မျက်ကြည်လွှာထွက်သွားလို့ အရေးပေါ် မျက်စိခွဲစိတ်ထားရတာ ၂၁ ရက်ရှိသွား ပါပြီ။ မျက်စိအခြေအနေ တိုးတက်လာပေမယ့် ဆရာဝန်က အပြည့်အဝ အနားယူဖို့၊ မျက်စိကို အလွန်အကျွံ အသုံးမချဖို့ ညွှန်ကြားထားပါတယ်။ ဒီနေ့တော့ ဒါတွေကို မလိုက်နာနိုင်ပါဘူး။ လက်ပံတောင်းတောင် အစီရင်ခံစာ ထွက်လာတယ်ဆိုလို့ ကျန်တဲ့ မျက်စိတစ်ဖက်နဲ့ ကြိုးစားပမ်းစား ဖတ်ကြည့်မိပါတယ်။ ဖတ်ပြီးတဲ့အခါမှာလည်း ရင်ထဲမှာ တစ်ဆို့ဆို့ကြီး ခံစားရလို့ ကိုယ့်ရဲ့ဝေဖန်သုံးသပ် ချက်ကို ချရေးမိပါတယ်။
ပထမဆုံး ပြောရရင်တော့ ကိုယ့်ရဲ့ခံစားချက် တွေဟာ တစ်ခုခုကို ထိမ်ချန်ထားသလို ခံစားရပါတယ်။ ပြောသင့်ပြောထိုက်တာတွေကို မပြောဘဲ၊ ထိမ်ချန်ပြီး မရုတ်မလွန် မြွေမသေ၊ တုတ်မကျိုး ပြောနေသလိုမျိုးပဲ ခံစားရတယ်။ စီမံကိန်းရဲ့ အားနည်းချက်တွေကို ပြုပြင်ပြီး စီမံကိန်းကို ဆက်လုပ်သင့်တယ်လို့ အကြံပြုတာကို ဘယ်လိုမှ ဝေဖန် အပြစ်မပြောလိုပါဘူး။ ဒါပေမဲ့ အောက် ဖော်ပြပါ အချက်အလက်တွေနဲ့ ပတ်သက်ပြီး ပိုပြီးတိတိကျကျ သုံးသပ်ဆွေးနွေး၊ အကြံပြုရင် ကောင်းမှာပဲလို့ ထင်မိပါတယ်။
(၁) ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်သုံးသပ်ချက် တွေက သိပ်ပြီးထူးထူးခြားခြား မပါရှိပါဘူး။ ကျားကိုက်ပါတယ်ဆိုမှ အပေါက်လေးလား ဆိုသလိုပါပဲ။ ဒေသခံပြည်သူတွေနဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေ ပြောတဲ့ အချက်တွေကို ပြန်ပြီး တရားဝင်ဖြစ်အောင် ပြောတဲ့သဘောဖြစ် နေတယ်။ ကော်မရှင်ပါ ပညာရှင်တွေအနေနဲ့ အကန့်အသတ်၊ အခက်အခဲတွေ အများကြီးရှိမယ် ဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ ကျားကိုက်တဲ့ အပေါက်လေးက ဘယ်လောက်နက်လဲ၊ လူသေမှာ လားဆိုတဲ့ အချက်လေးတွေပါအောင် ဆန်းစစ် သုံးသပ်ပေးနိုင်ရင် ကောင်းမယ်လို့ထင်ပါတယ်။
