http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

၂၀၁၃ ခုနှစ် ပါတီညီလာခံအလွန် အကျပ်အတည်းများ

ဓာတ်ပုံ - အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ၂၀၁၃ ခုနှစ်၊ မတ်လ ၈ ရက်မှ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပစဉ်
Sunday, March 10, 2013
ပါတီညီလာခံမတိုင်မီ နိုင်ငံရေး အခင်းအကျင်းနှင့် ပါတီညီလာခံ အလွန် နိုင်ငံရေးအခင်းအကျင်းတို့သည် သိသာကွာခြား တိုးတက်နေရန် လိုအပ်သည်။ ပါတီညီလာခံသည် နိုင်ငံရေး ပါတီတစ်ခု၏ အမြင့်မားဆုံး အဆုံး အဖြတ်ပေးမည့် အဖွဲ့အစည်းကြီးဖြစ်ရာ ညီလာခံအလွန်နိုင်ငံရေးကို မြင့်မြင့်မားမား မျှော်လင့်ကြပြီး ညီလာခံအလွန်တွင်
နိုင်ငံရေးအကျပ်အတည်းများကို ထိထိရောက်ရောက် ဖြတ်ကျော်သွားနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်နေကြသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ၂၀၁၃ ခုနှစ် ပထမအကြိမ် ပါတီညီလာခံအလွန် နိုင်ငံရေးသည်လည်း ပိုမိုကျစ်လျစ်၊ အားကောင်း၊ စနစ်ကျ၊ ဗျူဟာမြောက်သောနိုင်ငံရေးလမ်းကြောင်းပေါ်တွင် ရပ်တည်လာနိုင်လိမ့်မည်ဟုမျှော်လင့်ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သည် ပထမဆုံးအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံကို ၂၀၁၃ ခုနှစ် မတ် လ ၈ ရက်မှ ၁၀ ရက်နေ့အထိ ရန်ကုန်မြို့ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းမပေါ်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ကျင်းပခဲ့သည်။မြန်မာနိုင်ငံ၌ လူထုထောက်ခံ မှု အများဆုံးရရှိထားသည့် ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီပါတီ)၏ ပါတီညီလာခံသည်မြန်မာတွင်သာမက ကမ္ဘာတွင်ပါ စိတ်ဝင်စားစောင့်ကြည့် ခံရသော ညီလာခံတစ်ခုပင်ဖြစ်သည်။

အန်အယ်လ်ဒီပါတီ၏ ညီလာခံအတွင်း ပါတီ၏ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီတို့ကို ဒီမိုကရေစီနည်းကျ အများဆန္ဒ မဲပေးရွေးချယ်နိုင်ခဲ့သည့်အတွက် ပါတီတည်ဆောက်ရေးအပိုင်းတွင်ခြေတစ်လှမ်းရှေ့တိုးခဲ့ပြီဟု သုံးသပ်နိုင်သည်။ ပါတီ၏နိုင်ငံရေး အစီရင်ခံစာကိုလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟောင်းက ပြုစု
တင်သွင်းနိုင်ခဲ့သဖြင့် ပါတီညီလာခံတစ်ခု၏ အင်္ဂါစုံခဲ့ပြီဟု ဆိုနိုင်သည်။

ပါတီညီလာခံအလွန် အန်အယ်လ်ဒီပါတီ၏ နိုင်ငံရေး ဆောင်ရွက်မှု၊နိုင်ငံရေးလမ်းစဉ်၊ ရေတိုရေရှည်လုပ်ငန်းစဉ်များသည် မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတို့အပေါ် လွန်စွာ သြဇာသက်ရောက်မှုရှိမည်မှာ မငြင်းနိုင်သော အချက်ဖြစ်သည်။

၂၀၁၃ ခုနှစ် ပါတီညီလာခံအလွန်ကာလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပညာရေးကွန်ရက်၊ အမျိုးသားကျန်းမာရေး ကွန်ရက်တို့နည်းတူ ပြည်တွင်းငြိမ်းချမ်းရေး ကွန်ရက်ကို ထူထောင်လာမည်လားကို စောင့်ကြည့်ရမည်ဖြစ်သည်...

