http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအပေါ် ဒေသခံများသဘောမတူ


14 March 2013


မတ်လ ၁၃ ရက်နေ့က လက်ပံတောင်းဒေသသို့ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပုံနှင့် ဒေသခံတို့၏ ဆန္ဒထုတ်ဖော်မှု မြင်ကွင်းများ

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် မတ် ၁၃ ရက်နေ့က မုံရွာမြို့မှတဆင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနေရာသို့ သွားရောက်ခဲ့ပြီး ဒေသခံများ၊ ၀မ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် နံနက် ၁၁ နာရီခွဲအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့သို့ ရောက်ရှိလာပြီး မုံရွာမြို့ရှိ ၀င်းယူနတီဟိုတယ်တွင် ခေတ္တနားခိုကာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ဆားလင်းကြီးမြို့နယ်၊ ဒုန်းတောကျေးရွာသို့ သွားရောက်ခဲ့ပြီး အခြေခံပညာ မူလတန်းလွန်ကျောင်းတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင် ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာသို့ သွားရောက်ခဲ့ပြီး ကံကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဒေသခံများနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။ ကံကုန်းကျေးရွာမှတဆင့် မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံသို့ သွားရောက်ခဲ့ပြီး ညနေ ၄ နာရီခွဲအချိန်တွင် ဆားလင်းကြီးမြို့နယ် ကံတော-၀က်မှေးရွာသစ်သို့ လည်းကောင်း၊ ညနေ ၅ နာရီခွဲအချိန်တွင် လက်ပံတောင်းတောင် မြောက်ဘက်ရှိ ကျော်ရွာသို့လည်းကောင်း သွားရောက်ခဲ့သည်။ ထို့နောက် ညနေ ၆ နာရီအချိန်တွင် ၀မ်ပေါင်ကုမ္ပဏီသို့ ရောက်ရှိခဲ့ပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကာ ခေတ္တတည်းခိုသည့် မုံရွာမြို့ရှိ ၀င်းယူနတီဟိုတယ်သို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၁၄ ရက်နေ့တွင် ၀င်းယူနတီဟိုတယ်၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ဖွယ်ရှိကြောင်း မုံရွာမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနေငယ်က ပြောကြားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က ကံတော-၀က်မှေးရွာသစ်တွင် တွေ့ဆုံပြောကြားရာတွင် ကျေးရွာလူထုအင်အားကို မှန်မှန်ကန်ကန် သုံးသင့်ကြောင်း၊ အချိန်သည် တစ်နာရီနှင့်တစ်နာရီ အမြဲပြောင်းလဲနေကြောင်း၊ သူကိုယ်တိုင် စောစောတစ်နာရီလောက်က မိုးကြိုးဆာလဖျူရစ်အက်ဆစ်စက်ရုံကို ရောက်နေပြီး ယခုအခါ ကံတော-၀က်မှေးရွာသစ်ကို ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ထို့ကြောင့် အပြောင်းအလဲကို လက်ခံရမှာဖြစ်ကြောင်း၊ အနိစ္စသဘောဟူသည့် ဘုရားဟောခဲ့သည်ပင် ရှိကြောင်း ပြောပြခဲ့သည်။

