မမီမကမ်း အပြောင်းအလဲ
မြန်မာနိုင်ငံ ပြောင်းလဲနေသည်မှာ ၂နှစ်တာ ဆိုသောအချိန်နှင့် ယှဉ်ကြည့်လျှင် အလွန်မြန်သည်။ ကမ္ဘာအနှံ့ အပြောင်းအလဲ များကို လေ့လာနေသည့် ကမ္ဘာ့ပညာရှင်များပင် သြချရလောက်အောင် မြန်လွန်းသည့် အပြောင်းအလဲနောက်သို့ မြန်မာနိုင်ငံ၏ စနစ်များ၊ လူများ၊ ဓလေ့များက မမီမကန်း တိုးလို့တွဲလောင်း လိုက်နေရသည်။ နိပါတ်တော်လာ ပုဏ္ဏကဘီလူး မြင်းစီးဒုန်းစိုင်းသည့်နောက် ဘုရားလောင်း ဝိဓူရအမတ် မြင်းမြီးဆွဲ လိုက်နေရသည့်အသွင်။
နိုင်ငံခြားသားများ အလာများသည့် ခြေခင်းလက်ခင်းသာသော စားသောက်ဆိုင်တစ်ခုသို့ ရောက်သွားတော့ သာသာယာယာ။ အောက်ထပ်တွင် နိုင်ငံခြားသားများနှင့် တရုံးရုံး၊ အားလုံးပျော်လို့ ပါးလို့ ဆူဆူညံညံ။ နေရာပြည့်နေသောကြောင့် အပေါ်ထပ်သို့ မတက်ချင်တက်ချင် တက်ခဲ့ရသည်။ ကိုရွှေစားပွဲထိုးတို့က တော်တော်နှင့်မလာ။ အတော်ကြီးကြာမှ ရောက်လာပြီး ဟင်းပွဲမှာ ပြန်တော့ အတော်ကြာသွားပြန်သည်။ မေ့သွားပြီလားဟု ထင်မိသော အခါမှ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ ကိုယ့်နောက်မှ ရောက်လာသည့် နိုင်ငံခြားသားနှစ်ယောက် ဟင်းမှာရန်ပင် စားပွဲထိုး ကိုမတွေ့။ ဖင်တကြွကြွနှင့် အောက်ကို ကြည့်သူကကြည့်။ နောက်ဆုံး မစောင့်နိုင်သည့်အဆုံး တစ်ယောက်က အောက်ကို သွားခေါ်ရသည်။ ဒါတောင် အတော်ကြာမှရောက်လာသည်။ ထိုဆိုင်ကို ဝန်ဆောင်မှုကောင်းသည်ဟု သဘောပေါက်ထားသည့် ကျွန်တော် အံ့အားသင့်ရသည်။ အမှန်တော့ သူတို့ တာဝန်ယူနေကျ ထက် များပြားသည့် ဖောက်သည်များ ပြုံကျရောက်လာ ခြင်းကြောင့်။ သို့သော် ထိုတစ်နေ့တည်း ပြုံကျလာခြင်းကား ဟုတ်ဟန်မတူ။
နိုင်ငံခြားသားများနှင့် ထိတွေ့ဆက်ဆံမှုများသည့် ဌာနကြီး တစ်ခုမှ မိတ်ဆွေအရာရှိကြီး တစ်ဦးက အပတ်စဉ်လိုလို နိုင်ငံခြား ဧည့်သည်များကို လေဆိပ်သို့ သွားရောက် ကြိုဆိုနေရသောကြောင့် မူရင်းအလုပ်ကို မတို့မထိနိုင် ဖြစ်နေရပြီဟု ညည်းသည်။ သူမကြိုရင် ဘယ်သူကြိုမလဲ။ ရာထူးအဆင့်တန်းတူမတူ၊ အင်္ဂလိပ်လို သွက်သွက်လက်လက် ပြောနိုင်မပြောနိုင် ဒါတွေရှိသေးသည်။ သို့သော် သူ၏အဓိက အလုပ်ကလည်း နိုင်ငံအတွက်အရေးကြီးသည်။ သူ့အလုပ်ကို သူမလုပ်လျှင် ဘယ်သူလုပ်မလဲ။
