http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ထပ်ဆင့်‌ ကားတိုက်‌မှု

ဧပြီ၂၀ မနက်‌ ၉ နာရီဝန်းကျင်‌က မန္တ‌လေးမြို့ ၈၂ လမ်း ၃၅ နဲ့ ၃၆ လမ်းကြား မီးပွိုင့်‌အနီးမှာ ယာယီနံပတ်‌နဲ့ Toyota Vitz ကား‌လေးက ‌ရပ်‌ထားတဲ့ ကျောက်‌ဆည်‌-မန္တ‌လေး‌ပြေးဆွဲ‌နေတဲ့ ကားကိုတိုက်‌ပြီး အရှိန်‌နဲ့ ဂျစ်‌ကားတစ်‌စီးကိုပါတိုက်‌မိပါတယ်‌။ လူထိခိုက်‌မှု‌တော့မရှိပါဘူး။့
(သတင်းဓါတ်ပုံ - ချစ်ကို)
DVB TV News



လူမသတ်တဲ့ သေနတ်

သေနတ်တော့ သေနတ် ဒါပေမဲ့ လူမသတ်တဲ့ သေနတ်...
သေနတ်ပစ်အားကစားနည်းနဲ့ အေးမြတ်သူ
Popular Journal

လေဘေးသင့် ပြည်သူနှင့် အုပ်ချုပ်ရေးအဖွဲ့ ကြား မကျေနပ်မှုများ ဖြစ်ပွား

Saturday, April 20, 2013
ပြည်၊ ဧပြီ ၂၀။

ပြည်မြို့တွင် လေဆင်နှာမောင်း တိုက်ခတ်မှုကြောင့် လေဘေးသင့် ပျက်စီးဆုံးရှုံးမှု အဆင့်သတ်မှတ်ချက်နှင့်ပျက်စီးစာရင်း မှားယွင်းမှုတို့ ကြောင့် အုပ်ချုပ်ရေး အဖွဲ့ နှင့် ဒေသခံဒုက္ခသည်များအကြား
မကျေနပ်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောကြားသည်။

ပြည်မြို့ အုပ်ချုပ်ရေးအဖွဲ့များသည် လေဘေးသင့် ပျက်စီးဆုံးရှုံးမှုကို ပြိုကျ/ပျက်စီးနှင့် အမိုးလန်/ထရံကွာဟု နှစ်မျိုးသတ်မှတ်ထားပြီး အလှူ ရှင်များမှလည်း ထိုနှစ်မျိုးအပေါ် မူတည်၍ လှူဒါန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

“ကျွန်မတို့အိမ်က တိုင်တွေပဲ ကျန်တော့တာ၊ ဘယ်လိုမှ နေမရတော့ဘူး။ အမိုးလန်/ထရန်ကွာ စာရင်းထဲထည့်လိုက်တယ်လေ။ အဲဒါကြောင့် အိမ်ကိုဖြိုချလိုက်ပြီး ကျွန်မတို့ကို အိမ်ပြိုတဲ့စာရင်းထဲ ထည့်ပေးဖို့ တောင်းတာ။ မပေးဘူးလေ။ လာစစ်တုန်းက မပြိုဘူးတဲ့”ဟု ချောင်းနားတန်း ကျေးရွာမှ ကိုယ်ဝန်သည် အမျိုးသမီးက ပြောကြားသည်။

ဖိုးကောင်လမ်းမတန်းနေ ကိုစိန်မျိုးက “လူကြီးကိုယ်တိုင် လာစစ်တော့ ကျွန်တော်အိမ်ကို အဆိုးဆုံး
အဆင့်သတ်မှတ်ထားတာဗျာ။ တစ်ကယ် တမ်းကျတော့ အမိုးလန်/ထရန်ကွာ ထဲပါသွားတယ်။ အာစီတိုက်တစ်ခြမ်းပြိုတော့ အုတ်ပုံပဲ ကျန်တာပေါ့ ဘာလုပ်လို့ ရမှာလဲ။ အခုတော့ ဆန်တစ်ပြည်နဲ့ ငွေနှစ်ထောင်ပဲရသေးတယ်”ဟု ပြောကြားသည်။

ပျက်စီးဆုံးရှုံးမှု စာရင်းတွင် အိမ်နှစ်လုံး ပါဝင်ခြင်းမရှိခဲ့ကြောင်းနှင့် နေအိမ်တွင် လူမရှိသည့်
အိမ်များ ပျက်စီးဆုံးရှုံးမှုရှိခဲ့သော်လည်း အဆိုပါ ပျက်စီးမှုကို စာရင်းတွင် ထည့်သွင်းခြင်း
မရှိကြောင်း သိရသည်။

ပျက်စီး စာရင်းထဲတွင် မပါဝင်သည့် ဦးထွန်းမင်းနှင့် ဦးအုန်းကြိုင် ဆိုသူနှစ်ဦးမှာ အမှန်တကယ်
လိုအပ်နေသူများဖြစ်ပြီး နေအိမ်ပြန်ဆောက် နိုင်ရန် မသေချာတော့ကြောင်း၊
အလှူငွေလှူဒါန်းသူများမှာလည်း နောက်တိုးစာရင်းကို ယုံကြည်ရန် ခက်ခဲကြောင်း ပြည်မြို့
မီးသတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

လူမနေသော အိမ်များအား ပျက်စီးမှာစာရင်းထဲ ထည့်မတွက်သဖြင့် ခရီးရက်ရှည်ထွက်နေသူများ၊
တစ်နယ်တစ်ကျေး အလုပ်သွားရောက် လုပ်ကိုင်နေသူများ၊ ကျန်းမာရေးအရ ဆေးကုသခံနေရသူများမှာနစ်နာခဲ့ရကြောင်း ချောင်းနားတန်း ကျေးရွာသားတစ်ဦးက ပြောကြားသည်။

“ဦးလေးသူငယ်ချင်းက သူရဟန်းခံနေတယ်လေ။ သူ့အိမ်တစ်လုံးလုံး ပြိုသွားတယ်။ အခုအချိန်ထိ ဘာမှမရသေးဘူး။ ပျက်စီးမှုစာရင်းမှာ လူ မနေတဲ့ အိမ်ဆို ထည့်မတွက်ဘူးလို့ ပြောတယ်။ နာတာပေါ့။ သူလည်း သိမှာတောင်မဟုတ်ဘူး။ လူထွက်လာရင်တော့ ဘယ်မှာနေမလဲ မသိ ဘူး”ဟု နဝင်းကွက်သစ်မှ ဦးခင်မောင်ဝင်းက ပြောကြားသည်။

နဝင်းနယ်မြေ ဥက္ကဋ္ဌ ဦးနေလင်းက “ကျွန်တော်တို့ မုန်တိုင်းပြီးပြီးချင်း အပျက်အစီးစာရင်းတွေ
လိုက်ကောက်တယ်။ ညခုနှစ်နာရီ ထိုးအထိ။ နောက်နေ့ကျ စာရင်းထဲ နှစ်ယောက်ကျန်နေတာ သိတယ်။ ဝန်ကြီးအထိတောင် စာရင်းတွေတင်ပြီး နေပြီ။ နောက်တင်တာရုံမှာ မဟုတ်တော့ ဘူး”ဟု ပြောကြားသည်။

ပြီးခဲ့သည့် အင်္ဂါနေ့က လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပျက်စီးဆုံးရှုံးမှုများကို ယခုအချိန်ထိတိကျသေချာစွာ မပြုစုနိုင် သေးကြောင်း၊ ပျက်စီး ဆုံးရှုံးမှုအဆင့်၊ အကူအညီ လိုအပ်ချက်အဆင့်များအလိုက်အမျိုးအစားခွဲခြား၍ တိကျသေချာစွာ သတ်မှတ်နိုင်ခြင်း မရှိသေးကြောင်း၊ လေ ဘေးသင့်
ဒုက္ခသည်များနှင့် ဒေသခံ အုပ်ချုပ်ရေး အဖွဲ့တို့ကြားတွင် အချင်းချင်း အပြန်အလှန် နားလည်မှုရှိပြီး ပူးပေါင်းဆောင်ရွက်ရန် လိုအပ် နေသေးကြောင်း လူမှုကွန်ယက်(ပြည်)မှ ကိုဇာနည်အောင်က ပြောကြား သည်။
ကိုရေခဲ(ပြည်)
မြန်မာ့ခေတ်

မာရဝိဇယ မဟာမုနိ ရုပ်ပွားတော်အား ဟားခါးမြို့သို့ ပင့်ဆောင် ပူဇော်

မန္တလေးမြို့၊ မဟာမုနိရုပ်ရှင်တော်မြတ်ကြီးထက် ဥာဏ်တော် (၁) လက်မ နိမ့်သော မာရဝိဇယမဟာမုနိရုပ်ရှင်တော်မြတ်ကြီးကို ချင်းပြည်နယ်၊ ဟားခါးမြို့၊ မြို့ဦးသစ္စာအောင်မြေကုန်းတော်တွင် ဧပြီ (၁) ရက်နေ့က ပင့်ဆောင်ရောက်ရှိခဲ့ကြောင်း သိရသည်။မာရဝိဇယမဟာမုနိရုပ်ရှင်တော်မြတ်ကြီး၏ အလှူရှင်မှာ မန္တလေးမြို့ ဦးသူတော်+ဒေါ်ခင်စိန်( အကယ်ဒမီရွှေသန့်စင်နှင့် ရွှေဆိုင်းလုပ်ငန်း) သားသမီးမြေးတစ်စုတို့ ဖြစ်သည်။
သတင်း၊ ဓာတ်ပုံ- ကိုညိုလုံး
Popular Journal






ကချင်ရိုးရာ သတို့သမီးအပ်နှင်းပွဲပြုလုပ်ခဲ့တဲ့ တေးသံရှင် ရေဗက္ကဝင်း

တေးသံရှင် ရေဗက္ကဝင်းက ချစ်သူ ဒေါက်တာ ကောင်းကျော်ဆွေ နဲ့ ဒီနေ့ ဧပြီ ၂ဝ ရက် မနက် ၉ နာရီက ရန်ကုန်မြို့ ဆီဒိုနားဟိုတယ်မှာ ကချင်ရိုးရာ သတို့သမီးအပ်နှင်းပွဲကို ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ တေးသံရှင် ရေဗက္ကဝင်းက ချစ်သူ ဒေါက်တာ ကောင်းကျော်ဆွေ တို့ဟာ မေလ ၅ ရက်နေ့မှာတော့ မင်္ဂလာဧည့်ခံပွဲပြုလုပ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ခိုင်ဝေလွင်၊ ဓာတ်ပုံ- အေးဇော်မိုး ဖေ့ဘုတ်မှ
Popular Journal




ရန်ကုန်တိုင်း တရားရုံးကို ဟော်တယ်ဖွင့်ခွင့်ပေးလို့ ရှေ့နေတွေ စာပို့

ကိုလိုနီခေတ် သမိုင်းဝင် အဆောက်အဦတွေ
ရန်ကုန်တိုင်း တရားရုံးကို Flying Tiger ကုမ္ပဏီကို ဟိုတယ် အဖြစ် ပြုပြင်ခွင့် ပေးတာနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်ကို တရားစွဲမယ်ဆိုပြီး ရှေ့နေများ ကွန်ယက်က နို့ တစ် အသိပေး အကြောင်းကြား စာပို့ လိုက်ပါပြီ။

