http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

မိုးသည်းသည်းက မိကျောင်းကန်ရဲ့ ငိုကြွေးသံ

ဖယ်ရှားခံခဲ့ရသူများ ပြည်သာယာလမ်း နံဘေးတွင် ယာယီမိုးကာ တဲများဖြင့် နေထိုင်နေရသည်ကို ဇွန် ၁၅ ရက်က တွေ့ရစဉ်
Sunday, 16 June 2013
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း (၁) နှင့် (၂) တပ်ပိုင်မြေပေါ်တွင် နေထိုင်သော အိမ်ခြေ ၂၀၀ ကျော်ခန့်ကို ဇွန် ၁၃ ရက် နံနက် အစောပိုင်းတွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်နှင့် တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့က အင်အားသုံး ဖျက်ဆီးမှု ပြုလုပ်ခဲ့သည်။

မိုးတွင်းကာလ မိုးသည်းသည်း အချိန်တွင် အင်အားရာဂဏန်းမျှ အသုံးပြုခဲ့ပြီး လူနေအိမ်ခြေများကို အတင်းအဓမ္မ ချင်းနင်းဝင်ရောက်ကာ အကြမ်းဖက် ဖျက်ဆီးမှုများကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယင်းကဲ့သို့ နံနက်အစောပိုင်း၊ အများပြည်သူ မထင်မှတ်သည့် အထိတ်တလန့် ဖြစ်စေနိုင်သော အချိန်မျိုးတွင် အင်အားသုံးကာ လူနေအိမ်ခြေများကို ဖြိုဖျက်မှုကြောင့် ရပ်ကွက်တစ်ခုလုံး ကမ္ဘာပျက်သကဲ့သို့ ဖြစ်စေခဲ့သည်။ ယင်းကဲ့သို့ နေအိမ်များ ဖြိုဖျက်ခံရမှုကြောင့် အိမ်ခြေ ၂၀၀ ကျော်မှ လူ ၇၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည်။ ၎င်းတို့၏ ဘ၀များမှာလည်း အချိန်ပိုင်းအတွင်း လမ်းဘေးသို့ ရောက်သွားခဲ့ကြရသည်။ လူမမယ်အရွယ် ကလေးငယ်များ၊ ကျောင်းသားအရွယ် ကလေးများ၊ သက်ကြီးရွယ်အိုများ အတိဒုက္ခ ရောက်သွားခဲ့ကြရသည်။ ယင်းကဲ့သို့ အကြမ်းဖက် ဖြိုဖျက်မှုကို လက်အုပ်ချီမိုးပြီး ၀ိုင်းဝန်းတောင်းပန် ခဲ့ကြသော်လည်း အဆိုပါ ရာနှင့်ချီသော လူအုပ်ကြီးမှာ ကျန်းမာရေးအတွက် ရေအိမ်ကိုပါ မချန်ဘဲ ဖြိုဖျက်ခဲ့ကြသည်။ အသိုက်အမြုံများ ပျက်စီးသွားသည်။ မြင်၍ မကောင်း။ ကလေးငယ်များ၏ ငိုသံများနှင့် သူတို့၏ ကျောင်းသုံးစာအုပ်များမှာ တစ်စစီ မြေပေါ်တွင် ပြန့်ကျဲနေတော့သည်။

လစာငွေပေးကာ နှစ်ပေါင်း ၃၀ ခန့် အဆိုပါ တပ်မြေတွင် နေထိုင်ခဲ့ကြသော ပြည်သူများ၏ ဘ၀များမှာ မိုးရာသီ မိုးရေစက်များကြားတွင် အခြေအနေမဲ့ ဖြစ်သွားသည်။ အနာဂတ်များ ဗလာနတ္ထိ ဖြစ်သွားခဲ့ကြရသည်။

