http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဗုဒ္ဒဘာသာမိန်းမများ အထူးထိမ်းမြားမှုအက်ဥပဒေရှိပြီးဖစ်လို့ အမျိုးစောင့်ဥပဒေ လို/မလို ဆန်းစစ်သင့်

ဥပဒေတွေ အမျိုးမျိုး ရှိနေပါတယ်။ လတ်တလော အငြင်းပွားနေကြတဲ့ မျိုးစောင့်ဥပဒေကြမ်းကတော့ သာသနာ့ဝန်ထမ်း ရှင်ရဟန်းတွေ ရေးသားထားတာဖြစ်ပြီး တစ်မူထူးခြားလို့ နေပါတယ်။ ဘယ်လိုအချက် အလက်တွေအပေါ်အခြေခံကာ ဆရာတော်သံဃာတော်တွေ ဒီလိုဥပဒေတွေ ထုတ်ရလောက်အောင်ထိ စိုးထိတ်တော်မူခဲ့ကြတာလဲ။

ဒီအမျိုးစောင့်ဥပဒေအပေါ် ရှုထောင့်ပေါင်းစုံက ဝေဖန်ဆန်း စစ်မှုတွေ ကိုတော့ လူမှုကွန်ရက် ဝက်ဆိုက်တွေပေါ်မှာ တွေ့နေရတယ်။ လူ့အခွင့်အရေးရှုထောင့် ၊ ဥပဒေရေးရာ ပညာရှင်တွေရဲ့ ရှုထောင့်၊ အမျိုး သမီးအဖွဲ့အစည်းတွေ ရဲ့ ရှုထောင့်ပေါင်းစုံ ကနေ ပြောဆိုဆွေးနွေးနေကြ တာကိုတော့ ကြားသိနေရပါတယ်။

မြန်မာ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ၏ အခွင့်အရေးများ နစ်နာဆုံးရှုံး မှုမရှိစေဖို့ ၁၉၅၄ ခုနှစ်ကပင် “၁၉၅၄ ခုနှစ် ဗုဒ္ဓဘာသာဝင်မိန်းမများ အထူး ထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေ ”ကို ပြဌာန်းပြီး ဘာသာခြားတွေနဲ့ လက်ထပ်တဲ့ မြန်မာဗုဒ္ဓဘာသာအမျိုးသမီးတွေအပေါ် ဥပဒေနဲ့ ကာကွယ်ပေး
ထားလို့ ဆရာတော်တွေ ရေးသားထားတဲ့ မျိုးစောင့်ဥပဒေဆိုတာဟာ လိုအပ်ခြင်းရှိမရှိ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်တယ်လို့ ပြောဆိုဆွေးနွေးမှုတွေ ရှိနေခဲ့ပါပြီ ။

သံဃာတော်တွေ ရေးသားထားတဲ့ အမျိုးစောင့်ဥပဒေဆိုတဲ့ စာတမ်းတစ်စောင်ရဲ့ ဂယက်ဟာ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့ပြီး ကန့်ကွက်သူတွေ၊ ထောက်ခံသူတွေနဲ့ အငြင်းပွားဖွယ် ဖြစ်လာပါတယ်။ အမျိုးသမီးအဖွဲ့အစည်းတွေကလည်း ကြေညာချက်တွေ ထုတ်ပြန်ပြီး ကန့်ကွက်တဲ့အဆင့်ထိ ဖြစ်ပေါ်နေပါတယ်။ ဒီစာတမ်းကို ပြည်သူတွေရဲ့ ထောက်ခံမှုတွေ ရယူပြီး လွှတ်တော်အထိတင်ကာ ဥပဒေကဲ့သို့ အာဏာတည်ဖို့ လုပ်ဆောင်မယ်ဆိုတာ ဟာလည်း ပြန်လည်ဆန်း စစ်အဖြေရှာသင့်တဲ့ ကိစ္စဖြစ်လာတယ်လို့ သုံးသပ်သူတွေက ဆိုပါတယ်။

ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးတွေအတွက် ကာကွယ်ပေးထားတဲ့ ဥပဒေတွေရှိပြီးလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခြောက်ဆယ်လောက်ကတည်းက ပြဌာန်းခဲ့တဲ့ ဗုဒ္ဓဘာသာ မိန်းမများ အထူးထိမ်းမြားမှုနှင့် အမွေဆက်ခံမှု အက်ဥပဒေမှာ အစ္စလာမ်၊ ဟိန္ဒြူ ၊ ခရစ်ယာန်၊ တရုတ် စတဲ့ ဘာသာခြားတွေနဲ့ လက်ထပ်ထိမ်းမြားပါက မည်သို့ဆုံးဖြတ်မည်၊ မည်သည့်အခွင့်အရေးများရမည် ဆိုတဲ့အချက်တွေကို အကျယ်တဝင့် ရေးသားထားပါတယ်။

မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးများ နစ်နာဆုံးရှုံးမှုမရှိစေရန် ၁၉၅၄ ဥပဒေကို ပြဌာန်းခဲ့ပြီး ဘာသာခြားနှင့် လက်ထပ်ရသော မြန်မာဗုဒ္ဓဘာသာ အမျိုးသမီးတို့အနေနှင့် လင်ယောင်္ကျား၏ ဘာသာသို့ဘာသာ ကူးပြောင်း စရာမလိုဘဲ တရားဝင်လက်ထပ်ထိမ်းမြားနိုင်ခြင်း၊ တရားဝင် ဇနီးမယား အဖြစ်ဖြင့် လင်ယောင်္ကျား၏ အမွေကို တရားဝင်ဆက် ခံနိုင်ခြင်း စတဲ့ အခွင့်အရေးတွေကို ဖော်ဆောင်ပေးထားပါတယ်။

အမျိုးစောင့်ဥပဒေမှာဖော်ပြထားတာက မြန်မာအမျိုးသမီးတွေ ဘာသာခြားနဲ့ လက်မထပ်ရ၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးကို လက်ထပ်မယ့် သူဟာ ဘာသာခြားလူမျိုးဖြစ်နေရင် ဗုဒ္ဓဘာသာဝင်ဖြစ်ကြောင်း တရားဝင် လက်မှတ်ရရှိထားဖို့ လိုအပ်တဲ့အပြင် လက်ထပ်မယ့် အမျိုးသမီးရဲ့မိဘ အုပ်ထိန်းသူကလည်း လက်ခံဖို့ လိုအပ်တယ်လို့ ရေးသားထားတယ်။

ဒေါ်အောင်ဆန်းစုကြည်က လူ့ အခွင့်အရေးချိုးဖောက်တာလို့ ပြောကြား

ဒီလိုဆိုရင် ဗုဒ္ဓဘာသာမြန်မာအမျိုးသမီးကို လက်ထပ်မယ့် အခြား ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာအဖြစ် ခံယူရမယ်လို့ အဓိပာယ်သက်ရောက် ပါတယ်။ ဒီကိစ္စကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က (RFA နဲ့ တွေ့ဆုံမေးမြန်းခန်း) မှာ “ဒီကိစ္စဟာ လူ့အခွင့်အရေး ချိုးဖောက်တာဖြစ်တယ်” လို့ ဖြေကြားခဲ့ပါတယ်။

“ကျွန်မတို့ နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီမှုမရှိဘူးလို့ နားလည်တယ်။ အထူးသဖြင့် တရားတော်ထဲမှာ မပါဘူးဆိုရင် ကိုယ့်နိုင်ငံရဲ့ ဥပဒေနဲ့ ကိုက်ညီလား၊ မကိုက်ညီလား ကြည့်ရမှာတစ်ဖက် ၊ နောက်တစ်ဖက်ကလည်း ဇင်မာအောင်တို့ ပြောသလို အမျိုးသမီးအခွင့်အရေး၊ လူ့အခွင့်အရေးဘက်က ကြည့်ရမှာပေါ့။ ”လို့ ဒီမိုကရေစီခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုတဲ့ (RFA) အစီအစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာဖြစ်ပါတယ်။

ဥပဒေပညာရှင်က မလိုဟုသုံးသပ်

'အမျိုးစောင့်ဥပဒေဆိုပြီး တင်စရာမလိုပါဘူး။ ဗုဒ္ဓဘာသာမြန်မာတွေ ဘာသာခြားနဲ့ လက်ထပ်ရင် ဥပဒေကရှိပြီးသား။ ၁၉၅၄ ဗုဒ္ဓဘာသာမိန်းမများ အထူးထိမ်းမြားမှုဥပဒေဆိုပြီး ရှိပြီးသား။ ဒီဥပဒေပင်ရင်းက ၁၉၃၉ ခုနှစ်လောက်ကစတာ။ ၉၁ ဌာနအုပ်ချုပ်ရေးခေတ်လောက်ကပေါ့။ ကိုယ့်မင်းကိုယ့်ချင်း အမတ်တွေဖြစ်တဲ့ သခင်မြက လွှတ်တော်မှာ တင်ခဲ့တဲ့ဥပဒေပါ။ ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတွေကို ဘာသာခြားတွေက လက်ထပ်ပြီး အခွင့်အရေးမရတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ဒီဥပဒေဖြစ်လာတာပါ။ အဲဒီတုန်းက လွှတ်တော်ထဲမှာ ဗိုလ်ကပြားတို့၊ အခြားဘာသာဝင်တွေရဲ့ ကိုယ်စားလှယ်တွေလည်းပါတယ်။ မဲခွဲရာမှာ မဲအသာနဲ့ ဥပဒေအတည်ဖြစ်ခဲ့တယ်။ ဗုဒ္ဓဘာသာမြန်မာမိန်းကလေးတစ်ယောက် ဘာသာခြားနဲ့ လက်ထပ်ရင် မှတ်ပုံတင်အရာရှိဆီမှာဘာတွေဆောင်ရွက်ရမယ်ဆိုတာ ပြည့်စုံစွာပါရှိတယ်။ လက်ထပ်ပြီးနောက်ပိုင်း ကွာရှင်းခဲ့ရင်လည်း ရပိုင်ခွင့်တွေရဖို့ ဥပဒေမှာ ပါရှိပြီးသားပါ။ ''လို့ တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောပါတယ်။

