"It was important to me to leave an organization in the strongest possible shape and I believe I have done so."
"အဖွဲ့အစည်းတစ်ခုကို အခိုင်မာဆုံး ပုံစံအနေအထားမှာ ခွဲခွာသွားဖို့ ကျွန်တော့်အတွက် သိပ်အရေးကြီးပါတယ်။ ဒီလိုလုပ်နိုင်ခဲ့တယ် လို့လည်း ကျွန်တော် ထင်ပါတယ်"
မန်ချက်စတာယူနိုက်တက် ဘောလုံးအသင်း မန်နေဂျာ အဲလက်စ်ဖာဂူဆန်
ဖာဂူဆန်သည် အင်္ဂလန်ဘောလုံး လောကတွင် အအောင်မြင်ဆုံး နည်းပြ၊ ၂၆ နှစ်တာ မန်ချက်စတာယူနိုက်တက် အသင်းကို ပဲ့ကိုင်ရင်း ဇယား အောက်ခြေမှ ထိပ်ဆုံးအသင်းတစ်သင်း ဖြစ်အောင် ဆွဲတင်နိုင်ခဲ့သူ၊ ဖလား များစွာ၊ ဆုများစွာ တို့ကို ပိုင်ဆိုင်ထားခဲ့သည့် ဖာဂူဆန်ဖြစ်ပြီး ကမ္ဘာ့ထိပ်တန်း နည်းပြစာရင်းတွင် ဘယ်သူရွေးရွေး ပါနေသူဖြစ်သည်။ သို့သော် ကျွန်တော် ပြောလိုသည်က အင်္ဂလန်အခြေစိုက် ကမ္ဘာကျော်၊ မြန်မာကျော် မန်နေဂျာ၊ ဆိုင်းမဆင့်ဗုံမဆင့် အနားယူသွား သည့်အခါ အသင်းပြောင်း အားပေးရတော့ မလားဟု မြန်မာနိုင်ငံမှ နာမည်ကျော် ဒုဝန်ကြီး တစ်ဦးကပင် ပြောခဲ့ရသူ ဖာဂူဆန် အကြောင်း၊ မန်ချက်စတာယူနိုက်တက် အကြောင်း၊ ဘောလုံး အကြောင်း မဟုတ်ပါ။ အဖွဲ့အစည်းကို အောင်မြင်အောင် သူလုပ်ဆောင်ခဲ့ သလို သူမရှိတော့ချိန် တွင်လည်း ဆက်လက်အောင်မြင်အောင် တည်ဆောက် ထားနိုင်ခဲ့ပြီးမှ သူထွက်ခွာနိုင်သည့် အတွက် ဂုဏ်ယူနေခြင်းကို ရေးလိုခြင်း ဖြစ်သည်။ တစ်နည်း “သူမရှိလျှင်” ဖြစ်သည်။
ထူးချွန်သော ခေါင်းဆောင်များ၊ အောင်မြင်သော ခေါင်းဆောင်များကို သူတာဝန်ယူနေသည့် အဖွဲ့အစည်း အောင်မြင်ခြင်းနှင့် တိုင်းကြောင်း အားလုံးအသိ။ သို့သော် ခေါင်းဆောင်တို့အတွက် အဆုံးစွန်သော မှတ်ကျောက်မှာ သူထားခဲ့သော အဖွဲ့အစည်း ဆက်လက်အောင်မြင်ခြင်း၊ မအောင်မြင်ခြင်း ဖြစ်သည်။ ဆိုလိုသည်က သူမရှိလျှင် ဘာတွေဆက်ဖြစ်ကြသလဲ။
မည်သည့်နေရာတွင် မဆို ခေါင်းဆောင်သည် လိုအပ်သည်။ ခေါင်းဆောင် ပါလျှင် အရာရာ ပိုမို ပြီးမြောက်နိုင်သည်။ ခေါင်းဆောင်ဆိုသည်မှာ စင်ပေါ်တွင် တက်ရပ်နေရန်မလို၊ သရဖူ ဆောင်းရန်လည်း လိုချင်မှ လိုမည်၊ ဟိုးရှေ့ဆုံးတွင် မားမားမတ်မတ် ချီတက်ချင်မှ ချီတက်မည်၊ ခေါင်းဆောင်သည် ဉာဏ်ပညာ အကြီးဆုံးလည်း ဟုတ်ချင်မှဟုတ်မည်၊ ကိုယ်ကာယ အင်အား အကြီးမားဆုံး ဟုတ်ချင်မှ ဟုတ်မည်။ သို့သော် မိသားစုတွင်း၊ ကျောင်းတွင်း၊ အလုပ်တွင်း၊ နိုင်ငံတွင်းတွင် ခေါင်းဆောင်ရှိလျှင် ပိုကောင်းကြောင်း လူအများ အသွေးထဲ အသားထဲက သိသည်။ ထို့ကြောင့် နာမည်ကျော်၊ ခေါင်းဆောင်ကြီး တစ်ယောက်ယောက် အနားယူတော့မည် ဆိုလျှင်၊ သို့မဟုတ် ဆုံးပါးသွားလျှင် ထိုအဖွဲ့အစည်း၊ နိုင်ငံတို့ လှုပ်လှုပ်ရွရွ ဖြစ်သည်။
