http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ကျာင်းလက်ရွေးစင်အသင်းမှ ကလပ်အသင်း ဂိုးသမားဖြစ်လာသူ

မူလတန်း တက်ရောက်စဉ်ကတည်းက ဘောလုံးအားကစား ဝါသနာပါခဲ့ပြီး ကျောင်းလက်ရွေးစင် အဖြစ်ကစားခဲ့သူ၊ အလယ်တန်း ကျောင်းသားအရွယ်မှစ၍ အားကစား နယ်ပယ်တွင်း ရောက်ရှိသွားကာ သက်တမ်းအလိုက် လက်ရွေးစင်အဖြစ် ရွေးချယ်ခံခဲ့ရသူ၊ ယင်းမှ ယခုအခါ ကလပ်အသင်း တစ်ခုဖြစ်သော မကွေး FC တွင် ဂိုးသမား ဖြစ်လာသူမှာ ကျော်ဇင်ဖြိုး ဖြစ်သည်။
ကျောင်းလက်ရွေးစင် ဂိုးသမား

သူ့ရဲ့ဇာတိက ပဲခူးတိုင်းဒေသကြီး ရွှေတောင်မြို့။ ဖခင်ဖြစ်သူက ရဲဝန်ထမ်းတစ်ဦး ဖြစ်ပြီး မိခင်ဖြစ်သူက သာမန်အိမ်ရှင်မ တစ်ယောက်။ မွေးချင်းမောင်နှမ ငါးယောက်အနက် သူကစတုတ္ထမြောက် ဖြစ်သည်။

ဘောလုံး အားကစားနည်းကို ဝါသနာ ပါခဲ့တာက သူလေးတန်းကျောင်းသားအရွယ်၊ ကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ကျောင်းလက်ရွေးစင် အသင်း၏ ဂိုးသမားအဖြစ် ပါဝင်ခဲ့ရသော အချိန်တွင် စတင်ခဲ့သည်။ ထိုပြိုင်ပွဲ၌ ပထမဆုံးပွဲတွင်ပင် သူတို့အသင်း ရှုံးနိမ့်ခဲ့သည်။

ထို့နောက်တွင် ဘောလုံး အားကစားနည်းကို ပိုမို ဝါသနာ ပါလာပြီး သူငယ်ချင်းများနှင့် အမြဲလိုလို ချိန်းဆို၍ ဘောလုံးကန်ဖြစ်ခဲ့သည်ဟု သူကဆိုသည်။ ကစားသမျှ ပွဲတိုင်းတွင် ဂိုးသမား နေရာကသာ ကစားခဲ့သည်။ ပညာရေးပိုင်းတွင်မူ သာမန်သာ ရှိခဲ့ပြီး သူရှစ်တန်းနှစ် အရောက်တွင် ကျောင်းစာ သိပ်စိတ်မဝင်စားဘဲ အပျော်အပါးဘက် ဦးစားပေးနေသောသူ့ကို မိဘများက ရန်ကုန်မြို့ရှိ အားကစားနှင့် ကာယပညာသိပ္ပံကျောင်းသို့ ပို့ခဲ့သည်ဟု သူကပြောပြသည်။

အား/ကာသိပ္ပံမှာ

မိဘများနှင့် ခွဲမနေဖူးသည့် အတွက်ရော ဇာတိမြို့ရှိ သူငယ်ချင်းများကို သတိရသည့် အတွက်ပါ အား/ကာ သိပ္ပံသို့ ရောက်စတွင် နေသားမကျ ဖြစ်ခဲ့ရသည်ဟု သူကပြောပြသည်။ နောက်ပိုင်းတွင် သူငယ်ချင်း အသစ်များ ရလာသည့်အပြင် ဝါသနာပါသည့် ဘောလုံးအားကစားနည်းကို အမြဲထိတွေ့နေရသည့် အတွက် သူပျော်ရွှင်လာခဲ့သည်။