ရက်ပေါင်း ၆၀ အတွင်း အစိုးရဖက်က ဆောင်ရွက် မပေးရင်တော့ တရားစွဲ ဆိုတော့မယ်လို့ သိရပါတယ်။

အရင် အင်္ဂ္လိပ် ခေတ်က ပုလိပ်မင်းကြီးရုံး လို့ ခေါ်တဲ့ ရန်ကုန် မြို့လယ် ဘဏ်လမ်း က တိုင်းတရားရုံးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀ဝ ကျော် ကတည်းက တရားရုံး အဖြစ် ဖွင့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မနှစ်က စပြီး တိုင်းတရားရုံး ထဲက ရုံးတွေကို နေရာ ရွှေ့ပြီးတဲ့နောက်ပိုင်း ဟိုတယ်အဖြစ် ဖွင့်လှစ်ဖို့ တောက်လျှောတ် ပြင်ဆင် နေခဲ့တာ ဖြစ်ပြီး ဒါကို ရပ်တန့် ပေးဖို့ ရှေ့နေကွန်ယက်က တောင်းဆိုတာ ဖြစ်ပါတယ်။

အစိုးရက လုပ်ကိုင်ခွင့် ပေးခဲ့တဲ့ Flying Tiger ကုမ္ပဏီက ဟိုတယ် ဖွင့်ဖို့ကို မရပ်နားပဲ ဆက်လုပ်နေလို့ အခုလို တရားစွဲ ရတာလို့ ရှေနေများ ကွန်ယက်က ပြောပါတယ်။

ဒီလို ဟိုတယ် ဖွင့်ဖို့ မလုပ်သင့်ဖူး ဆိုတာ မနှစ်က အောက်တိုဘာလ ကလည်း ရှေ့နေများ ကွန်ယက်က ဆန္ဒပြခဲ့ သေးပေမယ့် ဆန္ဒပြပွဲ အပြီးမှာ ရှေ့နေများ ကွန်ယက်က ဒီအဆောက်အဦဟာ သမိုင်း တန်ဖိုးအရ အရေး ပါတဲ့ အကြောင်းကို သမ္မတ ဆီကို စာတင်ပြီး အကြောင်းကြားခဲ့ပြီးတော့ ထူးခြား မလာတဲ့ အတွက် အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

အခုလို အသိပေး နို့တစ်စာပို့ပြီး တရားစွဲတာဟာ အစိုးရနဲ့ ပြိုင်ရင် နိုင်မယ့် မျှော်လင့်ချက် မရှိပေမဲ့ ပြည်သူလူထုက ထောက်ခံရင်တော့ အစိုးရ အဖွဲ့က စဉ်းစားမယ် ထင်တယ်လို့ ရှေ့နေကွန်ယက်က ပြော ပါတယ်။

ရန်ကုန်မှာ ရှိတဲ့ တိုင်းတရားရုံး အပါဝင် ရှေးဟောင်း အဆောက်အဦ တစ်ချို့ကို ဟိုတယ်နဲ့ ပြတိုက်တွေဖွင့်ဖို့ လုပ်ကိုင် ခွင့်ပြုခဲ့ပြီး အစိုးရဟာ အရှေ့တောင် အာရှရဲ့ တစ်ခုတည်း ကျန်တဲ့ ကိုလိုနီ ခေတ်လက်ရာ အဆောက်အုံ တွေကို ပြုပြင်ထိမ်းသိမ်းဖို့ ထက် ပုဂ္ဂလိကကို ရောင်းပြီး လုပ်ကိုင် ခွင့်ပေးဖို့ ကိုဘဲ စိတ်ပါနေတယ်လို့ ရန်ကုန်က လူတွေက ပြောဆိုနေပါတယ်။
BBC Burmese

အခုရက်ပိုင်း အတွင်း ရွှေဈေးတွေ သိသိ သာသာ ကျ

မြန်မာ နိုင်ငံမှာ အခုရက်ပိုင်း အတွင်း ရွှေဈေးတွေ သိသိ သာသာ ကျဆင်း သွားပါတယ်။ ပြည်တွင်း ရွှေဈေးက တစ်ကျပ်သားကို ၇ သိန်း ၃ သောင်းကျော် ဈေး ပေါက်နေရာက အခု ရက်ပိုင်း မှာပဲ တစ်ကျပ်သားကို ၆ သိန်း ၆ သောင်းကျော် အထိ ကျဆင်း သွားပါတယ်။

ဥရောပက ငွေကြေး အကျပ် အတည်းကြောင့် ဘဏ်ကနေ ရွှေတွေ ထုတ်ရောင်း မယ်လို့ သတင်း ထွက်လာတဲ့ အတွက် ကမ္ဘာ့ ရွှေဈေးက တစ်အောင်စကို ဒေါ်လာ ၂ဝဝ လောက် ရုတ်တရက် ကျသွားခဲ့ အပြီးမှာ ပြည်တွင်းရွှေ ဈေး ကတည်း ထိုးကျ သွားတယ်လို့ ရန်ကုန်တိုင်း ရွှေ လုပ်ငန်းရှင်များ အသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောပါတယ်။

ဧပြီလ ၁၉ ရက် သောကြာနေ့ ညနေပိုင်း ဈေးပိတ်ချိန် မှာတော့ တစ်ကျပ်သားကို ကျပ်ငွေ ၇ သိန်း ကျော်ကျော်လေး ဈေးပြန် တက်လာတယ်လို့ လည်း သူက ပြောပါတယ်။

ပြည်တွင်း ရွှေဈေးက ကမ္ဘာ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေ လဲနှုန်း အပေါ်မူတည်ပြီး ဈေးဖွင့် ရောင်းဝယ် နေတာဖြစ်တယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များ အသင်း နာယက ဦးဘသန်းက လည်း ရှင်းပြပါတယ်။သာမန် သုံးစွဲသူ ငွေစု လိုသူ တွေက ရွှေဝယ် စုတဲ့ အလေ့ အထ ရှိကြပြီး အခု နောက်ပိုင်းမှာ အိမ်မြေ နေရာနဲ့ ကားအရောင်း အဝယ်တွေ မကောင်း တော့လို့ ရွှေဝယ်တာတွေ လည်း ပိုများလာ တယ်လို့ သူက ပြောပါတယ်။
BBC Burmese

ရခိုင်ပြည်နယ်က ဒုက္ခသည်တွေအတွက် ရန်ပုံငွေနည်းနေပြီလို့ UNHCR ပြော

ရခိုင်ပြည်နယ်က ဒုက္ခသည်စခန်းတွေမှာရှိနေတဲ့ ရိုဟင်ဂျာ မူဆလင်တွေအတွက် မိုးတွင်းကာလမှာ အန္တရာယ်တွေကြုံနိုင်သလို ကူညီထောက်ပံ့ဖို့အတွက်လည်း ရန်ပုံငွေအတော်နည်းနေပြီလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မနေ့ကပြောလိုက်ပါတယ်။ အဲဒီဒေသမှာ လူမှုဒုက္ခကပ်ဘေးတွေ ဆိုက်လာနိုင်တယ်လို့ UNHCR ပြောခွင့်ရပုဂ္ဂိုလ် အေဒရီယန် အက်ဒ်ဝပ်စ်(Adrian Edwards)က သတင်းထောက်တွေကို ပြောပါတယ်။

တချို့စခန်းတွေဆိုရင် ဒီရေရောက်နိုင်တဲ့ နေရာတွေမှာဖြစ်သလို၊ တချို့စခန်းတွေက လယ်ကွင်းတွေမှာဖြစ်တဲ့အတွက် ရေလွှမ်းနိုင်တဲ့ အခြေအနေတွေဖြစ်တယ်လို့ ဆိုပါတယ်။ လူအများစုဟာ တာပေါ်လင်ဖျင်နဲ့ဆောက်ထားတဲ့ တဲတွေမှာနေရသလို၊ တချို့ကဂုဏ်နီအိပ်တွေ၊ ကောက်ရိုးတွေကာပြီး ဆောက်ထားတဲ့တဲတွေနဲ့ နေထိုင်ရတာဖြစ်လို့ မိုးကြီးတာနဲ့အမျှ အဲဒီလူတွေအတွက် အန္တရာယ်ရှိတယ်လို့ပြောပါတယ်။

UNHCR အနေနဲ့ ဝါးဓနိနဲ့ဆောက်တဲ့ အိမ်ပေါင်း ၁ သောင်းခွဲလောက် ဆောက်လုပ်ပေးထားသလို၊ လူ ၃ သောင်းလောက်အတွက် ယာယီတဲတွေဖြန့်ဖြူးထားပေမယ့် ရန်ပုံငွေကုန်ခါနီးဖြစ်နေပြီလို့ဆိုပါတယ်။ အလှူရှင်နိုင်ငံတွေဆီကနေ အမေရိကန်ဒေါ်လာ ၇၁ သန်းခွဲလောက် တောင်းဆိုထားပေမယ့်၊ တကယ့်လက်တွေ့မှာ ၁၄ ရာခိုင်နှုန်းလောက်ပဲ လက်ခံရရှိတယ်လို့ပြောပါတယ်။
RFA Burmese

အကျိုးမျှော် နှိုးဆော်ပါရစေ


ရုပ်ရှင်သရုပ်ဆောင် လူရွှင်တော် မောင်မေတ္တာနဲ့ အဖွဲ့သားတွေ စီစဉ်တင်ဆက်တဲ့ “အကျိုးမျှော် နှိုးဆော်ပါရစေ” အသံလွှင့်ဇာတ်လမ်း အစီအစဉ်ကို အပတ်စဉ် ထုတ်လွှင့်ပေးနေပါတယ်။
ဒီတစ်ပတ်မှာ “ပစ္စည်းမဲ့ ဒေါသ” အစီအစဉ်ကို နားဆင်ရမှာပါ။
RFA Burmese

မြန်မာပြည် လူ့အခွင့်အရေး တိုးတက်မှု အမေရိကန်ဝန်ကြီး ပြောကြား


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ John Kerry က မြန်မာအစိုးရဟာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ်အတွင်း နိုင်ငံသားတွေ လူ့အခွင့်အရေး ပိုမိုရရှိအောင် ဆောင်ရွက်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ၂ဝ၁၂ ခုနှစ်အတွက် နိုင်ငံတကာ လူ့အခွင့်အရေး အစီရင်ခံစာကို သောကြာနေ့မနေ့က ထုတ်ပြန်ခဲ့ရာမှာ မြန်မာပြည်ရဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး မစ္စတာကယ်ရီက ခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအစိုးရက ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေကို လုပ်ဆောင်နေပြီး လူ့အခွင့်အရေး ကာကွယ်ပေးမှုတွေ ပိုမိုကောင်းမွန်လာတဲ့အတွက် နှစ်ပေါင်းများစွာ အထီးကျန်ဖြစ်နေခဲ့တဲ့ မြန်မာပြည်ဟာ အခုတိုးတက်နေပါပြီ၊ မိမိတို့မြင်တွေ့လိုတဲ့ အခြေအနေတွေအထိ ဖြစ်မလာသေးပေမယ့် အကောင်းဖက်ကိုရှေ့ရှုနေတာ မြင်ရပါတယ်လို့ John Kerry က ပြောဆိုခဲ့ပါတယ်။ ကျန်ရှိနိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေးနဲ့ တိုင်းရင်းသားဒေသ ပြသနာတွေအပါအဝင် ဖြေရှင်းရမယ့် စိမ်ခေါ်မှုတွေကတော့ အများကြီးရှိနေသေးကြောင်းလည်း သူကပြောပါတယ်။

