http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

တို့ကလေးတွေ စာဖတ်ဖို့ ဘာတွေလိုအပ်သလဲ

[Letter to Editor]
ကလေးတွေ စာဖတ်ဖို့ လိုအပ်ကြောင်း ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ် ထိုင်းနိုင်ငံထုတ် The Nation သတင်းစာမှာ (We need to get kids reading,right now) ဆိုပြီး ရေးထားတာကို ဖတ်ရတယ်။ တော်တော်ကောင်း တဲ့ ဆောင်းပါး တစ်ပုဒ်ပါ။ အိမ်နီးချင်း နိုင်ငံတွေနဲ့ ချိန်ထိုးပြီး ရေးထား တဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်ပါတယ်။ ထိုင်းလူမျိုးတွေ တစ်နှစ်ကို စာအုပ်ရေ ၃၅ အုပ် ဖတ်ပါသတဲ့။ အဲဒါ အရှေ့တောင်အာရှက နိုင်ငံတွေနဲ့ ယှဉ်လိုက် ရင် အောက်ဆုံးကို ရောက်နေသေးတယ်။ ဒါကြောင့် ကလေးငယ်တွေ စာဖတ်ချင်လာအောင် ဘယ်လို ဆွဲဆောင်ကြမလဲဆိုပြီး နောင်တစ်ချိန်မှာ တိုင်းပြည်ခေါင်းဆောင် ဖြစ်လာကြမယ့် ကလေးတွေအတွက် စိုးရိမ်ပြီး ရေး ထားတဲ့ ဆောင်းပါးကောင်း တစ်ပုဒ် ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာကလေးတွေ ဘာလုပ်နေလဲ၊ စာတွေဖတ်နေ သလား လေ့လာမိတယ်။ ဟုတ်ပါတယ်။ ကျွန်တော်တို့ မြန်မာ ကလေးတွေ စာဖတ်နေပါတယ်။ ဝါကျတစ်ကြောင်းကို ထပ်ခါတလဲလဲ ဖတ်နေတာပါ။ အလွတ်ရအောင် ကျက်မှတ်နေတယ်။

ရန်ကုန်မှာနေတုန်း ကျွန်တော့် တူမလေး စာဖတ်နေတာကို ဘေးနားက ထိုင်ပြီး စိတ်ဝင်တစား နားထောင်မိတယ်။ ထပ်ခါတလဲလဲ ကျက်မှတ်နေ ပါတယ်။

မနက် မိုးလင်းတာနဲ့ ကလေးကျောင်းသွားဖို့ မိဘတွေက ပြင်ဆင်ပေး ရတယ်။ ကျောင်းနဲ့ အိမ်က သိပ်မဝေးဘူးဆိုရင် မိဘ တစ်ဦးဦးက လိုက်ပို့ပေး ရတယ်။ တော်တော်ကို အလုပ်ရှုပ်တဲ့ကိစ္စ ဖြစ်ပါတယ်။ ဒါက နံနက်ပိုင်း တက်ရတဲ့ အတန်းတွေ ဖြစ်ပါတယ်။ နံနက်ပိုင်း တက်ရတဲ့ ကလေးတွေ နေ့လယ် ၁၂ နာရီဆို ကျောင်းဆင်းပြီး အိမ်ကို ပြန်လာကြ တယ်။ နေ့လယ်စာ စားပြီးတာနဲ့ ကျူရှင်အတွက် ပြင်ဆင်ကြရတော့တယ်။ တစ်နာရီလေးတောင် မနားရဘဲ ကျူရှင်သွားဖို့ ပြင်ဆင်ရပါတော့တယ်။ ကျူရှင်က ညနေ ၄ နာရီလောက်မှပြီးတော့ ကလေးက ဖတ်ဖတ်မောနေပြီ။ ညနေစာ စားပြီးရင် ဂိုက်က လာနေပြန်ပြီ။ ဒါက ရန်ကုန်မြို့တော်မှာ ပညာ သင်ကြားနေတဲ့ ကလေး တစ်ဦးရဲ့ ဘဝ ဖြစ်ပါတယ်။ ဒီကလေးက လူ့ဘဝအတွက် တန်ဖိုးရှိမယ့် စာတွေကို ဘယ်အချိန်မှာ ဖတ်မှာလဲ။ မိဘတွေကလည်း အပြင်စာထက် ကျောင်းစာကို ဖတ်ဖို့ အားပေးတယ်။ အမှတ်ကောင်းကောင်း ရရေး အတွက်သာ အဓိက။