လမ်းဘေးရောက်ဘ၀များ

ယင်းနေရာမှာ ၁၉၉၂ ခုနှစ်တွင် တပ်မတော် မိသားစု သက်သာချောင်ချိရေး အလို့ငှာ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းအတွက် လက်ရှိနေထိုင်သူများကို လစာဖြင့် မြေယာငှားရမ်း ခဲ့ခြင်းဖြစ်သည်။ မိကျောင်းကန် အပိုင်း (၁) နှင့် (၂) ရှိ ကာကွယ်ရေး ၀န်ကြီးဌာနပိုင် တပ်မြေတွင် ၎င်းတို့အနေဖြင့် စိုက်ခင်းများ၊ နွားမွေးမြူရေး လုပ်ငန်းများ စသဖြင့် စားဝတ်နေရေးအတွက် လုပ်ကိုင်လျက်ရှိ ၎င်းးတို့၏ လုပ်ငန်းများလည်း ရပ်ဆိုင်းသွားခဲ့ရသည်။ အိမ်ထောင်စု ၂၀၀ ကျော်မှ လက်တစ်ဆုပ်စာခန့်သာ ငွေကြေးတတ်နိုင်သဖြင့် အခြားနေရာများသို့ ပြောင်းရွှေ့ သွားခဲ့ကြသော်လည်း ကျန်လူအများစုမှာ ပြည်သာယာလမ်းမ ၀ဲ၊ ယာ တစ်ဖက်တစ်ချက်စီတွင် မိုးရေကာဖျင်ဖြင့် ယာယီတဲများထိုးကာ နေကြရသည်။ အခြားသို့ ပြောင်းရွှေ့ရန် မတတ်နိုင်ကြသဖြင့် လမ်းဘေးတွင်ပင် ဖြစ်သလို နေကြရသည်။ မိုးဒဏ်ကို ကာကွယ်ဖို့ စုပေါင်းကောက်ယူ၍ ရသည့်ငွေဖြင့် မိုးရေကာဖျင်များ ၀ယ်ကာ မိုးလုံအောင် ဖန်တီးနေထိုင် ကြရသော်လည်း အကာအကွယ်မရှိ၊ လူမြင်ကွင်းတွင် မိသားစုများ အစုလိုက် ပြွတ်သိပ်နေထိုင် ကြရသည်။ ထိုအထဲတွင် သက်ကြီးရွယ်အိုများမှာ မိုးရာသီ၏ စိုစွတ်မှုကြောင့် အချိန် ကြာလာသည်နှင့်အမျှ ကျန်းမာရေးအတွက် စိုးရိမ်စရာ ဖြစ်ခဲ့ရသည်။ မိုးရေထဲတွင် ထမင်းစားကြရသည်။ နေအိမ်ဖျက်ဆီး ခံရမှုကြောင့် ကလေးငယ်များ၏ ကျောင်းစာအုပ်များလည်း ပျက်စီးကုန်သည်။ ကျောင်းသား ကလေးငယ်များမှာလည်း ကျောင်းဖွင့်စ အချိန်ဖြစ်၍ ဒုက္ခရောက်ကြရသည်။ ကျောင်းတက်ဖို့ အတွက်ပင် အခက်အခဲ ဖြစ်နေကြရသည်။ မီးမရှိ၊ ရေမရှိ ကျန်းမာရေးအတွက် ရေအိမ်သွားဖို့ပင် အဆင်မပြေ။ အချို့ဆိုလျှင် တစ်နေ့တာ စားသောက်ဖို့ အတွက်ပါ အကျပ်အတည်း ဖြစ်သွားခဲ့ရသည်။ အချိန်ကြာလာသည်နှင့်အမျှ နောက်ဆက်တွဲ ဆိုးကျိုးများကလည်း ရှိလာနိုင်သည်။ နှစ်ပေါင်း ၂၀ ကျော် အခြေကျနေသော စားဝတ်နေရေးအတွက် တည်ငြိမ်မှု ရှိနေပြီးသား အလုပ်အကိုင်များလည်း ဆုံးရှုံးသွားခဲ့ရခြင်း ဖြစ်ပါသည်။
အိမ်ခြေများ ဖြိုဖျက်ခံရပြီးနောက် ပြည်သာယာ လမ်းဘေးတစ်လျှောက် ယာယီတဲများထိုးကာ နေထိုင်နေကြသည်ကို ဇွန် ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
''ကျွန်တော်ဒီမှာနေတာ ၁၃ နှစ် ရှိပါပြီ။ အဓိကတော့ စိုက်ပျိုးရေးပဲ လုပ်ပါတယ်။ မိသားစုရှစ်ယောက် ရှိပါတယ်။ ညီအငယ်ဆုံးက ဆယ်တန်း တက်နေတာပါ။ အခုဟာက ၀ုန်းဒိုင်းနဲ့ လာဖျက်သွားတာဖြစ်တယ်။ ဒီလိုလုပ်တာက တရားမျတမှု မရှိဘူး။ တာဝန်ရှိတဲ့ သူတွေက ပြောတယ်။ မင်းတို့ကို ခွေးမောင်းသလို မောင်းမထုတ်ဘူးလို့ ပြောတယ်။ အခုတော့ ခွေးမောင်းသလို မောင်းထုတ်တာထက်တောင် ဆိုးသေးတယ်။ အိမ်သာတောင် မချန်ဘူး။ အကုန်ဖျက်သွားတယ်။ အခုအခက်အခဲကတော့ နေထိုင်စရာ အခက် ဖြစ်တယ်။ စားရေး၊ သောက်ရေးလည်း အခက်အခဲဖြစ်တယ်။ ကျောင်းသားတွေတော့ ကျောင်းတက်တာ ခဏ နားထားရတယ်'' ဟု မိကျောင်းကန် အပိုင်း(၁)တွင် နေထိုင်ခဲ့သူ ကိုစိုးမင်းခိုင်က ပြောပြခဲ့သည်။