တဆက်တည်းမှာပဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက သူဟာဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကျစဉ်ဘဝကပင် တွေ့ဆုံခဲ့ဖူးကြောင်းပြောဆိုရင်း အာဖရိကခေါင်းဆောင် နယ်လ်စင်မင်ဒဲလားလို နှစ်ပေါင်းများစွာ အကျဉ်းချခံရပြီး လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့ကိုတချိန်က ဖမ်းဆီးချုပ်နှောင်ထားခဲ့တဲ့ သူတွေအပေါ် အာဃာတမထားပဲ မြန်မာပြည်တိုးတက်ပြီး လွတ်လပ်မှုတွေ ပိုမိုရရှိရေးအတွက် လက်တွဲပူးပေါင်းဆောင်ရွက်မှုတွေကို စတင်နိုင်ခဲ့ပါပြီလို့ ပြောကြားလိုက်ပါတယ်။
RFA Burmese

သင်္ကြန်အတတ်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် ပြည်မြို့န၀င်းရပ်ကွက်ရှိ နေအိမ်အချို့ ပျက်စီးပြိုကျ

လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျသွားသော ဆန်စက်နှင့် လူနေအိမ်များအား တွေ့ရစဉ်
သင်္ကြန်အတတ်နေ့ဖြစ်သော ဧပြီလ ၁၆ ရက်နေ့ ညနေ ၃ နာရီ ၀င်းကျင်အချိန်ခန့်က ရုတ်တရက် လေပြင်းတိုက်ခတ်မှုကြောင့် ပြည်မြို့ န၀င်းရပ်ကွက် အပိုင်အတွင်းရှိ ဖိုးခေါင် (၁)၊ ဖိုးခေါင်(၂)၊ ဖိုးခေါင် တိုးချဲ့ကွက်သစ်၊ ချောင်းနားတန်း၊ မာကလာကုန်း၊ ဘောဂကွက်သစ်၊ န၀င်းမြောက်၊ န၀င်းအလယ်အုပ်စုများ အတွင်းရှိ လူနေအိမ် ၁၁၁ လုံး မှာ အမိုးလန်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၂၂ လုံးမှာမူ လုံးလုံးပြိုကျ ပျက်စီးခဲ့ကြောင်း သိရကာ ထိခိုက်ဒဏ်ရာရရှိသူ မရှိကြောင်း သတင်းရရှိသည်။ ထို့အပြင် ရှမ်းစုကျေးရွာ အခြေခံပညာ မူလတန်းကျောင်း၏ ကျောင်းဆောင် ခေါင်မိုးများမှာလည်း လွင့်ထွက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“အဲဒီနေ့က ပထမက မိုးလေးက တဖျောက်ဖျောက်နဲ့ နောက်တော့ တဖြည်းဖြည်းလေက ကြမ်းလာပြီး ခေါင်မိုးတွေအကုန် ပွင့်ထွက်ကုန်တာပဲ။ အနီးနားက ဆန်စက်ကို ကြည့်လိုက်တော့ ဘာမှမရှိတော့ဘူး။ ဆန်စက်က ဒိုင်းတွေ၊ သွပ်တွေ အကုန်လုံးက လွင့်ပြီး ကျနော်တို့ အိမ်နားကို လာဆောင့်တာ မိနစ် ၂၀ လောက်ပဲ တိုက်ပြီးတော့ နေတွေဘာတွေ ပြန်ထွက်လာပြီး ချက်ခြင်း ငြိမ်သွားပါတယ်” ဟု လေပြင်းတိုက်ခတ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဖိုးခေါင်အုပ်စုမှ ကိုဘိုဘိုက ဆိုပါသည်။

“ကျွန်တော်တို့ ချောင်းနားတန်းမှာကတော့ လေပြင်းဒဏ်ကြောင့် လူနေအိမ် ၃၄ လုံး ပျက်စီးသွားပါတယ်။ အဲဒီအထဲက အိမ် ၈ လုံးကတော့ လုံးလုံးပြိုကျ ခဲ့ပါတယ်။ ပြိုကျတဲ့အိမ် အများစုက အိမ်သေးလေးတွေ ဖြစ်ပါတယ်။ မနေ့က နှစ်ဆန်း တစ်ရက်နေ့မှာတော့ စုပေါင်းရှင်ပြု အသင်းကနေ အိမ်ပြိုကျတဲ့ လူတွေကို ဆန် ၁၂ ပြည်နဲ့ ငွေငါးထောင်ကျပ် လာပြီးလှူသွားပါတယ်” ဟု ချောင်းနားတန်းအုပ်စု ရာအိမ်မှူးဖြစ်သူ ဦးဇော်ထွန်းက ဆိုပါသည်။

လက်ရှိတွင် လေပြင်ဒဏ် ခံစားရသည့် နေရာများသို့ ပြည်မြို့ရှိ လူမှုရေးအဖွဲ့ အစည်းအချို့မှ သွားရောက် ကူညီ ထောက်ပံ့မှုများ ပြုလုပ်နေကြောင်း သိရပြီး ပြည်မြို့မှ လွှတ်တော်ကိုယ်စားလှယ် များမှလည်း သွားရောက်ကြည့်ရှု ခဲ့ကြောင်း သိရကာ အုပ်ချုပ်ရေးဆိုင်ရာ ဘက်မှ ဧပြီလ ၁၈ ရက်နေ့အထိ မည်သည့် အကူအညီ အထောက်အပံ့မှ ရောက်ရှိလာခြင်း မရှိသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဘော်စတွန် ဗုံးပေါက်ကွဲမှု ဒုတိယမြောက် သံသယရှိသူကို အရှင် ဖမ်းဆီးမိ

ဘော်စတွန် ဗုံးပေါက်ကွဲမှုအတွက် ဒုတိယမြောက် သံသယရှိသူ Dzhokar Tsarnaev အား တွေ့ရစဉ် (Photo: AFP)
ဘော်စတွန် မာရသွန်ပြိုင်ပွဲတွင် ဗုံးပေါက်ကွဲမှုအတွက် ဒုတိယမြောက် သံသယရှိသူကို မက်ဆာချူးဆက်ပြည်နယ်ရှိ နယူးတောင်းမြို့တွင် ပိုက်စိပ်တိုက်ရှာဖွေခဲ့ပြီးနောက် ဧပြီ ၁၉ ရက်နေ့ ညပိုင်းတွင် အသက်ရှင်လျက် ဖမ်းဆီးရရှိခဲ့သည်။

“ရှာဖွေမှုတွေ ပြီးဆုံးပါပြီ။ ဖမ်းဆီးရရှိပြီ။ ထိတ်လန့်မှုတွေ ပြီးဆုံးပြီ။ တရားမျှတမှုက အနိုင်ရရှိခဲ့ပြီး သံသယရှိသူကို ထိန်းသိမ်းထားနိုင်ပါပြီ” ဟု ဒုတိယမြောက် သံသယရှိသူကို ဖမ်းဆီးရရှိပြီးနောက်တွင် ဘော်စတွန် ရဲတပ်ဖွဲ့က Twitter တွင် ဖော်ပြခဲ့သည်။

ဖမ်းဆီးရရှိထားသူသည် အသက် ၁၉ နှစ်အရွယ်ရှိ Dzhokar Tsarnaev ဖြစ်သည်ဟု အာဏာပိုင်များက အတည်ပြုခဲ့သည်။ ၀ါးတားတောင်းမြို့တွင် ရဲများပစ်ခတ် ဖမ်းဆီးမှုကြောင့် ၎င်း၏ အစ်ကိုဖြစ်သူ Tamerlan Tsarnaev သည် သေဆုံးခဲ့ပြီး ၎င်းမှာ ထွက်ပြေးလွတ်မြောက်ခဲ့သည်။ Dzhokar Tsarnaev အား သူပုန်းအောင်းနေသည့် လှေတစ်ခုတွင် ချောင်ပိတ်ဖမ်းဆီး ရရှိခဲ့ခြင်း ဖြစ်သည်။

Dzhokar Tsarnaev ၏ အခြေအနေမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိပြီး အဆိုပါ ပြည်နယ်ရှိ ဆေးရုံတစ်ခုတွင် ထိန်းသိမ်းထားကြောင်း ဘော်စတွန် ရဲမင်းကြီး Ed Davis က ပြောကြားခဲ့သည်။

ခြံဝန်းတစ်ခု၏ အနောက်ဘက်ရှိ လှေတစ်စင်းကို ဖယ်ရှားခဲ့ပြီးနောက် သွေးထွက်သံယို ဖြစ်နေသည့် လူတစ်ဦးကို တွေ့ရှိခဲ့သည်ဟု Ed Davis ကဆိုသည်။


(Photo: AFP)
“အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ သူသေနတ်ထိမှန်ခဲ့လား ဆိုတာကို မသိပါဘူး” ဟု Ed Davis ကဆိုသည်။ အဆိုပါ သံသယရှိသူကို လက်နက်ချရန်အတွက် ပြောကြားခဲ့သော်လည်း ၎င်းက လက်နက်ချရန် ငြင်းဆိုခဲ့သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

“လှေကိုဖုံးထားတာတွေကို ဖယ်ဖို့အတွက် စက်ရုပ်တစ်ခုကို အသုံးပြုခဲ့တယ်။ ရဟတ်ယာဉ်ပေါ်ကနေ အပူအာရုံခံ ကင်မရာတစ်ခုနဲ့ သူ့ကို စောင့်ကြည့်ခဲ့တယ်။ သွေးထွက်လွန်နေတဲ့ အတွက်ကြောင့် သူအရမ်း အားနည်းနေတယ်” ဟု မက်ဆာချူးဆက်ပြည်နယ် ရဲအဖွဲ့မှ David Procopio က ပြောကြားခဲ့သည်။

ဘော်စတွန်မြို့ ပတ်ဝန်းကျင်ကို ပိတ်ဆို့ထားခဲ့ပြီး ဗုံးဖောက်ခွဲမှုအတွက် သံသယရှိသူကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။ ဗုံးပေါက်ကွဲမှု အတွက် သံသယရှိသူ နှစ်ဦးသည် ပေါင်းအိုးကို အသုံးပြုပြီး ဖောက်ခွဲမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်ဟု အာဏာပိုင်များက ပြောကြားခဲ့သည်။

“ဒီဖြစ်ရပ်ဆိုးရဲ့ အရေးပါတဲ့ အထောက်အထားတစ်ခုကို ကျွန်တော်တို့ အဆုံးသတ်ခဲ့ပါပြီ” ဟု အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ရုပ်သံမှ မိန့်ခွန်းပြောကြားမှုတွင် ထည့်သွင်းပြောကြားခဲ့သည်။

ဗုံးဖောက်ခွဲမှုအတွက် သံသယရှိသူကို ဖမ်းဆီးရရှိခဲ့သည့် သတင်းကို ထုတ်ပြန်ခဲ့ပြီးနောက်တွင် ၀ါတားတောင်းမြို့မှ ဒေသခံများက ဘော်စတွန် SWAT အဖွဲ့ဝင်များကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

