http://picasion.com/i/1TeHX/

လိုချင်သောအချက်အလက်များကိုရှာဖွေရန်

ဆရာမောင်စိန်ဝင်း(ပုတီးကုန်)

Ads 468x60px

သားသမီးတွေအားလုံးအတွက်

Featured Posts

Random Posts

Powered by Blogger.

Social Icons

About

English

Blogger Templates

Movie Category 4

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တကယ်ပါဝင်ခွင့်ရပြီလား

Published on July 25, 2013 by တိုင်းကျော် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးဖြစ်စဉ်တွေထဲမှာ တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီချင်ပါတယ်ဆိုပြီး တကြိမ်မက ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒီလို ပါဝင် ကူညီဖို့ဆိုတာဟာ သက်ဆိုင်သူတွေ ဖိတ်ခေါ်မှုရှိမှ ဖြစ်မှာပါလို့လည်း ရှင်းပြခဲ့ပါတယ်။ ခုဆိုရင် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ အပစ်အခတ်ရပ် လက်မှတ်ထိုးတာနဲ့ ဆွေးနွေးမှုတွေ လုပ်နေတာ ကာလ အတန်ကြာပါပြီ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ ပြည်သူလူထုကရော၊ အရပ်ဘက်အဖွဲ့အစည်းတွေကပါ ဆန္ဒရှိကြပေမယ့် တကယ့် ကာယကံရှင်တွေဆီက ဖိတ်ခေါ်တာမရှိတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ပါဝင်ခွင့် မရသေးပါဘူး။
ဒါပေမယ့် ပြီးခဲ့တဲ့ဇူလိုင် ၁၇ ရက်နေ့မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေလိုကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (အာရ်စီအက်စ်အက်စ်/ အက်စ်အက်စ်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့ရဲ့ ပူးတွဲ ထုတ်ပြန်ကြေညာချက်တခု ထွက်ပေါ်လာပါတယ်။ အလားတူ ဇူလိုင် ၂၀ ရက်နေ့က ကျင်းပတဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းကို ငြိမ်းချမ်းရေးကိစ္စ တင်ပြဆွေးနွေးပွဲ ကျင်းပအပြီး လုပ်ငန်းကော်မတီရဲ့ ဒုဥက္ကဋ္ဌ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒီနေ့ကစပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါလို့ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ ပြည်တွင်းထုတ် ပုဂ္ဂလိကသတင်းစာတွေကလည်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် စတင်ပါဝင်လာပြီဆိုပြီး ရေးကြသားကြပါတယ်။ ဒီလို ပြောဆိုမှုတွေ ဘယ်လောက် မှန်ကန်သလဲဆိုတာ ဆွေးနွေးတင်ပြသွားမှာ ဖြစ်ပါတယ်။
\ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း မီဒီယာတွေကို ပြောခဲ့တဲ့ စကား တိတိကျကျကတော့ “နိုင်ငံရေးဆွေးနွေးပွဲတွေ တက်တဲ့အခါ ကော်မတီတွေ ပါတာပေါ့။ ဦးသိန်းဇော် ကော်မတီ၊ ဦးမောင်ဦးရဲ့ ကော်မတီ၊ ဦးဌေးဦးရဲ့ ကော်မတီ၊ ဦးအောင်ကိုရဲ့ ကော်မတီ၊ အဲဒီ ကော်မတီတွေ ပါဖို့ လိုအပ်တယ်လေ။ အဲဒီ ကော်မတီတွေထဲမှာ Rule of Law ဆိုတာကတော့ ဒေါ်အောင်ဆန်းစုကြည် လုပ်ထားတဲ့ ကော်မတီပေါ့နော်။ Rule of Law လည်း ပါဝင်သင့်တာပေါ့။ ချန်ထားလို့ မရဘူး။ နယ်မြေဒေသတွေမှာ Rule of Law ဖြစ်မှပဲ ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ ပိုပြီး ခိုင်မာလာမှာပေါ့။ ဒေါ်အောင်ဆန်းစုကြည်လည်း ပါမှာပဲလေ။ ပါအောင်ပဲ ဒီနေ့တောင် အစည်းအဝေး လာတက်ပြီပဲ။ နောက်ပိုင်းကိစ္စတွေကို ပူးပေါင်းဆောင်ရွက်သွားမယ်” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။
ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ အဲဒီ ပြောစကားကို အဓိပ္ပာယ် ဖော်နိုင်ဖို့အတွက် အစိုးရက ငြိမ်းချမ်းရေးကို ဘယ်လို အကောင်အထည်ဖော်နေသလဲဆိုတာ အရင် ကြည့်ဖို့ လိုပါတယ်။ လက်ရှိ သမ္မတကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ “ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီ” ဆိုတာ ဖွဲ့ထားပါတယ်။ အဖွဲ့ဝင် စုစုပေါင်း ၁၁ ယောက် ပါဝင်ပေမယ့် ၉ ယောက်ဟာ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီလို့ ခေါ်တဲ့ ကာလုံ အဖွဲ့ဝင်တွေ ဖြစ်နေပါတယ်။ ပြောရရင် ငြိမ်းချမ်းရေးကိစ္စကို ကာလုံက ကိုင်တွယ်နေတယ် ဆိုတဲ့ သဘောပါ။ အဲဒီ အောက်မှာမှ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဆိုတာ ဖွဲ့စည်းထားပါတယ်။ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ဥက္ကဋ္ဌ၊ တပ်မတော်ဒုကာကွယ်ရေး ဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းဇော် တို့ ၃ ယောက်က ဒုဥက္ကဋ္ဌတွေအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင်တွေအဖြစ် ပြည်ထောင်စုဝန်ကြီးတွေ၊ ပြည်နယ်ဝန်ကြီးချုပ်တွေ၊ စစ်တိုင်းမှူးတွေနဲ့ လွှတ်တော်အမတ်တွေ စုစုပေါင်း ၅၂ ယောက်နဲ့ ဖွဲ့စည်းထားပါတယ်။ ဒီလောက် အရေအတွက်များများနဲ့ ဖွဲ့စည်းထားတာတောင် ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်တနေရာမှာမှ ထည့်မထားသလို အန်အယ်လ်ဒီပါတီဝင် တယောက်တလေတောင် မပါပါဘူး။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ သူအနေနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး ကော်မတီမှာ ဒေါ်အောင်ဆန်းစုကြည်ကို ပါဝင်စေဖို့ ဆန္ဒရှိတယ်လို့ အပြင်မှာ ပြောပေမယ့် ကာလုံအစည်းအဝေးအပါအ၀င် ဘယ် တရားဝင်အစည်းအဝေးမှာမှ တောင်းဆိုခဲ့ဖူးတာတော့ မဟုတ်ပါဘူး။ ဒါဆိုရင် ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ပြောတာ ဘာအဓိပ္ပာယ်ပါလဲ။ လက်ရှိ အစိုးရရဲ့ အစီအစဉ်အရ တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ် လက်မှတ်ရေးထိုးပွဲကြီး ကျင်းပဖို့ ပြင်ဆင်နေပါတယ်။ အဲဒါ ပြီးသွားရင် နိုင်ငံရေးဆိုင်ရာဆွေးနွေးပွဲကြီးတခု စတင်ဖို့လည်း ရှိနေပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ အစိုးရ၊ စစ်တပ်၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့၊ အရပ်ဘက်အဖွဲ့၊ ပညာရှင်တွေနဲ့ ရပ်မိရပ်ဖတွေ စသဖြင့် ဘက်ပေါင်းစုံက ပါဝင်မယ်လို့ ဆိုပါတယ်။ အဲဒီအထဲမှာ လွှတ်တော်ကော်မတီတခုရဲ့ တာဝန်ရှိသူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ထည့်သွင်းမယ်ဆိုတဲ့ သဘောလောက်ပါပဲ။ လူ ၄၀၀၊ ၅၀၀ ဒါမှမဟုတ် ညောင်နှစ်ပင်ညီလာခံလို ထောင်ဂဏန်းအရေအတွက်ရှိတဲ့ သူတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမယ် ဆိုတဲ့ သဘောပါ။
ဒီဆွေးနွေးပွဲကြီး ရှိနေပေမယ့်လည်း အစိုးရနဲ့ အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေ ဆက်ပြီး ဆောင်ရွက်ဖို့ အများကြီး ကျန်နေပါသေးတယ်။ ဒီဖြစ်စဉ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟိုကော်မတီမှာလည်း မပါ၊ လုပ်ငန်းကော်မတီမှာလည်း သူ့ကို ထည့်မထားတဲ့အတွက် ပါဝင်ခွင့်ရမှာ မဟုတ်ပါဘူး။ အဲဒီ ကော်မတီ ၂ ခုထဲမှာ တရားဝင် ပါဝင်ခွင့်ရမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပါဝင်ခွင့်ရပြီလို့ ဆိုနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