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင်နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး နိုဗယ်လ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပထမဆုံးစိန်ခေါ်မည့်ကိစ္စသည် ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပြဿနာပင် ဖြစ်သည်။

လတ်တလော မြန်မာ့နိုင်ငံရေး စိန်ခေါ်မှုများတွင် ထိပ်ဆုံးမှပြေးနေသော အရေးကိစ္စလည်းဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ စီမံချက် သို့မဟုတ် လမ်းပြမြေပုံကို ပြည်သူလူထုထံ ချပြနိုင်ရမည်ဟု ထင်မြင်မိသည်။ ထိုသို့ စီမံချက်ရေးဆွဲနိုင်ရေးအတွက် အန်အယ်လ်ဒီပါတီအနေဖြင့် လုပ်ငန်းစီမံချက်တစ်ရပ်ကို သီးခြားရေးဆွဲထားနိုင်ရန်လည်း လိုအပ်သည်။ အဆိုပါ လုပ်ငန်းစီမံချက်တွင် အစိုးရမဟုတ်သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရေးသည်လည်း ပဓာနကျသည်။

ပြည်တွင်း ငြိမ်းချမ်းရေးနှင့်အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းသည် အစိုးရသာ လုပ်ရသောကိစ္စ၊ အစိုးရခွင့်ပြုမှ၊ အစိုးရတာဝန်ပေးမှ လုပ်ရသော အလုပ်မဟုတ်သည်ကို ဦးစွာသဘောပေါက်ရမည်ဖြစ်သည်။

အန်အယ်လ်ဒီပါတီကဲ့သို့ ပြည်သူလူထုအခြေပြု နိုင်ငံရေးပါတီအဖြစ် တည်ဆောက်ရန် ဦးတည်ဆောင်ရွက်နေ သော နိုင်ငံရေးပါတီကြီးအတွက် ပြည်တွင်းငြိမ်းချမ်းရေးသည် အလွန်ဗျူဟာမြောက်သော စိန်ခေါ်မှုဖြစ်သည်။ တိုင်းပြည်အတွက် ပညာရေး၊ ကျန်းမာရေးတို့နည်းတူ ငြိမ်းချမ်းရေးသည်လည်း အလွန်အရေးကြီးသည့်အပြင် ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက်နိုင်လျင် ပညာရေး၊ ကျန်းမာရေးတို့နှင့် ဆက်စပ်သော ဖွံ့ဖြိုးတိုးတက်မှုများသည် တစ်မုဟုတ်ချင်း သုညတဖြစ်ကာ သဲထဲရေသွန် ဖြစ်သွားနိုင်သည်ကို သတိချပ်သင့်သည်။

ထို့ကြောင့် ၂၀၁၃ ခုနှစ် ပါတီညီလာခံ အလွန်ကာလတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည်ပညာရေးကွန်ရက်၊အမျိုးသားကျန်းမာရေးကွန်ရက်တို့နည်းတူ ပြည်တွင်းငြိမ်းချမ်းရေးကွန်ရက်ကို ထူထောင်လာမည်လားကို စောင့်ကြည့်ရမည် ဖြစ်သည်။

၂၀၁၃ခုနှစ် ပါတီညီလာခံအလွန် ဒုတိယစိန်ခေါ်မှုမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး ကိစ္စဖြစ်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ အကြိုပြင်ဆင်မှု၊ ညှိနှိုင်းဆွေးနွေးမှု၊ လုပ်ငန်းစဉ် မူကြမ်းရေးဆွဲမှု တို့ကို ယနေ့အချိန်အထိ လက်တွေ့ကျကျဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ ၂၀၁၃ ခုနှစ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံနောက်ပိုင်းတွင် ပိုမိုတိကျ၊ အသေးစိတ်ကျသော ဖွဲ့စည်းပုံ ပြင်ဆင်ရေး စီမံချက်တစ်ခုကို ညှိနှိုင်းရေးဆွဲလာနိုင်မည်ဟု ကောက်ချက်ပြုကြသည်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ထောက်ခံမှုသည် အဆုံးအဖြတ်နေရာ၌ ရှိနေသည့်အလျောက်ဒေါ်အောင်ဆန်းစုကြည်နှင့် အိမ်ရှေ့စံ နိုင်ငံရေး ပါတီတို့သည် တပ်မတော်နှင့် ထိတွေ့ဆက်ဆံလျက် အလုပ်သဘော ဆွေးနွေးမှုများပြုလုပ်နိုင်မည့် လုပ်ငန်းစီမံချက် အဆင့်ဆင့်ကို ရေးဆွဲနိုင်ရေးသည်လည်း အရေးပါသည်။

