![](http://4.bp.blogspot.com/-up1BQaKOu2w/UROMSaDjjfI/AAAAAAAAAYM/3WJuXpGhLUc/s320/mmm.jpg)
ရန်ကုန်၊ ဖေဖော်ဝါရီ ၇။
မြန်မာနိုင်ငံ အတွင်း လူ့အခွင့်အရေး ဆုံးရှုံးမှုများ၊ ဒီမိုကရေစီအရေးဆုံးရှုံးမှုများအတွက် ယုံကြည်ချက်ဖြင့် လုပ်ဆောင်နေသူအားလုံးသည်နိုင်ငံရေးသမားများ ဖြစ်သည် ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက
ဦးတင်ဦးက ယနေ့ ပြုလုပ်သော လက်တလော လွတ်မြောက်လာသောနိုင်ငံရေး အကျဉ်းသားများ၏ သားသမီးများအား ထောက်ပံ့ငွေပေးပွဲ၌ အဓိပ္ပါယ်ဖွင့်ဆိုလိုက်သည်။
နိုင်ငံတော် သမ္မတမှ အကျဉ်းထောင်များအတွင်း လက်ကျန်နိုင်ငံရေးအကျဉ်းသားများစီစစ်ရေး ကော်မ တီဖွဲ့စည်းခြင်းကို ရည်ညွှန်းခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်များတွင် ယုံကြည်ချက်ကြောင့်
နိုင်ငံရေး အကျဉ်းကျသူများအား နိုင်ငံရေးပုဒ်မ မဟုတ်ဘဲ အခြား ပြစ်မှုဥပဒေပုဒ်မများဖြင့် အရေးယူခဲ့သောကြောင့် ဖွင့်ဆိုခြင်းဖြစ်ကြောင်း သိရသည်။
"နိုင်ငံရေး ယုံကြည်ချက်ကြောင့်၊ လူ့အခွင့်အရေး ဆုံးရှုံးတာတွေကြောင့်၊ဒီမိုကရေစီဆုံးရှုံးမှုတွေကြောင့် ပြစ် မှုဆိုင်ရာတွေပုဒ်မတွေ ဘယ်လောက်တက်တက် သူကနိုင်ငံရေး အကျဉ်းသားပဲ" ဟု ဦးတင်ဦးက ဆိုသည်။
ဆက်လက်ပြီး " ယုံကြည်ချက်ကြောင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်တဲ့သူတွေ အတွက်လည်း ပုဒ်မ-၁၈ ပါထပ်တိုးလာတယ်။ တရားဥပဒေအရလွတ်လပ်စွာ တရားစီရင်တာကို မခံရသေးဘူး။အရင်ကဆို နိုင်ငံရေး
အမှုဆိုရင် တရားစီရင်တာက တရားလိုရဲ့ စွဲချက်တွေနဲ့ပဲ တရားစီရင်ရေးကတရားစီရင်တယ်" ဟု ပြောကြားသည်။
အဆိုပါ ကိစ္စနှင့် ပက်သက်ပြီး" အရင်တုန်းက နိုင်ငံရေး အကျဉ်းသားရှိတယ်ဆိုတာကို အာဏာကို ဆုပ်ထားတဲ့ အစိုးရက ဘယ်တုန်းကမှလက်မခံခဲ့ဘူး။ ဒီမိုကရေစီ အကြောင်း၊ လူ့အခွင့်အရေး အကြောင်း
ပြောတဲ့ သူတွေကို ဖမ်းတယ်။ အခုတော့သူတို့ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသားလို့ သုံးလာပြီ။ ကျွန်တော်တို့ ကိုယ်တိုင်လည်း နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့နဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဘဝပြန်လည် ထူထောင်ရေးက အရေးကြီးဆုံးပဲ" ဟု ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းဇေယျာက ပြောကြားသည်။
မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင်အသီးသီးတွင် အကျဉ်းသား ၂၆ဝ ကျော်ရှိ ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့နှင့်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ကျန်ရှိ နိုင်ငံရေး အကျဉ်းသား
စာရင်းပေါ်တွင် အခြေခံ၍ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့(FPPS) က တွက်ချက်ထားသည်။
စူးရှ
The Myanmar Age