ရန်ကုန်၊ မေ ၂၉။
ရွှေပြည်သာမြို့နယ်၊ (၁၃)ရပ်ကွက်ကိုဖြတ်၍ သီတာ ကုမ္ပဏီမှ ဗို့ (၃၃၀၀၀)အားရှိသော လျှပ်စစ် ကြိုး သွယ်တန်းရန် ပြင်ဆင်နေမှုအား စိုးရိမ်သဖြင့် ကန့်ကွက်နေကြောင်း ရပ်ကွက်နေပြည်သူများက ပြောကြားသည်။
“ဒီကိစ္စက တစ်ယောက်ကောင်း အကျိုးဖြစ်ပေါ်ရေးအတွက်ဖြစ်ပြီး ရပ်ကွက်နေပြည်သူတွေအတွက် ဘာအကျိုးမှ မရှိဘူးလိုထင်တယ်။ ကျွန်တော်တို့ကတော့ အန္တရာယ်ရှိတဲ့အတွက် ကန့်ကွက်နေတာပါ”ဟု ၁၃ ရပ်ကွက်တွင် နေပြည်သူတစ်ဦးဖြစ်သူ ကိုလှိုင်မိုးက ပြောကြားသည်။
ယခုလ ၂၄ရက်နေ့မှ စတင်ကာ လျှပ်စစ်တိုင်များအား ကားကြီးများဖြင့် သယ်ယူသွားလာသောကြောင့် ကိုယ်ထူကိုယ်ထ ကွန်ကရစ်လမ်းများ ပျက်စီးလာကြောင်း၊ ဗို့အားမြင့် လျှပ်စစ်သွယ်တန်းမှုများပြုလုပ်မည်ဖြစ်ကြောင်း သိရသောကြောင့် အန္တရာယ်ရှိနိုင်သဖြင့် ကန့်ကွက်ခြင်းဖြစ်ကြောင်း ရပ်မိရပ်ဖဖြစ်သူ ဦးသိန်းက ပြောကြားသည်။
သီတာ ကုမ္ပဏီမှ မန်နေဂျာ ကိုဇော်ဝင်းထွေးက “ကျွန်တော်တို့ အဆင့်ဆင့် ခွင့်ပြုချက်တွေတောင်းခံပြီတော့ မှလုပ်တာပါ။ အရင်က လမ်းပျက်လို့ပြင်ခိုင်းတာကနေစပြီး ဒီကိစ္စတွေဖြစ်လာတာ။ ကျွန်တော်တို့ ညှိနှိုင်းမှုတွေ လုပ်နေပါတယ်။ ကျွန်တော်တို့ အဆင့်ဆင့် အကောင်းဆုံး လုပ်သွားမှာပါ”ဟု မြန်မာ့ခေတ်သို့ ပြောကြားသည်။
ရွှေပြည်သာ ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုထက်က”ကျွန်တော်ကအုပ်ချုပ်ရေးမှူး
သင်တန်းတက်နေရလို့ သိပ်မသိပါဘူး။ ဒါပေမဲ့ အခုရပ်ကွက်က သူတွေက မကျေနပ်ဘူးဆိုတော့ ကျွန်တော်က မြို့နယ်အုပ်ချုပ်ရေးမှူး နေတစ်ဆင့် လျှပ်စစ်ဌာနကို စာတင်ပေးမှာပါ”ဟု ပြောကြားသည်။
သီတာ ကုမ္ပဏီသည် ဝါးတစ်ရာ စက်မှုဇုန်မှ အမှတ်(၂) စက်မှုဇုန်သို့ အိမ်ခြေပေါင်း တစ်ထောင်ခန့်ရှိသည့် ရွှေပြည်သာ အမှတ် ၁၃ ရပ်ကွက်ကို ဖြတ်သန်း သွယ်တန်းရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။
ပိုင်လေး
မြန်မာ့ခေတ်
ရပ်ကွက်ကို ဖြတ်၍ ဗို့အားမြင့် လျှပ်စစ်ကြိုးသွယ်တန်းမှု ဒေသခံများ စိုးရိမ်
Labels:
ပြည်တွင်းသတင်း