သံသယရှိသူနှစ်ဦး၏ ဓာတ်ပုံများကို အက်ဖ်ဘီအိုင်က ထုတ်ပြန်ခဲ့ပြီးနောက် နာရီအနည်းငယ် အတွင်းတွင် ပြစ်မှုကျူးလွန်သူများကို ပိုက်စိပ်တိုက် ရှာဖွေခဲ့ခြင်းဖြစ်သည်။

သေဆုံးသွားသည့် Tamerlan Tsarnaev (အသက် ၂၆ နှစ်) သည် ပေါက်ကွဲစေသော ပစ္စည်းများကို ခန္ဓာကိုယ်တွင် ၀တ်ဆင်ထားခဲ့သည်ဟု အမည်မဖော်သည့် သတင်းရင်းမြစ် တစ်ဦးက စီအင်န်အင်န် သတင်းဌာနသို့ ပြောကြားခဲ့သည်။
Ref: CNN
EMG

ဗိုလ်ချုပ်ဟောင်း သားများ လက်ချက်ဖြင့် လူငယ် နှစ်ဦး ဓားဒဏ်ရာရ


စစ်တပ်အရာရှိကြီးဟောင်း တချို့၏သားများပါဝင်သည့် လူငယ်အုပ်စုတစုက ရန်ငြိုးရန်စမရှိဘဲ ဓားခုတ်မှုတခု ရန်ကုန်မြို့လယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ရန်ကုန်မြို့နေ ဖုန်းမြင့်ဝင်း၊ မင်းသတ္တိ ဆိုသည့် လူငယ် ၂ ဦး ပါဝင်သော သူငယ်ချင်း ၅ ဦးသည် ဧပြီ ၁၁ ရက်က သင်္ကြန်မဏ္ဍပ် ဆောက်လုပ်နေရင်း သမ္မတ ရုပ်ရှင်ရုံဘေးရှိ ၃၆၅ ကော်ဖီဆိုင်သို့ ညဘက် သွားရောက်ရာတွင် ၀င်းထွေးလှိုင်၊ သန့်စင်လှိုင် ဟုခေါ်သော လူငယ် ၂ ဦး ပါဝင်သည့် လူငယ်အုပ်စုတစုက ဓား ၊ သံပိုက် စသည့် လက်နက်များဖြင့် ခိုက်ရန်ပြု ခြင်း ခံခဲ့ရသည်ဟု ဦးခေါင်းတွင် ဓားဒဏ်ရာများ ရခဲ့သည့် ဖုန်းမြင့်ဝင်း က ဧရာဝတီကို ပြောသည်။

မင်းသတ္တိ ၏ ဦးခေါင်းနှင့် ခန္ဓာကိုယ်တွင်လည်း ဓားဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

“ကျနော့်ကို ခုတ်တာ။ ခေါင်းမှာ ၂ ချက်ချုပ်ထားရတယ်။ အဲဒါ ဓားနဲ့ခုတ်တာ။ သံပိုက်နဲ့လည်း ရိုက်တယ်။ လုပ်တဲ့သူ တွေ က သန့်ဇင်လှိုင်၊ သူက ဗိုလ်ချုပ်မြင့်လှိုင်ရဲ့ သား၊ ၀င်းထေွးလှိုင်၊ သူက ဗိုလ်ချုပ် ၀င်းလှိုင်ရဲ့ သား။ သူတို့အဖွဲ့က ကင်ဒို ဓား နဲ့ ခုတ်တာ။ ကျနော်နဲ့က ရန်စလည်း မရှိဘူး၊ လုံးဝ မသိဘူး၊ မြင်လည်း မမြင်ဖူးဘူး”ဟု ဖုန်းမြင့်ဝင်းက ဧရာဝတီ ကို ပြောသည်။

သို့သော် ဖုန်းမြင့်ဝင်း၊ မင်းသတ္တိတို့ သူငယ်ချင်း အုပ်စုထဲမှ ဘိုလေးဆိုသူနှင့် ၀င်းထွေးလှိုင် တို့ အမှုဖြစ်နေသည်ဟုလည်း သူက ဆက်ပြောသည်။

ဝင်းထွေးလှိုင်သည် ဦးပိုင် လီမိတက် ညွှန်ကြားရေးမှူးချုပ်ဟောင်း ဗိုလ်ချုပ် ၀င်းလှိုင်၏ သားဖြစ်ပြီး သန့်စင်လှိုင်သည် လယ်/ဆည် ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်း မြင့်လှိုင်၏သား ဖြစ်ကြောင်း ဖုန်းမြင့်ဝင်းက ပြောဆိုသည်။

ဓားဒဏ်ရာများ ရခဲ့သူ အသက် ၂၃ နှစ်ရှိ မင်းသတ္တိ ကလည်း ဦးခေါင်းဒဏ်ရာ ချုပ်ရိုး မဖြေရသေးကြောင်း၊ အခင်းဖြစ် သည့် ဧပြီလ ၁၁ ရက်နေ့ကတည်းက ဒဂုံမြို့နယ် ရဲစခန်းတွင် အမှုဖွင့်၍ ရဲတပ်ဖွဲ့ကို ဖြစ်ရပ်စုံ ပြောပြခဲ့ကြောင်း ဧရာဝတီ ကို ပြောသည်။

“ကျနော်က ခေါင်းမှာ ၅ ချက် ချုပ်လိုက်ရတယ်”ဟု သူက ပြောပြသည်။

အဆိုပါ ဖြစ်ရပ်နှင့်ပတ်သက်ပြီး ဓားဖြင့်အခုတ်ခံရသူတို့က အခင်းဖြစ်သည့်နေ့က ၎င်းတို့စခန်းတွင် အမှုဖွင့်လှစ်ခဲ့သည်မှာ မှန်ကန်ကြောင်း ဒဂုံရဲစခန်းမှ တယ်လီဖုန်း လက်ခံဖြေကြားသူ ရဲ ၀န်ထမ်း တဦးက အတည်ပြုပြောသည်။

အခင်းဖြစ်ပွားပြီးနောက် ၄င်းတို့အား ဓားဖြင့် ခုတ်သွားခဲ့သူ အုပ်စုထဲမှ တဦးကို ဖမ်းမိထားသည်ဟု ရဲစခန်းမှူးက မင်း သတ္တိအား ဖုန်းဆက် အကြောင်းကြားခဲ့ကြောင်း၊ သို့သော် ဖမ်းဆီးထားသူ မည်သူ ဆိုသည်ကို မသိရှိကြောင်း မင်းသတ္တိက ဧရာဝတီကို ပြောပြသည်။

ဖုန်းမြင့်ဝင်းက“လူတယောက်ကို ဘာရန်ငြိုးမှ မရှိဘဲ အသေလုပ်တာ။ လက်သီးနဲ့ ထိုးတယ်ဆိုလည်း ဖြေသိမ့်နိုင်တယ်။ အခုဟာက ဓားတွေနဲ့ရော၊ တုတ်တွေနဲ့ရော လုပ်တာ။ သူတို့က ရမ်းကားသလိုဖြစ်နေတယ်”ဟု ဆိုသည်။

ကိုယ်ထိလက်ရောက် ကျူးလွန်သူများဘက်က ယခုအထိ တောင်းပန်ခြင်း မရှိသကဲ့သို့ တောင်းပန်ခဲ့လျှင်လည်း တရား ဥပဒေအရသာ ဆောင်ရွက်သွားလိုကြောင်း သူက ဆက်ပြောသည်။

“အဓိက ကျနော်တို့ သွားချင်တဲ့ပုံစံကတော့ တရားဥပဒေ စိုးမိုးရေးပါပဲ။ တကယ်တမ်း တရားဥပဒေအရ အရေးယူပေး တာကိုပဲ ဖြစ်စေချင်တာပါ”ဟု ဖုန်းမြင့်ဝင်းက ဆိုသည်။

မြန်မာစစ်တပ် အရာရှိကြီးများနှင့် အငြိမ်းစား အရာရှိကြီးများ၏ သားသမီးတချို့သည် မိဘများ၏ အရှိန်အ၀ါကို အသုံးချ၍ အုပ်စုဖွဲ့ အနိုင်ကျင့်ရမ်းကားမှုများ ရန်ကုန်မြို့တွင် မကြာခဏ ဖြစ်ပွားကြောင်း၊ ည အချိန်မတော်တွင် လောင်းကြေးဖြင့် ကားပြိုင်မောင်းခြင်းနှင့် တာဝန်ကျ အစိုးရ၀န်ထမ်းများကိုပင် ရိုင်းပြစွာ အနိုင်ကျင့်မှုများ ပြုလုပ်မှုများလည်း ရှိကြောင်း ရန်ကုန်မြို့က လူငယ်များအကြေားတွင် ပြောဆိုနေကြသည်။
The Irrawaddy (Burmese Version)

ဆိုရှယ်မီဒီယာများနှင့် ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲ

ယနေ့ ဧပြီလ ၂၀ရက်၊ နံနက်၁၀း၂၀ နာရီက ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ရုံးခန်းတွင် ဆိုရှယ်မီဒီယာများ အရေးကိစ္စနှင့် ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးပွဲတစ်ရပ်ကို ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း၏ လူထုဆက်ဆံရေးဌာနမှ ဦးစီး၍ ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ ရုပ်ရှင်အစည်းအရုံး၊ ဂီတအစည်းအရုံး၊သဘင်အစည်းအရုံး၊ စာနယ်ဇင်းကောင်စီ၊ တက္ကသိုလ်အသီးသီးမှ ကျောင်းသားအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပြည်တွင်းပြည်ပမီဒီယာများ တက်ရောက်ခဲ့ကြသည်။

ဆွေးနွေးပွဲတွင် Online ဆိုရှုယ်မီဒီယာများနှင့် Facebook စာမျက်နှာများပေါ်၌ အများပြည်သူများ အထိတ်တလန့် ဖြစ်စေသော၊ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ပဋိပက္ခများဖြစ်စေသော အရေးအသားများ၊ ထင်မြင်ယူဆချက်များ၊ အတုအယောင်ဖန်တီးနေမှုများ၊ သွေးထိုးလှုံ့ဆော်နေမှုများနှင့် ပတ်သက်၍ မည်သို့တားဆီးဆောင်ရွက်နိုင်ကြမည်ကို အားလုံးဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
88 Generation Students

၂၀၁၃ခုနှစ် ပညာသင်နှစ်အတွက် ကိုယ်ပိုင်အထက်တန်းကျောင်းများ စတင်ဖွင့်လှစ်


Saturday, April 20, 2013
ရန်ကုန်၊ ဧပြီ ၂၀။
၂၀၁၃ခုနှစ် ပညာသင်နှစ်အတွက် အစိုးရမှဖွင့်လှစ်သော အခြေခံပညာကျောင်းများ ဖွင့်လှစ်ခြင်း
မရှိသေးသော်လည်း၊ ကိုယ်ပိုင် အထက် တန်းကျောင်းများမှာမူ စတင်ဖွင့်လှစ်နေပြီဖြစ်ကြောင်း သိရသည်။

အစိုးရအထက်တန်း ကျောင်းများသည် ဇွန်လဆန်းပိုင်းတွင် စတင်ဖွင့်လှစ်မည်ဖြစ်သော်လည်း ကိုယ်ပိုင်အထက်တန်းကျောင်းများမှာမူ ဧပြီလ တွင် စတင်ဖွင့်လှစ်သော တန်းခွဲများရှိသကဲ့သို့ မေလတွင် စတင်ဖွင့်လှစ်မည့် တန်းခွဲသစ်များလည်းရှိကြောင်း ကိုယ်ပိုင်အထက်တန်းကျောင်း များမှ တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရသည်။

