http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

နှစ်သစ်ကူးတဲ့ သင်္ကြန် ရေဖြုန်းတီးတဲ့ သင်္ကြန်

မကြာမီ မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော် ရောက်တော့မည်။ သင်္ကြန်သည်ကား မြန်မာတို့အဖို့ ပျော်စရာ၊ ရွှင်မြူးစရာ၊ စိတ်လွတ်လပ်ပေါ့ပါးစရာ၊ စိတ်ထွက်ပေါက်ပေးစရာ အကောင်းဆုံး ပွဲတော်ဖြစ်သည်။ နှစ်တစ်နှစ်လုံး ပေကျံညစ်ထေးခဲ့သမျှ အတာရေဖြင့် ဆေးကြောသန့်စင်ပြီး နှစ်သစ်ကို မင်္ဂလာရှိရှိ ကြိုဆိုကြသည့် ရိုးရာပွဲတော်လည်း ဖြစ်သည်။ ရှေးကာလတွင်တော့ တစ်ဦးနှင့် တစ်ဦး ပိတောက်တစ်ခက်၊ သပြေတစ်ခက်ဖြင့် နံ့သာရေဖျန်းပြီး ယဉ်ယဉ်ကျေးကျေး ရေကစားခဲ့ကြသည်။ ထို့နောက် တစ်ဦးနှင့် တစ်ဦး ချစ်ခင်စွာ ကျီစယ်၊ နောက်ပြောင်ကြသည့် ပွဲလည်းဖြစ်သည်။ ရိုးရာသင်္ကြန်ပွဲတော်အကြောင်း အနုပညာဖြင့် သရုပ်ဖော်သမျှသည် လည်း ရိုးရာယဉ်ကျေးမှုကို အခြေခံကာ သပြေခက်ဖြင့် ရေဖျန်း ကစားသည့် အသွင်သဏ္ဌာန်ကိုသာ သရုပ်ဖော်ကြသည်။ စင်စစ်အားဖြင့် သင်္ကြန်သည်ကား မြန်မာတို့အတွက် ကြည်နူးပျော်ရွှင်စရာ အကောင်းဆုံး ပွဲတော်ပင်တည်း။

သို့သော် ကုန်ခဲ့သည့် နှစ်သုံးဆယ်ခန့် ကာလအတွင်း မြန်မာ တို့၏ မြန်မာနှစ်သစ်ကူး သင်္ကြန်တွင် ရိုးရာရနံ့တို့ တဖြည်းဖြည်း ကွယ်ပျောက်လုနီးပါး ဖြစ်လာသည်။ ပကာသနကို ဦးစားပေးလာသည်။ ရိုးရာ ယဉ်ကျေးမှုနှင့် မဆီမလျော်တွေက များလာသည်။ ပိုက်သင်္ကြန် ဖြစ်လာသည်။ ကြော်ငြာသင်္ကြန် ဖြစ်လာသည်။ ဘီယာ၊ အရက် သင်္ကြန်ဖြစ်လာသည်။ အဖော်၊ အချွတ် သင်္ကြန်ဖြစ်လာသည်။ အဆိုးဆုံးက အဖိုးတန်ရေချိုများ ဖြုန်းတီးပစ်သည့် သင်္ကြန်ဖြစ်မှန်း မသိဖြစ်လာခြင်းပင်။
နှစ်စဉ်နှစ်တိုင်း သင်္ကြန်တွင်းကာလတွင် ဖြုန်းတီးပစ်သည့် ရေချို ဂါလံသိန်းချီရှိသည်။ အထူးဖြုန်းတီးခြင်းက ရေပက်ခံသူ၊ ရှိရှိ၊ မရှိရှိ ရေပိုက်များ ဖွင့်ထားခြင်း၊ ရေပြင်းအားကြီး၊ ရေထွက် အားကြီးသည့် ရေပိုက်များဖြင့် ပက်ခြင်းများသည် သင်္ကြန်ရေကစား သည်နှင့်မတူဘဲ ရေဖြုန်းတီးခြင်းသဘော ပိုဆောင်သည်။ သန့်စင်သော ရေကြည်တစ်ပေါက်အတွက် လူသန်းပေါင်းများစွာ မည်မျှ ဒုက္ခပင်ပန်းဆင်းရဲ ခံနေကြရသည်ကို ရွှေမြန်မာအများစု သတိ မပြုမိကြ။ ငွေကြေးတတ်နိုင်သည် ထားဦး။ မဆင်မခြင်သုံးလျှင် ကုန်ခန်းသွားနိုင်သည့် အရင်းအမြစ်ဖြစ်သည်ကို သတိထားဖို့ လိုသည်။ ရေကို အတတ်နိုင်ဆုံး ချွေတာသုံးဖို့လိုသည်။