အင်အားသုံး ဖြိုခွဲခြင်း

သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် အပိုင်း(၁)နှင့်(၂) တပ်မြေပေါ်တွင် နေထိုင်သူများအား ယင်းကဲ့သို့ အင်အားသုံး ဖြိုဖျက်ခြင်း၊ စီးနင်းဝင်ရောက်မှုများ ပြုလုပ်ခဲ့ခြင်းအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ပြည်သူများကလည်း ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ပြုလုပ်ခဲ့သည်။ မိုးတွင်းကာလ ဖြစ်သည့်အပြင် နံနက်အစောပိုင်းတွင် ယင်းကဲ့သို့ အတင်းအဓမ္မ ဖြေရှင်းမှု ပြုလုပ်ခြင်းမှာ အစိုးရအနေဖြင့် မျက်နှာပျက်စရာဖြစ်ပြီး ဒီမိုကရေစီ အပြောင်းအလဲ ကာလတွင် စိတ်ပျက်စရာ လုပ်ရပ်တစ်ခုအဖြစ် ရှုမြင်သုံးသပ်မှုများ ရှိနေပါသည်။ ယင်းကဲ့သို့ အကြမ်းဖက် နှိမ်နင်းမှုများ၊ အဓမ္မဖျက်ဆီးမှုများ၊ လူအင်အားသုံး ဖြေရှင်းမှုများ ရှိနေခြင်းကြောင့် အုပ်ချုပ်ရေး မဏ္ဍိုင်အပေါ် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသည်။

အကြမ်းဖက်ဖြိုဖျက်မှုကို လက်အုပ်ချီမိုးပြီး ၀ိုင်းဝန်းတောင်းပန် ခဲ့ကြသော်လည်း အဆိုပါ ရာနှင့်ချီသော လူအုပ်ကြီးမှာ ကျန်းမာရေးအတွက် ရေအိမ်ကိုပါ မချန်ဘဲ ဖြိုဖျက်ခဲ့ကြသည်။ အသိုက်အမြုံများ ပျက်စီးသွားသည်။ မြင်၍ မကောင်း။ ကလေးငယ်များ၏ ငိုသံများနှင့် သူတို့၏ ကျောင်းသုံးစာအုပ်များမှာ တစ်စစီ မြေပေါ်တွင်ပြန့်ကျဲ...

လက်ပံတောင်းတောင် စီမံကိန်းနှင့် ပတ်သက်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ဒေသခံများနှင့် သံဃာတော်များကိုလည်း တန်ဆောင်မုန်းလပြည့်နေ့ နံနက်စောပိုင်းတွင် မီးလောင်ဗုံးများဖြင့် ပစ်ခတ်ကာ နှိမ်နင်းခဲ့သည်။ သပိတ်စခန်းများကို မီးလောင်ဗုံးများဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့မှုကြောင့် သံဃာတော်အပါး ၉၀ ကျော်နှင့် လူကိုးဦး မီးလောင်ဒဏ်ရာများ ရရှိခဲ့သည်။ ယင်းကဲ့သို့ အကြမ်းဖက် နှိမ်နင်းမှုကြောင့် အစိုးရအနေနှင့် အပြင်းအထန် ဝေဖန်မှု ခံခဲ့ရသည်။ ထိုဖြစ်စဉ်သည်လည်း နိုင်ငံတကာသို့ ရောက်သွားခဲ့ပြီး နိုင်ငံ၏ အုပ်ချုပ်ရေး အပိုင်းတွင် မျက်နှာပျက်စရာ ဖြစ်ခဲ့ရသည်။ လက်ပံတောင်းတောင် သပိတ်စခန်း ဖြိုခွဲမှုတွင် တာဝန်ရှိသည့် အဓိက တရားခံကို အစိုးရအနေဖြင့် ယခုအချိန်အထိ ဖော်ထုတ်နိုင်ခြင်း မရှိသော်လည်း ဒေသခံများအား ဥပဒေကြောင်းအရ ကူညီနေသူများမှာမူ ဖမ်းဝရမ်း ထုတ်ခံရမှုများနှင့် ထောင်ဒဏ် အကျခံရမှုများလည်း ရှိနေခဲ့သည်။