' လူတိုင်းမှာ လူ့အခွင့်အရေးရှိရပါမယ်။ ဥပဒေတွေက ရှိပြီးသားဖြစ်ပါတယ်။ အခုလည်း သက်ဆိုင်ရာတရားရုံးတွေက ညွှန်ကြားချက်တွေ ထုတ်ထားပါတယ်။ လက်ထပ်ခွင့်ပေးနိုင်တဲ့နေရာတွေမှာ ဗုဒ္ဓဘာသာအမျိုးသမီးနဲ့ ဘာသာခြားတွေကို အလွယ်တကူ လက်ထပ်ခွင့်မပေးမိဖို့ ညွှန်ကြားထားပါတယ်။ 'လို့ ရှေ့ နေကြီး က ဆက်ပြောပါတယ်။

အခုချိန်ဟာ တိုင်းပြည်တည်ဆောက်ရေးအတွက် အရေးကြီးချိန်ဖြစ်လို့ အငြင်းပွားဖွယ်ကိစ္စတွေနဲ့ အချိန်ကုန်မှာကိုတော့ နှမြောမိတယ်။ တိုင်းပြည်အတွက်ခေတ်နောက်ပြန်သွားမယ့် လူမျိုးကြီးဝါဒတွေ ပျံ့နှံ့ပြီး မလိုလားအပ်တဲ့ ပြသနာတွေကို ဖိတ်ခေါ်ရမယ့် အချိန်မဟုတ်တာတော့ အသေအချာပါပဲ။

မျိုးစောင့်ဥပဒေမူကြမ်းတင်သွင်းရန် ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး သဘောထားထုတ်ပြန်ချက်

ရက်စွဲ။ ။ ဇွန်လ ၁၆ ၊ ၂ဝ၁၃ ခုနှစ်၊ တနင်္ဂနွေနေ့

၁။ ၂ဝ၁၃ ခုနှစ် ဇွန်လ ၁၃ ရက်နေ့တွင် ပြုလုပ်ခဲ့သော မျိုးစောင့်ဥပဒေ ဆိုင်ရာ အကြိုညှိနှိုင်းပွဲမှ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများအား ဘာသာခြားနှင့် အိမ်ထောင်ပြုခြင်းကို ကန့်သတ်သည့် ဥပဒေမူကြမ်းကို တရားဝင် အတည်ပြုနိုင်ရေးအတွက် လွှတ်တော်ကို တင်ပြမည့်အစီအစဉ်ကို ကြေညာခဲ့သည်။

၂။ ၄င်းကဲ့သို့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ၏ တစ်ဦးချင်းလွတ်လပ်မှု အခွင့်အရေးကို ချုပ်ချယ်ရန် ကြိုးစားမှုသည် ကုလသမဂ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၆ ပါ အရွယ်ေ၇ာက်ပြီးသူ အမျိုးသားအမျိုးသမီးတိုင်း၏ လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့်ကို ချိုးဖောက်ခြင်းဖြစ်သည်။

၃။ အမျိုးသားရေးနှင့် ဘာသာရေးအစွန်းရောက်မှု အတွေးအခေါ်ကို အခြေ ခံသော မျိုးစောင့်ဥပဒေအယူအဆသည် လူတစ်ဦးချင်း လွတ်လပ်မှုအခွင့် အရေးကို ဝင်ရောက်စွက်ဖက်မှုဖြစ်သကဲ့သို့ လူတစ်ဦး(သို့) အမျိုးသမီး တစ်ဦးချင်းစီ၏ ပုဂလ ရွေးချယ်မှုအပေါ် စွက်ဖက်ထိန်းချုပ်ခြင်း လည်း ဖြစ် သဖြင့် လက်ခံနိုင်ဖွယ်မရှိချေ။

