Jun 20 13
အမေရိကန် လေကြောင်းပျံသန်းမှု နည်းပညာ ကုမ္ပဏီကြီးသည် ဒေါ်လာ (၇.၃)သန်းမျှ ကုန်ကျမည့် လေယာဉ်သစ်များ အင်အားဖြည့်တင်းရေး စီမံကိန်းအတွက် မိမိတို့ ပူးပေါင်း လုပ်ဆောင်လိုကြောင်း တောင်ကိုရီးယား အစိုးရထံ လျှောက်လွှာတင်ခဲ့
တောင်ကိုရီးယား စစ်တပ်အတွက် လိုအပ်သည့် တိုက်လေယာဉ်များ ဝယ်ယူရန် အဆိုပြုမှုတွင် Boeing ကုမ္ပဏီက စတင် ပါဝင်လာပြီ ဖြစ်သည်။ အမေရိကန် လေကြောင်းပျံသန်းမှု နည်းပညာ ကုမ္ပဏီကြီးသည် ဒေါ်လာ (၇.၃)သန်းမျှ ကုန်ကျမည့် လေယာဉ်သစ်များ အင်အားဖြည့်တင်းရေး စီမံကိန်းအတွက် မိမိတို့ ပူးပေါင်း လုပ်ဆောင်လိုကြောင်း တောင်ကိုရီးယား အစိုးရထံ လျှောက်လွှာတင်ခဲ့သည်။ Boeing၏ အဆိုပြုသည့် ငွေပမာဏသည် ဒေါ်လာ (၇)သန်းမျှ ဖြစ်နိုင်ဖွယ် ရှိသည်။
တောင်ကိုရီးယား အစိုးရသည် စစ်အင်အားကို ပြင်ဆင် ဖွဲ့စည်းရန်အတွက် တိုက်လေယာဉ်သစ် (၆၀)မျှကို ဖြည့်ဆည်း ဝယ်ယူသွားရန် စီစဉ်နေသည်။ Boeing မတိုင်မီကလည်း အထင်ကရ ကမ္ဘာကျော် လက်နက် လုပ်ငန်းကြီး နှစ်ခုသည်လည်း ယင်းအတွက် လျှောက်လွှာတင်ထားကြောင်း သတင်းများက ဖော်ပြခဲ့သည်။ Boeingသည် ယခုအရေးဆိုမှုတွင် ၎င်း၏ F-15 Silent Eagleကို အဓိက အမည်တင်သွင်းဖွယ် ရှိနေပြီး EADS၏ နာမည်ကျော် Eurofighter Typhoon၊ Lockheed Martin၏ F-35 JSF တိုက်လေယာဉ်များနှင့် အားပြိုင်ရဖွယ် ရှိနေသည်။
တောင်ကိုရီးယား အစိုးရသည် လာမည့် သီတင်းပတ်အတွင်း ရွေးချယ် ဝယ်ယူမည့် စာချုပ်အတွက် ဆုံးဖြတ်မည် ဖြစ်သည်။ ယခု လက်နက်ပြောင်းလဲ တပ်ဆင်ခြင်းသည် တောင်ကိုရီးယား သမိုင်းတစ်လျှောက် အကြီးမားဆုံး လက်နက်ဝယ်ယူမှု စာချုပ်လည်း ဖြစ်လာမည်ဟု သိရသည်။ တောင်ကိုရီးယား လေတပ်သည် လက်ရှိ အသုံးပြုနေဆဲဖြစ်ပြီး သက်တမ်းရင့်နေသော F-4နှင့် F-5 တိုက်လေယာဉ် အုပ်စုများ နေရာတွင် ယခုလေယာဉ်သစ် (၆၀)ကို အစားထိုးသွားရန် ရည်ရွယ်ထားသည်။
Source: KomoNews, Planet Myanmar Network
တောင်ကိုရီးယားသို့ တိုက်လေယာဉ်များ ရောင်းချရန် Boeing အဆိုပြု
Labels:
ပြည်ပသတင်း