ထိုကဲ့သို့ အစိုးရ အာဏာပိုင် အဖွဲ့အစည်းများ၏ အကြမ်းဖက် နှိမ်နင်းမှုများအပေါ် ပြည်သူများက အမြင်မကြည် ဖြစ်နေချိန်တွင် ယခုကိစ္စ၌ ကျူးကျော်နေထိုင်သူများ မဟုတ်ဘဲ တပ်မြေငှားရမ်း နေထိုင်သူများကို အင်အားသုံး ဖျက်ဆီးဖြိုဖျက်မှုမျိုး ပြုလုပ်လိုက်ခြင်းမှာ အစိုးရအပေါ် ပြည်သူများအနေဖြင့် အကြည်ညိုပျက်စရာ ဖြစ်ခဲ့ရသည်။

ယင်းကဲ့သို့ မိကျောင်းကန် အပိုင်း(၁)နှင့်(၂) အတွင်းရှိ လူနေအိမ်ခြေများကို အကြမ်းဖက် ဖျက်ဆီးရာတွင် စစ်တပ်၊ တပ်မြို့တော် စည်ပင်သာယာရေး အဖွဲ့အပြင် အရပ်ဝတ်နှင့် အလုပ်သမားများလည်း ပါဝင်ကြောင်း မိကျောင်းကန် အပိုင်းတွင် နေထိုင်သူများ၏ ပြောကြားချက်အရ သိရသည်။ အချို့မှာ ယင်းကဲ့သို့ အိမ်များကို လူအင်အားသုံး ဖျက်ဆီးရန် လာရောက်ခြင်း မဟုတ်ဘဲ သန့်ရှင်းရေးလုပ်ငန်းနှင့် အခြားလုပ်ငန်းများ အတွက် နေ့စားလုပ်ခပေး၍ ခေါ်ဆောင်ခြင်း ခံရသူများဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
လမ်းဘေးတွင် စုပေါင်းစားသောက်နေရမှုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
နေအိမ်ဖြိုဖျက် ခံခဲ့ရသူ တစ်ဦးက ''ကျွန်တော်တို့ကို အဲဒီနေ့က လာဖျက်တော့ အရပ်ဝတ်တွေနဲ့ သာမန်လူတွေလည်း ပါလာတာ တွေ့ရတယ်။ တချို့ဆို ကျွန်တော်တို့ကို ပြောတယ်။ သူတို့ကို ဒီလိုလုပ်ဖို့ ခေါ်လာတာ မဟုတ်ဘူး။သန့်ရှင်းရေးတို့ အခြားအလုပ်တွေအတွက် ခိုင်းဖို့ခေါ်လာတာပါ။ ဒီကျမှ ဒီလိုလုပ်ရမယ်ဆိုတာ သိတော့ သူတို့စိတ်မကောင်းဘူးလို့ ပြောပါတယ်။ ကျွန်တော်တို့ကို ကိုယ်ချင်းစာပါတယ်။ ဒီလို မလုပ်ချင်ပါဘူးလို့ ပြောတယ်'' ဟု ပြန်လည် ရှင်းပြခဲ့သည်။

မိကျောင်းကန်တွင် နေထိုင်ကြသူများ အနေဖြင့် ကျူးကျော် နေထိုင်ခြင်း မဟုတ်ဘဲ တရားဝင် လစာပေး၍ နေထိုင်ခဲ့ကြခြင်းဖြစ်ရာ ယင်းကဲ့သို့ ပြုလုပ်ခံရခြင်းအတွက် စိတ်မကောင်း ဖြစ်မိကြောင်းလည်း ပြောဆိုခဲ့ကြသည်။

အဆိုပါကိစ္စအား အချိန်ယူကာ ညှိနှိုင်းမှုမျိုး မရှိဘဲ မထင်မှတ်သည့် အချိန်တွင် အင်အားအလွန်အကျွံသုံးကာ အာဏာပိုင်များက ဆောင်ရွက်မှုများ ရှိနေခြင်းအပေါ် လွှတ်တော် ကိုယ်စားလှယ်များကလည်း ဝေဖန်ခဲ့ကြသည်။

သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''သင်္ဃန်းကျွန်းမြို့နယ် မိချောင်းကန်မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်တွေကို အင်အားအလွန်အကျွံသုံးပြီး ဖျက်ဆီးတဲ့ကိစ္စကို လွှတ်တော်မှာ တင်ပြသွားဖို့ ရှိပါတယ်။ သင်္ဃန်းကျွန်း အိမ်နီးချင်း ရပ်ကွက်တွေဆီမှာ အလှူခံပြီး လှူဒါန်းတာတွေ လုပ်ခဲ့ပါတယ်'' ဟု ပြောကြားခဲ့သည်။

ကိုယ်ချင်းစာတရားနှင့် ဆင်ခြင်တုံ တရား

ယင်းကဲ့သို့ မိကျောင်းကန်အပိုင်းရှိ အိမ်ခြေ ၂၀၀ ကျော် ဖျက်ဆီးခံရမှုတွင် တာဝန်ရှိသူများ အနေဖြင့် ဥပဒေရှုထောင့်နှင့် လုပ်ပိုင်ခွင့် အခွင့်အာဏာတို့ဖြင့်သာ ဆောင်ရွက်ရန် မသင့်ကြောင်းနှင့် ရာနှင့်ချီသည့် အိမ်ထောင်စုများ၏ ဘ၀များ အတွက်ပါ စဉ်းစားသင့်ကြောင်း နယ်ပယ်အသီးသီးမှ ဝေဖန်ထောက်ပြမှုများ ရှိနေပါသည်။ လက်ရှိကာလမှာ မိုးရာသီဖြစ်နေခြင်း၊ ကျောင်းနေအရွယ်ကလေး ရာနှင့်ချီ ရှိနေခြင်း၊ ဆယ်စုနှစ် နှစ်ခုကျော်အကြာ အခြေတကျ နေထိုင်ပြီး စားဝတ်နေရေးအတွက် တည်ငြိမ်မှုရနေခြင်း စသည်တို့အပေါ် စဉ်းစားချင့်ချိန် ထောက်ရှုသင့်ကြောင်းလည်း သုံးသပ်ကြသည်။ ဒဂုံမြို့သစ်ဘက်တွင် မြေကွက်များ အစားပြန်ပေးမည် ဆိုသော်လည်း လက်တွေ့တွင် တာဝန်ရှိ အဖွဲ့အစည်းမှ တိကျခိုင်မာသည့် အဖြေမျိုး မပေးနိုင်သေးချေ။

သို့သော်လည်း လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ထိုကိစ္စနှင့် ပတ်သက်ပြီး သမ္မတထံ မေတ္တာရပ်ခံ ထားကြောင်းနှင့် လုပ်ပိုင်ခွင့်ရှိသည့်အပိုင်းမှ ကူညီပေးသွားမည် ဖြစ်ကြောင်းကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ''ဇွန် ၁၄ ရက်မှာ ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌ ဦးတင်ထွဋ်နဲ့ ကျွန်တော်တို့ သွားရောက်ကြည့်ရှု ဖြစ်ပါတယ်။
ယာယီတဲထိုး၍ နေထိုင်ရမှုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
အဲဒီအခါမှာ ပြည်သူတွေ ဒုက္ခရောက်တာကို မျက်ကွယ် မပြုနိုင်လို့ ပြည်ထောင်စု အစိုးရအဖွဲ့၊ သမ္မတရုံး ၀န်ကြီးဌာနကို ဖုန်းဆက်ပြီး မေတ္တာရပ်ခံပါတယ်။ ပြီးတော့ ဒီလို ပြည်သူတွေ ဒုက္ခရောက်နေတာကို ကျွန်တော်တို့အတူ လာရောက်ကြည့်ရှုကြတဲ့ အာဏာရပါတီက တာဝန်ရှိသူတွေလည်း ဘာမှမကူညီ နိုင်ခဲ့ပါဘူး။ ဒီတော့ ကျွန်တော်တို့ လွှတ်တော် လယ်ယာမြေ ကော်မရှင်အနေနဲ့လည်း လုပ်ပိုင်ခွင့်ရှိတဲ့ အထဲကပဲ ဆက်လက်ကူညီ ပေးသွားဖို့ ရှိပါတယ်''ဟု ပြောကြားခဲ့သည်။