“ကျွန်တော်တို့ဆီမှာက ကျောင်းချိန်ပြီးတာနဲ့ သင်ကြားမှု အထောက်အကူပြု ဆရာတွေ(guide)တွေနဲ့
ဘာသာစုံကို ပြန်လုပ်ပေးမယ်။ နားမ လည်တာတွေ ရှင်းပြပေးမယ်။ ကလေးတွေအတွက် အချိန်တွေ
သတ်မှတ်ပေးထားတဲ့အတွက် အချိန်အလဟသတ်မဖြစ်ဘူးပေါ့” ဟု မန္တလေး မြိှု့ Nobel ကိုယ်ပိုင်
အထက်တန်းကျောင်းမှ တာဝန်ရှိသူ  တစ်ဦးက ပြောကြားသည်။

ICEC ကိုယ်ပိုင် အထက်တန်းကျောင်းများမှာ ကျောင်းဝင်ကြေး ၅၀၀၀၀ကျပ် ပေးသွင်းရပြီး၊ ကျောင်းလစဉ်ကြေးများကို အထက်တန်း၊ အလယ် တန်း၊ မူလတန်း တန်းခွဲများပေါ်မူတည်ပြီး လစဉ်ကြေးများသတ်မှတ်ကာ ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

“အစိုးရကျောင်းမှာ တက်ခိုင်းတာက တချို့ အတန်းပိုင်တွေက သူတို့ဆီမှာ ကျူရှင်မတက် မနေရတက်
ရတာမျိုးတွေရှိတယ်။ ကျောင်းတစ်ခု ထဲနဲ့ မလုံလောက်ဘူး။ ကျူရှင်တက်ဖို့ရှာရ ပြီးရင်ကိုက်ခေါ်ဖို့ ရှာရ
တာတွေရှိတယ်။ ကိုယ်ပိုင်ကျောင်းတွေမှာကျတော့ ကျောင်းချိန်ပြီးရင် သူ တို့ ဆရာတွေနဲ့ သူတို့
ထပ်သင်ပေးတယ်။ ကိုယ့်ကလေး စာမလိုက်နိုင်ရင်တော့ အိမ်မှာကိုက်ထပ်ခေါ်ဖို့တော့ လိုမှာပေါ့။ ကုန်ကျစရိတ်ခြင်းယှဉ်ကြည့်ရင် မထူးခြားပါဘူး။ အတူတူလောက်ပဲ ကုန်မယ်ထင်တယ်။” ဟု ဒသမတန်း ကျောင်းသူ တစ်ဦး၏မိခင်ဖြစ်သူ ဒေါ်ဆွေဇင်က သုံး သပ် ပြောကြားသည်။

ကိုယ်ပိုင် အထက်တန်းကျောင်းများတွင် တက်ရောက်မည့် ကျောင်းသားများမှာ နဂိုပညာသင်ကြားခဲ့သော အစိုးရအထက်တန်းကျောင်းမှ ကျောင်းထွက်လက်မှတ် ရယူရမည်ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းသားများမှာအစိုးရမှ ထုတ်ပြန်သော အောင်စာရင်းများ ထွက်ရှိပြီးချိန် ၂ပတ် အတွင်းမှ စတင်ပြီး သတ်ဆိုင်ရာကျောင်းများ မှ ကျောင်းထွက်လက်မှတ် ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
ဆုဝေ
မြန်မာ့ခေတ်

ငွေစုငွေချေး ကိစ္စများနှင့်ပတ်သက်သည့် တွေ့ဆုံရှင်းလင်းပွဲ ပြုလုပ်


Saturday, April 20, 2013
ရန်ကုန်၊ ဧပြီ ၂၀။
ပြည်ထောင်စု ဝန်ကြီးများမှ ငွေစုငွေချေး ကိစ္စများနှင့်ပတ်သက်သည့် တွေ့ဆုံရှင်းလင်းပွဲကို စက်ရုံ၊
အလုပ်ရုံမှ ပိုင်ရှင်များ၊ အလုပ်သမား များနှင့် ယနေ့နံနက်က လှိုင်သာယာ စက်မှုဇုန်၊ ကနောင်ခန်းမတွင်ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ယင်းဆွေးနွေးရှင်းလင်းပွဲသို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလှုံရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်နှင့် သမဝါယမ ဝန်ကြီးဌာန မှ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းတို့မှ တက်ရောက် အမှာစကားများ ပြောကြားပြီး လှိုင်သာယာ စက်မှုဇုန်ရှိ အလုပ်ရှင်အလုပ်သမားများ၏ လူမှုဘဝ ဖူလှုံရေးကို အခြေပြု၍ ငွေစုငွေချေးခြင်း လုပ်ငန်းအကြောင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိသည်။

“ဒီလုပ်ငန်းက စီးပွားရေးအတွက်တင် မဟုတ်ပါဘူး၊ ပညာရေး ကျန်းမာရေးကဏ္ဍတွေနဲ့ပါ ဆိုင်ပါတယ်”ဟုပြည်ထောင်စုဝန်ကြီး ဦးကျော် ဆန်းက ပြောကြားသည်။

ငွေစုငွေချေးလုပ်ငန်းအား အောင်မြင်အောင် ဆောင်ရွက်သင့်ပြီး ထိုသို့အောင်မြင်ရန်မှာလည်း
ချေငွေရယူပြီး အမှန်တကယ် သမအသင်း အသီးသီးမှ ဝန်ထမ်းများ၊ ပိုင်ရှင်များ၊ကျေးရွာဒေသခံများ၊ အန်ဂျီအိုများ၊ ဝန်ထမ်းများ၊ အလုပ်သမားဝန်ကြီးဌာနများ စသည်တို့ပူးပေါင်းပြီး ဆောင်ရွက်ပါက အောင်မြင်မှု ရရှိနိုင်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

ယင်းတွေ့ဆုံ ရှင်းလင်းပွဲသို့ လှိုင်သာယာ စက်မှုဇုန်အတွင်းမှ လုပ်ငန်းရှင်များ၊ အလုပ်သမားများ၊
သမဝါယမ ဝန်ထမ်းများ၊ အရပ်ဖက် အဖွဲ့အစည်းများ၊ စီးပွားရေး ပညာရှင်များ တက်ရောက် ခဲ့ကြပြီး
စက်မှုဇုန် အလုပ်ရှင် တစ်ဦးနှင့် အလုပ်သမား ကိုယ်စားလှယ် တစ်ဦးတို့မှ ပြည်ထောင်စု ဝန်ကြီးများနှင့်
အပြန်အလှန် ဆွေးနွေးမှု များ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ဝေယံ
မြန်မာ့ခေတ်

ဘော်စတွန် ဗုံးဖောက်ခွဲမှု သံသသရှိသူ နှစ်ဦးတွင် တစ်ဦးသေဆုံး၊ ကျန်တစ်ဦးပြေးဆဲဟု ရဲကပြောကြား

Saturday, April 20, 2013
ဘော်စတွန်၊ ဧပြီ ၁၉။
ဘော်စတွန်ဗုံးခွဲမှုသံသယရှိနှစ်ဦးကို ယနေ့နံနက်တွင် အက်ဖ်ဘီအိုင်က ဓာတ်ပုံများ၊ ဗီယိုများထုတ်ပြန်ခဲ့ပြီးသံသယရှိသူနှစ်ဦးအနက် တစ်ဦး သေဆုံးသွားပြီဖြစ်ပြီး ကျန်တစ်ဦးသည် ထွက်ပြေးနေဆဲ ဖြစ်ကြောင်းလက်နက်ကိုင်ထားပြီး အန္တရာယ်ရှိသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။

ယနေ့နံနက်တွင် ဖြစ်ပွားခဲ့သည့် မန်ဆာချူးဆက်နည်းပညာတက္ကသိုလ်တွင် သေနတ်ဖြင့်ပစ်ခတ်ပြီး
ကားခိုးထွက်ပြေးကာ ဖမ်းဆီးရန် တားဆီးသော တပ်ဖွဲ့များကို ဗုံးများနှင့် ပစ်ခတ်ခဲ့သည့် သံသယရှိသူနှစ်ဦးကို လိုက်လံဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို မာရသွန်ပွဲတွင် ဗုံးခွဲသူများဟု အာဏာပိုင် များက ယုံကြည်ကြသည်။

လိုက်လံဖမ်းဆီးရာတွင် တစ်ဦးသည် ရဲများနှင့် တိုက်ခိုက်မှုဖြစ်ပွားသည့် ဒဏ်ရာများကြောင့်  သေဆုံးသွားပြီးကျန်တစ်ဦးမှာ နီးစပ်ရာရပ်ကွက် အတွင်းဝင်ရောက် ထွက်ပြေးသွားကြောင်း တာဝန်ရှိသူများကပြောကြားသည်။

ထွက်ပြေးသွားသည့် သံသယရှိသူကို ရှာဖွေရန် ပြည်နယ်တပ်ဖွဲ့များသည် ဝေါ့တားတောင်းရပ်ကွက်တစ်ဝိုက်တွင်အိမ်ပေါက်စေ့ လိုက်ရှာ နေကြောင်း သိရသည်။

၎င်းရပ်ကွက်ရှိလူများကိုလည်း အိမ်တံခါးများကို ပိတ်ထားရန် ၊ပြတင်းပေါက်များနှင့် တံခါးများမှ
ဝေးဝေးနေရန် အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။ ယခု ထွက်ပြေးနေသောသူသည် အက်ဘီအိုင်ကထုတ်ပြန်ခဲ့သည့် မာရသွန် သံသယရှိသူတစ်ဦးဖြစ်သည့် ဦးထုတ်အဖြူဆောင်းထားသူနှင့် အလွန်တူညီသောကြောင့် ရဲများက တစ်ဦးဖြစ်သည် ဟုယူဆထားသည်။
Ref:CNN
မြန်မာ့ခေတ်

ရွှေဈေး ပြန်တက်(ရုပ်/သံ)

ပြီးခဲ့တဲ့ရက်ပိုင်းတွေက ကျပ် ခုနှစ်သောင်းနီးပါး ဈေးကျသွားတဲ့ ရွှေဈေးဟာ ဧပြီလ၁၉ရက်နေ့ မှာ ကျပ် သုံးသောင်း နီးပါး ဈေး ပြန်တက်ခဲ့ပါတယ်။ ကိုသီဟ က သတင်းပေးပို့ထားပါတယ်။
DVB TV News

ပြည်တွင်းကားဈေးကွက် ပုံမှန်အနေအထားနှင့်ဆက်လက်လည်ပတ်နေ

ယခုနှစ်အစပိုင်းတွင်ပြည်တွင်းကားဈေးကွက်သည် အပြောင်းအရွှေ့ ကိစ္စရပ်များနှင့်ဈေးနှုန်းမတည်မငြိမ်ဖြစ်ခဲ့သော်လည်း မဟာသင်္ကြန်ကျော်လွန်ချိန်တွင် ပုံမှန်အနေအထားအတိုင်း အရောင်းအဝယ်ဈေးကွက်တည်ငြိမ်နေပြီဖြစ်ကြောင်း သိရသည်။

