ပုဂ္ဂလိကနှင့် နိုင်ငံပိုင်မီဒီယာများမှ အယ်ဒီတာတစ်ချို့မှာ ပညာရည်ပြည့်ဝခြင်း မရှိကြောင်း ဦးရဲထွဋ်ပြောကြား
Sunday, April 7, 2013
ရန်ကုန်၊ ဧပြီ ၆။
ပြည်တွင်းရှိ ပုဂ္ဂလိကသတင်းမီဒီယာများနှင့် နိုင်ငံပိုင်မီဒီယာတို့မှ အယ်ဒီတာတချို့မှာ ပညာရည်မပြည့်ဝသေးကြောင်း ပြန် ကြားရေး ဝန်ကြီးဋ္ဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဧပြီလ ၆ရက်နေ့ မွန်းလွဲ ၃နာရီတွင် ပုံနှိပ်ထုတ်ဝေရေးနှင့် ဖြန့်ချီသူများနှင့် တွေ့ဆုံဆွေးနွေးစဉ်၌ ထည့်သွင်း ပြောကြားသွားသည်။ “အရင် ၁၉၄၈-၆၂ခုနှစ်မှာ ပြဋ္ဌာန်းထားတဲ့ လွတ်လပ်မှု မရှိတဲ့ မီဒီယာဥပဒေကို အခုအချိန်မှာ ပြန်လည်ထိန်းကျောင်းပြီး ပြဋ္ဌာန်းဖို့ လုပ်နေပါတယ်။
အဲဒီအတွက်လည်း ကျွန်တော်တို့ မျှော်မှန်းတာက အခုလက်ရှိ လိုအပ်နေတာက ပြည်တွင်းမှာ ပုဂ္ဂလိကနဲ့ နိုင်ငံပိုင်မီဒီယာတွေမှာ အယ်ဒီတာ အရည်အချင်းပြည့်တာဆိုလို့ လက်တလောတော့ ဆရာမောင်ဝံသ တစ် ယောက်ပဲရှိတယ်”ဟု ၎င်းက ပြောကြားသည်။ ထို့ပြင် ယခု ပုံနှိပ်ထုတ်ဝေရေးနှင့် ဖြန့်ချီရေး ဥပဒေကြမ်းအား UNESKOနှင့် ပူးပေါင်းဆွေးနွေးကာ ပြုလုပ်လျက်ရှိကြောင်း ၊မီဒီယာ ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍လည်း နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ အကူအညီဖြင့် ရေးဆွဲလျက်ရှိကြောင်း ဆက်လက် ပြောကြားသည်။
ပြည်တွင်းဂျာနယ်အချို့မှ မီဒီယာ ဥပဒေကြမ်းတချို့ရေးဆွဲရာ၌ ပြန်ကြားရေးအား အာဏာပေးထားသည်ဆိုသည့် ကိစ္စရပ် နှင့် စပ်လျဉ်း၍လည်း တချို့မီဒီယာများက ပဋိပက္ခများအား လှုံ့ဆော်မှုမှ ကာကွယ်ရန်အတွက် ပြန်လည် ထိန်းကျောင်းမှု ပုံစံဖြင့် ပြုလုပ်ရခြင်းဖြစ်ပြီး နောက်ကြောင်း ပြန်စေလိုသည့် ရည်ရွယ်ချက် မရှိကြောင်း ယင်းတွေ့ဆုံပွဲ၌ ထည့်သွင်း ပြောကြားသွားသည်။ “တကယ်ဆိုရင် ကျွန်တော်တို့ ဆီမှာရှိတဲ့ ပုဂ္ဂလိကကော နိုင်ငံပိုင် မီဒီယာကောက မှုခင်းတခုခုဖြစ်ပြီဆိုရင် တရားခံရဲ့ နာ မည်တွေ နေရပ်လိပ်စာတွေနဲ့ အသက်အရွယ်ကစပြီး ထည့်သွင်းဖော်ပြတာတွေ တွေ့ရတယ်။ ဒါဟာ မီဒီယာကျင့်ဝတ်နဲ့ လည်းမညီသလို ပုဒ်မ ၂၇မှာပါတဲ့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးနဲ့ ငြိစွန်းနေတယ်”ဟု ထပ်မံပြောကြားသည်။
ထို့နောက် ထုတ်ဝေခွင့်နှင့် ပတ်သက်၍လည်း မှတ်ပုံတင် ပြုလုပ်ကြရန်နှင့် ယခင်တုန်းက ၆ လတခါ ပြန်လည် စိစစ်လျက် ရှိကြောင်း၊ ယခုအချိန်တွင် တစ်နှစ်တစ်ခါသာ ပြန်လည်စိစစ်တော့ကြောင်းနှင့် ထုတ်ဝေခွင့်ဆိုင်ရာအား မှတ်ပုံတင်ခြင်း မရှိပါက တစုံတရာ ဖြစ်လာခဲ့လျှင် ထုတ်ဝေခွင့် ပိတ်မည်ဖြစ်ကြောင်း၊ ၁၉၆၂ခုနှစ်ဥပဒေသည် အာဏာရှင်များ ပြုလုပ် သွားသည့်အတွက် ပြန်လည်စိစစ်မှုများ ပြုလုပ်ခြင်း မရှိသလို ယခုအချိန်တွင် မသက်ဆိုင်တော့ကြောင်း ၎င်းက ပြောကြား သည်။ ယင်းတွေ့ဆုံပွဲအား မြန်မာ့ငြိမ်းချမ်းရေးစင်တာမှ တာဝန်ရှိသူ ၃ဦးတက်ရောက်ကာ ထုတ်ဝေဖြန့်ချီရေးနှင့် စပ်လျဉ်းသည့် ပုဂ္ဂိုလ် ၃၀နီးပါးခန့် တက်ရောက်ကြောင်း သိရသည်။
အဆိုပါ တက်ရောက်သူဦးရေ ၃၀ထဲ၌ ပြန်ကြားရေး ဝန်ကြီးဋ္ဌာနမှ ရေးဆွဲသည့် ဥပဒေမူကြမ်းအား လက်မခံသူဦးရေ ၃ဦးပါဝင်ကြောင်း တက်ရောက်လာသူများထဲမှ သိရှိရသည်။ TMA
မြန်မာ့ခေတ်
Labels:
ပြည်တွင်းသတင်း