DVB မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

ဆီးဂိမ်းတွင် မြန်မာ အဆင့် ၄-၅ လောက်ပဲ ၀င်မည်ဟု ခန့်မှန်း

Published on July 19, 2013 by ရွှေအောင်   
 
ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာက အဆင့် ၁၊ ၂နဲ့ ၃ အတွင်းဝင်အောင် ရည်ရွယ်ကြိုးပမ်းနေ ပေမယ့် ရွှေတံဆိပ် သေချာပေါက်မရနိုင်တဲ့ အားကစားနည်းတွေရှိတာကြောင့် အဆင့် ၄နဲ့ ၅ လောက်ပဲ ၀င်ဖို့ များတယ်လို့ အားကစားကလောင်ရှင်တွေက ခန့်မှန်း ပြောကြားကြပါတယ်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မယ့် ဆီးဂိမ်းပြိုင်ပွဲ ရက်ပေါင်း ၁၅၀ တောင် မလိုတော့တဲ့အချိန်မှာ အခုလို ဝေဖန် ပြောကြားချက်တွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

 ပြိုင်ပွဲမှာ အားကစားနည်း ၃၃ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး အဲဒီထဲ မြန်မာအနေနဲ့ သေချာပေါက် ရွှေမရနိုင်တဲ့ အားကစားနည်း ၇ ခုလောက် ရှိတယ်လို့ အားကစားကလောင်ရှင် ဦးစိုးညီက ပြောပါတယ်။
“ရွှေလုံးဝ မရဖို့ မျှော်လင့်ချက်အရမ်းနည်းတာ ရေးကူးက မရနိုင်ဘူး။ ရေကူးမှာ ရွှေတံဆိပ် ၄၁ ခု ချီးမြှင့်မယ်။ ကံကောင်းလွန်းမှ ကျနော်တို့ ၁ ခုပေါ့။ အဲ ၁ ခုတောင်မှ ရဖို့အခွင့်အလမ်း အရမ်းနည်းပါတယ်။ နောက်ပြီးတော့ စက်ဘီးအားကစားနည်းမှာ ရွှေရဖို့ အရမ်းခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်တို့ဆီမှာ မျိုးဆက်ပြတ်နေတာလည်း ကြာပါပြီ။ နိုင်ငံတကာအဆင့်ရှိ စက်ဘီးတွေ မရှိတာလည်း ကြာပါပြီ။ စားပွဲတင်တင်းနစ်ဆိုလည်း စင်ကာပူက ကမ္ဘာ့အဆင့်နီးပါး ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်မီအောင် တရုတ်တွေ မွေးစားပြီး ပြိုင်နေတယ်။ ရှိသမျှ စားပွဲတင်တင်းနစ်က စင်ကာပူပဲ ယူပါတယ်။ ကြားဖြတ်ပြီး ကျန်တဲ့နိုင်ငံရဖို့ကလည်း မဖြစ်နိုင်ပါဘူး။ ကြက်တောင်ကလည်း မလေးရှားတို့၊ အင်ဒိုနီးရှားတို့၊ ထိုင်းတို့ကို ဘယ်လိုမှ မကျော်နိုင်ပါဘူး။ တတိယ ရရင်တောင် ကံကောင်းမှပဲ။ အလေးမ အားကစားနည်းမှာလည်း လက်ရှိရနေတဲ့ စံချိန်တွေအရဆိုရင် ရွှေရဖို့ မလွယ်ပါဘူး။ ပြေးခုန်ပစ်ကလည်း ရွှေတံဆိပ် ၄၆ ခု ချီးမြှင့်မယ်။ ကျနော်တို့ အများဆုံးရနိုင်ရင် ရွှေတံဆိပ် ၅ ခုဝန်းကျင်ပါပဲ။ ဟော်ကီအားကစားနည်းဆိုရင်လည်း ကျနော်တို့ ဘယ်လိုမှ မရနိုင်ဘူး။”