စတော့ရှယ်ယာဈေးကွက် တင်ထားသော ကုမ္ပဏီတို့ဆိုလျှင် နာမည်ကြီး၊ ဂုရု အမှုဆောင် အရာရှိချုပ် အနားယူတော့မည် သို့မဟုတ် သူနာမကျန်းဖြစ်သည် သတင်း ထွက်သည်နှင့် ကုမ္ပဏီ၏ စတော့တို့ ဈေးလှုပ်သွားတတ်သည်။
သို့သော် ထိပ်ပိုင်းခေါင်းဆောင် ပြောင်းသွားတိုင်းသာ ကျဆင်းရမည် ဆိုလျှင် ထိုအဖွဲ့အစည်း၏ အောင်မြင်မှုသည် ခေါင်းဆောင်သက်တမ်း တစ်ခုစာ သို့မဟုတ် ခေါင်းဆောင်၏ တစ်ဘဝစာသာ ဖြစ်နေလိမ့်မည်။ နာမည်အကျော်ဆုံး၊ အအောင်မြင်ဆုံး ခေါင်းဆောင်များလည်း တစ်ချိန်တွင် ထွက်ခွာကြရသည်။ အခြားအခြေအနေ များကိုသာ အန်တုနိုင်ချင် အန်တုနိုင်မည် သေမင်းကိုတော့ နိုင်ငံရေးခေါင်းဆောင်၊ စီးပွားရေးခေါင်းဆောင် ထိတ်ထိတ်ကြဲ မည်သူဖြစ်စေ လက်မြောက်အရှုံးပေးရမြဲ။ သံမဏိ အမျိုးသမီး ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ၊ အမေရိကန်ကို အန်တုခဲ့သည့် ဗင်နီဇွဲလားခေါင်းဆောင် ချာဗက်စ်၊ ကမ္ဘာတွင် တီထွင်ဖန်တီးမှု အရာတွင် ဆရာတင်ရသည့် Apple ကုမ္ပဏီ ပူးတွဲတည်ထောင်သူ စတိဗ်ဂျော့ဘ်စ် တို့သည် သူတို့မရှိလျှင် မဖြစ်ဟု အခြားသူများကပင် အထင်ခံရသူများ။ သို့သော်လည်း သူတို့လည်း သွားမြဲတိုင်းလမ်းသို့ သွားကြရသည်။
အတော်ဆုံးသော ခေါင်းဆောင်တို့သည် မိမိမရှိလည်း အရှိန်မပျက် ဆက်သွားနိုင်အောင်၊ ဆက်အောင်မြင်နိုင်အောင် စီမံထားနိုင်ကြသည်။ လုပ်ငန်း၊ အဖွဲ့အစည်း၊ နိုင်ငံကို စနစ်တကျ တည်ဆောက်ထား ခဲ့နိုင်သောကြောင့် သူတို့ထွက်ခွာချိန်တွင် ရုပ်ပျက်ဆင်းပျက်မဖြစ်။ တစ်ဗိုလ်ကျ တစ်ဗိုလ်တက် စနစ်ဖြင့် သွားသောကြောင့် လုပ်မြဲအတိုင်း လုပ်ကို လုပ်နိုင်သလို အသစ်ပေါ်လာသည့် စိန်ခေါ်မှုများ ကိုလည်း အဖွဲ့အစည်းသည် ဟန်မပျက် ရင်ဆိုင်နိုင်သည်။
လူသားအရင်းအမြစ်ကို စုဆောင်းမွေးမြူနိုင်ခြင်း၊ လည်ပတ်သည့် စနစ်ကို ချောမွေ့အောင် တည်ဆောက်နိုင်ခြင်း၊ တီထွင်ဖန်တီးမှုကို အားပေးခြင်း၊ သုတေသနတွင် ရက်ရက်ရောရော သုံးစွဲခြင်း၊ ခေါင်းဆောင်သစ်များပေါ် လာအောင် အားပေးခြင်း၊ ချီးမြှောက်ထိုက်သူကို ချီးမြှောက်သည့် ယဉ်ကျေးမှု ဖော်ဆောင်နိုင်ခြင်း တို့သည် ကြီးမြတ်သောခေါင်းဆောင်၊ တစ်ခေတ် တစ်ယောက် ခေါင်းဆောင်မျိုး မရှိတော့လျှင်ပင် ဆက်လက် လည်ပတ်စေနိုင် သည့် အကြောင်းရင်းများ ဖြစ်သည်။ သူမရှိလျှင်လည်း ဖြစ်ကြသည့် ခေါင်းဆောင်များသည် ထိုအချက်များကို ဂရုထား ဖြည့်ဆည်း ပေးကြသည်ကို တွေ့ရသည်။