လေဆိပ်တွင်ပင် ကြည့်ပါ။ ယခင်က ပြည်တွင်းရော ပြည်ပပါ သုံးသည့်လေဆိပ် အဆောက်အအုံဟောင်းကို ပြည်တွင်း တစ်ခု တည်းသာ သုံးစေခဲ့သည်မှာ နှစ်အနည်းငယ်ရှိပြီ။ ယခုထိုပြည်တွင်း လေဆိပ်သည် အဆင်းအတက် အလွန်များနေပြီ။ ယခင်က ကားကျဲပါးလှသော ကားရပ်နားရာ နေရာတွင် ယခုလေယာဉ်ဆင်းချိန် ဆိုလျှင် လေဆိပ်ဝင်းအတွင်း ကားအပြည့်။ ကြိုသည့်နေရာတွင်လည်း ပိတ်ကျပ်ညပ်နေသည့်ပုံ။ ဆင်းလာသောသူ တက်သွားသောသူတွင် လည်း နိုင်ငံခြားသား အချိုးအစားက အလွန်များလာသည်။ ပြည်ပဘက် အခြမ်းဆိုလျှင် ခရီးသည် အလွန်များလာသောကြောင့် လူဝင်မှုကြီးကြပ်ရေး ကောင်တာများသည် မူလဒီဇိုင်း ချထားသည့် နေရာတွင် မပါသည့် ခုံများပင် ထပ်တိုးထားရသည်။ အပြင်မှ ကြိုဆိုသူများ စောင့်ဆိုင်းသည့် နေရာနှင့် ပင်ကပ်နေပြီ။ အပြင်မှ လှမ်းကြည့်လျှင် လူဝင်မှုအရာရှိ စစ်ဆေးနေသည့် နိုင်ငံကူးလက်မှတ်ပါ အချက်အလက်များကိုပါ မြင်နေရသည် အထိ။
ရခိုင်ပြည်နယ်တွင် အခင်းဖြစ်ပွားစဉ်က တည်ငြိမ်အေးချမ်းအောင် ရဲတပ်ရင်းများ တိုးမြှင့်ချသည်တဲ့။ ဆန္ဒပြပွဲများကလည်း တစ်နိုင်ငံလုံး နေရာအနှံ့ ဖြစ်ပွားနေသည်။ နိုင်ငံခြားဧည့်သည်တော် များကလည်း အပတ်စဉ်လိုလို လာရောက် လည်ပတ်နေသည်။ ကမ္ဘာလှည့်ခရီးသည် များကလည်း ရုတ်တရက်တိုးလာသည်။ အိုဘားမားကဲ့သို့ အထူးစပါယ်ရှယ် ဧည့်သည်တော်အတွက် ပေးထားရသော လုံခြုံရေး ကလည်း ရဲတပ်ရင်း ဘယ်လောက်ဆိုပဲ။မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အင်အားတိုးချဲ့ထား၊ မချဲ့ထား ကျွန်တော်မသိ။ သို့သော် သူတို့ အလုပ်က အရင်ကထက် အဆမတန် များလာမှန်းတော့ မြင်သာသည်။ တာဝန်လည်း ပိုကြီးလာသည်။ ယခင်က ဧည့်သည်တော်များ လာသော်လည်း ခပ်ကျဲကျဲသာ။ ယခုမူ လာလိုက်သည့် ဧည့်သည်တော် တွေ။ သာမန်ကာလျှံကာ လည်းမဟုတ်၊ အားလုံးက ထိပ်ထိပ်ကျဲ။ ရန်သူ များသည့် အမေရိကန်၊ ဗြိတိန်တို့မှ ခေါင်းဆောင်များ၊ မြန်မာတွင် မြောက်ကိုရီးယားနှင့် ရာဇဝင်ရှိခဲ့သည့် တောင်ကိုရီးယားသမ္မတ ဆိုတော့ ယူလိုက်ရသည့် လုံခြုံရေးကလည်းအထူး။ လုပ်ထုံး လုပ်နည်း ကလည်း ကွဲသွားသည်။ ယခင်ကဆိုလျှင် စိတ်တိုင်းကျ ရှာနိုင်သည်။ ဖိတ်သောသူကလည်း နည်းနိုင်သမျှနည်းအောင် ဖိတ်မည်။ ယခုအချိန်တွင် ရှာလိုလျှင်လည်း ကိုယ်ခန္ခာကိုယ် ထိတွေ့ရှာဖွေလို့ မရပြီ။ နည်းနည်းရှာတာ များလျှင်ပင် အရှာခံရသူက မကြိုက်ချင်တော့။ ရဲလုပ်ငန်းတွင် လူ့သိက္ခာကို အလေးပေးရသော ခေတ်ဖြစ်လာ သည်။ စက်ကိရိယာ လိုလာသည်၊ နည်းပညာလိုလာသည်။
