ရန်ကုန်၊ ဇွန် ၄။
ယခုလ ၂ ရက်နေ့ နံနက် ၄ နာရီခန့်တွင် ဖြစ်ပွားခဲ့သော တက္ကစီ ကားသမား တစ်ဦးအား လူကြီးသားဟုဆိုသူ လူငယ်လေးဦးက ဦးဝိစာရ အဝိုင်းအနီး၌ ဝိုင်းဝန်းထိုးကြိတ်မှုအား ကာယကံရှင်မှ အမှုဖွင့် တိုင်ကြားခြင်း မရှိ၍ အရေး မယူနိုင်သေးကြောင်း စမ်းချောင်းရဲစခန်းမှ မြန်မာ့ခေတ် သို့ ပြောကြားသည်။
“သူ ဒီလိုဒီအကြောင်း ဖြစ်တယ်ဆိုပြီး ရောက်လာတယ်။ အဲဒါဆိုလဲ အမှုဖွင့်မလားဆိုတော့ အမှုမဖြစ်ချင်ဘူး ဆိုတာနဲ့ မှတ်တမ်းတွေ ဘာတွေယူပြီး လက်မှတ် ထိုးသွားတယ်”ဟု ဒုရဲအုပ် ဇော်မျိုးသန့်က ၎င်းကိစ္စနှင့် ပတ်သက်၍ ပြောကြားသည်။
ထို့အပြင် တက္ကစီကားသမား အနေဖြင့် ယခုအမှုဖွင့် တိုင်ကြားလျှင်လည်း ရဲစခန်းသို့ လာရောက်၍ အမှုဖွင့် တိုင်းကြားနိုင်ကြောင်းနှင့် ၎င်းတို့ အနေဖြင့် တရားဥပဒေအတိုင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ဆက်လက် သိရသည်။
တက္ကစီကားသမား ကိုဝင်းနောင်သည် အလုံ၌ ခရီးသည် နှစ်ယောက်အား တင်၍ မောင်းလာစဉ် မြေနီကုန်းမီပွုင့် အရောက် အရှေ့၌ ရပ်ထားသော ယာဉ်အမှတ် ၉ဂ/၉၁၂၄ကားသည် ပွိုင့်မီးစိမ်းနေသော်လည်း မထွက်သောကြောင့် အနောက်မှ ကားများက ဟွန်းတီး၍ ထိုကားအား ရှောင်မောင်းသွားကြရာ ၎င်းလည်းအများနည်းတူ ရှောင်မောင်းစဉ် နောက်မှ လိုက်လာ၍ တက္ကဆီအား ရပ်ခိုင်း၍ လှမ်းထိုးကြောင်း၊ ၎င်းအနေဖြင့် မောင်းပြေးသော်လည်း ဦးဝိစာရမီးပွိုင့် အရောက်တွင် မီသွားပြီးနောက် ဝိုင်းထိုးကြရာ ခရီးသည် နှစ်ဦးပါ အထိုးခံရခြင်းဖြစ်ကြောင်း တက္ကဆီ ကားသမားထံမှ သိရသည်။
“ဦးနဲ့သားတို့နဲ့ ဘာရန်ငြိုးမှ မရှိဘဲ။ နောက်ကကားတွေ ဟွန်းတီးသွားတာပါလို့ ပြောတော့ ငါတို့ကို
ဘာထင်နေလဲ လူကြီး သားသမီးတွေကွ တိုင်ချင်ရာတိုင်လို့ ပြောတယ်”ဟု ကိုဝင်းနောင်က ပြောကြားသည်။
ယင်းကိစ္စအား စမ်းချောင်း ရဲစခန်းသို့ သွားရောက် တိုင်ကြားသော်လည်း အမှုဖွင့် အရေးယူ၍
မရသေးကြောင်းနှင့် သက်ဆိုင်သူများအား ရှာဖွေတွေ့ရှိမှသာ တရားရုံးသို့ တင်ပြဆောင်ရွက်သွားမည်ဟု ရဲစခန်းမှ တက္ကစီ ကားသမားသို့ ပြောကြားခဲ့ကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်
အမှုဖွင့်တိုင်ကြားခြင်းမရှိ၍ အရေးမယူသောလူကြီးသားဆိုသူများ၏အမှု
Labels:
ပြည်တွင်းသတင်း