“ကျန်ခဲ့တဲ့လပိုင်းတွေက ကားဈေးကွက်အပြောင်းအရွှေ့ကိစ္စရပ်တွေနဲ့ဈေးကွက်တည်ငြိမ်မှု အားနည်းခဲ့ပေမယ့် အခုသင်္ကြန်ကျော်လွန်လာတဲ့အချိန်မှာတော့ပုံမှန်အနေအထားနဲ့ ပြန်လည်တည်ငြိမ်နေပါပြီ။ လက်ရှိ လ/ အက္ခရာကားပေါက်ဈေးကတော့ ကာလတန်ဖိုးသိန်း(၈၀)နဲ့ (၈၅)သိန်းကြားမှာရှိနေပြီး စလစ်ဈေးနှုန်းကတော့(၈၅)သိန်းနဲ့ သိန်း(၉၀)ကြားမှာ ပေါက်ဈေးရှိနေပါတယ်။အပ်ကားတွေမှာ CNG မပါရင် သိန်း(၆၀)အထိပေါက်ဈေးရှိနေပြီး Probox ကား လေးတွေကတော့ သိန်း(၁၀၀)နဲ့သိန်း(၁၁၀)ကြားမှာ ပေါက်ဈေးရှိနေပါတယ်။

လက်ရှိအချိန်မှာတော့1 ပွိုင့် 3 နဲ့ 1 ပွိုင့် 5 အမျိုးအစားအင်ဂျင် ပါဝါ(၁၃၀၀)နဲ့(၁၅၀၀)ကားလေးတွေသာ အများဆုံးအရောင်းအဝယ်ရှိနေပါတယ်”ဟု မြန်မာနိုင်ငံ မော်တော်ကားရောင်းဝယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသွားခဲ့သည်။
SkyNet TV Browser

သံသယ ရှိသူ နှစ်ဦး အနက် တစ်ဦးမှာ သေးဆုံး(ဓါတ်ပုံသတင်း)

တနလာင်္နေ့က ဘော်စတွန်မြို့မှာ ဖေါက်ခွဲခဲ့တဲ့ သံသယရှိသူ နှစ်ဦး အနက် တစ်ဦးမှာ သေးဆုံးသွားပြီး ကျန်တဦးရှောင်ရှားနေပါတယ်။ ညလုံးပေါက် စစ်ဆင်ရေးအပြီးမှာ ဖေါက်ခွဲသူတဦးသေဆုံးသွားပါပြီ။
Ref CNN




























ဂျပန်ဝန်ကြီးချုပ်နှင့်မြန်မာ့ဒီမိုကရေစီခေါင်းဆောင်တွေ့ ဆုံ(ရုပ်/သံ)

ဧပြီ၁၈ရက်နေ့ညပိုင်းက မြန်မာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်ဝန်ကြီးချုပ်Shinzo Abeတို့ တွေ့ဆုံခဲ့ကြပါတယ်။
DVB TV News

ချယ်ရီမြေမှ ပိတောက်မြေသို့ အပြန်

ဂျပန်အစိုးရရဲ့ ဖိတ်ကြားချက်အရ ဂျပန်နိုင်ငံကို အလည်အပတ်ရောက်ရှိနေတဲ့ လူထုခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဟာ ယနေ့ဧပြီ၁၉ရက်နေ့ နံနက် ၁၁း၀၅မိနစ်ကဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာ လေဆိပ်မှမြန်မာနိုင်ငံရန်ကုန်မြို့သို့ ပြန်ရန်ခရီးပြန်လည်ထွက်ခွာသွားခဲ့ပြီဖြစ်ပါတယ်။

တိုကျိုလေဆိပ်မှာတော့သတင်းထောက်များမှ နှုတ်ခွန်းဆက်ခြင်းအပေါ်ဆာရိုနာရာဟုပြန်လည် နှုတ်ဆက်ခဲ့ကြပြီးယင်းသို့ ဂျပန်နိုင်ငံမှ အပြန်ဂျပန်စကားနဲနုတ်ခွန်းဆက်ခဲ့မှုအပေါ်ဂျပန်သတင်းစာကလည်း အလေးထားဖော်ပြကြပါတယ်။

ယနေ့ညပိုင်းမှာတော့ချယ်ရီမြေမှပြန်ခဲ့သူလူထုခေါင်းဆောင်မှာပိတောက်မြေ မြန်မာပြည်သို့ ပြန်လည်ရောက်ရှိလာတော့မှာဖြစ်ပါတယ်။
ဓာတ်ပုံ- Globe
သတင်း-ဒီမိုဝေယံ

“ဂျပန်မြေမှာ တော်ဝင်ပိတောက်ပန်း မပွင့်ပေမယ့်ဖြူစင်စေတနာ အရိုးခံ စိတ်ရင်းရှိကြတယ်ချယ်ရီတွေ ဧည့်ဝတ်မပျက်ပါဘူး”

(ဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ်အတွင်းလိုလိုလေသေးမရှိ ဧည့်ဝတ်ကျေပြွန်ပြီး လုံခြုံရေးအထူးဂရုစိုက်ပေးခဲ့ကြတဲ့ ဂျပန်အစိုးနှင့်တကွ ဂျပန်နိုင်ငံသားအပေါင်း၊ စည်းစည်းလုံးလုံးကြိုဆို
ဂုဏ်ပြုခဲ့ကြတဲ့ ဂျပန်နိုင်ငံရောက် မြန်မာမိသားစုများ အားလုံးကိုအထူးကျေးဇူးတင်အပ်ပါကြောင်းနှင့်
ဂျပန်မြေမှာ တော်ဝင်ပိတောက်ပန်း မပွင့်ပေမယ့် ဖြူစင်စေတနာအရိုးခံ စိတ်ရင်းရှိကြတယ် ချယ်ရီတွေ ဧည့်ဝတ်မပျက်ပါဘူးဆိုတဲ့အမေစုရဲ့ ၆ရက်တာခရီးစဉ် ဂျပန်မြေမှ အပြန်အမှတ်တရအတွက်
-ဒီမိုဝေယံ။)
Popular Journal

ပိတောက်ပန်းတို့ ပွင့်ဝေကာခရီးဦးကြိုမည်


၁၂.၄.၂၀၁၃တွင်စတင်ခဲ့သည့်ပြည်သူ့ လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့်တည်ငြိမ်အေး ချမ်းရေးကော်မတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ဂျပန်နိုင်ငံခရီးစဉ် သည် ၁၉.၄.၂၀၁၃တွင်ပြီးဆုံးခဲ့ပြီဖြစ်၍
ယနေ့ တွင် ဂျပန်နိုင်ငံ တိုကျိုမြို့ နာရီတာလေဆိပ်မှ မြန်မာပြည်သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်ရာ
ရန်ကုန်မြို့သို့ ဘန်ကောက်မြို့မှတဆင့် ညနေ၆နာရီ၄၅မိနစ်တွင်ပြန်လည်ရောက်ရှိဖြစ်မည်ဖြစ်သည်။(နိုင်ငံခြားခရီးမှပြန်လာမည့်ဒီမိုကရေစီခေါင်းဆောင်အား NLDပါတီဝင်များနှင့်အတူအနုပညာရှင်များကလည်း ရန်ကုန်လေဆိပ်နှင့်ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းရှေ့ တို့ မှကြိုဆိုကြမည့်နည်းတူ
ယမန်နေညနေကရွာသွန်းဖြိုးခဲ့သော မိုးကြောင့်ဒေါ်အောင်ဆန်းစုကြည်နေအိမ်ခြံဝင်းတွင်းရှိ
ပိတောက်ပင်ကြီး၌လည်းပိတောက်ပန်းတို့ ပွင့်ဝေကာခရီးဦး ကြိုနေနိုင်ကောင်း၏။)
Popular Journal

သင်္ကြန်ရက်များအတွင်း သက်ဆင် မြန်မာနိုင်ငံသို့ရောက်ရှိခဲ့

ထိုင်းဝန်ကြီးချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ်သည် ယခုနှစ် မဟာသင်္ကြန်ရက်များအတွင်း မြန်မာနိုင်ငံသို့ရောက်ခဲ့ကြောင်းသိရသည်။

မစ္စတာသက်ဆင်သည် ဧပြီ ၁၅ ရက်နေ့က တရုတ်နိုင်ငံ ဟူနန်ပြည်နယ်မှ မန္တလေးမြို့သို့ရောက်ခဲ့ကာထိုမှတစ်ဆင့် ပြင်ဦးလွင်မြို့သို့ရောက်ရှိခဲ့ပြီး ဗြိတိသျှ ကိုလိုနီခေတ်က ဘိုတဲကြီးတစ်ဆောင်တွင် ညအိပ်တည်းခိုခဲ့သည်။

ဧပြီ ၁၆ ရက်နေ့တွင်မူ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်နှင့်တွေ့ဆုံခဲ့ကာ အတာရေပင်ပက်ဖြန်းခဲ့ကြောင်း မစ္စတာသက်ဆင်က သူ၏ facebook စာမျက်နှာတွင် ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။
Popular Myanmar News Journal

ဥပဒေအတွက် အကူအညီများ တင်ပြနိုင်သော facebook စာမျက်နှာကို 88မျိုးဆက်မှ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း

ရန်ကုန်၊ ဧပြီ ၁၈။
ဥပဒေရေးရာအရ လိုအပ်သော အကူအညီများ အကြံပြုချက်များကို တင်ပြနိုင်သော facebook စာမျက်နှာကို 88မျိုးဆက် ကျောင်းသားများအဖွဲ့မှ ဖွင့်လှစ်လိုက်ပြီ ဖြစ်ကြောင်း ၈၈မျိုးဆက်ကျောင်းသားအဖွဲ့  ဥပဒေရေးရာ တာဝန်ခံ ကိုမာကီး၏ ပြောကြားချက်အရ သိရသည်။

နာမည်ကတော့ 88 Generation Legal Sector (၈၈မျိုးဆက်ဥပဒေရေးရာ) လို့ အမည်ပေးထားပါတယ်။ ဒီမှာ ဥပဒေရေးရာအရ လိုအပ်တဲ့ အကူုအညီတွေ၊ အကြံဥာဏ်တွေကို တင်ပြ တောင်းဆိုနိုင်ပါတယ်။ ပုဂ္ဂလိကရေးရာထက် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မတရားမှုတွေကို ဖြေရှင်းပေးမှာပါ။ ၈၈ ရုံးခန်းမှာလည်း ဥပဒေ အကြံပေးအဖွဲ့တွေ ရုံးထိုင်နေပါပြီဟု ဥပဒေရေးရာ တာဝန်ခံကိုမာကီး ကပြောကြားသည်။

Facebook တွင်သာမက ၈၈မျိုးဆက်ကျောင်းသားများ ရုံးခန်းတွင်လည်း လာရောက် တင်ပြနိုင်ကြောင်း၊ အဆိုပါ တင်ပြသော ဥပဒေရေးရာ အကူအညီ လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်ရန် ဥပဒေရေးရာ အကြံပေးအဖွဲ့မှာ လွှတ်တော်ရှေ့ နေ ဦးမောင်မောင်ဝင်း ဦးဆောင်သော မဏ္ဍိုင်ဥပဒေအကယ်ဒမီမှ ရှေ့နေ အယောက် ၂၀ မှ တစ်ပတ်လျှင် တနလာင်္၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် အလှည့်ကျ ရုံးထိုင်ကာ ဥပဒေကြောင်းအရ အကူအညီ လိုအပ်နေသူများကို ကူညီ ဆောင်ရွက်ပေး မည်ဖြစ်ကြောင်း သိရသည်။