ယခင်က အဆိုပါ မြေကွက်များအား အငှားချထားသည့် ပုံစံဖြင့် တပ်မြေကို အသုံးပြုခွင့် ပေးထားသော်လည်း ယခုအချိန်တွင် အကျိုးအမြတ် ရရှိရေးအတွက် ယင်းကဲ့သို့ ပြန်လည်သိမ်းယူမှု ပြုလုပ်ရာ၌ ပြေပြေလည်လည် ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်သင့်ကြောင်း၊ ပြည်သူများ၏ဘ၀များကို ငဲ့ကွက်ခြင်း မရှိဘဲ နှင်ထုတ်သည့် ပုံစံမျိုး မပြုလုပ်သင့်ကြောင်း ဝေဖန်ထောက်ပြမှုများ ထွက်ပေါ်ခဲ့သည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဦးအေးသာအောင်က ''ဒီမှာ တကယ်မြေတွေကို ပြန်လိုချင်တယ် ဆိုရင်တောင် ဒီလူတွေနဲ့ ပြေပြေလည်လည် ညှိနှိုင်းဖို့ လိုမယ်။ အခုလို အကြမ်းဖက်တဲ့နည်းနဲ့ ဖယ်ရှားတာကတော့ ဒီနေ့ဒီအချိန်မှာ မဖြစ်သင့်တော့ဘူးလို့ မြင်ပါတယ်။ နောက်တစ်ခုက အခုက မိုးတွင်းလေ။ မိုးတွင်းမှာ အိမ်ခြေ ၂၀၀ ကျော်က မိသားစုတွေရဲ့ နေရေးထိုင်ရေး၊ အဲဒီထဲမှာ ကလေးတွေပါမယ်။ သက်ကြီးရွယ်အိုတွေပါမယ်။ သူတို့ရဲ့ နေရေးထိုင်ရေးကို အဓိကထား စဉ်းစားပြီးမှ ဒီပြဿနာကို ကိုင်တွယ်ဖြေရှင်း သင့်တယ်လို့ထင်တယ်။ အခုလို အကြမ်းဖက်တဲ့နည်းနဲ့ အင်အားသုံး ဖြိုဖျက်တာမျိုးတော့ မလုပ်သင့်ဘူး။ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ အချင်းချင်း ဖြစ်တယ်။ မြန်မာနိုင်ငံကလည်း ဆင်းရဲတဲ့သူတွေ များတယ်။ ပြီးတော့ ဒီလူတွေကို တစ်မိုးလောက် အချိန်ပေးပြီး ကိုင်တွယ် ဖြေရှင်းသင့်တယ်။ ဖြေရှင်းတဲ့ အခါမှာလည်း နေရာပေးတာမျိုး လုပ်သင့်ပါတယ်။ ကျွန်တော်တို့က ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ဆိုတာ ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လူမှုဘ၀ကို ထူထောင်ဖို့အတွက် ကြိုးပမ်းကြတာပဲလေ။ အရင် စစ်အစိုးရ လက်ထက်လိုမျိုး အမိန့်နဲ့၊ အာဏာနဲ့ အင်အားသုံး ဖြေရှင်းတဲ့ နည်းလမ်းမျိုးတော့ မလုပ်သင့်ဘူးလို့ မြင်ပါတယ်။ ဘယ်ဌာနပဲ ဖြစ်ဖြစ်၊ စစ်တပ်ကပဲ ဖြစ်ဖြစ် ပြည်သူတွေရဲ့ နေရေးထိုင်ရေး ဘ၀ကို စဉ်းစားပြီးမှ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