ယခု လတ်တလော လေ့လာစောင့်ကြည့်မှုများအရ ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တပ်မတော်အကြီးအကဲများအကြား ဖွဲ့စည်းပုံပြင်ဆင်မှုနှင့် ပတ်သက်၍ မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးနိုင်ခြေမှာ၂၀၁၅ ခုနှစ်အထိ နည်းပါးနေဆဲ ဖြစ်နိုင်ဖွယ်ရှိသည်ဟု သုံးသပ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၁၃ ခုနှစ် ပါတီညီလာခံအပြီးတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ လှုပ်ရှားမှုများကို သီးခြားကွန်ရက်ပုံစံဖြင့်ဖြစ်စေ၊ အခြားတစ်နည်းနည်းဖြင့်ဖြစ်စေ၊ နိုင်ငံတစ်ဝန်းတွင် စနစ်တကျ ပုံဖော်လာနိုင် မည်ဆိုလျင် ပိုမိုအားကောင်းလာဖွယ် ရှိသည်ဟု ကောက်ချက်ပြုနိုင်သည်။

တရားဥပဒေစိုးမိုးရေးသည် တတိယမြောက် စိန်ခေါ်မှုကြီးဖြစ်သည်။ တရားဥပဒေ စိုးမိုးမှုဟုဆိုရာတွင် တရားမျှတမှု၊ လာဘ်ပေးလာဘ်ယူမှု၊ အာဏာအလွဲသုံးစားလုပ်မှု စသည်တို့နှင့်လည်း ဆက်စပ်နေသည်။ တရားဥပဒေစိုးမိုးရေး လွှတ်တော်ကော် မတီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဋ္ဌပေးရုံမျှဖြင့် တရားဥပဒေစိုးမိုးမှု အားကောင်းလာလိမ့်မည်ဟု ထင်လျင်လွဲလိမ့်မည်။

တရားရုံးများ၊ ဥပဒေရုံးများအပါအ၀င် နေရာအတော်များများတွင် နှစ်ပေါင်းငါးဆယ်ကျော် ခေါက်ရိုးကျိုးပြီးသား အမူ အကျင့် လုပ်ထုံးလုပ်နည်းများအတိုင်း ခရီးဆက်နေဆဲဖြစ်သည်။ တရားရုံးလာစစ်မည်ဆိုလျင် သနပ်ခါးလိမ်း၊ မိတ်ကပ်လိမ်းကာ အမြင်လှအောင် ကြိုတင်ပြင်ဆင်ကြသည်မှာ ယခင် အစိုးရများလက်ထက်နှင့် ထူးမခြားနား ဒုံရင်း၊ ဒုံရင်းသာဖြစ်သည်။

တရားဥပဒေစိုးမိုးရေးဟု ကြီးကြီးကျယ်ကျယ် ပြော၍ ဖြစ်သော်လည်း လက်တွေ့တွင် လူ့အဖွဲ့အစည်းအတွင်း၌ တရားမျှတမှု၊ တရားဥပဒေ၏ရှေ့မှောက်တွင် တန်းတူရည်တူရှိမှုတို့ကို မြှင့်တင်နိုင်ရန် ပိုမို အရေးကြီးသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

ထို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် တရားဥပဒေနှင့် ပတ်သက်၍ ပြည်သူလူထုအကြား အသိပညာပေးနိုင်မည့် ကွန်ရက်ကို စနစ်တကျ တည်ဆောက်ပြီး တရားဥပဒေဆိုင်ရာ အသိအမြင် ပိုမို ဖွံ့ဖြိုးရေးကို ဦးတည်ပုံဖော်သင့်သည်ဟု အကဲခတ်များက မှတ်ချက်ပြုကြသည်။

တရားဥပဒေနှင့် မတရားဥပဒေတို့ကို ခွဲခြားသိနားလည်နိုင်ရန်၊ တရားဥပဒေစိုးမိုးရေးအတွက် မတရားဥပဒေများကို ပယ်ဖျက်နိုင်ရန်၊ လွတ် လပ်ပွင့်လင်းသော တရားစီရင်မှုပုံစံကို လက်တွေ့အကောင်အထည်ဖော်နိုင်ရန်တို့အတွက် အန်အယ်လ်ဒီပါတီသည် ဦးဆောင်ဦးရွက်ပြုရမည်ဖြစ်သည်။