သင်္ကြန်ကာလရောက်တိုင်း ကျွန်တော်လှိုက်လှိုက်လှဲလှဲ ကြည်နူးပီတိဖြစ်မိသည်က ရခိုင်ရိုးရာသင်္ကြန် ဖြစ်သည်။ ရခိုင်ဓလေ့ ထုံးတမ်းစဉ်လာများကို နှစ်ပေါင်းရာချီ ထိန်းသိမ်းလာခဲ့ကြသည်။ သူတို့ရေပက်ကစားသည် ကလည်း ယဉ်ကျေးသည်။ စည်းကမ်း ရှိသည်။ ရေကစားသူအချင်းချင်း အကြား ဂုဏ်သိက္ခာမြှင့်တင် ပေးသည်။ ရေပက်ခံသော ရခိုင်ပျိုဖြူများ၏ ဂုဏ်သိက္ခာနှင့် တန်ဖိုးကို အလေးထားရာရောက် သည်။ လောင်းလှေကြီး အတွင်း ထည့်ထားသည့်ရေကို ငွေဖလားကလေးများဖြင့် ခပ်ကာ လောင်းပက် ကစားကြသည်။ ပက်ချင်သူ၊ လောင်းချင်သူက ယဉ်ကျေးစွာ ခွင့်တောင်းရသည်။ မည်သူ့ကိုမဆို ရေလောင်း နိုင်သည်။ အပြန်အလှန် လည်း လောင်း၍ရသည်။ ရေအပို မသုံး။ ရေကစားခြင်း ဆိုသည်မှာ သည်လိုမျိုးကိုခေါ်သည်။ ယခုရွှေမြန်မာတို့ သင်္ကြန်က သည်လိုမဟုတ်။

သိန်းဆယ်ဂဏန်းချီ အကုန်ကျခံကာ စင်မြင့်ကြီးဆောက်၊ ပိုက်များတန်းစီချ၊ မိတ်ကပ်အဖွေးသားလိမ်း၊ ဖက်ရှင်ကျကျ ဝတ်ဆင်ကာ မျက်မှန် မည်းမည်းကြီးများ တပ်ပြီး အခန့်သားပိုက်ကိုင်ကာ ရေပက်ခံသူ လာလာ၊ မလာလာ ရေဖွင့်ထားသည်။ ဒုံးဒုံးဒိုင်းဒိုင်းသံ အနောက်တိုင်းတေးဂီတ ကို ဆောင်းဘောက်စ်ကြီး များဖြင့်ဖွင့်သည်။ ခြေတောင့်၊ ခါးအောင့်ခံပြီး မိုးတိုးမတ်တတ် တစ်နေကုန် ရေပိုက် ကိုင်ထားရသည်။ ရေပက်ခံသူ ကလည်း ပိုက်မှကျလာသော ရေများ အောက်တွင် ရေဆေးဆီထိုးခံရသည့် ကားပမာ ရေပက်စင်ရှေ့ဝင်ရပ်၊ ခြေကားယား၊ လက်ကားယား၊ တွန့်လိမ် ကောက်ကွေးကခုန်ပြီး ရေပက်ခံသည်။ အပြန်အလှန် ရေကစားရသည့် ကြည်ကြည်နူးနူး ချမ်းချမ်းမြေ့မြေ့ အရသာမျိုးမရှိ။ ရေပက်မဏ္ဍပ်တစ်ခုခု မရောက်မချင်း ကားပေါ်တွင် ရေစိုနေသော အဝတ်များဖြင့် ကားလေတိုးတိုင်း ချမ်းတုန်နေကြရသည်။ ထို့ကြောင့် အမျိုးသားအများစု သင်္ကြန် လည်တိုင်း အချမ်းလုံ ယမကာမှီဝဲကြသည်။ ယခုနောက်ပိုင်း မိန်းကလေးများပါ ခေတ်မီသည် အထင်ဖြင့် သောက်သုံးလာကြသည်။ အချို့ရေပက်ခံကားများ ပေါ်နှင့် ရေပက်စင်များပေါ်တွင် မူးပြီး ရမ်းနေသော မိန်းကလေးငယ်များကို ယောက်ျားလေးငယ်များက ပြန်ထိန်းနေရသည်မျိုး အတွေ့ရများလာသည်။ မည်သို့သင်္ကြန်မျိုး ပါနည်း။ သင်္ကြန်တွင် အမြင်မတော်သည်များကို ရေးပြလျှင် တစ်ထောင့်တစ်ညပုံပြင်များ ကဲ့သို့ ဖြစ်သွားမည်။ သည်ဆောင်းပါး တွင်ပြောချင်သည်က အဖိုးတန်ရေကို အကျိုးရှိရှိသုံးတတ်စေချင် သည့်အကြောင်းသာ။