"တစ်လတစ်လကို ဥပဒေကြောင်းအရ မတရားခံရလို့ဆိုပြီး ရုံးမှာလာတင်တဲ့ အမှုတွေ တစ်ရာ့ငါးဆယ်၊ နှစ်ရာလောက်ရှိတယ်။ အခုကတော့ သေချာ အကြံဥာဏ်ပေးပြီး ကူညီပေးနိုင်မယ့် ရှေ့နေတွေကို ရုံးထိုင်ခိုင်းပြီး ကူညီပေးမှာပါ။ နိုင်ငံရေးအမှု၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာ အမှုတွေတိုင်ကြတာများတယ်။" ကိုမာကီး ကပြောကြားသည်။
ဆုဝေ
မြန်မာခေတ်

ပါကစ္စတန်တရားရုံးက မူရှာရက်၏ အာမခံရရှိရေးကို ပယ်ချ ဖမ်းဆီးဖွယ်ရှိ

Thursday, April 18, 2013
အစ္စလာမ်ဘတ်၊ ဧပြီ ၁၈။
ပါကစ္စတန်တရားရုံးသည် မစ္စတာမူရှာရက်၏ အာမခံရရှိရေး အယူခံဝင်ခြင်းကို ပယ်ချလိုက်ပြီး ၎င်းကို
ဖမ်းဆီးဖွယ်ရှိကြောင်း ၎င်း၏ရှေ့နေက ကြာသပတေးနေ့ တွင် ပြောကြားသည်။

အမိန့်ထုတ်ပြန်ပြီးနောက် မစ္စတာမူရှာရက်သည် လုံခြုံရေးအဖွဲ့နှင့် အတူ အစ္စလာမ်ဘတ် တရားရုံးမှ
ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းက ပြောကြားသည်။

မူရှာရက်သည် လွန်ခဲ့သည့်ငါးနှစ်က ပါကစ္စတန် သမ္မတရာထူးမှ နှုတ်ထွက်ခဲ့ပြီး လန်ဒန်၊
ဒူဘိုင်းမြို့များတွင် သွားရောက်နေထိုင်ခဲ့သည်။

၎င်းသည် ပါကစ္စတန်သို့ မကြာခင်ကမှ ပြန်လည်ရောက်ရှိလာပြီး ၎င်းကိုစွဲဆိုထားသော အမှုသုံးမှုကို
ခုခံကာကွယ်မည်ဖြစ်ပြီး ရွေးကောက်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဟု ပြောကြားခဲ့သည်။

သို့သော် ယခုတစ်ပတ် အစောပိုင်းတွင် ပါကစ္စတန်ရွေးကောက်ပွဲအရာရှိများသည် ၎င်းကို ရွေးကောက်ပွဲ
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ကို တားဆီးခဲ့ ကြကြောင်း ၎င်း၏ ရှေ့နေက ပြောကြားသည်။

ယခု အာမခံ အပယ်ခံရသောအမှုသည် ၎င်းအုပ်ချုပ်စဉ်က အရေးပေါ် အုပ်ချုပ်ခဲ့ရမှုဖြစ်စဉ်တွင်
အကြီးတန်းတရားသူကြီး ၆၂ ဦးကို ထိန်းသိမ်း ခဲ့ပြီး တရားမဝင်ရာထူးမှ ဖယ်ရှားခဲ့ခြင်းကြောင့်
ဖြစ်ကြောင်း သိရသည်။

၎င်းသည် မကြာမီက အာမခံကာလရက်တိုးများရခဲ့ပြီး ပါကစ္စတန်ကို ပြန်လာလျှင် ရက်အနည်းငယ်ဖမ်းဆီးခံရမည့် အရေးဖယ်ရှားပေးမည့် အကာအကွယ်ပြု အာမခံ ရရှိခဲ့သည်။

ယခုတစ်ကြိမ်တွင် မူရှာရက်သည် အာမခံငြင်းပယ်သည့် အစ္စလာမ်ဘတ် တရားရုံး ဆုံးဖြတ်ချက်ကို တရားရုံးချုပ်တွင်အယူခံဝင်ရန် ပြင်ဆင် နေကြောင်း ပါကစ္စတန်သတင်းဌာနတစ်ခုကို မူရှာရက်ပါတီက ပြောကြားသည်။

မူရာရက်သည် ၂၀၀၇ခုနှစ်တွင် အရေးပေါ်အခြေအနေ ထုတ်ပြန်ခဲ့ခြင်းကြောင့် လာမည့်ရွေးကောက်ပွဲတွင်ဝင်ရောက်အရွေးမခံနိုင်ကြောင်း အင်္ဂါနေ့တွင် တရားရုံးတော်မှထုတ်ပြန် ကြေညာခဲ့သည်။
Ref: CNN
မြန်မာ့ခေတ်

ကျောက်ဖြူ မဒေးကျွန်းမှာ တရုတ်ကုမ္ပဏီ CNPC ကို ဒေသခံတွေ ၀ိုင်းဝန်း ဆန္ဒပြပြီ

ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းကြောင့် အထွေထွေ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေကြရတဲ့ မဒေးကျွန်းက ဒေသခံ ပြည်သူ ၅၀၀ ခန့်ဟာ ဧပြီလ ၁၈ ရက်နေ့  နေ့လည်က စပြီး တရုတ်ကုမ္ပဏီ CNPC ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။ ဆန္ဒပြသူတွေဟာ မဒေးကျွန်း ဘုန်းတော်ကြီးကျောင်းရှေ့ကနေ တရုတ်ကုမ္ပဏီ CNPC ရုံးရှေ့ထိ စုဝေး ချီတက်ပြီး ကြွေးကြော်သံတွေကို ကြွေးကြော်ကာ ဆန္ဒပြခဲ့ကြပါတယ်။

ဆန္ဒပြသူတွေ အနေနဲ့ အချက် (၉) ချက်ကို တောင်းဆို ဆန္ဒပြနေကြတာ ဖြစ်တယ်လို့ ဦးဆောင်သူ တစ်ဦး ဖြစ်သူ ကိုထွန်းကြည်က ပြောပါတယ်။





အခု ဆန္ဒပြပွဲဟာ ခွင့်ပြုချက်မရဘဲ ပြုလုပ်တာ ဖြစ်တဲ့ အတွက် အရေးယူမူတွေ၊ နှိမ်နှင်းမှုတွေ ပြုလုပ် လာနိုင်တဲ့ အတွက် သတိထားပြီး ဆောင်ရွက်နေရတယ်လို့ ပြောပါတယ်။

လုံခြုံရေးတွေကိုတော့ အာဏာပိုင်တွေက ကျွန်းပေါ်မှာ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ ပြောပါတယ်။

နေ့လည် ၂ နာရီထိ အာဏာပိုင်တွေဘက်က တစ်စုံတစ်ရာ တုန့်ပြန် ဆောင်ရွက်မူတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေ တောင်းဆိုနေတဲ့ အချက်တွေထဲမှာ (၁) သိမ်းဆည်း လယ်မြေတွေကို လျှော်ကြေးပေးရာမှာ နိုင်ငံတကာ စံချိန် စံညွှန်းအတိုင်း ပေးဆောင်ရန်(၂) လယ်မြေ ဥယာဉ်ခြံမြေတွေကို ဒေသခံတွေကို အသိမပေးဘဲ မသိမ်းရန် (၃) ကျွန်းပတ်ပတ်လည်မှာ ငါးဖမ်းခွင့်ပေးရန် (၄) ကျွန်းပေါ်ရှိ ဒေသခံ ကျေးရွာများတွင် လျှပ်စစ်မီး ပေးဝေရန် (၅) အလုပ်သမားကဒ် ရှိသူတွေကို အလုပ်ပြန်ခန့်ပြီး တရုတ် အလုပ်သမားတွေနဲ့ တန်းတူ လစာပေးရန်၊ (၅) မဒေကျွန်းမှာ ပျက်စီးနေတဲ့ လမ်းတွေကို ပြန်လည် ပြုပြင်ပေးရေး(၆) ပျက်စီးနေသောတာတမံတွေကိုပြန်လည် တည်ဆောက် ပေးရေး  စတဲ့ အချက်တွေ ပါဝင်တယ်လို့ ကိုထွန်းကြည်က ပြောပါတယ်။






စုစုပေါင်းတောင်းဆိုတဲ့ အချက် (၉) ချက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီတောင်းဆိုချက်တွေကို ဖြည့်ဆည်းပေးမယ်လို့ ကျောက်ဖြူ ခရိုင်၊ မြို့နယ် အဆင့် တာဝန်ရှိသူတွေမှ အရင်က အကြိမ်ကြိမ်  ၀န်ခံ ကတိပြုခဲ့ပေမယ့် လက်တွေ့မှာ ဆောင်ရွက်ပေးတာ မရှိဘူးလို့ ကိုထွန်းကြည်က ပြောပါတယ်။ ဒါကြောင့် ခုလို ဆန္ဒပြရတာ ဖြစ်တယ်လို့ ပြောပါတယ်။

နောက်ဆုံးတောင်းဆိုတဲ့ အချက်တွေကို လိုက်လျော့ပေးမယ်လို တရုတ် အင်ဂျင်နီယာတွေက ပြောဆိုတယ်လို့ ဆန္ဒပြရာမှာ ပါဝင်တဲ့ အမျိုးသမီး  တစ်ဦးက ပြောပြပါတယ်။
Narinjara

အခေါက်ရွှေတကျပ်သား ငွေကျပ် ၄၀၀၀၀ နီးပါး ပြန်တက်

ရန်ကုန်၊ မတ် ၁၉
ကမ္ဘာ့ရွှေဈေးနှုန်းကျဆင်းမှုနှင့်အတူ ဈေးထိုးကျနေသော မြန်မာ့ရွှေဈေးမှာ ယနေ့တွင်မူ အခေါက်ရွှေတကျပ်သားလျှင် ငွေကျပ် ၄၀၀၀၀ နီးပါးပြန် လည် မြင့်တက်လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ယမန်နေ့က ဈေးကွက်ဖွင့်ချိန်တွင် အခေါက်ရွှေတကျပ်သားလျှင် မြန်မာငွေ ကျပ် ၆၆၈၅၀၀ ကျပ်ဖြင့်ဈေးဖွင့်ခဲ့ပြီး ညနေပိုင်းတွင် ၆၉၀၀၀၀ ကျပ်ဝန်းကျင် ဈေးပိတ်ခဲ့သည်။

ယနေ့တွင်မူ အခေါက်ရွှေတကျပ်သားလျှင် မြန်မာငွေကျပ် ၇၁၁၀၀၀( ခုနစ်သိန်း တသောင်းတထောင်) ကျပ်ဈေးရှိပြီး အရောင်းအ၀ယ်စည်ကားလျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။

မြန်မာ့ရွှေဈေးပြန်လည်မြင့်တက်ရခြင်းမှာကမ္ဘာ့ရွှေ ဈေးပြန်လည်မြင့်တက်လာ ခြင်းကြောင့်ဖြစ်ပြီး ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၄၁၇ ဒသမ ၁၆ ဈေးရှိပြီး ရွှေတအောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၃၈ ထိ အနိမ့်ဆုံးဈေးကျဆင်းခဲ့သည်။