လက်ပံတောင်း ကြေးနီစီမံကိန်းသည် ဆက်လက်လုပ်ဆောင်သင့်သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ စီမံကိန်းသည် ကော်မရှင်၏ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်မည်ဆိုပါက ဒေသခံများအတွက် အကျိုးရှိမည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် သတ္တိရှိရှိဖြင့် အပြောင်းအလဲကို ရင်ဆိုင်ရန် လိုအပ်ကြောင်း၊ မဖြစ်မနေဖြစ်ရမည့် အပြောင်းအလဲများအား အကောင်းဆုံးဖြစ်အောင် ပူးပေါင်းလုပ်ဆောင်သွားရန် လိုကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က "မင်းမှာသစ္စာ လူမှာကတိဆိုတဲ့ စကားတစ်ရပ်ရှိတယ်။ တချို့ကလည်း မင်းမှာကတိ လူမှာသစ္စာလို့ ဆိုကြတယ်။ ကျွန်မအနေနဲ့ကတော့ မင်းမှာသစ္စာ လူမှာကတိဆိုတဲ့ စကားကို ပိုကြိုက်တယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့မင်းဟာ စာချုပ်ကို သစ္စာနဲ့ ထိန်းသိမ်းဖို့ လိုတယ်။ နှစ်နိုင်ငံ သဘောတူစာချုပ်ကို ဖျက်လိုက်ရင် တစ်ဘက်သတ် ချိုးဖောက်ရာကျတယ်။ ချိုးဖောက်ရင် နိုင်ငံတကာကလည်း ယုံကြည်မှာ မဟုတ်ဘူး" ဟု ကံတော-၀က်မှေးရွာသစ်တွင် ဒေသခံများနှင့် တွေ့ဆုံခိုက် ပြောကြားသွားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လက်ပံတောင်းဒေသသို့ ရောက်ရှိနေချိန်တွင် လက်ပံတောင်းတောင် စီမံကိန်း အပြီးသတ် အစီရင်ခံစာအပေါ် သဘောမတူကြောင်း ပြသသည့်အနေဖြင့် ဆားလင်းကြီးမြို့နယ် တုံကျေးရွာ သပိတ်စခန်းတွင် ယနေ့ မတ် ၁၃ ရက် မွန်းလွဲ ၁ နာရီဝန်းကျင်က လူအင်အား ၂၀၀ ခန့် လမ်းလျှောက်ဆန္ဒပြပွဲတစ်ခု ပြုလုပ်ခဲ့ပြီး တုံကျေးရွာသပိတ်စခန်းမှ ညောင်ပင်ကြီး၊ ထိုမှတဆင့် ၀မ်ပေါင်ကုမ္ပဏီရှေ့သို့ ချီတက်ဆန္ဒ ထုတ်ဖော်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆန္ဒထုတ်ဖော်ရာတွင် လက်ပံတောင်းစီမံကိန်း လုံးဝဖျက်သိမ်းရန် တောင်းဆိုခဲ့ပြီး မတ် ၁၂ ရက် အစိုးရပိုင် သတင်းစာမှတစ်ဆင့် ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာအားလည်း ကျေနပ်မှုမရှိကြောင်း ဒေသခံများက ဆိုသည်။

စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာနှင့် ပတ်သက်၍ ဆန္ဒပြမှုများအပေါ် "ဒီအစီရင်ခံစာ ထုတ်ပြန်မှုဟာ ကျွန်မမှာ အဓိက တာဝန်ရှိပါတယ်။ တကယ်လို့ ဒေသခံတွေအနေနဲ့ မကျေနပ်လို့ ဆန္ဒပြချင်ရင် ကျွန်မအိမ်ကိုလာပြီး ဆန္ဒပြလို့ရပါတယ်။ ဘာမှမဆိုင်တဲ့ ၀မ်ပေါင်ကိုသွားပြီး အစီရင်ခံစာနဲ့ ပတ်သက်လို့ ဆန္ဒပြစရာ မလိုပါဘူး.။ ဒါပေမယ့် ဆန္ဒပြမယ်ဆိုရင် သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးတွေကိုခွင့်တောင်းပြီး ပြလို့ရပါတယ်၊၊ ဥပဒေအတိုင်း ဆန္ဒပြတာမဟုတ်ခဲ့ရင်တော့ ကျွန်မကလည်း ဥပဒေအတိုင်း လုပ်သွားမှာပါ" ဟု ကံတောကျေးရွာမှ ဒေသခံများနှင့် တွေ့ဆုံရာတွင် ထည့်သွင်းပြောကြားခဲ့သည်၊၊

"ဒီတောင်ကြီးတွေက ဒေသခံတွေရဲ့ အသက်ပါ။ ဒီစီမံကိန်းကို လုပ်ခဲ့တုန်းကလည်း ခြိမ်းခြောက်မှုတွေနဲ့ လုပ်ခဲ့တယ်။ တောင်သူတွေရဲ့ စားဝတ်နေရေး အခက်အခဲ ဖြစ်ရတဲ့အပြင် သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းမှုတွေလည်း လုပ်ခဲ့တယ်။ အခုအစီရင်ခံစာမှာ ဒီလောက် မီးလောင်ဒဏ်ရာတွေ ရတာကို မီးခိုးဗုံးလို့ လုပ်ထားတုန်းပဲ။ ပြီးတော့ စီမံကိန်း လုံးဝရပ်ဆိုင်းဖို့ တစ်ခုပဲ အဓိကတောင်းဆိုတာဖြစ်တဲ့အတွက် ဒီအစီရင်ခံစာကို သဘောမတူပါဘူး။ ဆက်လက်တောင်းဆိုမှုတွေ ပြုလုပ်သွားမှာပါ" ဟု သပိတ်စခန်း အကြမ်းဖက်ဖြိုခွင်းခံရမှုတွင် ပါဝင်ခဲ့သော တုံကျေးရွာသပိတ်စခန်းမှ ဒေသခံတစ်ဦးက ဆိုသည်။