အမှတ်ပေးစနစ်နဲ့ အနိုင်ပေးတဲ့ ကိုယ်ခံပညာရပ်အားကစားနည်းတွေမှာ အိမ်ရှင် အားသာချက်နဲ့ ရွှေတံဆိပ် ရနိုင်တယ်လို့လည်း ဆိုပါတယ်။
အားကစားဝန်ကြီးဌာန လူထုပညာပေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးဌေးအောင်ကတော့ သူတို့ဝန်ကြီးဌာနအနေနဲ့  ပြည်သူတွေ ကျေနပ်မှုရအောင် ကြိုးပမ်းနေပါတယ်လို့ ပြောပါတယ်။
“ပြိုင်ပွဲမှာ အောင်မြင်မှုရရှိရေးအတွက်ကတော့ နည်းလမ်းပေါင်းစုံနဲ့ ထိထိရောက်ရောက် ပြင်းပြင်းထန်ထန် လေ့ကျင့်နေပါတယ်။ တချို့လည်းပဲ နိုင်ငံတကာပြိုင်ပွဲတွေ စေလွှတ်တယ်၊ ကျွမ်းကျင်သူတွေ လွှတ်တယ်။ ဒီမှာလည်း ခေါ်ယူပြီး ကျင်းပါတယ်။ ကျနော်တို့ လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ငန်းတွေကိုတော့ အားကစားဝန်ကြီးဌာနအနေနဲ့ ပြည့်စုံအောင် အကုန်လုပ်နေပါတယ်။ ထိုက်ထိုက်တန်တန် အောင်မြင်မှုရရှိအောင် အစွမ်းကုန် ကြိုးစားသွားမှာပါ။ သို့သော်လည်း နိုင်ငံတကာက အားကစားသမားတွေက သူတို့လည်း ဆီးဂိမ်းကို အစွမ်းကုန်ကြိုးစားနေကြတာ ဆိုတော့ မျှော်မှန်းသလောက်လည်း ရချင်မှရမယ်။ သို့သော် အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အချိန်ဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ဆန္ဒကို ဖြည့်ဆည်းနိုင်အောင် အစွမ်းကုန်ကြိုးစားဆောင်ရွက်နေပါတယ်။”
အားကစားဝန်ကြီးဌာနက ဆီးဂိမ်းမှာ ရွှေတံဆိပ် ၁၀၀ ကျော်ရရှိဖို့ ရည်မှန်းကြိုးပမ်း လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
အားကစားပြိုင်ပွဲ ကျင်းပမယ့် အားကစားကွင်းနဲ့ အားကစားရုံတွေ တည်ဆောက်နေတာ ရာနှုန်းပြည့်နီးပါး ပြီးစီးနေပြီဖြစ်ပြီး ဩဂုတ်လကုန်မှာ ရာနှုန်းပြည့်ပြီးစီးမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြိုင်ပွဲကျင်းပမယ့်ကာလအတွင်း အားကစားသမားတွေနဲ့ အုပ်ချုပ်သူတွေအပါအ၀င် လူဦးရေ ၇၈၀၀ လောက်လာဖို့ မျှော်မှန်းထားပြီး တည်းခိုနေထိုင်ဖို့ အဆောက်အဦတွေ အလုံအလောက် ပြင်ဆင်ထားပြီးလဲ ဖြစ်ပါ တယ်။
ဒါ့အပြင် အားကစားအဖွဲ့တွေ သွားလာရေးအတွက် စီးတီးဘတ်စ်နဲ့ မီနီဘတ်စ်စတဲ့ ကားစီးရေ ၈၀၀ ကျော် စီစဉ်ထားပြီးဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
လာမယ့် ဒီဇင်ဘာလအတွင်း ကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲတွေကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ ငွေဆောင်တို့ မှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

