http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တစ်ပတ်ရစ်အထည်များရဲ့ တန်ဖိုး

ဓာတ်ပုံ- ကျော်ဇင်သန်း
တန်ဖိုးကြီးမားလှသည့် ကမ္ဘာကျော် အမှတ်တံဆိပ် အ၀တ်အစားများကို ပိုင်ဆိုင်ရန်အတွက် ၀င်ငွေနည်းပါးလွန်းလို့ စိတ်ညစ်နေပါသလား။

ရန်ကုန်မှာတော့ နေရာအချို့ကိုသွားပြီး စိတ်ရှည်ရှည်နဲ့ အချိန်အနည်းငယ်ပေးလိုက်မယ်ဆိုရင် ဒီပြဿနာ ပြေလည်နိုင်ပါသည်။

အသစ်နီးပါး ကောင်းမွန်သည့် ကမ္ဘာကျော်အမှတ်တံဆိပ်များလည်း ရရှိနိုင်သည့် ရန်ကုန်မြို့ရှိ ဘေထုပ်ခေါ် နိုင်ငံခြားဖြစ် တစ်ပတ်ရစ် အဟောင်းထည်ဈေးကွက်သည် ၀င်ငွေနည်း လူတန်းစားများအတွက် စိတ်ကျေနပ်စရာ ဖြစ်ခဲ့သည်။

အချိန်သာ အနည်းငယ်ပေးပြီး စိတ်ရှည်ရှည်ဖြင့် ရှာဖွေမည်ဆိုလျှင် ယင်းနေရာတွင် ပြင်သစ်နာမည်ကျော်တံဆိပ်ဖြစ်သည့် Lacoste ၊ ဟောင်ကောင်နာမည်ကြီးတံဆိပ် Bossini ၊ ဂျာမနီထုတ် Hugo Boss ၊ အမေရိကန်နာမည် ကျော်ထုတ်ကုန် Levi's Jeans အပါအ၀င် အရည်အသွေးမြင့် ကမ္ဘာကျော်အမှတ်တံဆိပ်များ၏ ပစ္စည်းအစစ်အမှန်များကို ဈေးသက်သက်သာသာဖြင့် ရနိုင်သည်။

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းအတွင်းရှိ ဘေထုပ်ခေါ် တစ်ပတ်ရစ် နိုင်ငံခြားဖြစ်အ၀တ်အထည် ဈေးသည်လည်း ဈေးသက်သက်သာသာဖြင့် အ၀တ်အစား ကောင်းကောင်းရနိုင်သော နေရာဖြစ်သောကြောင့် အမြဲလိုလို လူစည်ကားလေ့ရှိသည်။ နေ့စဉ်နေ့တိုင်း ညနေ ငါးနာရီခန့်မှစတင်ပြီး အ၀တ်အစား လာရောက်ရွေးချယ်သူ အရွယ်စုံ၊ ဆိုဒ်စုံက အလုအယက် သူ့ထက်ငါဦးအောင် ရွေးချယ်နေကြသည်။

လမ်းမကြီး၏ တစ်ဖက်တစ်ချက်တွင် ခင်းထားသော မိုးကာစများပေါ်တွင် အကျ၊ ဘောင်းဘီ အစရှိသည့် အ၀တ်အစားများ တောင်လိုပုံနေသည်။ ဈေးသည်များလည်း သူ့ထက်ငါ အော်ဟစ်ကာ ၀ယ်သူများကို အော်ခေါ်နေသည်။ ယင်း အ၀တ်အစားရောင်းသူများထဲတွင် အသက် ၂၅ နှစ်အ ရွယ် ကိုမျိုးဦး တစ်ယောက်လည်း အပါအ၀င်ဖြစ်သည်။

“ကျွန်တော် စရောင်းတုန်းက လူတွေက ဘေထုပ်ဝတ်ရတာ အရင်က ရှက်စရာလို့ ထင်ကြတယ်။ နောက်ပိုင်း ဒါမျိုးသိပ်မရှိတော့ပါဘူး” ဟု လွန်ခဲ့သော ငါးနှစ်ခန့်မှ စတင်ပြီး ဘေထုပ်များ ရောင်းချသောသူက ၀ယ်သူများကို တစာစာခေါ်နေသည့်ကြားမှ ပြောသည်။

