ကျုံးထဲတွင် အမျိုးသားအလောင်းတွေ့
မန္တလေး၊ ဇူလိုင် ၁၈
မန္တလေးကျုံးလမ်း ၂၆လမ်း၊ ၇၀x၇၁ လမ်းကြား ပလက်ဖောင်းအနီးတွင် ဆိုင်ကယ်တစ်စီး အချိန်ကြာမြင့်စွာ ရပ်တန့်ထားသဖြင့် လှည့်ကင်းတာဝန်ကျ သူများက ဇူလိုင်လ၁၈ရက်နေ့ နံနက်၁၀နာရီခန့်တွင် ကျုံးအတွင်းသို့ ရှာဖွေခဲ့ရာ အမျိုးသားတစ်ဦးအလောင်း ဆယ်ယူရရှိခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ယင်းအချိန်ကြာမြင့်စွာ ရပ်ထားသည့် ဆိုင်ကယ်အနီးတွင် မောင်ဂိုးပိုင်လွှမ်း အမည်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း တစ်ခု၊ မိတ္တူနှစ်ရွက်၊ ဂိုးပိုင်လွှမ်း အမည်ပါ ယာဉ်မောင်းလိုင်စင် တစ်ခု၊ ဓာတ်ပုံတစ်ပုံ၊ 2GBMemory ကတ် တစ်ကတ်၊ အနက်ရောင်ကိုင်းတပ် လေးဒေါင့်မျက်မှန် တစ်လက်၊ ဖိနပ်တစ်ရံတို့ကို ရှာဖွေသိမ်း ဆည်းခဲ့ပြီး ပိုင်ရှင်ကို ပတ်ဝန်းကျင်တွင် လိုက်လံစုံစမ်းခဲ့သော်လည်း စုံစမ်းမရသဖြင့် ကျုံးအတွင်း ဆက်လက်ရှာဖွေခဲ့ရာ ယင်းအမျိုးသားအလောင်းကို ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံးမှ ထပ်မံသိရသည်။
အဆိုပါ အလောင်းကို အောင်မြေသာစံမြို့နယ်ရှိ ကလျာဏမိတ္တ လူမှုကူညီရေးအသင်းက ပူးပေါင်းပါဝင် ရှာဖွေပေးခဲ့ပြီး မန္တလေးကျုံးရေပြင်အတွင်း ယခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ အထိ ရေနစ်သေဆုံးသူ လေးဦးခန့် ရှိပြီဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
The Voice Weekly