အား/ကာ သိပ္ပံတွင်လည်း ဂိုးသမားနေရာက ကစားဖို့သာ သူရွေးချယ်ခဲ့သည်။ ငယ်စဉ်ကတည်းက ဂိုးသမား နေရာတွင် ကစားခဲ့ပြီး ကိုယ်နှင့် အသားတကျ ဖြစ်နေသည့် နေရာဖြစ်သည့်အတွက် ရွေးချယ်ဖြစ်ခဲ့သည်ဟု သူကပြောပြသည်။ သင်တန်းသား ဘဝတွင် မြန်မာ့လက်ရွေးစင်များအပြင် အသင်းများနှင့် ခြေစမ်းပွဲများ ကစားခဲ့ရသည်။ ယင်းအနက် မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်းကြီးနှင့် ကစားခဲ့ရသော ခြေစမ်းပွဲကို အမှတ်တရ ဖြစ်နေသည်ဟု သူကဆိုသည်။ “အဲဒီတုန်းက မိနစ် ၉၀ ပြည့်ခါနီးအထိ တစ်ဂိုးစီ သရေကျနေတုန်း ပွဲပြီးခါနီးလေးမှာ လှမ်းကန်လိုက်တဲ့ ဘောလုံးကို လှမ်းပုတ်လိုက်တာ ဘောလုံးက လူနဲ့ ညပ်ပြီး ဂိုးဝင်သွားတာတော့ အမှတ်တရပါပဲ” ဟု ပြောပြသည်။

အား/ကာ သိပ္ပံတွင် အခြေခံ ဘောလုံးပညာများအပြင် ကျောင်းစာပါ သင်ကြားခဲ့ရပြီး ဆယ်တန်းအထိ သူတက်ရောက်ခဲ့သည်။

သက်တမ်းအလိုက် လက်ရွေးစင်

အား/ကာ သိပ္ပံ သင်တန်းသား ဘဝတွင် မြန်မာ့လက်ရွေးစင် လူငယ်အသင်းအတွက် လူရွေးပွဲများ ပြုလုပ်သောအခါ သူဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၄ နှစ်အောက် လူငယ်အသင်း လက်ရွေးစင်အဖြစ် ပထမဆုံး အရွေးခံခဲ့ရသည်။ ထိုအသင်းနှင့်အတူ မလေးရှားနိုင်ငံတွင် ကျင်းပသော ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာတွင် အောင်မြင်မှု မရခဲ့ပေ။

ထို့နောက် အသက် ၁၅ နှစ်နှင့် ၁၆ နှစ်အောက် လူငယ်လက်ရွေးစင် အသင်းများတွင် သူဆက်တိုက် အရွေးချယ်ခံခဲ့ရသည်။ ၁၅ နှစ်အောက် လက်ရွေးစင်အသင်းနှင့်အတူ လာအို၊ ဗီယက်နမ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ဂျပန်စသည့် နိုင်ငံများ ပါဝင်သည့် မဲခေါင်ဒေသ ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့ရာ ဒုတိယဆု ရရှိခဲ့သည်။

၁၆ နှစ်အောက် လက်ရွေးစင် အသင်းနှင့်အတူ ထိုင်းနိုင်ငံတွင် ကျင်းပသော အာရှအဆင့် ခြေစစ်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည်။ ထိုပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ကစားသမား ကိုးဦးမှာ ID မရသည့်အတွက် ၁၄ ဦးတည်းနှင့်သာ သွားရောက်ခဲ့ရပြီး စတုတ္ထနေရာသာ ရရှိခဲ့သည်ဟု သူကဆိုသည်။