အထူးသဖြင့် စီမံကိန်းကို ဆက်မလုပ်စေ လိုတဲ့ ဒေသခံတွေ အနေနဲ့ ဒီစီမံကိန်းကြောင့် မြေပေါ်မြေအောက် ရေညစ်ညမ်းမှုကြောင့် ချင်းတွင်းမြစ် ထိခိုက်ပြီး မုံရွာမြို့ကြီးပါ ဆိုးကျိုး ကြုံတွေ့ရမယ့်ကိစ္စတွေကို စိုးရိမ်ပူပန် နေကြပါ တယ်။ တစ်နည်းအားဖြင့် ရေညစ်ညမ်းမှု ဖြစ်မယ် ဆိုက ငြင်းစရာမရှိတဲ့ အချက်ပါ။ ဒါပေမဲ့ ဒီညစ်ညမ်းမှုဟာ ဘယ်အတိုင်းအတာအထိ ဖြစ်မလဲ၊ ဖြစ်နိုင်လဲဆိုတာကို ရှင်းလင်းသုံးသပ်ဖို့ ကောင်းပါတယ်။ အခြေခံကိန်းဂဏန်း အချက်အလက် (Baseline Data) တွေ မရသေးလို့ ကံသေကံမ မပြောနိုင်သေးရင်တောင်မှ ဖြစ်နိုင်ခြေတွေ ပညာ ရပ်ပိုင်းဆိုင်ရာ ရှုထောင့်ကနေ ရှင်းရှင်းလင်းလင်း ပြောပြသင့်ပါတယ်။ ဒီရှင်းလင်းချက် မပါရင် ဒီအချက် ကို စိုးရိမ်နေသူတွေဘယ်လိုမှ ကြောင့်ကြကင်းမှာ မဟုတ်ပါဘူး။
ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်ရာမှာ ဆိုးကျိုး ဖြစ်မဖြစ် လေ့လာရုံတင်မကပါဘူး။ ထိခိုက်နိုင်မှု (Magnitude) နဲ့ ဆုံးရှုံးနစ်နာနိုင်မှု (Intensity) နှစ်ခုလုံးကိုပါခြုံပြီး သုံးသပ်ဖို့လိုပါတယ်။ စာရေး သူအနေနဲ့ စီမံကိန်း စနစ်တကျမဆောင်ရွက်ရင် ရေညစ်ညမ်းမှု ရှိနိုင်တယ်။ အတိတ်ကာလအိုင်ဗင်ဟိုးကုမ္ပဏီ လုပ်ခဲ့စဉ်ကတည်းကကို ရေညစ်ညမ်းမှုတွေ ရှိခဲ့ဖူးတယ်။ ဒါကြောင့် တရုတ်ကုမ္ပဏီတွေ အနေနဲ့ ပတ်ဝန်းကျင်ကို အလေးမထားခဲ့ရင် ရေညစ်ညမ်းမှုတွေ ဖြစ်နိုင် တယ်လို့ ခန့်မှန်းခဲ့ပါတယ်။ ဒါပေမဲ့ ဒေသခံတွေ ပြောနေတဲ့အချက်က စိုးရိမ်ပူပန်မှု လွန်ကဲနေတယ်လို့ ထင်မြင်မိတယ်။ တရုတ်ကုမ္ပဏီတွေရဲ့လုပ်ဆောင်မှုမှတ်တမ်းနဲ့ လက်ရှိဆောင်ရွက်ပုံ တွေကို လေ့လာသုံးသပ်ကြည့်ရင် ပတ်ဝန်းကျင်ကို အလေးထားမှုအားနည်းတယ်လို့ သုံးသပ်နိုင်ပါတယ်။
ဒါကြောင့်မို့ ဒေသခံတွေ စိုးရိမ်ပူပန်မှု လွန်ကဲနေတာကို အပြစ်ပြောလို့ မရနိုင်ဘူး။ ပညာရပ်ပိုင်းဆိုင်ရာ ပိုမိုလေ့လာတိကျတဲ့ အချက်တွေနဲ့ ဒေသခံတွေကို ရှင်းလင်းသင့်တယ်လို့ ထင်မြင်မိပါတယ်။ လက်ရှိအခြေအနေမှာ လေ့လာရေး ကန့်သတ်ချက်တွေ၊ အခက်အခဲတွေကြောင့် ဒေသခံတွေရဲ့ စိုးရိမ်မှုကို တိကျတဲ့အဖြေ မပေးနိုင်သေးရင်လည်း မပေးနိုင်သေးကြောင်း အတိ အလင်းဖော်ပြပြီး ဘယ်လို ဆန်းစစ်လေ့လာမှု တွေလုပ်ဖို့လိုတယ်။ ဒါမှသာ ပိုပြီးတိတိကျကျပြော နိုင်မယ်ဆိုတဲ့ ရှင်းလင်းချက်တွေ ပေးသင့်ပါတယ်။
