ဒီကနေ့ မနက်ပိုင်းက ရန်ကုန်တိုင်း ဥက္ကံမြို့ဈေးအတွင်း အစ္စလာမ်ဘာသာဝင် အမျိုးသမီးတစ်ဦးနဲ့ ဗုဒ္ဓဘာသာ ကိုရင်တစ်ပါးတို့ မတော်တဆတိုက်မိပြီး သပိတ်ပြုတ်ကျရာက စတင်ခဲ့တဲ့ ပဋိပက္ခကြောင့် ဥက္ကံမြို့မှာရှိတဲ့ ဗလီတစ်လုံး၊ နေအိမ်နဲ့ ဆိုင်ခန်း ၅၀ ကျော် ဖျက်ဆီးခံခဲ့ရပါတယ်။
အခုလို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တာကြောင့် ဒေသတည်ငြိမ်အေးချမ်းမှုရှိစေဖို့ ဒီကနေ့ ညနေ ၅ နာရီကစတင်လို့ ဥက္ကံမြို့ကို ပုဒ်မ (၁၈၈) အမိန့် ထုတ်ပြန်လိုက်ကြောင်း ဥက္ကံမြို့နယ် အုပ်ချုပ်ရေးမှူးက လိုက်လံကြေညာနေပါတယ်။
ဥက္ကံမြို့ ပြန်လည်တည်ငြိမ်းအေးချမ်းစေဖို့အတွက် ရန်ကုန်တိုင်းရဲမှူးကြီး သူရဝင်းနိုင်က ဒေသခံတပ်ရင်းတွေနဲ့ ပူးပေါင်းပြီး လုံခြုံရေးလုပ်ငန်းတွေကို စီမံဆောင်ရွက်နေသလို ဥက္ကံမြို့ပတ်ဝန်းကျင်က မြို့နယ်တွေကိုလည်း တည်ငြိမ်မှုရှိစေဖို့အတွက် ရန်ကုန်တိုင်းအတွင်းက ရဲတပ်ဖွဲ့ဝင်တွေသွားရောက်ပြီး လုံခြုံရေးလုပ်ငန်းတွေ ပါဝင်ဆောင်ရွက်နေတယ်လို့ သတင်းရရှိပါတယ်။
RFA Burmese