှင် GSM ထက်သာသည်။ CDMA တွင် လိုင်းကျသွားမှုများ၊ အသံတိုးတိမ် သွားမှုများ နည်းသည်။
GSM နည်းပညာသည် ရိုးစင်းသဖြင့် ဘက်ထရီကို ကြာရှည်စွာ အသုံးပြုနိုင်ပြီး CDMA ဖုန်းများသည် ဘက်ထရီ အကုန်မြန်တတ်သည်။
The Voice Weekly
ကျပ် ၁၅သိန်း မှသည် ၁၅၀၀ ကျပ်ဆီသို့ မြန်မာ့မိုဘိုင်းလ် ခေတ်ပြောင်း
Labels:
အယ်ဒီတာ အာဘော်