ပတ်ဝန်းကျင်ရေးရာ ဆန်းစစ်တဲ့အခါမှာ ၁၀၀ ရာခိုင်နှုန်း ပြီးပြည့်စုံ Perfect ဖြစ်နိုင်ဖို့ မလွယ်ပါဘူး။ လေ့လာဆန်းစစ်တဲ့အခါမှာ အသုံးပြုတဲ့ ယူဆချက်တွေ နည်းစနစ်တွေ တွက်ချက်မှု တွေရဲ့ အားနည်းချက်၊ အားသာချက်တွေကို ကြိုတင်ဖော်ပြထားဖို့ လိုပါတယ်။ ဒါမှသာကိုယ့်ရဲ့ သုံးသပ်ချက်ဟာ ဘယ်အတိုင်းအတာ အကန့်အသတ် ဘောင်အတွင်းမှာပဲ မှန်နိုင်တဲ့ ရာခိုင်နှုန်း ဘယ်လောက်ရှိတယ်၊ အများလက်ခံနိုင်တဲ့ အနေအထား ဘယ်လောက်ရှိတယ် ကြိုတင်ပြောထားမှ သုံးသပ်ချက်၊ အကြံပြုချက်တွေဟာ ပိုပြီး ထင်သာ၊ မြင်သာရှိပါတယ်။ ကော်မရှင်ရဲ့ အစီရင်ခံစာမှာ လေထုညစ်ညမ်းမှုကို စစ်ဆေး တိုင်းတာတဲ့အခါ လေထုထဲဖုန်မှုန့် (TSPM) များနေတာကိုသာ ထောက်ပြပြီး SO2 ပမာဏကတော့ ညစ်ညမ်းမှု အဆင့်မရှိဘူးလို့ သုံးသပ်ထားပါတယ်။
စာရေးသူ နားလည်ထားသလောက် ပြောရရင် လေထုညစ်ညမ်းမှုကို ပုံမှန်ရေရှည် တိုင်းတာမှု ပြုလုပ်မှသာ လေထုထဲ အက်စစ်ပမာဏ သတ်မှတ်ချက်ထက် များ မများ သိနိုင်ပါတယ်။ လေထုထဲမှာ ရှိမယ့် အက်စစ်ပြင်းအားဟာ စိုစွတ်တဲ့ရာသီဥတု၊ အချိန်ကာလမှာ နည်းပါးလျက်ရှိပြီး ခြောက်သွေ့တဲ့ ရာသီနေ့အချိန်တွေမှာ ပိုများပြားတတ်ပါတယ်။ အစီရင်ခံစာထဲမှာ အက်စစ်ပမာဏတွေဟာ လေထု ထဲမှာ မများဘူးလို့ ဆိုတဲ့အခါ ခေါင်းထဲကို အတွေးဝင်လာတာက ကော်မရှင်ရဲ့ လေ့လာဆန်းစစ် တဲ့နည်းစနစ်နဲ့ အချိန်ကာလတွေပါပဲ။ လေထု အရည်အသွေး စစ်ဆေးဖို့ နမူနာကောက်ယူတဲ့ အခါမှာ ဘယ်အချိန်ကာလတွေမှာ ကောက်တာလဲ၊ ဘယ်နေရာတွေမှာ ဘယ်နှကြိမ်ကောက်လဲ၊ ကောက်ယူတဲ့ နမူနာတွေကကော ဒေသတစ်ခုလုံး မှာ အက်စစ်ညစ်ညမ်းမှု မရှိဘူးလို့ ပြောလောက် အောင် ကိုယ်စားပြုနိုင်ရဲ့လား အစရှိသဖြင့် သိချင်လာပါတယ်။ ပတ်ဝန်းကျင်ရေးရာ အသေးစိတ် အစီရင်ခံစာ မှာတော့ ဒီအချက်တွေပါမယ်လို့ မျှော်လင့်ပါတယ်။