ပရိုကစားသမားဘဝ

အား/ကာ သိပ္ပံ နောက်ဆုံးနှစ်တွင် ၁၉ နှစ်အောက် လက်ရွေးစင် အသင်းအတွက် သူအရွေး ချယ်ခံခဲ့ရသလို အား/ကာ သိပ္ပံမှ လူလျှော့သည့် အထဲတွင် သူပါဝင်ခဲ့သည်။ ထိုမှနေ၍ ၁၉ နှစ်အောက် လက်ရွေးစင် အသင်းအတွက် စခန်းသွင်း လေ့ကျင့်နေသည့် သုဝဏ္ဏကွင်းသို့ သူပြောင်းရွှေ့ခဲ့ရပြီး တစ်နှစ်ခွဲကျော်ကြာ Camp ဝင်ခဲ့ရသည်။ ယင်းကာလအတွင်း ၁၉ နှစ်အောက် လက်ရွေးစင် အသင်း၏ အုပ်ချုပ်သူ တစ်ဦးဖြစ်သူလည်း ဖြစ်၊ မကွေးအသင်း၏ နည်းပြအဖွဲ့ဝင် တစ်ဦးလည်း ဖြစ်သူ ဆရာကျော်ကျော်၏ ဆက်သွယ်ပေးမှုကြောင့် ထိုအသင်းသို့ သူရောက်ရှိခဲ့သည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အသက် ၁၉ နှစ်အောက် အာဆီယံနိုင်ငံများ ဘောလုံးပြိုင်ပွဲ၏ ပွဲစဉ်များတွင် သူဂိုးသမားတစ်ဦး အဖြစ် ပါဝင်ခဲ့ရပြီး သူ၏လက်စွမ်းကို ပရိသတ်များရော သူ၏ကလပ်အသင်း ဖြစ်သည့် မကွေးအသင်းမှ နည်းပြများကပါ သတိပြုမိသွားသည်။

ယင်းပြိုင်ပွဲတွင် မြန်မာအသင်းမှာ စတုတ္ထဆုသာ ရခဲ့သည်။ ထိုပြိုင်ပွဲနှင့် ပတ်သက်သော ခံစားမှုကို သူက အောက်ပါအတိုင်း ဖွင့်ဟသည်။

“ပြိုင်ပွဲ မတိုင်ခင်တုန်းက ဒီပွဲမှာ ဒိုင်းရရမယ်လို့ ကျွန်တော်တို့ အားလုံးက မျှော်လင့်ထားတာ။ ဒါပေမဲ့ ဆီမီးဖိုင်နယ်မှာ ထိုင်းကို ရှုံးသလို တတိယနေရာ လုပွဲမှာလည်း ကပ်ရှုံးတဲ့ အတွက် စတုတ္ထပဲ ရခဲ့တယ်။ ဘောလုံးမှာ သရေ၊ အနိုင်၊ အရှုံး ဒီသုံးခုပဲ ရှိတာဆိုတော့ ရလာတဲ့ ရလဒ်ကို လက်ခံပေမယ့် တော်တော်လေးတော့ ဝမ်းနည်းခဲ့တယ်”

မကွေး FC

အာဆီယံ U -19 ဘောလုံးပြိုင်ပွဲ အပြီးတွင် သူ၏ကလပ်အသင်း ဖြစ်သည့် မကွေး FC သို့ ပြောင်းရွှေ့ခဲ့သည်။ ထိုစဉ်က မကွေး FC ၏ အကြီးအသင်းတွင် ရောက်စကာလများ၌ မကွေး FC လူငယ်အသင်းနှင့်သာ Training ဆင်းနေရသည်။ တစ်နှစ်ခန့် အကြာမှ မကွေး FC လူငယ်အသင်းတွင် သူစတင် ဂိုးဖမ်းခဲ့ရသည်။ ထိုနှစ်တွင် မကွေး FC လူငယ်အသင်းမှာ MNL လူငယ် အသင်းပြိုင်ပွဲတွင် အဆင့် (၅) ရရှိခဲ့သလို သူ၏လက်စွမ်းကိုလည်း နည်းပြများက ချီးကျူးခဲ့ကြသည်။

မကွေး FC လူငယ်အသင်းမှ သူ၏ စွမ်းဆောင်ရည်များကို ကြိုက်နှစ်သက်သော နည်းပြများက လက်ရည်ကျလာသော မကွေး FC လူကြီးအသင်း ဂိုးသမား၏ နေရာတွင် သူ့ကိုစတင် အသုံးပြုခဲ့သည်။ သူ၏ ကြိုးစားအားထုတ်မှုနှင့် လက်စွမ်း ပြမှုတို့ကြောင့် ပွဲစဉ်ဆက်တိုက် သူဂိုးဖမ်းခဲ့ရသည်။ ယခုအခါ မကွေးအသင်း၏ အားထားရသော ပထမဦးစားပေး ဂိုးသမားနေရာကို သူရရှိနေပြီ ဖြစ်သည်။