၎။ အမျိုးစောင့်ဥပဒေကြမ်း အယူအဆသည် ဗုဒ္ဓဘာသာဝင်အမျိုးသမီးတို့၏ ပုဂလိက လွတ်လပ်မှုကို ဝင်ရောက်စွက်ဖက်ခြင်းဖြစ်သည့်အပြင် အမျိုးသမီး တို့၏ ဆင်ခြင်တုံတရားကို အထင်သေးစော်ကားခြင်းလည်းဖြစ်သည်။

၅။ လက်ရှိမြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု အပေါ် နှောင့်ယှက်ဟန့်တား လိုသော မသမာသော လူတစ်စု၏ရန်ကို ကာကွယ်နိုင်ရန်အတွက် လူမျိုး ဘာသာမရွေး ကျားမမရွေး အရပ်ဖက်လူ့အဖွဲ့အစည်းများ၊ ဒီမိုကရေစီ အင်အားစု အားလုံးအပါအဝင် ပြည်သူတစ်ရပ်လုံး မတူကွဲပြားသည့် ဖြစ်တည်မှုများကို အပြန်အလှန်လေးစား တတ်သည့်အလေ့အထကို မွေးမြူရင်း ညီညွတ်ရမည့် အချိန်ဖြစ်သည်။

၆။ အမျိုးစောင့်ဥပဒေကိုသာ အတည်ပြုခဲ့ပါက ဗုဒ္ဓဘာသာသည် အခြားဘာသာဝင်များနှင့် ရောစပ်ယှဉ်တွဲနေထိုင်ရန် ယုံကြည်မှုကိုယ်ခံအားနည်းသော။ နိမ့်ကျသောစိတ်ကိုအခြေခံသော မလုံမခြုံခံစားနေရသော ဘာသာသာသနာဖြစ်သည်ဟု ဆိုလိုရာရောက်ပေလိမ့်မည်။

၇။သို့သော်လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ နိုင်ငံရေး၊ ဘာသာရေးနဲ့ စိတ်ပညာအမြင်များကို အခြေခံကာ အမျိုးစောင့် ဥပဒေမူကြမ်း တင်သွင်းရေး ကို ပြင်းထန်စွာ ရှုတ်ချပြီး ဗုဒ္ဓဘာသာဝင် အမျိုးသမီးထု အနေဖြင့် မိမိတို့ လွတ်လပ်မှုကို စွက်ဖက်ထိန်းချုပ်လိုသော အမျိုးသမီးထု၏ ဆင်ခြင်တုံတရားကို ထိပါးစော်ကားသော ဒီအမျိုးစောင့်ဥပဒေကို ညီညွတ်စွာ ဆန့်ကျင်ကြပြီး ပြည်သူတစ်ရပ်လုံးအနေဖြင့်လည်း ဒီမိုကရေစီအသွင် ကူးပြောင်းမှုကို ဟန့်တားလိုသော မသမာသူလူတစ်စု၏ မရိုးဖြောင့်သော နည်းပရိယာယ်ကို အစဉ်မပြတ် သတိရှိကြ၇န် တိုက်တွန်းနှိုးဆော်အပ်ပါသည်။ 'လို့ (KWEGအမျိုးသမီးအဖွဲ့)၊ အက္ခရာအမျိုးသမီးအဖွဲ့၊ကရင်အမျိုးသမီး ဖွံ့ဖြိုးရေးအဖွဲ့၊ ဖန်တီးအိမ်၊ ၈၈ မျိုးဆက် အမျိုးသမီးအဖွဲ့၊ တက္ကသိုလ်ကျောင်းသားများ သမဂ (တကသ)တို့က ကန့်ကွက်ကြောင်းကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီမျိုးစောင့်ဥပဒေကြမ်းအပေါ် အမျိုးသမီးအဖွဲ့ အစည်းတွေက ကန့် ကွက်နေကြပါတယ်။ဒီ ကန့် ကွက်မှုဟာ ဒီမိုကရေစီဆန်တာဖြစ်လို့  ဆရာတော်၊သံဃာတော်တွေကလည်း ခွင့်လွှတ်နားလည်လက်ခံပေးဖို့  တိုက်တွန်းလိုပါတယ်။ပြည်သူလူထု ကြီးပွားချမ်းသာမှသာ သာသနာ နေလို လလို ထွန်းလင်းမှာဖြစ်လို့  ပြည်သူ့ အသံကိုလည်း ဆရာတော်၊ သံဃာတော်တွေက နားထောင်လက်ခံညှိုနှိုင်းလို့  ရှေ့  သို့ ချီလေသော မြန်မာနိုင်ငံတော်ဖြစ်လိုလှပါတယ်။
မင်းဒင်(မန်း)
မြနန္ဒါဂျာနယ် အတွဲ(၂)၊အမှတ် (၂၃)
မန္တလေးခေတ်

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com