![]() |
ဓာတ်ပုံ – အောင်သိုက် |
ကားအရောင်း အ၀ယ်ဈေးကွက်အတွင်း ကားများရောင်းအား ကျလျက်ရှိကြောင်း ကားအရောင်းအ၀ယ်
ပြုလုပ်နေသူများ၏ ပြောကြားချက်အရ သိရသည်။
“သင်္ကြန်ပြီးကတည်းက ရောင်းအားကျသွားတာ။ အရင်က တစ်ပတ်ကို လေးစီးလာက်ရောင်းရရင် အခုက
နှစ်စီးလောက်ပဲရောင်းရတယ်။ တစ်ဝက်လောက်ရောင်းအားကျသွားတယ်”ဟု ကားဝယ်ရောင်း ပြုလုပ်နေသူ ဦးထင်လင်း က ပြောကြားသည်။
ကားအရောင်းအ၀ယ် ကျဆင်းသွားရခြင်းမှာ ကျောင်းဖွင့်ချိန် နီးလာခြင်း၊
လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့သဖြင့် နိုင်ငံရေးအခြေအနေ မတည်ငြိမ်ခြင်းတို့ကြောင့်လည်း
သက်ဆိုင်ကြောင်း၊ ကားအရောင်းအ၀ယ် ပြုလုပ်သူများ၏ ပြောကြားချက်အရ သိရသည်။
“ကားတွေက အခု အရောင်းအရမ်းကျတယ်။ အရင်ကားတစ်စီးကို ၁၀ သိန်းကျော်လောက်မြတ်ရင် အခု ၆သိန်း၊ ၇သိန်းလောက်ပဲ မြတ်တယ်။ ၀ယ်သူနည်းတော့ ဈေးလည်းလျှော့ရောင်းပေးရတယ်။” ဟု
ကားအရောင်းအ၀ယ်ပြုလုပ်နေသူ ကိုသီဟကျော်က ပြောကြားသည်။
ယင်းအပြင် ကားအရောင်းအ၀ယ် ပြုလုပ်နေသူများမှာ ဟံသာဝတီ ကားဝင်းမှ ပြောင်းရွှေ့ပြီးချိန်မှ
စတင်ပြီး သီရိမင်္ဂလာဈေးဟောင်းနှင့် မင်းရဲကျော်စွာတို့တွင် ၀ယ်ရောင်းသမားများ တစ်ကွဲတစ်ပြားစီ
ဖြစ်သွားခြင်း နှင့် နေရာအတည်တကျ သတ်သတ်မှတ်မှတ် မရရှိနိုင်သေးသောကြောင့် ကားအရောင်းအ၀ယ်
သမားများမှာ အခက်အခဲဖြစ်ပွားလျက်ရှိ ကြောင်းသိရသည်။
“ရာသီဥတုက အရမ်းပူတယ်။ ကားဝင်းထဲမှာက ၀ယ်သူတွေလာကြည့်ဖို့ မပြောနဲ့ ရောင်းတဲ့ သူတွေတောင်
မနက်နေအေးတဲ့ အချိန်နဲ့ ညနေနေစောင်းလောက်တဲ့ အချိန်မှ လာတဲ့လူတွေတောင်ရှိတယ် ။ မင်းရဲကျော်စွာ
ကားဝင်းကလည်း ထပ်ပြောင်းရဦးမယ်။ ရာသီဥတု ပူတာရော၊ နေရာအတိအကျ မရနိုင်သေးတာတွေရော၊
နိုင်ငံရေးက မငြိမ်သက်တာတွေရောက ကားဈေးကွက်ကို ထိခိုက်တယ်”ဟု ကားအရောင်းအ၀ယ် ပြုလုပ်နေသူ ဦးခင်မောင်လတ်က ပြောကြားသည်။
ထိုသို့ နိုင်ငံရေး မတည်ငြိမ်ခြင်းကြောင့် ကားအရောင်းအဝယ် နည်းပါးခြင်း၊ နေရာအတည်အကျ
မရရှိသေးခြင်းစသည့် အခြေအနေ အရပ်ရပ်အား ကားဝယ်ရောင်းသမားများသည် ရာသီဥတုအပူချိန်နှင့်အတူ ခံစားကြရလျက်ရှိကြောင်း ကားအရောင်းအဝယ်သမားထံမှ သိရသည်။
ဆုဝေ
မြန်မာ့ခေတ်