နောက်တန်းနဲ့ ဂိုးသမား အရေးကြီးတယ်

ဘောလုံးပွဲတစ်ပွဲတွင် ပြိုင်ဘက်အသင်းကို ဦးဆောင်ဂိုး မပေးရရေးအတွက် ဂိုးသမားနှင့် နောက်တန်း ကစားသမားများကြား နားလည်မှုရှိဖို့ အရေးကြီးသည့် အတွက် ပွဲမတိုင်ခင် နောက်တန်းကစား သမားများနှင့် ကြိုတင်တိုင်ပင် ပြင်ဆင်လေ့ ရှိကြောင်း သူကဆိုသည်။

ပြိုင်ဘက်အသင်းမှ မိမိအသင်းကို ဦးဆောင်ဂိုး သွင်းထားသောအချိန်နှင့် ကိုယ့်အမှား တစ်ခုကြောင့် ဂိုးပေးလိုက်ရသော အချိန်များတွင် သူ၏ စိတ်ခံစားမှု မြင့်တက်လာလေ့ ရှိကြောင်း သူကပြောပြသည်။ “ကိုယ့် အမှားကြောင့် ဂိုးပေးလိုက်ရပြီဆို လူက စိတ်ဓာတ် ကျသွားသလို ဂိုးပြန်ရချင်စိတ် များလာတယ်။ ရှေ့မှာကန်တဲ့ သူတွေကိုတောင် အားမရတော့ဘူး။ ကိုယ်ကိုယ်တိုင် ရှေ့တန်းတက်ပြီး ကန်ချင်စိတ် ဖြစ်လာတယ်” ဟု ပြောပြသည်။

ဂိုးသမား တစ်ယောက်အနေနှင့် မိမိအသင်းက ဦးဆောင်ဂိုး သွင်းထားသည့်အခါ အချိန်ဆွဲပြီး ကစား သည့်အတွက် တစ်ဖက်အသင်းမှ ပရိသတ်များ၏ ဝေဖန်ဆဲဆိုမှုနှင့် ကြုံတွေ့ရသလို မိမိကြောင့် ဂိုးပေးလိုက်ရသော အခါတွင်လည်း မိမိအသင်း ပရိသတ်များ၏ ဝေဖန်မှုများနှင့် ကြုံတွေ့ခဲ့ရသည်ဟု သူကပြောပြသည်။

“တစ်ဖက်အသင်း ပရိသတ်တွေကတော့ သူတို့အသင်းကို နိုင်စေချင်တဲ့အတွက် ကိုယ်ကအချိန် ဆွဲပြီး ကစားတော့ ဆဲတာပေါ့လေ။ ဒါပေမဲ့ ကိုယ်ကလည်း အသင်းနိုင်ဖို့ လုပ်ရတာဆိုတော့ ဂရုမစိုက်နိုင် ပါဘူး။

ကိုယ့်အသင်း ပရိသတ်တွေကတော့ ကိုယ့်အမှား တစ်ခုကြောင့် ဂိုးပေးလိုက်ရပြီဆိုရင် ဆဲကြ၊ ဝေဖန် ကြတာပေါ့။ ဒီလိုဝေဖန်တာကို ဘာမှမဖြစ်ခဲ့ပါဘူး။ ဒါမှလည်း ကိုယ့်အမှားကို ကိုယ်သိခွင့်ရမှာ ဖြစ်တဲ့အတွက် ကျေးဇူးတင်ပါတယ်” ဟုဆိုသည်။

အားကျတယ်

သူ၏ လက်စွမ်း တိုးတက်ရန်အတွက် နည်းပြ ဆရာများ၊ ပရိသတ်များ၏ ဝေဖန် အကြံပြုမှုအပြင် ပြည်တွင်းနှင့် ပြည်ပရှိ သူလေးစား အားကျသော ဂိုးသမားများထံမှလည်း သင်ယူလေ့လာလေ့ ရှိကြောင်း သူကပြောပြသည်။

