http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ခြေတစ်လှမ်းတိုးလာသော ဓားနှစ်လက် ငြိမ်းချမ်းရေး

အနီနှင့်အစိမ်းရောင် အလယ်တွင် ဓားနှစ်လက် ကန့်လန့်ဖြတ်ထားသော အလံကို မြစ်ကြီးနားရှိ ကချင်လူမျိုးတို့၏ လက်ထဲတွင် ကိုယ်စီကိုင်ဆောင်လျက် သောင်းချီသော လူအုပ်ကြီးသည် ကချင်အမျိုးသားသီချင်းကို သံပြိုင် ဟစ်အော်နေကြသည်။

ထိုမြင်ကွင်းမှာ ပြည်ထောင်စုငြိမ်းချမ်ရေး ဖော်ဆောင်ရေးလုပ်ငန်း ကော်မတီနှင့် ကေအိုင်အိုအဖွဲ့ တို့မြစ်ကြီးနားတွင် ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် ကေအိုင်အိုငြိမ်းချမ်းရေး ကိုယ်စားအဖွဲ့ကို မြစ်ကြီးနား ဒေသခံများက မေလ၂၇ ရက် နေ့တွင် ကြိုဆိုကြခြင်း ဖြစ်သည်။
ယင်းကဲ့သို့ မြစ်ကြီးနားလူထုက ကေအိုင်အိုအဖွဲ့ကို လူသောင်းချီကြိုဆိုခြင်း သည် ပထမဆုံး မြင်ရသည့် မြင်ကွင်း ဖြစ်ကြောင်းဒေသခံ တို့က တူညီစွာပြောဆိုကြသည်။
"ဒီနေ့ကို ဓားနှစ်လက်အလံ လေပေါ်ပျံဝဲတဲ့နေ့လို့ ပေးထားတယ်" ဟု ကေအိုင်အို ငြိမ်းချမ်းရေး အဖွဲ့ကို လာရောက်ကြိုဆိုသည့် ကချင်လူငယ်ခေါင်းဆောင် တစ်ဦးက ဆိုသည်။

အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် တိုက်ပွဲများ ရပ်စဲနိုင်ရေးကို ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ကြောင်း ကြိုဆိုသည့် စစ်ဘေးရှောင် ဒုက္ခသည်များက တူညီစွာပြောဆိုသည်။

"တိုက်ပွဲရပ်ဖို့ သဘောတူညီရင်တော့ အိမ်ပြန်ချင်တယ်" ဟု အသက် ၈၁ အရွယ် ဦးဖော်မိုင်ဂမ်က ရင်ဖွင့် ပြောပြသည်။

ယခုလအတွင်းတွင် တပ်မတော်နှင့် ကေအိုင်အိုတို့ တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း နေရပ်ပြန်ရန်မှာမူ ကေအိုင်အို နှင့် တပ်မတော်တို့ အပစ်အခတ် ရပ်စဲရေး လက်မှတ် မထိုးလျှင် တိုက်ပွဲပြန်ဖြစ်မည်ကို စိုးရိမ်သောကြောင့် နေရပ်ကို မပြန်ခြင်းဖြစ်ကြောင်း ဒေသခံတို့က တူညီစွာ ပြောဆိုကြသည်။

သို့သော် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့ ဆွေးနွေးပွဲသည် အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို စာချုပ်ချုပ်ဆိုနိုင်ခြင်း မရှိပေ။ ယင်းဆွေးနွေးပွဲတွင် ယခင် ဆွေးနွေးခဲ့ကြသည့် အတိုင်း အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီက အပစ် အခတ်ရပ်စဲရေး သဘောတူညီမှု စာချုပ်ချုပ် ဆိုပြီး နိုင်ငံရေးအရ ဆက်လက်ဆွေးနွေးရန် သဘောထား ရှိသော်လည်း ကေအိုင်အိုဘက်ကမူ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်မထိုးဘဲ နိုင်ငံရေး ဆွေးနွေးရန်သာ ဆန္ဒရှိနေသည်။ သို့သော် ယခုဆွေးနွေးပွဲ တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မပါဝင်သော်လည်း အချက်ခုနစ်ချက် ပါသည့် သဘောတူညီချက် တစ်ရပ် ချမှတ်နိုင်ခဲ့သည်။