အချို့ခေါင်းဆောင်များသည် သူမရှိလျှင် မဖြစ်သည်ကို အလွန်ဂုဏ်ယူ တတ်သည်။ “ကျွန်တော်မရှိရင် သူတို့ဘာမှ မလုပ်တတ်တော့ဘူး”၊ “ကျွန်တော် ရှိမှ ဖြစ်တာ” ဟူသော စသော စကားတို့ကို ထိုသူတို့ တွင်တွင် ပြောတတ်ကြ သည်။ “မရှိလျှင် မဖြစ်” သည်မှာ အရေးပါသည့်သဘော၊ သူမရှိနေလျှင် လုပ်ငန်း မလည်ပတ်တော့သည့် သဘောဖြစ်နေသောကြောင့် သူလုပ်နိုင်ကိုင် နိုင်သည်မှာ ထင်ရှားနေသည်။ သို့သော် နောက်ထပ် ထင်ရှားသည်က သူသည် ခေါင်းဆောင်မှုအရာတွင် ထိပ်ဆုံးသို့မူ မရောက်သေး၊ လိုနေသေးကြောင်း ဖြစ်သည်။ သူသာ လုံးဝမရှိတော့လျှင် ကို အသာထား၊ သူခဏလေး မရှိလျှင်ပင် ဖြစ်အောင် မလုပ်နိုင်သေး။ “ငါမရှိရင် မဖြစ်ဘူး” ဆိုသည့် ခေါင်းဆောင်များသည် ကိုယ့်အထုပ်ကိုယ် ဖြေပြနေသူများသာ ဖြစ်သည်။ သူတို့သည် မရှိလျှင်လည်း ဖြစ်အောင် လုပ်မထားသူများဖြစ်သည်။
ခေါင်းဆောင်နှင့် သူ့အဖွဲ့သားများအကြား ဉာဏ်ပညာ၊ စွမ်းဆောင် ရည်၊ ဆင်ခြင်တုံတရား အလွန်ကွာဟ နေသောကြောင့် ထိုသို့ ခေါင်းဆောင်က ညည်းတွားခြင်းလည်း ဖြစ်နိုင်သည်။ သို့သော် ထိုခေါင်းဆောင်က “ငါမရှိလျှင် မဖြစ်” ဟု ဂုဏ်ယူပြီး ပြောနေသည်ဆိုလျှင် သေချာပြီ၊ သူသည် အဖွဲ့အစည်း ကို တည်ဆောက်နိုင်ခြင်း မရှိ သို့မဟုတ် တည်ဆောက်မနေသူ ဖြစ်သည်။
ကျွန်တော်တို့နိုင်ငံတွင် မရှိလျှင်မဖြစ်သော ခေါင်းဆောင်များ များပြား လေ့ရှိသည်ကို မြင်တွေ့ရသည်။ အဖွဲ့အစည်းများသည် ခေါင်းဆောင်ကြီး ပျောက်သည်နှင့် ဒုက္ခရောက်တတ်ကြသည်။ ထူးခြားသော ခေါင်းဆောင် ရှိနေချိန်တွင် တရိပ်ရိပ်တက် အောင်မြင်နေတတ်ပြီး ထိုခေါင်းဆောင် ကွယ်လွန်၊ နုတ်ထွက်၊ နာမကျန်းတော့ သည်နှင့် အဖွဲ့အစည်းလည်း ဗုန်းဗုန်း မြေသို့ကျသည်။ မိဘလက်ထက်တွင် လျှမ်းလျှမ်းတောက် သော်လည်း သားသမီးလက်ထက်တွင် သာမန်ကာလျှံကာ ဖြစ်နေသည် မျိုးလည်း တွေ့ရသည်မှာ ထူးပြီးမဆန်းတော့ပါ။ အတိအကျ စာရင်းကောက်ထားခြင်းမျိုး မရှိသော်လည်း ထိုသို့ “သူမရှိလျှင်” မဖြစ်သည်များမှာ များလှသောကြောင့် အမျိုးသားရေး စရိုက်လက္ခဏာ တစ်ခုပင် ဖြစ်နေသလားဟု ထင်မိသည်။
“သူမရှိလျှင်”သည် ရေရှည်ခံအဖွဲ့အစည်းနှင့် ကောက်ရိုးမီး အဖွဲ့အစည်း တို့ကို ပိုင်းခြားထားသော မျဉ်းဖြစ်သည်။ မြန်မာနိုင်ငံရှိ လုပ်ငန်းတိုင်း အဖွဲ့အစည်းတိုင်းတွင် “သူမရှိလျှင်” ကို ကြိုတင်ပြင်ဆင် အဖြေရှာထားနိုင် မှသာ ရေရှည်ခရီးကို ချီတက်နိုင်လိမ့်မည်။
ဇေယျသူ
The Voice Weekly
သူမရှိလျှင်
Labels:
ဆောင်းပါး