ရန်ကုန်၊ ဇွန် ၁၁
ကိုရီးယားနိုင်ငံ၏ ထိပ်တန်းကင်ဆာ အထူးကုဆေးရုံ SAM Medical Center ကို မြန်မာနိုင်ငံတွင် ပထမဆုံး ဖွင့်လှစ်ရန် စီစဉ်နေကြောင်း အဆိုပါစင်တာ တာဝန်ရှိသူတစ်ဦးက The Voice သို့ပြောကြားသည်။
ပြည်ပ ပုဂ္ဂလိက ဆေးရုံများအတွက် ဥပဒေမရှိသောကြောင့် ပြည်တွင်းရှိ ပုဂ္ဂလိက ဆေးရုံသို့မဟုတ် ကျန်းမာရေးဝန်ကြီးဌာနလက်အောက် အစိုးရဆေးရုံ တစ်ခုခုနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန် ရှိကြောင်း၊ နှစ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနချင်း ညှိနှိုင်းဆောင်ရွက်မှု ထားပြီးဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။
မြန်မာနိုင်ငံတွင် ဆေးဘက်ဆိုင်ရာနှင့်ပတ်သက်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုဥပဒေ မပေါ်ပေါက်နိုင်သေးသည့်အတွက် ပြည်ပရင်းနှီးမြှုပ်နှံ လိုသူများက ဂရုပြုစောင့်ကြည့်လျက်ရှိကြောင်း ပုဂ္ဂလိက ဆေးရုံအသင်းဝင် ပန်းလှိုင်ဆေးရုံမှ ဆေးရုံအုပ်ကြီး ဦးရဲမိုးမြင့်က ရှင်းပြသည်။
"ဒီကိုရီးယားဆေးရုံက မြန်မာပြည်ကိုလာတဲ့ ပထမဆုံးဆေးရုံမဟုတ်ဘူး။ သက်ဆိုင်ရာဝန်ကြီးဌာနကို တင်ထားတဲ့ ဆေးရုံတွေ အများကြီးရှိတယ်" ဟု ၎င်းက ထပ်လောင်း ပြောဆိုသည်။
ပြည်တွင်း ပုဂ္ဂလိက ဆေးရုံများအတွက် ပုဂ္ဂလိကကျန်းမာရေးစောင့်ရှောက် မှုဥပဒေ ရှိထားသော်လည်း ပြည်ပ ရင်းနှီးမြှုပ်နှံသူများအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ တို့တွင် သတ်မှတ်ချက်များ ပြဋ္ဌာန်းထားမှု မရှိသေးပေ။
The Voice Weekly
မြန်မာနိုင်ငံတွင် ကိုရီးယားကင်ဆာအထူးကုဆေးရုံ ပထမဆုံးဖွင့်လှစ်မည်
Labels:
ကျန်းမာရေး