ယင်းသဘောတူညီချက် ခုနစ်ချက်တွင် နိုင်ငံရေးဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်ရန်၊ နှစ်ဖက် ပစ်ခတ်တိုက်ခိုက်မှုများ လျှော့ချခြင်းနှင့် တိုက်ပွဲများ ထပ်မံ မဖြစ်ပွားအောင် ထိန်းသိမ်းရန်၊ နှစ်ဖက် ကိုယ်စားလှယ်များ ပါဝင်သော စောင့်ကြပ်ကြီးကြပ်ရေး အဖွဲ့ ဖွဲ့စည်းရန်၊ နယ်မြေလုံခြုံရေး အရ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သော ပြန်လည်ထူထောင်ရေး ကိစ္စရပ်များကို ညှိနှိုင်းကာဆောင်ရွက် ရန်၊ တပ်ပိုင်းဆိုင်ရာ တပ်နေရာချထားမှုများ ဆက်လက် ညှိနှိုင်းဆောင်ရွက်ရန်၊ ကေအိုင်အို ကိုယ်စားလှယ် နှင့် အလုပ်အဖွဲ့ (Technical Team) ကို မြစ်ကြီးနားတွင် ထားရှိရန်နှင့် နောက် တစ်ကြိမ် ဆွေးနွေးပွဲတွင် ယခုတက်ရောက်သော ကိုယ်စားလှယ်များ တက်ရောက်ရမည် ဖြစ်ပြီး အခြားအဖွဲ့များကို ဖိတ်ကြားလိုပါက နှစ်ဖက်ညှိနှိုင်း ဆောင်ရွက်ရန် တို့ပါဝင်သည်။
ယင်းသဘောတူညီချက် နှင့်ပတ်သက်၍ ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုးက "အပစ်အခတ် ရပ်စဲရေး လက်မှတ်မထိုးနိုင်လို့ ငြိမ်းချမ်းရေး အလှမ်းကွာတဲ့သဘော မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးအတွက် ဆက်လက်ဆွေးနွေးသွားမှာ ဖြစ်ပါတယ်" ဟုဆိုသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ရွှေလီမြို့တွင် ဆွေးနွေးခဲ့ရာတွင် နှစ်ဦးနှစ်ဖက် သဘောတူ ကြေညာချက် ထုတ်ပြန်နိုင်သည် မှအပ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့သော်လည်း ယခုဆွေးနွေးပွဲသည် သဘောတူလက်မှတ် ရေးထိုးနိုင်သည့် အဆင့်သို့ တက်လာခဲ့ပြီဖြစ်သည်။
သို့သော် ပညာရေး၊ လူမှုရေး၊ စီးပွားရေးဆုံးရှုံး ပျက်စီးခဲ့ရသော ဒုက္ခသည်များအဖို့မူ လိုချင်သည့်အဖြေနှင့် လွဲနေဆဲ ဖြစ်သည်။

"ဒုက္ခသည်စခန်းမှာ နေရတာစားစရာ တွေရပေမယ့်မပျော်ဘူး။ ကိုယ့်အိမ်လို စားချင်တိုင်း မစားနိုင်ဘူး" ဟု မိုင်းနား KBC ဒုက္ခသည်စခန်းတွင် နေထိုင်သူတစ်ဦးက ရင်ဖွင့်သည်။

တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် နေရပ်စွန့်ခွာလာသည့် ဒုက္ခသည်များမှာ အပစ်အခတ်ရပ်စဲခြင်းကို လိုချင်၍မဟုတ်ဘဲ နယ်မြေ တည်ငြိမ်အေးချမ်းခြင်းကိုသာ လိုချင်ခြင်းဖြစ်သောကြောင့် ကေအိုင်အို အနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ဂွမ်မော်က မှတ်ချက် ပေးသည်။

တပ်မတော်နှင့် ကေအိုင်အေတို့ နှစ်နှစ်တာတိုက်ပွဲကာလအတွင်းတွင် တိုက်ပွဲပေါင်း ၂၄၀၀ကျော် ဖြစ်ပွားခဲ့ပြီး လက်ရှိတွင်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း ကေအိုင်အေ တပ်မဟာ(၄) နယ်မြေတွင် တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်သည်။