သူ၏ရှေ့တွင် အမျိုးသား ၀တ်ရှပ်အကျများမှာ အပုံလိုက်၊ တစ်ထည် ကျပ် ၈၀၀၊ နှစ်ထည်ယူ ကျပ် ၁၅၀၀ ပဲပေးဟု သူ့ရှေ့က ၀ယ်သူများကို အကျပုံကို လက်နှစ်ဖက်ဖြင့်ဖွရင်း သူကပြောနေသည်။

“ဒါမျိုးတွေဆို မြို့ထဲက စတိုးဆိုင်တွေမှာ ကျပ် ၄၅၀၀၊ ၅၀၀၀ အနည်းဆုံးပဲ” ဟု သူကဆက်ပြောသည်။

“တစ်ခါတလေဆိုရင် ရုပ်ရှင် သရုပ်ဆောင်တွေ၊ ဟာသကားထဲက လူတွေတောင် လာကြတယ်” ဟု ကိုမျိုးဦးက သူ့ဖောက်သည်များအကြောင်း ပြောသည်။

ခေါင်ထည်ဟုခေါ်သည့် နာမည်ကျော် တံဆိပ်များနှင့် အသစ်နှင့်မခြား အ၀တ်အစားများကို ဘေထုပ်စတင်ဖောက်သည့်အချိန်တွင် ရန်ကုန်မြို့ရှိ စတိုးဆိုင်ကြီး အချို့မှပင် တကူးတက လာရောက်ရွေးချယ်ဝယ်ယူလေ့ရှိကြောင်း ဘေထုပ်ထည်ရောင်းချသူများကဆိုသည်။ ဘေထုပ်ထည်များတွင် စတိုးဆိုင်ကြီးအချို့က Levis ၊ True Religion ၊ Diesel ၊ CalvinKlein ၊ Riders Jeans အစရှိသည့် ကမ္ဘာ့နာမည်ကြီး အမှတ်တံဆိပ်များကို အလေးထားရွေးချယ်လေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။

“အထုပ်စစဖောက်ချင်း အထည် ၁၀၀ ယူမယ်။ ဈေးက ဘယ်လောက်ဆိုပြီး ကြိုညှိတာရှိတယ်။ အဲဒီခေါင်ထည်တွေကို ပြန်ရောင်းရင် သောင်းချီမြတ်တယ်” ဟု မင်္ဂလာမွန်ဈေးရှိ ဘေထုပ်ထည် ရောင်းချသူတစ်ဦးကဆိုသည်။

ဘေထုပ်များသည် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုကျော်မှ စတင်ပြီး မြန်မာနိုင်ငံ၏ ဈေးကွက်တွင် တဖြည်းဖြည်း နေရာရလာကြောင်း လက်ကားရောင်းချသူ တစ်ဦးဖြစ်သည့် ဦးသန်းထွန်းစိုးက ပြောသည်။ အာရှ၏ ချမ်းသာသည့် နိုင်ငံများဖြစ်သော ဂျပန်၊ ကိုရီးယား၊ စင်ကာပူတို့မှ ၀င်ရောက်သော ဘေထုပ်ထည်များကို လူကြိုက်များပြီး အာဆီယံနိုင်ငံများ ဖြစ်သည့် ထိုင်းနှင့် မလေးရှားနိုင်ငံတို့မှလည်း ၀င်ရောက်လေ့ရှိကြောင်း ဘေထုပ်အထည် လုပ်ကိုင်သည့် သက်တမ်း ၁၅ နှစ်ခန့်ရှိ ပြီဖြစ်သည့် ၎င်းက ပြောသည်။

“ဂျပန်လိုနိုင်ငံမျိုးကျ ချမ်းသာတော့ ဒီဇိုင်းဟောင်းသွားရင် မသုံးတော့တာပေါ့။ ကျွန်တော်တို့ဆီမှာတော့ အသစ်နီးပါးပဲပေါ့။ ကားတွေလိုပေါ့ဗျာ” ဟု ၎င်းက ဆိုပါသည်။