အမေရိကန်ဒေါ်လာမှာမူ ပြင်ပဈေးကွက်တွင် တဒေါ်လာ ၈၈၅ ကျပ်နှင့် ၈၉၀ ကျပ်အကြား ဈေးပေါက်လျက်ရှိကြောင်း ဈေးကွက်အတွင်းမှ သိရှိရသည်။
The Irrawaddy (Burmese Version)

မန္တလေးမြို့ အတွင်း ထပ်ဆင့် ယာဉ်တိုက်မှူ ဖြစ်ပွား

ဧပြီလ ၁၉ ရက်နေ့ ဒီနေ့ မှာ မန္တလေးမြို့ အတွင်း ဆိုင်ကယ် နဲ့ ကားတွေ ထပ်ဆင့်တိုက်မှူ ဖြစ်ပွားခဲ့ပါတယ်။ ဦးမောင်တူး တင်ဆက်။ ရိုက်ကူး အိမ်ခိုင်မြဲ
DVB TV News

အများပိုင်ပန်းခြံမြေတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုဆောက်လုပ်မှု အရေးယူမည်

တောင်ဥက္ကလာ ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်းနှင့် သစ္စာလမ်းထောင့်ရှိ ကွန်ဒိုအိမ်ရာစီမံကိန်း (ဓာတ်ပုံ -သာလွန်ဇောင်းထက် / ဧရာဝတီ)
ရန်ကုန် တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူ့ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုအိမ်ရာ စီမံကိန်းတခု တည်ဆောက် နေမှုသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည့်အတွက် ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောဆိုသည်။

စစ်အစိုးရလက်ထက် ၁၉၉၂ ခုနှစ်က တောင်ဥက္ကလာပမြို့နယ်  အမှတ် ၉ ရပ်ကွက်၊ ဝေဇယန္တာလမ်း နှင့် သစ္စာ လမ်းထောင့်ရှိ အများပြည်သူပိုင် ကလေးကစားကွင်းနှင့်ပန်းခြံမြေနေရာကို  ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေး အသင်းက မြို့နယ်ရုံး ဆောက်လုပ်ပြီး မြေကွက်ကို သိမ်းယူခဲ့သည့်အပြင် ရုံးအောက်တွင် ဆိုင်ခန်း ၁၀ ခန်းဖွင့်လှစ်ငှားရမ်းခဲ့ ကြောင်း၊၂၀၀၉ ခုနှစ်ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်းကို နိုင်ငံရေးပါတီအဖြစ် အသွင်ပြောင်းသောအခါ ပန်းခြံမြေနေရာတွင် ဆောက်လုပ်ထားသော အဆောက်အအုံကို ပါတီရုံးခန်း အဖြစ် အသုံးပြုခဲ့ ကြောင်း၊ ယခုအခါ ကြံ့ခိုင်ရေး ပါတီရုံးခန်းနှင့်မြေနေရာတွင် ရန်နိုင်ဆောက်လုပ်ရေး ကုမ္ပဏီ နှင့်ပူးပေါင်း အဆင်မြင့်ကွန်ဒို အိမ်ရာ စီမံကိန်း တခု တည်ဆောက်ရန် ပြင်ဆင်နေကြောင်း တောင်ဥက္ကလာ ၉ ရပ်ကွက် ဒေသခံများက ပြောဆိုကြသည်။

“ကျနော်တို့ ၉ ရပ်ကွက်ထိပ်၊ ဝေဇယန္တာလမ်းနဲ့ သစ္စာလမ်းထောင့် ပေ ၁၅၀ နဲ့ ပေ ၁၃၀ အကျယ် အ၀န်း ရှိတဲ့ ကလေးကစားကွင်းနဲ့ ပန်းခြံလေးရှိတယ်။ ၁၉၉၂ ခုနှစ်မှာ ကြံ့ခိုင်ရေးအသင်းက အဲဒီမြေနေရာကို သိမ်းတယ်။ ရုံးဆောက်လိုက်တယ်။ စစ်အစိုးရလက်ထက်တုန်းကဆိုတော့ ကျနော်တို့က မပြောရဲမဆိုရဲကြဘူး။ နောက်တော့ ကြံ့ခိုင်ရေး ပါတီဖြစ်လာတော့အဲဒီနေရာကို ပါတီပိုင်မြေအဖြစ် ဆက်သိမ်းတယ်။ အခု ရန်နိုင်ဆောက်လုပ်ရေးကုမ္ပဏီနဲ့ ကြံ့ခိုင်ရေးပါတီတို့ပေါင်းပြီး  ကွန်ဒိုအိမ်ရာစီမံကိန်းဆောက်ဖို့ စနေပြီ။ တကယ်ပဲကြံ့ခိုင်ရေးပါတီက ပြည်သူ့ဆန္ဒကို လေးစားတယ်ဆိုရင် အဲဒီပန်းခြံမြေနေရာလေးပြန်ပေးစေချင်ပါတယ်။ ရပ်ကွက်သာရေး၊ နာရေး၊ တရားပွဲ လွတ်လပ်ရေး ပျော်ပွဲရွှင်ပွဲတွေအားလုံး အဲဒီနေရာလေးမှာပဲ ကျင်းပခဲ့တာ။ ရပ်ကွက်ပြည်သူတွေက အဲဒီပန်းခြံမြေကွက်လပ်ကို ပြန်လိုချင်တယ်” ဟု ၉ ရပ်ကွက်ဒေသခံဦးအေးဇော်က ပြောသည်။

အများပိုင်ပန်းခြံမြေနေရာတွင် ကြံ့ခိုင်ရေးပါတီက ကွန်ဒိုအိမ်ရာစီမံကိန်းဆောက်လုပ်မှုနှင့်စပ်လျဉ်းပြီး တောင်ဥက္ကလာ ၉ ရပ်ကွက်ဒေသခံ ၁၆ ဦးက နိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တိုင်ကြားခဲ့သော်လည်း တစုံတရာ ထူးခြားမှုမရှိကြောင်း၊ ကွန်ဒိုအိမ်ရာ ဆက်လက်တည်ဆောက်ပါက ဒေသခံပြည်သူများက တရားဝင်ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ရန် အစီအစဉ်ရှိ သည်ဟု ဒေသခံများက ဆိုသည်။

“သမ္မတဦးသိန်းစိန်ဆီ လွန်ခဲ့တဲ့ လပိုင်းလောက်က စာတင်တယ်။ ရပ်ကွက်မြေကို ပြန်ပေးဖို့ တင်ပြတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အရာရှိတဦးက စာတင်တဲ့သူတွေကို ခေါ်ပြီးမေးမြန်းတာကလွဲလို့ ဘာမှ ထူးခြားချက်မရှိ ဘူး” ဟု ၉ ရပ်ကွက်ဒေသခံတဦးက ရှင်းပြသည်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးဖုန်းမြင့်အောင်ကမူ ကြံ့ခိုင်ရေးပါတီက တောင်ဥက္ကလာပမြို့နယ်ရှိ ပြည်သူပိုင် ပန်းခြံမြေနေရာကို သိမ်းယူပြီး ကွန်ဒိုဆောက်လုပ်မှုသည် စစ်အစိုးရပြဋ္ဌာန်းခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြောင်တင်းစွာပင် ချိုးဖောက်ခြင်းဖြစ်ကြောင်း၊ ယင်းဥပဒေချိုးဖောက်မှုကို အရေးယူနိုင်ရေး လွှတ်တော်မှ တဆင့် ဆက် လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧရာဝတီသို့ပြောသည်။

“အခု လွှတ်တော်ကနေတဆင့် မေးခွန်းမေးထားတယ်။ အများပိုင်မြေကွက်ကို ဘာလို့ သိမ်းသလဲဆိုတာ မေးထားတယ်။ အဲဒီအဖြေရတာနဲ့ ကျနော်လုပ်စရာရှိတာတွေ လွှတ်တော်ကို တင်ပြပြီး ဆက်လုပ်သွားမယ်။ ဒီဖြစ်စဉ်က နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ မှာပါတဲ့ နိုင်ငံရေးပါတီတွေ လိုက်နာရမယ့် ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်နေတာပဲ။ ပြည်သူတွေကလည်း အဲဒီမြေကွက် လေးလိုချင်လို့ ကျနော့်ကို လာအကူအညီတောင်းတယ်။ ဒီမိုကရေစီခေတ်မှာ  ပြည်သူ့ဆန္ဒမဲကို အခြေခံတဲ့ ရွေးကောက်ပွဲ စနစ်နဲ့သွားနေတာပဲ။ ပြည်သူငြိုငြင်ရင် ပြည်သူ့ဆန္ဒမဲရမှာမဟုတ်ဘူး” ဟု ဦးဖုန်းမြင့်အောင်က ရှင်းပြသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ အခန်း ၃၊ ပုဒ်မ ၁၂၊ ၅ (က) အရ နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်သောနည်းဖြင့် ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းအား ပါတီအဖြစ် ဆက်လက် ရပ်တည်ခွင့်မရှိကြောင်း ဖော်ပြထားသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ တောင်ဥက္ကလာမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်၊ တောင်ဥက္ကလာ မြို့နယ်ကြံ့ခိုင်ရေးပါတီ၏ တာဝန်ခံလည်းဖြစ်သူ ဦးအောင်သိန်းလင်းကမူ ၉ ရပ်ကွက်ရှိ ကြံ့ခိုင်ရေးပါတီ ရုံးမြေကွက်သည် ဂရန်ရှိ မြေကွက်ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီအနေဖြင့် ရန်နိုင် ဆောက်လုပ်ရေး ကုမ္ပဏီနှင့်ပူးပေါင်းပြီး အခန်းပေး၊ အခန်းယူစနစ်နှင့် ကွန်ဒိုအိမ်ရာစီမံကိန်းတည်ဆောက်ခြင်းဖြစ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၏ ခွင့်ပြုချက်ရရှိထားကြောင်း၊ ထို့ကြောင့် ကွန်ဒိုအိမ်ရာစီမံကိန်းကို ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ဖြေကြားပြီး ထိုမြေကွက်သည် ပြည်သူပိုင် ပန်းခြံမြေကွက်ဖြစ်ခဲ့သည်ဆိုသော မေးခွန်းကို မူ ဖြေဆိုခြင်းမပြုခဲ့ပေ။

“ဂရန်လည်းရှိပါတယ်။ ကြာလှပါပြီ။စည်ပင်သာယာကလည်း ခွင့်ပြုလို့ ခွင့်ပြုချက်ကျပြီးမှ ဆောက်တာပါ။ ကြံ့ခိုင်ရေး အဆောက်အဦးကို အခန်းပေးအခန်းယူ စနစ်နဲ့ဆောက်တာပါ။ ဂရန်မရှိရင် ခွင့်ပြုချက်ဘယ်ပေးမလဲ၊ ပါမစ်ဘယ်ပေးမလဲ” ဟု ဦးအောင်သိန်းလင်းက ဧရာဝတီသို့ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီတွင် ယခင်စစ်အစိုးရ၀န်ကြီးချုပ်ဟောင်းလည်းဖြစ်၊ ဗိုလ်ချုပ်ကြီးဟောင်း လည်းဖြစ်သူ လက်ရှိသမ္မတ ဦးသိန်းစိန်က ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်လျက်ရှိပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် လွှတ်တော်အမတ် နေရာအများစုအနိုင်ရရှိခဲ့သည်။
The Irrawaddy (Burmese Version)

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com