မြန်မာ ကျောင်းသားကလေးတွေကို လေ့လာကြည့်ဖြစ်ပါတယ်။ ကျောင်းကား တစ်စီးပေါ်မှာ စီးလာတဲ့ ကျောင်းသားတွေမှာ တချို့ ကျောင်းသားလေးတွေ ဆံပင်ပုံစံက သေသေသပ်သပ်ရှိပေမယ့် တချို့တွေက ကျောင်းသားရုပ် မပေါက်ဘဲ လမ်းသရဲရုပ် ပေါက်နေတာကို တွေ့ရတယ်။ ဖိနပ်ကလည်း ကြိုက်သလိုစီး၊ ကြိုက်တဲ့အရောင်ကို စီးပြီး တစ်ယောက်တစ်ပေါက် ဖြစ်နေ တာကို တွေ့တော့ အံ့သြမိတယ်။ တခြားနိုင်ငံတွေမှာတော့ ယူနီဖောင်းက ဘာမှ ကွဲလွဲစရာ မရှိသလို ကျောင်းသားတွေရဲ့ ဆံပင်ပုံစံကို ဆရာတွေ ကသာ ကြပ်မတ်တာမဟုတ်ဘဲ ရဲတွေကလည်း ကျောင်းသားတစ်ဦးရဲ့ ဆံပင်ပုံစံက လမ်းသရဲရုပ် ပေါက်နေရင် စစ်ဆေးပြီး ကျောင်းအုပ်ကြီး ကို ခေါ်ကာ အသိပေးတတ်တဲ့ အလေ့အထ ရှိပါတယ်။ တို့မြန်မာကျောင်းက မဟုတ်တဲ့နေရာမှာ ဒီမိုကရေစီ ဆန်နေပါလားလို့ တွေးမိတယ်။

လွန်ခဲ့တဲ့နှစ်က ထိုင်းအစိုးရဟာ ပြည်သူတွေ စာဖတ်လာအောင် လှုံ့ဆော်တဲ့အနေနဲ့ စီမံကိန်းတွေချပြီး ဆောင်ရွက်ခဲ့တယ်။ ထိုင်းဘတ်ငွေ သန်း ၄၀၀ ကို ၂ နှစ် စီမံကိန်းအတွက် ထုတ်ပေးခဲ့တယ်။ ဧပြီလ ၂ ရက်နေ့ကို အမျိုးသား စာဖတ်တဲ့နေ့အဖြစ် သတ်မှတ်ပေးပြီး နိုင်ငံတစ်ဝန်းက အကောင်းဆုံး စာကြည့်တိုက် ပြိုင်ပွဲတွေ ကျင်းပပေးခဲ့တယ်။ ဒါတောင် ထိုင်းပြည်သူတွေ စာဖတ်အား တက်မလာဘဲ ကျဆင်းနေတယ်လို့ စစ်တမ်းတွေက ဖော်ပြနေတယ်။

မြန်မာပြည်က နာမည်ကြီး မဂ္ဂဇင်း တစ်စောင်ဖြစ်တဲ့ The Wave ရဲ့ အယ်ဒီတာ အဖွဲ့ဝင် ကိုရွှေကျော်နဲ့တွေ့လို့ ရောင်းအားကောင်း သလား မေးကြည့်တော့ “အုပ်ရေ တစ်ထောင်ကုန်အောင် မနည်း ကို ရောင်းနေရတယ်ဗျာ” လို့ ညည်းညူတဲ့ လေသံနဲ့ ပြန်ပြောတာကို ကြားဖူး တယ်။ မြန်မာနိုင်ငံ လူဦးရေနဲ့ တွက်ကြည့်ရင် အုပ်ရေ တစ်ထောင်ပဲ ရောင်းရ တယ်ဆိုတာ အင်မတန်မှ စိတ်မကောင်းစရာပါ။ ပြည်သူတွေရဲ့ စာဖတ်အား မရှိသလောက် ကျဆင်းနေတာကို ပြနေတာပဲ ဖြစ်ပါတယ်။ ဒီလို မဂ္ဂဇင်း များကို သာမန် စာဖတ်သူတွေ မဟုတ်ဘဲ တိုင်းပြည်ရဲ့ ဥပဒေပြုရေး နယ်ပယ်မှာ ပါဝင် နေတဲ့သူတွေ၊ အုပ်ချုပ်ရေး နယ်ပယ် အသီးသီးမှာ ပါဝင်နေတဲ့သူတွေ ဖတ်သင့်တဲ့ မဂ္ဂဇင်းအဖြစ် မြင်မိတယ်။ ဒါပေမဲ့ အုပ်ရေ တစ်ထောင် ရောင်းမကုန်တာကို သိတာနဲ့ တို့တိုင်းပြည်က ခေါင်းဆောင် တွေ ဘာတွေလုပ်နေသလဲ တွေးကြည့်လို့ရတယ်။

အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ လွန်ခဲ့တဲ့လက စာအုပ်ပွဲတော် ကျင်းပပေး ခဲ့တယ်။ စာအုပ်ပွဲတော်ကို လာရောက် အားပေးတဲ့ လူဦးရေက နှစ်သန်းနီးနီး ရှိပါသတဲ့။ ထိုင်းနိုင်ငံရဲ့ လူဦးရေက သန်း ခြောက်ဆယ်ကျော် ဆိုတော့ လူဦးရေ အချိုးနဲ့ တွက်ကြည့်ရင် လူထု စိတ်ဝင်စားမှု တော်တော် ရှိတာ ကို တွေ့ရတယ်။ အဲဒီ စာအုပ်ပွဲတော်မှာ ရောင်းရတဲ့ စာအုပ်ရဲ့တန်ဖိုးက ထိုင်းဘတ်ငွေ သန်း ၅၀၀ ကျော်တယ်လို့ ထုတ်ပြန်ခဲ့တယ်။ မြန်မာငွေနဲ့ တွက်ကြည့်ရင် သိန်းပေါင်း နှစ်သိန်းဖိုးလောက် ရောင်းရတာကိုတွေ့တော့ အမိမြန်မာပြည်က ပြည်သူတွေ ဒီလို စာအုပ်စာပေကို စိတဝင်စားနိုင်မယ့် အချိန် ဘယ်တော့ ရောက်နိုင်မလဲလို့ တမ်းတမိတယ်။

ကလေးတွေ စာဖတ်ဖို့အကြောင်းကို မိတ်ဆွေတစ်ဦးနဲ့ ပြောဖြစ်တော့ “ဟုတ်တယ်ဗျာ ကလေးတွေ စာဖတ်မှ တိုင်းပြည်အနာဂတ် ကောင်းမှာ။ လူကြီးတွေစာဖတ်မှ တိုင်းပြည်ရဲ့ ပစ္စုပ္ပန် ကောင်းမှာ။ လူကြီးတွေ စာမဖတ်တော့ တိုင်းပြည်ရဲ့ လက်ရှိ အခြေအနေကလည်း မကောင်းဘူး။ အနာဂတ် ကလည်း ကောင်းမယ့် အလားအလာ မမြင်ဘူး။ ဘာကြောင့် လဲဆိုတော့ ကလေးတွေက တောတောင် ထဲမှာ ပုန်းအောင်းနေရတုန်း ပဲလေ” လို့ ပြန်ဖြေတာကို ကြားတော့ စိတ်မောခဲ့ရတယ်။

ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က ဒုက္ခသည် စခန်းတွေမှာ ၁၆ နှစ်အောက် ကလေးတွေ လေးသောင်းကျော်၊ မြန်မာပြည် တစ်နံ တစ်လျားမှာ ဘယ်လောက်ထိ များများ ရှိနေမလဲ။ ထိုင်းနိုင်ငံမှာ မိဘတွေနဲ့ အတူ အလုပ်လုပ်နေတဲ့ ကလေးတွေ ဘယ်လောက်ထိ ရှိနေမလဲ မတွေးဝံ့ စရာပါ။

ထိုင်းနိုင်ငံမှာ ပညာသင်နေတဲ့ မိတ်ဆွေ တစ်ဦးကတော့ ကားလမ်းပေါ်မှာ ထိုင်းသတင်းစာနဲ့ ပန်းတွေ လိုက်ရောင်းနေတဲ့ မြန်မာပြည်က ကလေးတွေ တော်တော်များများကို တွေ့ခဲ့ရပါသတဲ့။ ကျွန်တော်တို့ ကလေးတွေ စာဖတ်ဖို့က ဝေးနေသေးတယ်။ လူသား တစ်ဦးအဖြစ် အသက် ရှင်ရေးအတွက် နိုင်ငံကို ဖြတ်ကျော်ပြီး ဈေးရောင်းနေရတဲ့ အခြေအနေမျိုး ကို ရောက်နေပါလားလို့ တွေးမိတယ်။

