အင်္ဂလန် ဘောလုံးလောကတွင် တော့တင်ဟမ် ဟော့စပါး၏
အဆင့်သည် အာဆင်နယ် ထက် ကျော်တက်သွားပြီဟု စပါးအသင်း ကစားသမား ဂါရတ်သ်ဘေးလ်က
သုံးသပ် ပြောဆိုလိုက်သည်။ လတ်တလောတွင် လန်ဒန်၏ ခါးသီးပြိုင်ဘက်
နှစ်သင်းတွင် စပါးသည် အမှတ်ပေးဇယား ရပ်တည်မှု ပိုမို မြင့်မားနေပြီး ဥရောပ
ပြိုင်ပွဲ အဆင့်တွင်လည်း ရလဒ် ကောင်းနေသည်။ စပါးသည် ယူရိုပါလိဂ်တွင်
(၁၆)သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့ပြီ ဖြစ်ပြီး အာဆင်နယ်မှာမူ
ချန်ပီယံလိဂ်တွင် အိမ်ကွင်း၌ ဘိုင်ယန်မြူးနစ်အား (၃-၁)ဖြင့်
အရေးနိမ့်ထားသည့်နောက် ကွာတားဖိုင်နယ် အဆင့်ကို မျှော်လင့်ခွင့်
အလွန်နည်းနေပြီ ဖြစ်သည်။
ယခုရာသီ စပါးအတွက် (၁၇)ဂိုး သွင်းယူပေးထားသည့် ဝေလလက်ရွေးစင်
တောင်ပံတိုက်စစ်သ မား ဘေးလ်က အစဉ်အလာအားဖြင့် အသာစီး ရခဲ့သော အာဆင်နယ်သည်
လက်ရှိတွင်မူ စပါးနောက် ရောက်နေပြီဟု The Sunသို့ မှတ်ချက်ပြု
ပြောကြားသွားသည်။ ဘေးလ်က "လွန်ခဲ့တဲ့ (၅)နှစ်၊ ဒါမှမဟုတ် (၁၀)နှစ်လောက်က
အာဆင်နယ်ဟာ စပါးရဲ့အထက် တော်တော် မြင့်တဲ့ နေရာမှာ အမြဲလိုလို ရပ်တည်ခဲ့တာ
အမှန်ပါပဲ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ အပြောင်းအလဲတွေ
တော်တော်များများ ဖြစ် လာတယ်။ မကြာသေးခင် ဘောလုံးရာသီတွေမှာ ကျွန်တော်တို့ဟာ
နှစ်သင်းကြား ကွာဟမှုကို လျှော့ချလာနိုင်ခဲ့ပါတယ်။ ခုဆိုရင် ကျွန်တော်တို့က
သူတို့ကို ကွင်းတွင်း စွမ်းဆောင်ရည် အပိုင်းမှာ ကျော်တက်သွားပါပြီ။
စပါးရဲ့ လူစာရင်းဟာ အာဆင်နယ်ထက် ပိုတောင့်တင်းသွားပြီလို့ ကျွန်တော်
ထင်တယ်"ဟုလည်း ပြောဆိုခဲ့သည်။
၎င်းက "ကွင်းပြင် ရေးရာတွေမှာလည်း ကလပ်အသင်းအနေနဲ့ အာဆင်နယ်ကို
အသာရလာပါစေလို့ ကျွန်တော် မျှော်လင့်တယ်။ ကွင်းသစ်ကြီး ဆောက်လုပ်နိုင်ဖို့
ဆိုတာမျိုးတွေပေါ့။ ကွင်းတွင်း စွမ်းဆောင်ရည် အရတော့ စပါးဟာ အများကြီး
ပိုပြီး တည်ငြိမ်ရင့်ကျက်လာပါပြီ။ တကယ်တော့ ကျွန်တော်တို့ အသင်းဟာ
လမ်းကြောင်းမှန်အတိုင်း ချီတက်နေတာ ဖြစ်ပါတယ်။ အာဆင်နယ်ဘက်ကတော့ သူတို့ဟာ
စပါးရဲ့ အထက်မှာ ရှိနေဆဲလို့ ပြောချင် ပြောပါလိမ့်မယ်။ ဒါပေမဲ့ လူအများရဲ့
အမြင်မှာတော့ စပါးဟာ အာဆင်နယ်ကို တန်းတူယှဉ်ပြိုင်လာပြီလို့ ပြောရင်
ဘယ်သူမှ ငြင်းရဲကြမယ် မထင်ပါဘူး"ဟုလည်း မှတ်ချက်ပြုသွားခဲ့သည်။
Source: SkySports
Planet Myanmar Network