အထက်ပါ သဘောတူညီမှုလက်မှတ် ရေးထိုးမှု မတိုင်မီ တစ်ရက်အလိုတွင် ကာကွယ် ရေးစီးဦးစီးချုပ်၏ အာဏာကုန် လွဲအပ်ထားသော ဒုတိယဗိုလ်ချုပ်ကြီးမြင့်စိုးနှင့် ကေအိုင်အေ ဒုတိယ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တပ်ပိုင်းဆိုင်ရာ ကိစ္စများ ဆွေးနွေးခဲ့သော်လည်း သဘောတူလက်မှတ် ထိုးရာတွင်ဆက်လက်ဆွေးနွေးရန်သာ ပါဝင်ခဲ့သည်။

လေ့လာအကဲခတ်သူတို့၏ အဆိုအရမူ တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေးရာတွင် သဘောတူညီချက် မရရှိသေး၍ အပစ်အခတ်ရပ်စဲရေးကို လက်မှတ်မထိုးခြင်း ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးသည်။

ကေအိုင်အိုအတွက် အပစ်အခတ် ရပ်စဲရေးသည် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက် အခရာတော့ မဟုတ်ပေ။ နိုင်ငံရေးဆွေးနွေးမှုဖြင့်သာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဆိုခဲ့သည့်အတိုင်း ဆွေးနွေးမှုများသာ ဆက်လက်ပြုလုပ်ပြီးမှသာ အပစ်အခတ် ရပ်စဲရေးကို သဘောတူညီမည့် အနေအထားရှိနေသည်။ သို့သော် အကြိမ်ကြိမ် ဆွေးနွေးမှုအဆင်မပြေခဲ့သော ကေအိုင်အိုသည် ယခုဆွေးနွေးပွဲတွင် သဘောတူညီမှု ရရှိသည်အထိ အစိုးရနှင့် လက်မှတ်ရေးထိုးနိုင် ခဲ့ခြင်းသည် ခြေလှမ်းတစ်လှမ်း တက်လာခြင်းပင် ဖြစ်သည်။

အစိုးရအနေဖြင့် အခြားတိုင်းရင်းသားများကဲ့သို့ အပစ်ရပ်စဲရေး သဘောတူညီမှု လက်မှတ်ထိုးခြင်း လုပ်ဆောင်ပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခြင်း ဖြစ်ပွားမည်ဆိုပါက ဆက်လက်ညှိနှိုင်းရန် လွယ်ကူမည် မဟုတ်ကြောင်း လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့အစည်းများမှ လေ့လာသူတို့က သုံးသပ်သည်။
"ကေအိုင်အိုက အစိုးရနဲ့ ဖြတ်သန်းမှု များလာတဲ့အတွက် တော်တော်လေး ဂရုစိုက်ရလိမ့်မယ်"ဟု တိုင်းရင်းသား လေ့လာသူတစ်ဦးက ဆိုသည်။

လက်ရှိ အချက်ခုနစ်ချက်ပါသော သဘောတူညီမှုသည် ရှေ့ဆက်လုပ်ကိုင်မည့် အချက်အလက်များကို ကနဦးချုပ်ဆိုခြင်း ဖြစ်သည့်အတွက် ကေအိုင်အို အနေဖြင့် ရှေ့တိုးနောက်ဆုတ် လုပ်နိုင်သည့် အခြေအနေ ဖြစ်သောကြောင့် တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုဖြင့် လုပ်ဆောင်ရန် အရေးကြီးကြောင်း တိုင်းရင်းသား လေ့သာသူတို့က မှတ်ချက်ပေးကြသည်။

ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ကို သောင်းချီသော လူအုပ်ကြီးသည် ဓားနှစ်လက်အလံကို ကိုင်ဆောင်၍ ကြိုဆိုခဲ့သည်။ အဖြေကားထွက်လာပြီ။ ကေအိုင်အို သည် အချက်ခုနစ်ချက်ကို သဘောတူ လက်မှတ်ထိုးခြင်းဖြင့် အစိုးရ၏ ငြိမ်းချမ်းရေးတံတားကို ဖြတ်ကူးရန် သံသယများဖြင့် ခြေတစ်လှမ်းတိုးလိုက်ပြီဟု ဆိုရမည် ဖြစ်သည်။
မင်းထက်စံ
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com