တကယ့်အသက်ထက် ဆယ်နှစ်ခန့်ငယ်သည်ဟု အမြဲထင်ရ သည့် မိတ်ဆွေကြီးတစ်ဦး လပိုင်းခန့်ပျောက်နေရာမှ ပြန်တွေ့တော့ သူ့အသက်ထက် ဆယ်နှစ်လောက်ကြီးသွားသည် ထင်ရသည်။ ဆံပင်ဖြူတွေလည်း ချက်ချင်း ပေါ်လာသလိုလို။ လူကလည်း အိပ်ရေးမဝသည့် မျက်နှာ။ လက်စသတ်တော့ နိုင်ငံခြားကုမ္ပဏီသစ် များနှင့် ဒေသခံမိတ်ဖက် (Local Partner) ဖော်ဆောင်နေသည်ကိုး။ သူအသစ်လုပ်သော လုပ်ငန်းက မြန်မာပြည်တွင် လုပ်သူမရှိသလောက် လုပ်ငန်းမျိုး။ လုပ်ငန်းတွေကတော့ အောင်မြင်နေသည်၊ လူကတော့ အိုစာသွားလိုက်သည်မှာ သူပင် မဟုတ်သလို။ ယခုနောက်ပိုင်း မေးကြည့်တော့ ခပ်လျှိုလျှို နှိမ့်နှိမ့်ချချစရိုက်ရှင် သူကိုယ်တိုင်က အလုပ်က မနိုင်လောက်အောင်ပင် လုပ်ငန်းအပ်နှံသူများ များပြားနေသည်ဟု ဖြေသည်။
လူအများမြင်ကွင်းထဲမှ ပုဂ္ဂိုလ်များကို ကြည့်လျှင် အပြောင်း အလဲ၏ ဖိစီးမှုကို အလွယ်တကူမြင်နိုင်သည်။ သမ္မတဦးသိန်းစိန် တရုတ်ကိုသွား၊ ပြန်လာ။ တစ်ရက်သာနားပြီး ချက်ချင်းပြန်ထွက်ကာ အမေရိကသို့ ရောက်သွားသည်။ အာဆီယံအစည်းအဝေး သွားတက်ရင်း အမေရိကန်သမ္မတ ရောက်လာတော့ အိမ်ရှင်ဝတ္တရားအတိုင်း ရန်ကုန်ပြန်လာပြီး တွေ့။ ချက်ချင်း ဖနွမ်းပင် ပြန်ရမည်။ ဦးသိန်းစိန်က အသက် ခုနှစ်ဆယ်နားနီးပြီ။ သည်ကြားထဲ နှလုံးပုံမှန်အလုပ်လုပ် အောင် စက်တပ်ထား ရသောသူ။
ဒေါ်အောင်ဆန်းစုကြည်ရော။ သူလည်း အသက်ခုနှစ်ဆယ်နား နီးပြီ။ မြန်မာသက်တမ်း၊ မြန်မာအယူအဆနှင့် ဆိုလျှင် သက်ကြီး စာရင်းဝင်ပြီ။ မရပ်မနား ပြည်တွင်းပြည်ပ၊ ထမ်းထားသည့် အရာများကလည်း ဗြဟ္မာ့ဦးခေါင်းများ။ ပါတီတည်ဆောက်ရေး၊ နိုင်ငံတည်ဆောက်ရေး၊ ယုံကြည်မှု တည်ဆောက်ရေး မျိုးစုံဆောင် ရွက်နေရသည်။
ဒေါ်အောင်ဆန်းစုကြည်တို့၊ ၈၈မျိုးဆက်တို့ အပါအဝင် ယခင် အတိုက်အခံ နိုင်ငံရေးသမား အချို့သည် အစိုးရကမကထပြုကာ ဖွဲ့ထားသည့် ကော်မရှင်တို့၊ ကောင်စီတို့တွင်လည်း ပါဝင်ကြရာ သူတို့နယ်သို့ လာရောက်လည်ပတ်သည် ဆိုလျင် သက်ဆိုင်ရာတို့က ခရီးဦးကြိုပဲ ပြုရမလို၊ စောင့်ပဲကြည့်ရမလိုလို။ ကျွန်တော် ပြောချင်သည်က အပြောင်းအလဲ၏ အရှိန်မြန်သောကြောင့် အပြောင်းအလဲ နောက်သို့ တလိမ့်ခေါက်ကွေး လိုက်နေကြရသည်ကို။ ယခင်က ရန်သူဟု မှတ်ထားသူသည် မိမိအား ညွှန်ကြားသူ ဖြစ်လာသည်။ အပြင်ကလူ အတွင်းရောက်လာပြီး အတွင်းကလူ အပြင်ရောက်သည်။ ယင်းသည် အပြောင်းအလဲ၏ စရိုက်လည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ အပြောင်းအလဲသည် ဝုန်းဒိုင်းပြောင်းသော အပြောင်းအလဲ ဖြစ်သည်။ ကိုယ်အားဖြင့်လည်းကောင်း၊ စိတ်အား ဖြင့်လည်းကောင်း မနည်းအမီလိုက်နေရသော အပြောင်းအလဲ ဖြစ်သည်။ အရေအတွက်၊ အရည်အချင်း၊ နည်းပညာ၊ စက်ကိရိယာ အားတို့ဖြင့် ကူနိုင်ပါမှ အပြောင်းအလဲ ချောမွေ့လိမ့်မည်။
(ေဇယ်သူ)
The Voice Weekly
Labels:
ဆောင်းပါး