ဒီမိုကရေစီအစိုးရလား

မျက်မှောက် အခြေအနေတွင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု အရှိန်ရလာပြီ ဆိုသော်လည်း ယင်းကဲ့သို့ မြေယာပြဿနာများ၊ စီမံကိန်းလုပ်ငန်းနှင့် ဆိုင်သည့် ပြဿနာများတွင် အစိုးရ တာဝန်ရှိသူများနှင့် အာဏာပိုင် အဖွဲ့အစည်းများ၏ ကိုင်တွယ်ဖြေရှင်းပုံမှာ ဒီမိုကရေစီစံနှုန်းနှင့် နှိုင်းစာလျှင် စိတ်ပျက်စရာ အခြေအနေမျိုးတွင် ဖြစ်နေကြောင်း နိုင်ငံရေး ကျွမ်းကျင်သူများကလည်း သုံးသပ်ကြသည်။ ယခင်စစ်အစိုးရ လက်ထက်ကလည်း ထိုကဲ့သို့ အိမ်ယာများကို အတင်းအဓမ္မ ဖိအားပေး ဖြိုဖျက်မှုများ ပြုလုပ်ခဲ့သည့် သာဓကများမှာလည်း ယနေ့တိုင် ပြည်သူများကြားတွင် မှတ်မှတ်ထင်ထင် ရှိနေဆဲဖြစ်သည်။ ထို့ပြင် ၎င်းမြေနေရာသည် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) ပိုင်ဆိုင်သည့် မြေနေရာဖြစ်ပြီး မြေ ၃၃ ဒသမ ၈၅၅ ဧက ကျယ်ဝန်းသည်ဖြစ်ရာ ယင်းနေရာတွင် မည်ကဲ့သို့ စီမံကိန်းကြီးများ အကောင်အထည်ဖော်မည်၊ မည်သည့်စီးပွားရေး လုပ်ငန်းစုကြီးများက ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မည် ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်သည်။ မိကျောင်းကန် အပိုင်းရှိ ရပ်ကွက်အတွင်းမှ နေအိမ် ၂၀၀ ကျော်အား ဖယ်ရှားခဲ့မှုနှင့် ပတ်သက်ပြီး ဇွန် ၁၄ ရက် ညနေပိုင်းတွင် ပြုလုပ်သည့် ရှင်းလင်းပွဲတွင် ''ဒီဟာကို နိုင်ငံတော် ပရောဂျက် တစ်ခုခု သို့တည်းမဟုတ် ကုမ္ပဏီကို ငှားမှာလား။ ဒီပရောဂျက်ဆိုတာ နိုင်ငံတော်အဆင့် ဖြစ်တဲ့အတွက် ကျွန်တော်တို့က တပ်မြို့စည်ပင်သာယာရေး အဖွဲ့တွေက မြေယာထိန်းသိမ်းတဲ့ အဖွဲ့အစည်းသာ ဖြစ်ပါတယ်'' ဟု တပ်မြို့ စည်ပင်သာယာရေးအဖွဲ့ ကြီးကြပ်ရေးမှူး ဦးမိုးမင်းဝင်းက မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။ ထို့ပြင် အဖယ်ရှားခံရသည့် နေအိမ်များကို မည်သည့်နေရာတွင် ပြန်လည်နေရာ ချထားပေးမည် ဆိုသည်ကို တာဝန်ရှိသူများက ဖြေကြားနိုင်ခြင်း မရှိသလို ယခု ပြဿနာနှင့် ပတ်သက်ပြီး မည်သို့ ရှေ့ဆက်ဆောင်ရွက်မည်ကိုလည်း ပွင့်လင်းမြင်သာမှုရှိစွာ ရှင်းလင်းပြောကြားနိုင်ခြင်း မရှိခဲ့ချေ။
သမ္မတ ဦးသိန်းစိန် လူထုနှင့် တွေ့ဆုံရန် ရန်ကုန်မြို့သို့ လာရောက်စဉ် မိကျောင်းကန်အပိုင်းတွင် နေထိုင်သူများမှ ကြိုဆိုခဲ့ကြစဉ်
ယင်းသို့သော အခြေအနေများ ရှိနေသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ နိုင်ငံတကာတွင် သိက္ခာကျစရာ အနေအထားမျိုး ဖြစ်နေပြီး အစိုးရ၏ မူဝါဒများနှင့် ပြည်သူအပေါ် ထားရှိသည့် သဘောထားနှင့် ပြဿနာရပ်များ၊ အငြင်းပွားဖွယ်ရာများတွင် ကိုင်တွယ်ဖြေရှင်းရာ၌ သိမ်မွေ့ငြင်သာရန် လိုအပ်ကြောင်း ထောက်ပြမှုများ ရှိခဲ့ပါသည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ကိုဂျင်မီကလည်း ''နောက်ဆုံးတော့ ဒီလူတွေ ဘယ်မှာသွားနေကြမလဲ။ လမ်းဘေးမှာ သွားနေကြမလား။ နောက် ဆင်းရဲမွဲတေမှု လျော့ချရေးဆိုတဲ့ နိုင်ငံတော် သမ္မတကြီးရဲ့ မူဝါဒနဲ့ကော ကိုက်ညီရဲ့လား။ ဒါမျိုးတွေ စဉ်းစားဖို့ လိုတယ်လို့ မြင်တယ်။ မိုးရေတွေထဲမှာ ဘယ်လောက်နေရမှာလဲ။ အခုတော့ မြင်ကွင်းက ဒုက္ခသည်စခန်းလို မြင်ကွင်းမျိုး ဖြစ်သွားပြီ။ အဲဒါတွေက သတင်းတွေထဲမှာ ပါလာရင်ကြာတော့ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးပဲ ထိခိုက်တာပဲလေ။ နောက်နောင်လည်း ဒီလိုပြဿနာတွေလည်း ဖြစ်လာနိုင်တဲ့အတွက် အဲလိုမျိုး မဖြစ်အောင်လို့ အသိမ်မွေ့ဆုံး၊ အငြင်သာဆုံးနဲ့ ပုံရိပ်ကောင်းမယ့် ပုံစံတစ်ခု၊ နောက်ချ မှတ်ထားတဲ့ မူဝါဒတွေနဲ့ ကိုက်ညီမယ့် ပုံစံတစ်ခုပေါ့။ အဲလိုမျိုး လုပ်တာဟာ ပိုပြီးတော့ သင့်တော်မယ်လို့ ထင်ပါတယ်'' ဟု ပြောကြားခဲ့သည်။