ဒါပေမဲ့ ပြည်သူလူထုကို အစီရင်ခံတဲ့ အစီရင်ခံစာမှာ ဒီဆန်းစစ်တဲ့ နည်းစနစ်တွေရဲ့ Degree of subjectiviey တစ်ဖက်သတ် ကိုယ်သန်ရာတွေး ကောက်ချက်ချယူနိုင်မှုကို ဘယ်လို လျော့ပါးအောင် လေ့လာ သုံးသပ်ထားတယ်ဆိုတဲ့ အချက်တွေ ယေဘုယျ ထည့်သွင်းဖော်ပြ သင့်တယ်လို့ ထင်ပါတယ်။ နို့မို့လို့ဆိုရင် စီမံကိန်းကြောင့် အက်ဆစ်ဓာတ် များကြောင့် လေထု ညစ်ညမ်းမှု မရှိဘူးဆိုတဲ့ တရားသေကောက်ချက်တွေ ဖြစ်သွားနိုင်ပြီး အရေးကြီးတဲ့ အချက်တစ်ချက် ကျန်သွားနိုင်ပါတယ်။ SO2 ဟာ ပေါ့ပါးပြီး လေတိုက်အားပေါ်မှာ မူတည်ပြီး မိုင်ထောင်ချီ ပြေးနိုင်ပါတယ်။ ရာသီအလိုက် လေတိုက်ရာ အရပ်ကိုလိုက်ပြီး အနောက်တောင်ဘက်နဲ့ အရှေ့မြောက်တွေဘက်မှာ SO2 ရဲ့ ဆိုးကျိုးဒဏ် ကို ခံရနိုင်ပါတယ်။ လေနဲ့ရေမှာ ပါလာတဲ့ အက်ဆစ်ဓာတ်ကြောင့် မြေအဆိပ်သင့်မှု (Soil contamination) နဲ့ပတ်သက်ပြီးတော့ အစီရင်ခံစာမှာ ဖော်ပြထားတာ သိပ်မတွေ့မိသလိုပါပဲ။ မြေအဆိပ်သင့်မှုဟာ စားနပ်ရိက္ခာ ထုတ်လုပ်ရေးနဲ့ လူအများအာဟာရ ဖွံ့ဖြိုးရေးနဲ့ ကျန်းမာရေး ကိစ္စတွေမှာ အကျိုးသက်ရောက်မှု ရှိတဲ့အတွက် အရေးကြီးတဲ့ အချက်တစ်ချက်ပါ။
(၂) ပတ်ဝန်းကျင်ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ပိုမိုသိရှိ နားလည်နိုင်ဖို့ EIA၊ SIA လေ့လာမှု တွေ ပိုမိုလုပ်ကိုင်ဖို့ အကြံပြုထားပါတယ်။ တစ်ဆက် တည်းမှာပဲ ပတ်ဝန်းကျင် ပြုပြင်ထိန်းသိမ်းရေး စီမံချက် (EMP) တွေ ရေးဆွဲဖို့လည်း ပါပါတယ်။ ဒါပေမဲ့ ဒီရေးဆွဲချမှတ်တဲ့ စည်းကမ်းတွေ၊ စီမံချက် တွေကို ဘယ်လိုလက်တွေ့မှာ အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ဖို့ ဘယ်လို အစီအမံတွေနဲ့ ကြီးကြပ်ကွပ်ကဲ စောင့်ကြည့်မယ့် ယန္တရား (Environmental Monitoring Mechanism) ကို ထားရှိဖို့လိုတယ် ဆိုတဲ့အချက်ကို ဆွေးနွေးထား တာမတွေ့ရပါဘူး။ ဥပဒေစိုးမိုးရေး ပြောသလိုပါပဲ။ လွှတ်တော်တွေက ဘယ်လောက်ကောင်းတဲ့ ဥပဒေတွေ ထုတ်ပြန်ပြဋ္ဌာန်းပေမယ့် လက်တွေ့ တွန်းအားပေးဆောင်ရွက်မယ့် Enforcement mechanism စီမံခန့်ခွဲမှု ယန္တရားတွေမရှိရင် အရာ မရောက်နိုင်ပါဘူး။ အထူးသဖြင့် ပြည်သူလူထုကို ဒီလိုစောင့်ကြပ် ကြည့်ရှု စီမံခန့်ခွဲပိုင်ခွင့် အခွင့် အာဏာ၊ တစ်နည်းအားဖြင့် Community Empowerment မလုပ်ဘူးဆိုရင် ရေရှည်မှာ လက်တွေ့ အကောင်အထည်ပေါ်လာမှာ မဟုတ်ပါဘူး။ ဒါကြောင့် လူထုကို ပတ်ဝန်းကျင်ရေးရာကိစ္စ ရပ်တွေမှာ အပြုသဘောမျိုးဆောင် ပိုမိုပူးပေါင်း ဆောင်ရွက်လာနိုင်အောင် အမြင်ဖွင့် ပြုစုပျိုးထောင် ပေးရင်း သူတို့ကိုယ်တိုင် ဘယ်လိုတိုက်ရိုက် စီမံ ခန့်ခွဲနိုင်ခွင့် လွတ်လပ်စွာပြုမလဲဆိုတာ အစီရင် ခံစာမှာ အလေးပေး ဆွေးနွေးသင့်ပါတယ်။
(၃) လူမှုဆန်းစစ်ချက်မှာ မြေသိမ်းယူမှု လျော်ကြေးပေးတာတွေ ထင်သာမြင်သာ မရှိမှုနှင့် ကာလပေါက်ဈေးအတိုင်း မပေးတာတွေကို ဒေသခံ ပြည်သူတွေ ပြောတဲ့အတိုင်းပဲ ထောက်ပြသုံးသပ် ထားပါတယ်။ အကြံပြုချက်အနေနဲ့ မြေသိမ်း လျော်ကြေးပေးဖို့ရယ်၊ အလုပ်အကိုင် အခွင့်အလမ်း တွေ ပိုမိုရရှိအောင် ဆောင်ရွက်ဖို့ရယ်၊ အသေးစားနဲ့ အလတ်စားလုပ်ငန်း SME တွေ ဖွံ့ဖြိုးအောင် ဆောင်ရွက်ပေးဖို့ရယ် ဆိုပြီး အဓိက အကြံပြုထား ပါတယ်။
မစားရဝခမန်း ဒေါ်လာသန်းထောင်ချီ မြတ်မယ့် စီးပွားရေးစီမံကိန်းတွေ ဆိုရင် ဘယ်လို အကျိုးစီးပွားကို ခွဲဝေဖြန့်ဖြူးအောင် လုပ်မယ် (Benefit Sharing and Wealth Distribution) ဆိုတာ တိတိကျကျ ဖော်ပြသင့်ပါတယ်။ တစ်နည်း အားဖြင့် စီမံကိန်းကြောင့် ရလာမယ့် Economic Growth ကို Equity အလို့ငှာ ဘယ်လိုဒေသခံ ပြည်သူလူထုကို Distribute ဖြန့်ဝေမယ်ဆိုတာ အရေးကြီးပါတယ်။ ဒီကနေ့အပြောများတဲ့ Corporate Social Responsibility - CSR ဟာ အဖြေမဟုတ်ပါဘူး၊ အားနည်းချက်တွေရှိပါတယ်။
CSR ဟာ အဓိကအားဖြင့် လူ့အခွင့်အရေး အရသော်လည်းကောင်း၊ ဥပဒေအရသော် လည်းကောင်း ပြဋ္ဌာန်းထားတဲ့ ပတ်ဝန်းကျင်ရေးရာ စည်းကမ်း၊ လူမှုရေးကျင့်ဝတ်တွေကို ကုမ္ပဏီတွေက လိုက်နာတဲ့ အဆင့်ပဲ ရှိပါသေးတယ်။ ကော်ပိုရေးရှင်းတွေ သဒ္ဓါရင် သဒ္ဓါသလို ပေးကမ်းစွန့်ကြဲတဲ့ လူမှုရေး ဒါနပြုမှုတွေ ရှိကောင်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ တိုးပွားလာတဲ့ အကျိုးစီးပွားကို ကနဦး အစကတည်းက ဘယ်လိုလူထုထဲကို ဖြန့်ဖြူးပေး မယ်ဆိုတဲ့ ကတိကဝတ်ပြု ချည်နှောင်ထားမှုတွေ မရှိပါဘူး။