ကျွန်တော်ကိုယ်တိုင်လည်း မဲဆောက်က အာရှလမ်းမလို့ ခေါ်တဲ့ အဝေးပြေး လမ်းမပေါ်မှာ ထိုင်း သတင်းစာနဲ့ ပန်းတွေ လိုက်ရောင်းနေတဲ့ ကလေးတွေ ကို နေ့တိုင်းလိုလို တွေ့ဖြစ်ခဲ့တယ်။ တစ်ခါ ဒီကလေးတွေကို အအေးဆိုင်လေး တစ်ခုကိုခေါ် အအေးတွေတိုက်ပြီး သူတို့လေးတွေရဲ့ ဘဝကို မေးမြန်း ဖြစ်ခဲ့တယ်။ သူတို့လေးတွေကို ကျောင်းအပ်ပေး မယ် ပြောတော့ “ကျေးဇူးတင်ပါတယ် ဦး။ မိသားစု အဆင်ပြေရင် ကျောင်း တက်ချင်ပါတယ်တဲ့။ ဒါပေမဲ့ မိသားစု ထမင်းဝိုင်းလေး အဆင်ပြေဖို့က စာသင်ဖို့ထက် အရေးကြီးပါတယ်” လို့ ကလေးတွေရဲ့အဖြေကို ကြားခဲ့ရ တယ်။ တိုင်းပြည်ရဲ့ အနာဂတ် ခေါင်းဆောင်လောင်းတွေ နိုင်ငံခြား တိုင်းပြည် တစ်ခုမှာ ထမင်းစားဖို့ ပန်းလိုက်ရောင်းနေတာ၊ ပလတ်စတစ် လိုက်ကောက်နေတာ၊ ဒုက္ခသည် စခန်းတွေမှာ ပညာမသင်ရဘဲ ထိုင်နေရ တာ၊ တောတောင်တွေမှာ ပုန်းအောင်းနေရတာ၊ အရွယ်မရောက်ခင် စစ်သင်တန်း တက်နေတာကို တွေ့ရင် အမိမြန်မာပြည်ရဲ့ အနာဂတ် လား ရာက အလွန် စိုးရိမ်စရာကောင်းပါလားလို့ တွေးမိတယ်။

အိမ်နီးချင်း နိုင်ငံတွေက ကလေးတွေအတွက်တော့ အနာဂတ်ဟာ သူတို့ လက်ထဲမှာ လှလှပပ ကျန်ခဲ့စေဖို့ နိုင်ငံ အုပ်ချုပ်သူတွေ၊ နိုင်ငံ့အကျိုးကို ဦးဆောင်ဦးရွက် ပြုနေသူတွေက အင်တိုက် အားတိုက် လုပ်ဆောင်နေတာ ကို တွေ့ရတာ အားရ ဝမ်းသာစရာ၊ တိုင်းပြည်ရဲ့ အနာဂတ်ကလည်း စိတ်ချ စရာ ကောင်းလှပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်လောက်က တွေ့ခဲ့တဲ့ ဖြစ်ရပ်လေးပါ။ နယ်စပ် ထိုင်းစစ်တပ် စစ်ဆေးရေး ဂိတ်တစ်ခုကို တူညီ ကျောင်းဝတ်စုံတွေ ဝတ်ဆင်ထားတဲ့ ကလေးတွေ စီးလာတဲ့ ကျောင်းကားဖြတ်တော့ စစ်ဆေးရေးဂိတ်မှာ ရှိနေတဲ့ အရာရှိ၊ အရာခံအကုန် သတိဆွဲပြီး အလေးပြုတာကို တွေ့တော့ ကျွန်တော့် ရင်ထဲ နင့်နေအောင် ခံစားလိုက်ရတယ်။

ကျွန်တော်တို့ ကလေးတွေလည်း အသိအမှတ်ပြုမှုကို ခံရနိုင်ပါစေလို့ ဆုတောင်းမိသလို လက်ရှိ တို့ခေါင်းဆောင်တွေ တိုင်းရေးပြည်ရေး အကြောင်း တွေးမိပါစေလို့ ဆုတောင်းမိတယ်။
လှရွှေ
The Voice Weekly

မှတ်ချက်ရေးသားလိုတဲ့ စာဖတ်ပရိတ်များ တောင်းဆိုချက်အရ ဖွင့်ပေးလိုက်ပါပြီ။ မှတ်ချက်များ ရေးသားနိုင်ပါပြီ။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com