“ကျွန်တော်က ပြည်တွင်းမှာဆို ရတနာပုံအသင်းက ကိုသီဟစည်သူကို ကြိုက်တယ်။ သူက ဂိုးဖမ်းတဲ့အခါ စိတ်အရမ်း တည်ငြိမ်တယ်။ အသင်းကိုလည်း ဦးဆောင်မှု ပေးနိုင်တယ်။

ပြည်ပမှာတော့ ချယ်ဆီးအသင်းက ပီတာချက်ကို ကြိုက်တယ်။ သူကအမြင့်ဘော ဖမ်းတာ၊ ပုတ်တာတွေ အရမ်းကောင်းတယ်”

SEA Games မျှော်လင့်ချက်

မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲတွင် သူပါဝင် ခွင့်ရသည် ဖြစ်စေ၊ မရသည်ဖြစ်စေ မြန်မာအသင်းကို အောင်မြင်မှု ရစေချင်ကြောင်း သူကဆိုသည်။ လက်ရှိ ကာလတွင် SEA Games ပြိုင်ပွဲဝင်မည့် ပဏာမ မြန်မာ့လက်ရွေးစင် အသင်း၏ လူစာရင်းတွင် သူ ပါဝင်နေသည်။

မြန်မာ့ဘောလုံးလောက တိုးတက်ရေးအတွက် Pro စနစ်သို့ ပြောင်းလဲပြီးနောက် မြန်မာ နေရှင်နယ်လိဂ် ပြိုင်ပွဲဝင် အသင်းများရှိ ကစားသမားများ၏ လစာငွေများ မြင့်မား လာသည်နှင့်အမျှ ကစားသမားများ၏ စာရိတ္တပိုင်းယိုယွင်းမှုများ ရှိလာခဲ့သည့်အပေါ်

“မြန်မာနေရှင်နယ်လိဂ် လုပ်လိုက်တာက ဘောလုံးသမားတွေအတွက် ကောင်းလည်း ကောင်းတယ်။ မကောင်းဘူးလို့ ပြောရင်လည်း ရတယ်။ ကောင်းတာက ပွဲတွေဆက်တိုက် ကန်နေရတဲ့အတွက် ကစားသမားတွေရဲ့ ခြေစွမ်းပိုင်း တိုးတက်လာတယ်။ မကောင်းတာက လစာငွေတွေ များလာတဲ့အခါ ကစားသမားတွေက ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ကြဘူး။ ပျက်စီးလာကြတာပေါ့” ဟု သူကဆိုသည်။

မြန်မာ့လက်ရွေးစင် အသင်းအတွက် အားထားရသော မျိုးဆက်သစ် ကစားသမားများ ပေါ်ထွက်လာ ရေးကို ရှေးရှု၍ တည်ထောင်ခဲ့သော မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲမှ လက်ရွေးစင် ကစားသမားများ၏ အပျော်အပါး မက်မှုများကြောင့် နိုင်ငံအသင်း၏ ခြေစွမ်းပိုင်းမှာ ထိခိုက်မှု ရှိနေသည်ဟူသော ဝေဖန်များအပေါ် “သူတို့ ကိုတော့ ဘာမှမပြောချင်ပါဘူး။ လူဆိုတာ ကိုယ့်ရပ်တည်မှုနဲ့ကိုယ်၊ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပါပဲ။ ကျွန်တော် ညံ့ရင် ကျွန်တော်လက်ရွေးစင် မဖြစ်ဘူး။ သူတို့ညံ့ရင် သူတို့ လက်ရွေးစင် မဖြစ်ဘူးပေါ့။ ပရိသတ်တွေ ဝေဖန်တာကို မခံချင်ရင် ကျွန်တော်တို့ဘက်က ကြိုးစားမှု နဲ့ပြန်ပြီး သက်သေပြရမှာပေါ” ဟု မှတ်ချက်ပြုသည်။
သန့်ဇင်ဦး
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com