နှစ်စဉ် အောက်တိုဘာမှ ဇန်န၀ါရီအထိ ကာလများသည် ဘေထုပ်ထည်များ ရောင်းအားအကောင်းဆုံးဖြစ်သည်။ ယင်းလများတွင် တစ်ရက်လျှင် ဘေထုပ်ထည် ရာနှင့်ချီပြီး ပါဝင်သည့် အထုပ်ပေါင်း ၂၀ မှ ၃၀ အထိ ရောင်းရကြောင်း ၎င်းက ပြောသည်။ ယင်း ပမာဏကို ရန်ကုန်တစ်မြို့လုံးရှိ ဒိုင်များ ရောင်းအား၏ အထည်အရေအတွက်နှင့် တွက်ကြည့်လျှင် တစ်ရက်လျှင် အထည်ပေါင်း ၇၀၀၀ မှ ၁၀၀၀၀ ကျော်အထိ အရောင်းအ၀ယ်ဖြစ်လျက်ရှိသည်။

“အရင်ကတော့ ဘေထုပ်ဆိုရင် လူသေတွေဝတ်တာ။ ရောဂါရမယ်ဆိုပြီး အစွဲကြီးခဲ့တယ်။ နောက်ပိုင်းတော့ အဲဒီအစွဲမရှိ တော့ဘူး။ တကယ်တော့ ဟိုက စက်ရုံတွေက သေချာပိုးသတ်၊ လျှော်ဖွပ်ပြီးမှ ထုပ်ပိုးပြီး တင်ပို့တာ” ဟု ဦးသန်းထွန်းစိုးက ပြောသည်။

နိုင်ငံခြားမှ တင်သွင်းသူများထံမှ ဦးသန်းထွန်းစိုးတို့ကဲ့သို့သော လက်ကားဒိုင်ကြီးများက ၀ယ်ယူပြီး မြန်မာနိုင်ငံအနှံ့ ဖြန့်ချိကြ သည်။ ယင်းဘေထုပ်များကို စတိုးဆိုင်များတွင် ရောင်းချမည့်သူအချို့က စတင်ဖွင့်ဖောက်ကာ စိတ်ကြိုက်ဈေးပေး ရွေးချယ်ကြသည်။ စိတ်ကြိုက်ဈေးပေး ရွေးချယ်သည့် အထည်များပြီးနောက် ကျန်အထည်များကို အရင်းအနှီး အနည်းငယ်ရှိသည့် ဆိုင်ရှင်များက ရန်ကုန်မြို့အနှံ့တွင် သင့်တင့်သော ဈေးဖြင့် ရောင်းချသည်။

ယင်းနောက်တွင်မှ ကျန်သည့်အထည်များကို ကိုမျိုးဦးတို့လို ပုံရောင်းဈေးသည်များက ဆက်လက်ရောင်းချသည်။ ကိုမျိုးဦးတို့ကဲ့သို့ ပုံရောင်းများ ရောင်းမကုန်ပါက အရင်းအနှီးနည်းနည်းဖြင့် ဈေးဆိုင်တည်သူများက ဆက်လက်ရောင်းချသည်။

“အနည်းဆုံးက အကျတစ်ထည်ကို ၅၀ ကျပ်ပဲ။ တစ်ခါတလေ ရောင်းမကုန်ရင် ၂၀၀ ကျပ်ဖိုး ငါးထည်တောင်ရှိတယ်” ဟု ကိုမျိုးဦးက ပြောသည်။

ရန်ကုန်မြို့တွင် မင်္ဂလာမွန်ဈေး၊ ကြည့်မြင်တိုင်ဈေးကြီးလမ်းဈေး၊ ဆူးလေအနော်ရထာတန်း၊ တာမွေအ၀ိုင်းနှင့် အင်းစိန်ဘူတာဈေးတို့ရှိ ဘေထုပ်အ၀တ်အထည်ဆိုင်များမှာ အခြေခံ လူတန်းစားများအကြိုက်တွေ့သည့် နေရာများ
ဖြစ်သည်။ ရန်ကုန်သာမက နယ်ဈေးကွက်မှ ၀င်ငွေနည်း လူတန်းစားများအတွက်လည်း ဘေထုပ်ထည်များသည် အကြိုက်တွေ့စရာများဖြစ်သည်။ ယခင်က ရခိုင်နှင့်ဧရာဝတီတို့သည် ၀ယ်လိုအား အများဆုံးဖြစ်ကြောင်း ဘေထုပ်လက်ကားဆိုင်များက ပြောသည်။ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီးမှ ၀ယ်လိုအား သိသိသာသာ ကျဆင်းသွားကြောင်း ဦးသန်းထွန်းစိုးက ပြောသည်။