ကျွန်တော့်တစ်ဦးတည်း အမြင်အရ ယနေ့မြို့ကြီးများရှိ သင်္ကြန်သည် ရေဖြုန်းတီးခြင်းဘက်ကို လုံးလုံးလျားလျား ရောက်နေသည်ဟု ထင်သည်။ ဤသို့ဆိုခြင်းအားဖြင့် သင်္ကြန်တွင် ရေမပက်ရဟု မဆိုလို။ ရှေးခေတ်ကအတိုင်း တောင်ရှည်ပုဆိုး၊ ပိုးသားခေါင်းပေါင်းနှင့်၊ ထိုင်မသိမ်းအင်္ကျီ၊ ချိတ်ထမီ၊ ဆံထုံး၊ ဆံတောက်နှင့် ငွေဖလားတွင် နံ့သာရေထည့်ကာ သပြေခက်ဖြင့် ဆွတ်ဖျန်းကစားရမည်ဟု မဆိုလို။ ရေသည် ငွေထက်ပင် တန်ဖိုးကြီး ကြောင်း သိရှိနားလည်စေရန်၊ လိုသည်ထက်ပို၍ ဖြုန်းတီးသကဲ့သို့ မဖြစ်စေရန်၊ သင်္ကြန်အလှလည်း မပျက်စေရန် ခေတ်ကာလနှင့်လည်း ကိုက်ညီစေရန် စည်းကမ်းမူဘောင်တစ်ရပ် ချထားပေးလိုခြင်းဖြစ်သည်။

သင်္ကြန်မဏ္ဍပ်များကိုလည်း သစ်ဖြုန်းတီးမှုမဖြစ်စေရန် အရန်သင့်ဆောက် သံထည်များသာ ခွင့်ပြုမည်။ ရေပိုက်များကို တစ်ပြေးညီ အရွယ်အစား ကန့်သတ်မည်။ ဥပမာ- ပိုးသတ်ဆေးဖျန်းသည့် ပန့်မှ ရေထွက်သည့် ပမာဏမျိုးသာထွက်သည့် ရေပိုက်မျိုးသာ ခွင့်ပြုမည်။ သာမန်ရေမီတာဖိုးထက် အနည်းဆုံး ငါးဆမှ ဆယ်ဆအထိ ပိုကောက်ခံမည်။ ဥပမာ- သာမန်အချိန် ရေတစ်လီတာ ၅ကျပ်ဆိုလျှင် သင်္ကြန်ရေပက်မဏ္ဍပ်များ အတွက် ၂၅ ကျပ်သို့မဟုတ် ၅၀ ကျပ် ကောက်ခံမည်။ ရေပက်မဏ္ဍပ် တစ်ခုလျှင် ပိုက်အရေအတွက် ကန့်သတ်ထားမည်။ ရေပက်ချိန်ကိုလည်း တိတိကျကျ ပိုင်းဖြတ် ပေးထားမည်။ ဥပမာ- နံနက် ၇ နာရီမှ ၁၁ နာရီခွဲ၊ မွန်းလွဲ ၃ နာရီမှ ည ၇ နာရီအထိသာ။ ထိုအချိန်မတိုင်မီနှင့် အချိန်လွန်ပါက ရေဖြတ်ထားမည်။ သင်္ကြန်အတွင်း ရေပက်ခံလှည့်သည့် ကားမောင်းသူများ အားလုံး အရက်၊ ဘီယာ လုံးဝမသောက်ရန် တားမြစ်ထားမည်။ မဏ္ဍပ်တစ်ခုချင်းစီ အလိုက် သတ်မှတ်ဧရိယာအတွင်း စည်းကမ်းမဲ့ ပစ်သမျှအမှိုက်အားလုံး သက်ဆိုင်ရာမဏ္ဍပ်တွင်သာ တာဝန်ရှိသည်။ မြို့တော်စည်ပင်သာယာရေး ကော်မတီက အမှိုက်ပုံးများ လုံလုံ လောက်လောက် ချထားပေးရမည်။ အထူးသဖြင့် အင်းလျားကန်စောင်း တစ်လျှောက် သင်္ကြန်တွင်းကာလ အမှိုက်ပုံးများ တိုးချ ထားရမည်။ စည်ပင်ရဲများ စောင့်ပေးရမည်။ စည်းကမ်းမဲ့ အမှိုက် မပစ်ရန် လက်ကိုင် အသံချဲ့စက်ကလေးများဖြင့် စောင့်ကြည့် ဆော်သြပေးရမည်။ သင်္ကြန်တွင်း အရက်၊ ဘီယာလုံးဝရောင်းခွင့် မပြုဆိုသော အမိန့်မျိုးထုတ်လျှင် မှောင်ခိုရောင်းကြမည်။ ထို့ကြောင့် တရားဝင်ရောင်းခွင့်ပြုရမည်။ သို့သော် ပုံမှန်ထက် ငါးဆအခွန် ကောက်မည်။ သို့ဆိုလျှင် ပိတ်ပင်တားဆီးရာလည်း မရောက်၊ လက်လွတ်စပယ် ခွင့်ပြုရာလည်းမရောက် ဖြစ်ပြီး အလိုလို ထိန်းပြီးသား ဖြစ်သွားမည်။ သည်ကြားထဲ ခိုးရောင်းလျှင် ကြီးလေးသည့် ပြစ်ဒဏ်ချမည်ဖြစ်ကြောင်း ကြိုတင်ကြေညာထားရမည်။