DVB Burmese မှ ကူးယူဖော်ပြသည်။ 

အမေရိကန်ကုန်သွယ်ရေးအဖွဲ့ ပထမဆုံးအကြိမ် လာရောက်ဆွေးနွေး

Published on July 30, 2013 by သိုက်ဇင်  
အမေရိကန်ကုန်သွယ်ရေးဌာနက အဆင့်မြင့်အရာရှိတဦးဖြစ်တဲ့ အကြီးတန်းအတွင်းဝန် Ms Marianne Guerin-Mcmanus ဦးဆောင်တဲ့အဖွဲ့ဟာ မြန်မာနိုင်ငံမှာ အသစ်ပြန်လည်ပြဋ္ဌာန်းထားတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုဥပဒေနဲ့ပတ်သက်ပြီး ဇူလိုင် ၂၉ ရက်နေ့က လာရောက်ဆွေးနွေးခဲ့ပါတယ်။
ဆွေးနွေးခဲ့တာတွေနဲ့ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနက ညွန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ဒီဗွီဘီကို ပြောပါတယ်။
“နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ဥပဒေနဲ့ ပတ်သက်ပြီး သိချင်တာလေးကို လာမေးတာပါ။ ယူအက်စ်အေက ဒါပထမဆုံးပါ။ သူတို့ သဘောကျပါတယ်။ ဒီဟာ ပတ်သက်ပြီး လုပ်ကိုင်ထားတာလေတွေကို သဘောကျပါတယ်။ တခြားကတော့ ကျနော်တို့ သီးခြား တွေ့ဆုံဆွေးနွေးတာ မရှိပါဘူး ဥပဒေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ဘယ်လိုလုပ်မလဲ၊ သိချင်တာတွေ မေးတယ်။ ဥပဒေနဲ့ ပတ်သက်ပြီး ဘယ်လိုတိုးတက်မှု ရှိသလဲ ဥပဒေတွေ ပြဌာန်းပြီးနောက်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဘယ်လိုတိုးလာသလဲ ဒါလေးတွေ သိချင်တာ မေးတာပါ။”
ဒီကုန်သွယ်ရေးဌာနက မြန်မာနိုင်ငံဆီ ပထမဆုံးအကြိမ်လာရောက်တာဖြစ်တာကြောင့် မြန်မာ-အမေရိကန် စီးပွားရေးဆက်ဆံမှုက ပိုမိုနီးကပ်လာတဲ့သဘောမှာ ရှိပါတယ်။
မြန်မာနိုင်ငံရဲ့ စီးပွားရေးအပေါ် စိတ်ဝင်စားမှုရှိတာကြောင့်လည်း အခုလို လာရောက်ဆွေးနွေးတာလို့ ဆိုပါတယ်။
“ကျနော်တို့ ဌာနကြီးကို ကိုယ်တိုင် လာပြီးတော့ သိချင်တာတွေ လာမေးတယ်။ သူတို့ စိတ်ဝင်စားတယ်လို့ပဲ သုံးသပ်တယ်၊ စိတ်ဝင်စားစရာ မရှိဘူးဆိုလို့ရှိရင် လာမေးစရာ အကြောင်းမရှိဘူး။”
အလားတူ ဇူလိုင် ၁၀ ရက်နေ့ကလည်း အမေရိကန်-အာဆီယံစီးပွားရေးကောင်စီအဖွဲ့က မြန်မာနိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအပေါ် အကူအညီတွေပေးဖို့ နိုင်ငံတော်သမ္မတ ဦးသိန်စိန် အပါအ၀င် လွှတ်တော် ဥက္ကဋ္ဌ၊ နိုင်ငံရေးပါတီက ထိပ်တန်းခေါင်းဆောင်တွေ၊ ဌာနဆိုင်ရာ အဆင့်မြင့်ပုဂ္ဂိုလ်တွေ၊ စီးပွားရေး အသင်း အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
သူတို့လာတဲ့ အဓိကရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေလုပ်နေတဲ့ စီးပွားရေးဆိုင်ရာ လုပ်ဆောင်ချက်တွေအပေါ် အကူအညီပေးဖို့၊ ပြီးတော့ ရင်းနှီးမြှုပ်နှံတဲ့အခါ အမေရိကန်ကုမ္မဏီတွေအနေနဲ့ မြန်မာနိုင်ငံသားတွေ အကျိုးရှိစေမယ့် လူမှုအကျိုးစီးပွားကို ရှေ့တန်းတင်တဲ့ လုပ်ငန်းမျိုးတွေပဲ အလေးထား ဆောင်ရွက်သွားဖို့ရှိတဲ့အကြောင်း ပြောဆိုဆွေးနွေးခဲ့တယ်လို့ ကောင်စီအဖွဲ့က ဇူလိုင် ၁၁ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံထားရှိမှုပမာဏက ဇွန်လ ၃၀ ရက်နေ့အထိ ကန်ဒေါ်လာ ၂၄၃ သန်းကျော်ရှိတယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