“ကြီးကြီးမားမားရောဂါတော့ မကူးစက်နိုင်ပါဘူး။ ဖြစ်နိုင်တာက အရေပြားနဲ့ပတ်သက်တဲ့ ၀ဲတို့၊ ယားနာတို့၊ ပွေးတို့တော့ဖြစ် နိုင်တယ်။ စိတ်မသန့်ရင်တော့ ရေနွေးနဲ့ပြုတ်ပြီးဝတ်ပေါ့” ဟု ကူးစက်ရောဂါ အထူးကုဆရာဝန်တစ်ဦးကလည်း ပြောသည်။

ဘေထုပ်ထည်များ၏ ဈေးကွက်သည် ၂၀၀၀ မှ ၂၀၀၅ ခုနှစ်အတွင်းတွင် ရောင်းအားအကောင်းဆုံး အနေအထားတွင် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် တန်ဖိုးနည်း တရုတ်အထည်များကို ဈေးကွက်ဝေစု ခွဲပေးလိုက်ရကြောင်း ရောင်းချသူများက ပြောသည်။

“ဈေးတူရင် အသစ်ဆိုတော့ တရုတ်က၀င်တာတွေကို လူစိတ်ဝင်စားတယ်။ နောက် ဘင်္ဂလားဒေ့ရှ်က အထည်ချုပ်တွေက နည်းနည်းပါးပါး ပျက်စီးတဲ့ အထည်တွေကလည်း ၀င်သေးတယ်။ ဒါပေမဲ့ အရည်အသွေးပိုင်းကျတော့ ဘေထုပ်ကို မမီဘူး။ ၀တ်နေကျ လူကတော့ ဘေထုပ်ကိုပဲ ကြိုက်ကြတယ်” ဟု မင်္ဂလာမွန်ဈေးမှ ဘေထုပ်ရောင်းသူကပြောသည်။

အချိန်က ညနေစောင်းကျော်လာကာ ည ၈ နာရီ ကျော်လာခဲ့ပြီဖြစ်သည်။ ကြည့်မြင်တိုင်မြို့နယ် ဈေးကြီးလမ်းအတွင်း တန်ဖိုးနည်း အ၀တ်အထည် ရွေးချယ်သူများလည်း တဖြည်းဖြည်း လူစုကွဲသွားပြီဖြစ်သည်။ ကိုမျိုးဦးတစ်ယောက်လည်း သူ့ဆိုင်ကို သိမ်းဆည်းရန် ပြင်ဆင်လိုက်သည်။

“တစ်နှစ်လုံး ရောင်းရတာလေးစုနေတယ်။ သင်္ကြန်တော့ ရွာပြန်ဖြစ်မယ်ထင်တယ်။ အဲဒီကျရွာမှာ အထည်တွေ ယူရောင်းဖို့ စဉ်းစားထားတယ်” ဟု အောင်လံသားက ဆက်လက်ပြောသည်။

ဘေထုပ်အထည်များသည် ကိုမျိုးဦးကဲ့သို့သော ကျေးလက်များမှ ရန်ကုန်တက်လာသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းတစ်ခု ဖြစ်သလို ၀င်ငွေနည်း လူတန်းစားများအတွက်လည်း စရိတ်နည်းနည်းဖြင့် တင့်တင့်တယ်တယ် အ၀တ်အစား ၀တ်ဆင်နိုင်မည့် အခွင့်အရေးများ ရရှိစေခဲ့ပြီဖြစ်သည်။
ရေးသားသူ- ထွန်းခိုင်
7Day News Journal

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com