''မိုးတွင်းကြီးမှာ သူများ အသိုက်အမြုံကို ဖျက်ရတာ၊ သက်ကြီးရွယ်အိုတွေ၊ ကျောင်းနေရွယ် ကလေးတွေ အခက်တွေ့ရတာတွေ အကုသိုလ်များပါတယ်။ ဒီမြေကို ၀ယ်ယူတဲ့၊ ဆောက်လုပ်မယ့်သူ အနေနဲ့လည်း မကောင်းဘူး ဖြစ်တာပေါ့'' ဟု လူမှုရေး လုပ်ငန်းများ လုပ်ဆောင်နေသူ တစ်ဦးက ပြောပါသည်။

မိကျောင်းကန်အပိုင်း (၁) (၂) တွင် နေထိုင်သူ ပြည်သူများ အနေဖြင့် ရန်ကုန်လူထုနှင့် တွေ့ဆုံရန် သမ္မတဦးသိန်းစိန် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်းသို့ လာရောက်စဉ် ကြိုဆိုခဲ့ကြပြီး အဓမ္မ မြေသိမ်းခံရမှုနှင့် ပတ်သက်ပြီး ဆန္ဒထုတ်ဖော် ခဲ့ကြသည်။

''မိကျောင်းကန်ကိစ္စ မြင်ရတွေ့ရတာ တော်တော် စိတ်မကောင်းစရာပါ။ ဒီကိစ္စကို တာဝန်ယူ ဖြေရှင်းသူတွေရဲ့ လုပ်ရပ်ကလည်း စိတ်ပျက်စရာပါပဲ။ မိုးရွာကြီးထဲမှာ အိမ်တွေကို အတင်းဝင်ဖျက်ပြီး ဖယ်ခိုင်းတာ တော်တော်ဆိုးတယ်။ ပြဿနာရပ်တွေကို ကိုင်တွယ်ဖြေရှင်းတဲ့ နေရာမှာ အခုလိုမျိုး လုပ်တာကတော့ မဖြစ်သင့်ပါဘူး။ မဖြစ်မနေ ဖယ်ခိုင်းရတော့မယ် ဆိုရင်လည်း ညင်သာမယ့် နည်းလမ်းနဲ့ အေးအေးဆေးဆေး လုပ်သင့်ပါတယ်။ အခုတော့ သမ္မတကြီး သုဝဏကွင်းမှာ မိန့်ခွန်းလာပြောတုန်းက ကြိုဆိုဆန္ဒပြခဲ့ကြတဲ့ မိကျောင်းကန်က လူတွေအပေါ် အငြိုးတစ်ခုနဲ့ လုပ်သလို ဖြစ်နေတယ်။ ဒီလိုသာဆိုရင် လူတွေရဲ့ ရင်ထဲမှာ အစိုးရအပေါ် မယုံကြည်မှုတွေ ပိုများလာလိမ့်မယ်။ သမ္မတကစလို့ ထိပ်ပိုင်း တာဝန်ရှိသူတွေက အပြောင်းအလဲတွေ လုပ်ဆောင်နေချိန်မှာ အောက်ခြေက လူတချို့ကတော့ အခုထိ အရင်ပုံစံအတိုင်း အာဏာတွေ လုပ်ပိုင်ခွင့်တွေနဲ့ စဉ်းစားချင့်ချိန်မှု မရှိဘဲ လုပ်နေကြတုန်းဆိုတာ ဒီဖြစ်စဉ်က သက်သေပြနေတယ်။ ပြဿနာရပ်တွေကို ဖြေရှင်းတဲ့အခါမှာ ငြင်သာတဲ့ နည်းလမ်းတွေနဲ့ မဖြေရှင်းရင် ဘယ်လောက်ဆုံးရှုံး ရသလဲ။ ဘယ်လောက် သိက္ခာကျစရာ ဖြစ်ရလဲဆိုတာ လက်ပံတောင်းမှာ မီးလောင်ဗုံး သုံးခဲ့တာက နမူနာယူဖို့ အကောင်းဆုံး ဥပမာပဲ'' ဟု Weekly Eleven ဂျာနယ် အယ်ဒီတာချုပ် ကိုဝေဖြိုးက ပြောပါသည်။
Eleven Media Group

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com