စတုတ္ထမြောက် စိန်ခေါ်မှုသည် တပ်မတော်နှင့် ဒေါ်အောင်ဆန်းစုကြည် အကြား ထိတွေ့ဆက်ဆံမှုဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့အချိန်အထိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခြင်းမရှိသေးပေ။ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သဘော တွေ့ဆုံခဲ့သည့် တပ်မတော်ဘက်မှ အမြင့်ဆုံးခေါင်းဆောင်ဖြစ်ပြီး လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ အစည်းအဝေးတွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

တပ်မတော်နှင့် ယုံကြည်မှုတည်ဆောက်ရေးသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့်လည်း ဆက်စပ်နေသည်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်မှာ တပ်မတော် လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုသည် နောက်ဆုံးအဆုံး အဖြတ်နေရာတွင် ရှိနေသည်။

လွှတ်တော်အသီးသီးတွင် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ၂၅ ရာခိုင်နှုန်း ပါဝင်နေမှုကို လျော့ချနိုင်ရေးသည်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ဆက်စပ်နေပြန်သည်။

ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ လွှတ်တော်တွင်း တိုက်ရိုက်ပါဝင်မှု အချိုးအစားကို လျော့ချရေးတို့တွင် တပ်မတော်ခေါင်းဆောင်များနှင့် အသေးစိတ် ထိတွေ့ဆွေးနွေးရမည်မှာ မလွဲမသွေ ဖြစ်သည်။

တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား အလုပ်သဘော တွေ့ဆုံမှုသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီဖြစ်နိုင်ခြေနည်းပါးနေဆဲဖြစ်သည်ဟု သုံးသပ်နိုင်သည်။

နောက်စိန်ခေါ်မှုတစ်ခုမှာ ၂၀၁၅ ခုနှစ်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲပင်ဖြစ်သည်။ လက်ရှိသုံးသပ်ချက်များအရ အန်အယ်လ်ဒီ ပါတီသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရရန် အလားအလာကောင်းနေသည်။

အဓိကပြိုင်ဘက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၏ခြေလှမ်းများသည် သိုသိပ်ပြီး စနစ်ကျ၊ ထိရောက်ပြီး ရှေ့တစ်လှမ်း တိုးရန် နောက်နှစ်လမ်းဆုတ်ထားသော အသွင်ဖြစ်သည်ဟု လေ့လာသူအချို့က ရှုမြင်ကြသည်။

အန်အယ်လ်ဒီပါတီသည် တိုင်းရင်းသားလူမျိုးစု မဲဆန္ဒနယ်များ တွင် တိုင်းရင်းသားပါတီများနှင့် ယှဉ်ပြိုင်ရာ၌ အကြိတ်အနယ် ပိုရှိလာမည် ဖြစ်သည်။

ပြည်နယ်တစ်ခုအတွင်းရှိ တိုင်းရင်းသားပါတီများအကြား ပူးတွဲ အလုပ်အဖွဲ့ထူထောင် ယှဉ်ပြိုင်လျင် ဒေသခံ နိုင်ငံရေးပါတီများက အန်အယ်လ်ဒီပါတီကို ရင်ဆိုင်အန်တုနိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲကော်မရှင်သည် အချိုးကျ ကိုယ်စားပြုမှုစနစ်ကိုရွေးကောက်ပွဲနီးလာသည့်ကာလတွင် တင်သွင်းပြဋ္ဌာန်းခဲ့ပါက ပြည်ခိုင်ဖြိုး ပါတီသည် မဲဆုံးရှုံးမှုကို ကာမိနိုင် သည့်အပြင် လွှတ်တော် ကိုယ်စားလှယ် နေရာပိုမိုရရှိလာနိုင်သည်။

ထို့ကြောင့် အန်အယ်လ်ဒီပါတီအနေဖြင့် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်နေရာအများစုကို အပြတ်အသတ် အနိုင်ရရှိနိုင်သည်ဆိုသော သုံးသပ်မှုများ အကြားတွင် ယစ်မူးမနေသင့်ပေ။

အန်အယ်လ်ဒီပါတီ၏ အနိုင်ရရှိနိုင်မှု အလားအလာသည် ရွေးကောက်ပွဲမတိုင်မီ ပါတီတည်ဆောက်ရေး၊ပါတီစည်းရုံးရေး၊ပါတီ၏ မူဝါဒ သဘောထားတို့နှင့် တိုက်ရိုက် သက်ဆိုင်နေမည်ဖြစ်သဖြင့် ပါတီကို စနစ်တကျ ပြည်သူ့ပါတီအဖြစ် တည်ဆောက်နိုင်ရန် အထူး လိုအပ်သည်ဟု ကောက်ချက်ပြုလိုပါသည်။