ယနေ့ကမ္ဘာကြီးတွင် သန့်ရှင်းစင်ကြယ်သော သောက်သုံးရေ လုံလောက်စွာမရရှိသည့် လူသန်းပေါင်းများစွာ ရှိနေသည်။ မြန်မာနိုင်ငံရှိ အညာကျေးလက်ဒေသများ ကိုပင်ကြည့်။ သောက်ရေတစ်အိုး ရရှိရန် ရွာနှင့် ကိုးမိုင်၊ ဆယ်မိုင်ဝေးသော သဲချောင်းသို့သွားကာ လက်ယက်တွင်းတူးပြီး တစ်နေကုန် စောင့်ခပ်နေကြရသည်။

သစ်တောများ ပြုန်းတီးမှုကြောင့် မြစ်ကမ်းပါး၊ ချောင်းကမ်းပါးများ တိုက်စားပြိုကျကာ မြစ်၊ ချောင်းတို့ကောလာသည်။ ရေချို အရင်းအမြစ်များ လျော့ပါးလာသည်။ မြေပေါ်သစ်တောကို အမှီပြု နေရသော မြေအောက်ရေ အရင်းအမြစ်သည်လည်း နည်းပါးခန်း ခြောက်လာသည်။ ကမ္ဘာကြီးသည် တစ်နေ့တခြား သူထမ်းပိုးထားရသည့် ဝန်ထုပ်ဝန်ပိုး များကြောင့် ဒဏ်ရာဒဏ်ချက်တွေ များလာသည်။ ကြာလာလျှင် ကမ္ဘာ့လူသားများကို ရေချို လုံလောက်အောင်ပင် ပေးနိုင်ပါ့မလားမသိ။ စစ်စစ်အားဖြင့် ဤကမ္ဘာကြီး၏ ရေ၊ မြေ၊ တော၊ တောင်၊ မြေပေါ်၊ မြေအောက် သယံဇာတများကို လက်ရှိ အသက်ရှင်နေထိုင်နေသော သက်ရှိသတ္တဝါ အားလုံးသာမက နောင် လာမည့် မျိုးဆက်များစွာလည်း ပိုင်ဆိုင်သည်။ ကျွန်တော်တို့ အသက်ရှင် နေစဉ်အတွင်း ကျွန်တော်တို့ စည်းကမ်းမဲ့ ပရမ်းပတာ သုံးစွဲလိုက်လျှင် နောင်မျိုးဆက်များအတွက် ဒုက္ခနှင့် ပြဿနာများ ချန်ထားခဲ့သလို ဖြစ်ပေမည်။ အမှန်တကယ်လည်း ကျွန်တော်တို့တစ်တွေသည် ကျွန်တော်တို့နေထိုင်ရာ မြေကမ္ဘာကြီးကို ကျွန်တော်တို့ဘာသာ ဖျက်ဆီးသကဲ့သို့ ဖြစ်နေသည် မဟုတ်လော။

သို့ဆိုလျှင် မြေကမ္ဘာကြီး၏ ရေသယံဇာတကို ကျွန်တော်တို့ တတ်နိုင်သည့်နည်းဖြင့် ကာကွယ်ထိန်းသိမ်းကြဖို့ လိုမည်။ ထို့ အတွက် သင်္ကြန်တွင် အတိုင်းအတာ တစ်ခုလောက်အထိ ရေအသုံး လျှော့ခြင်း အားဖြင့် လက်တွေ့ကူညီနိုင်သည်။ ဤသို့ ကူညီလိုက်ခြင်း အားဖြင့် နှစ်သစ်ကို ကျက်သရေမင်္ဂလာရှိစွာ ကြိုဆိုနိုင်မည်။ နှစ်သစ်ကူးသည့် သင်္ကြန်၊ မင်္ဂလာရှိသည့် သင်္ကြန်ဖြစ်မည်။ ထိုအခါ "မင်္ဂလာပါ ကမ္ဘာကြီး" ဟု ဝံ့ဝံ့ကြွားကြွား နှုတ်ဆက်နိုင်ကြမည်။
(ကျော်ဗဟိန်း)
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com