မျက်စိထဲမြင်အောင် ပြောရရင် အိမ်ရှင် ချမ်းသာလာလို့ အိမ်ဖော်ကို သဒ္ဓါတရားအရ ရွှေဆွဲကြိုးဆင်ပေးတဲ့ အဆင့်ပဲ ရှိပါတယ်။ တကယ့်ကို တာဝန်သိတဲ့ စီးပွားရေး Responsibility Business ဆိုတာ လူ့အခွင့်အရေးနဲ့ ပတ်ဝန်းကျင် ရေးရာ စောင့်စည်းရမှာတွေကို လိုက်နာရုံတင် မကဘူး။ စီပွားရေး လုပ်ကတည်းကကို ရလာမယ့် Growth ကိုဘယ်လို ပြည်သူထူထုကို တိုက်ရိုက် ရရှိအောင် ဖြန့်ဖြူးမလဲဆိုတာ စဉ်းစားပြီး စီမံကိန်းကို Design လုပ်ပြီး ရေးဆွဲအကောင် အထည် ဖော်ရပါတယ်။ အစိုးရကို အခွန်ပေးနေရတာပဲ၊ ဒေသခံတွေ အလုပ်ရနေတာပဲ၊ ငွေတွေလှူ နေတာပဲ ဆိုတာတွေနဲ့ မလုံလောက်ပါဘူး။ ငွေတွေ အမြတ်ထဲကမှ ဘယ်လောက်ရာခိုင်နှုန်းနဲ့ ဒေသဖွံ့ဖြိုးရေးကို နှစ်စဉ်ပုံမှန် ထောက်ပံ့မယ် အစရှိသဖြင့် တိတိကျကျ တာဝန်ယူသတ်မှတ် ဖော်ပြသင့်ပါတယ်။
နိုင်ငံတကာ ငွေရေးကြေးရေး အဖွဲ့အစည်းတွေဖြစ်တဲ့ IFC နဲ့ နိုင်ငံတကာဖွံ့ဖြိုးရေး အဖွဲ့အစည်းတွေ လက်ခံထားတဲ့ လုပ်ငန်းလမ်းညွှန် ကတော့ မြေသိမ်းယူရတဲ့ ကိစ္စတွေမှာ သိမ်းခံရသူတွေ ဘဝရပ်တည်ရှင်သန်ရေး အတွက် အစီအမံတွေ အတိအကျ ပါဝင်သင့်တယ်လို့ မူဘောင် ချမှတ်ထားပါတယ်။ ဒါကြောင့်မို့လို့ ကြေးနီ စီမံကိန်းဟာ အကျိုးအမြတ်တွေ တွက်ချက်တဲ့ အတိုင်း ရှိနေမယ်ဆိုရင် အမြတ်ရာခိုင်နှုန်း တစ်ခုကို သတ်မှတ်ပြီး ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေတစ်ရပ် တည်ထောင်သင့်တယ် ဆိုတဲ့အချက်ကို အလေးအနက်ထား အကြံပြုသင့်တယ်လို့ ထင်မြင်မိပါတယ်။ လူမှုရေး ဆန်းစစ်မှုထဲမှာ အငြင်းပွားစရာ တစ်ခုက ရှေးဟောင်း ယဉ်ကျေးမှုဆိုင်ရာ၊ သာသနိက အဆောက်အအုံကိစ္စ သုံးသပ် အကြံပြုချက်ပါပဲ။ လယ်တီဆရာတော်ကြီးဟာ ဝါးတဲ ကျောင်းမှာ သီတင်းသုံး စင်္ကြံလျှောက် ယာယီ နေထိုင်ခဲ့တာပဲဖြစ်တယ်။ လက်ရှိသာသနိက အဆောက်အအုံ တွေဟာ ဆရာတော်ကြီး သီတင်းသုံးခဲ့တဲ့ဟာတွေ မဟုတ်လို့ ပြောင်းရွှေ့ ဆောက်လုပ်သင့်တယ်လို့ သုံးသပ် အကြံပြုချက် ဟာ များစွာ အံ့အားသင့်စေပါတယ်။
ဝင်းမျိုးသူ
ရှေ့တစ်ပတ်ဆက်ပါမည်။
The Voice Weekly
အမိမဲ့သား ရေနည်းငါး
Labels:
ဆောင်းပါး