သိမ်းဆည်းခံခဲ့ရသော မြေယာများအတွက် လျော်ကြေးညှိနှိုင်းသွားမည် မဟုတ်ကြောင်း၊ လျော်ကြေးလိုချင်သည့်အတွက် ဆန္ဒပြရခြင်းမဟုတ်ဘဲ စီမံကိန်းဖျက်သိမ်းရန်သာ တောင်းဆိုသွားမည်ဖြစ်ကြောင်း တုံကျေးရွာ သပိတ်စခန်းမှ မစန္ဒာဝင်းက ဆိုပါသည်။

"ဒုန်းတောနဲ့  ကံကုန်းရွာတွေ မိုးကြိုးအက်ဆစ်စက်ရုံဘက်တွေ သွားအပြီးမှာ လူတွေက ၀မ်ပေါင်ရုံးကို လာမယ်ထင်လို့  ၀မ်ပေါင်ရုံးနားက သွားစာင့်တယ်။ ဒါပေမယ့် အက်ဆစ်စက်ရုံကလာတဲ့ ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့က ၀မ်ပေါင်ရုံးကို ဆက်မလာဘဲ ညောင်ပင်ကြီးဘက်ကိုသွားတဲ့ လမ်းခွဲကိုချိုးပြီး ကံတော-၀က်မှေးရွာသစ်ကို ဆက်ပြီးသွားပါတယ်။ လမ်းမှာရှိတဲ့ ကျော်ရွာရဲ့အနောက်ဘက်နား ရန်အောင်မြင်စေတီ အလွန်လောက်မှာ တုံကျေးရွာ သပိတ်စခန်းဘက်ကလာတဲ့ ဆန္ဒပြအဖွဲ့တွေနဲ့ တွေ့ခဲ့ပါတယ်။ ဆန္ဒပြတဲ့အဖွဲ့က ဆိုင်ကယ်တစ်စီးကို ယာဉ်တန်းက ပိတ်သလိုဖြစ်သွားပြီး လူရုန်းရုန်း ဖြစ်သွားပါသေးတယ်။ နောက်တော့ သူတို့ လမ်းသူတို့ ဆက်သွားပါတယ်" ဟူ၍ ကျော်ရွာမှဒေသခံတစ်ဦးက ပြောပြသည်။

မြန်မာ့စီးပွားရေး ဦးပိုင်မှလည်း လက်ပံတောင်းတောင် အစီရင်ခံစာပါ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးကော်မရှင် အစီရင်ခံစာအပေါ် သဘောထားထုတ်ပြန်ချက်တစ်ရပ်ကို မတ် ၁၂ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်အနေဖြင့် စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတွင် ဖော်ပြအကြံပြုထားသော မြေယာလျော်ကြေးကိစ္စများ၊ စိုက်ပျိုးမြေ ပြန်လည်ဖော်ထုတ်ရေးကိစ္စများ၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ ချုပ်ဆိုထားသော စာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆိုရေး ကိစ္စများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု/ထုတ်လုပ်မှု/လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှု၊ အပြည်ပြည်ဆိုင်ရာ လက်မှတ်များ ရရှိရေး ကိစ္စရပ်များ၊ ဒေသခံ လူထုအတွက် အကျိုးကျေးဇူး ရရှိစေရေး၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ဆာလ်ဖျူရစ်အက်ဆစ်စက်ရုံဆိုင်ရာ ကိစ္စရပ်များ စသည့်အကြံပြုချက်များကို ၀န်ကြီးဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည့်အပြင် နိုင်ငံတကာ အဆင့်မီ ပြည်ပကျွမ်းကျင်သူ ကုမ္ပဏီများအား ငှားရမ်း၍ စနစ်တကျ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ၀မ်ပေါင်ကုမ္ပဏီက မတ် ၁၃ ရက်နေ့ ရက်စွဲဖြင့် သတင်းမီဒီယာများသို့ ပေးပို့ခဲ့သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအပေါ် ရှင်းလင်းထုတ်ပြန်ချက်တွင် ကျွန်တော်တို့ ၀မ်ပေါင်ကုမ္ပဏီသည် ဒေသခံပြည်သူများ၏ အကျိုးစီးပွားအပြင် မြန်မာနိုင်ငံ ပြည်သူလူထုများအတွက်ပါ လူမှုရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍများ၌ ထိထိရောက်ရောက် စဉ်ဆက်မပြတ် ဆောင်ရွက် အကျိုးပြုသွားမည်ဟု ကျွန်တော်တို့မှ အလေးအနက်ပြောကြား ကတိပြုပါသည်ဟု ဖော်ပြထားသည်။
 Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com