အန်အယ်လ်ဒီပါတီသည် ၈၈ မျိုးဆက် အဖွဲ့အပါအ၀င် တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ နိုင်ငံရေးအင်အားစုများနှင့် ထိတွေ့ပြီး၊ တပ်ပေါင်းစု သို့မဟုတ် ပူးတွဲလုပ်ငန်း ကော်မတီ ထူထောင်ရေးသည်လည်း စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ တိုင်း ရင်းသား နိုင်ငံရေးပါတီများနှင့် ဆက်ဆံရေးတွင် ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုနှင့်အတူ အန်အယ်လ်ဒီပါတီသည် ပိုမိုကျယ်ပြန့်၊ ဖြန့်ကျက် ထားရန် နားလည်မှုရှိရှိ ပူးပေါင်းလုပ်ဆောင်နိုင်ရန် လိုအပ်သည်ဟု ကောက်ချက်ပြုနိုင်သည်။

လက်ရှိ ပါတီညီလာခံတွင် အန်အယ်လ်ဒီပါတီ၏ တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ အခြား နိုင်ငံရေးပါတီများနှင့် မဟာမိတ်၊ တပ်ပေါင်းစု ဆိုင်ရာမူဝါဒကို ရှင်းရှင်းလင်းလင်း ချမှတ်နိုင်လိမ့်မည်ဟုလည်း သုံးသပ်ကြသည်။

အန်အယ်လ်ဒီပါတီသည် မြန်မာ့နိုင်ငံရေးတွင် တပ်ဦးမှ ဦးဆောင်နေသည့် ပါတီကြီးဖြစ်သည့် အားလျော်စွာ အခြားနိုင်ငံရေးပါတီများနှင့် တပ်ပေါင်းစုသို့ ပူးတွဲ အလုပ်ကော်မတီသဘော ဖွဲ့စည်းလှုပ်ရှားမှုသည် ပါတီညီလာခံနောက်ပိုင်းတွင် ပိုမိုပီပြင်လာနိုင်ဖွယ် ရှိနေသည်။

အချုပ်အားဖြင့်ဆိုသော်၊ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံ အပြီးတွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပို၍ ခက်ခဲကြမ်းတမ်းသော နိုင်ငံရေးခယောင်းလမ်းကို လျောက်လှမ်းရဖွယ် ရှိနေပြီး၊ ပါတီတည်ဆောက်ရေး၊ နိုင်ငံရေးမဟာမိတ်ချဲ့ထွင်ရေးတို့ကို ပိုမိုစနစ်တကျ တည်ဆောက် လာရမည်ဖြစ်သည်။

ထို့အပြင် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီကာလတွင် အန်အယ်လ်ဒီ ပါတီသည် အစိုးရ၏ မူဝါဒများ၊ စီမံကိန်းများ၊ လုပ်ငန်းစဉ်များအပေါ်တွင် မူဝါဒ ရေးရာအပိုင်း၌ သြဇာသက်ရောက်နိုင်မှု မြင့်မားသထက်မြင့်မားအောင်လည်း စွမ်းဆောင်လာနိုင်ရန်လည်း အထူးလိုအပ်သည်။

တချိန်တည်းတွင် ပါတီကို ပြည်သူ့ပါတီအဖြစ် ပိုမိုပီပြင်အောင် တည်ဆောက်ရမည့် အပြင်၊ ပါတီ၏ ပြည်သူလူထုအတွင်း သြဇာကို ပိုမိုမြင့်မားအောင် တည်ဆောက်လာနိုင်ရန် လိုအပ်သည်။

၂၀၁၅ ခုနှစ်မတိုင်မီ၊ ပါတီကိုအဖက်ဖက်မှ ပြည့်စုံအားကောင်းအောင် တည်ဆောက်ထားနိုင်မှသာ၊ ၂၀၁၅ ခုနှစ်နောက်ပိုင်း ရင်ဆိုင် လာရနိုင်သည့် နိုင်ငံရေးအကြပ်အတည်းများ၊ နိုင်ငံ ရေး စိန်ခေါ်မှုများ အတွက် ပါတီသည် အားကောင်းမောင်းသန်အနေအထားတွင်နိုင်ငံရေးလောကဓံကို ကြံ့ကြံ့ခံ ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ထပ်လောင်း ကောက်ချက်ပြုလိုက်ရပါသည်။
ဒေါက်တာ ရန်မျိုးသိမ်း
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com