DVB Burmese မှ ကူးယူဖော်ပြသည်။ 

ထားဝယ်တွင် သိမ်းဆည်းလယ်မြေ ပြန်ရရေး ဆန္ဒပြ

  July 31, 2013 
 
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ် ကမြောကင်းလမ်းပေါ်မှာ ၁၉၉၀ ခုနှစ်လောက် က သိမ်းယူထားတဲ့ လယ်မြေပေါ်မှာ ၀န်ကြီးများ အိမ်ယာဆောက်လုပ်ပြီး ကျန်ရှိနေတဲ့ လယ်မြေတွေ မူလပိုင်ရှင် ပြန်မပေးပဲ ပုဂ္ဂလိက ဆေးရုံ တည်ဆောက်နေမှုကို မူလပိုင်ရှင်မိသားစုဝင်တွေက ဒီနေ့ ငြိမ်းချမ်းစွာ ကန့်ကွက် ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။
ဆန္ဒပြတဲ့ ရည်ရွယ်ချက်ကို လယ်ပိုင်ရှင် ကိုထွန်းထွန်းဝင်းက “ဒီလယ်မြေတွေက ကျနော်တို့ ဘိုးဘွားပိုင်လယ်မြေတွေပါ။ ကျနော်တို့ လယ်သမားတွေကို ဘာနစ်နာကြေးမှ မပေးဘဲ သိမ်းယူထားတာပါ။ ဒီပုဂ္ဂလိကဆေးရုံက နိုင်ငံတော် စီမံကိန်းလည်း မဟုတ်ဘူး။ ကျနော်တို့ လယ်သမားတွေကိုလုံးဝဂရုမစိုက်ဘဲ ဒီလိုမတရားလုပ်နေတာကို  မခံချင်လွန်းလို့ ဒီလိုလုပ်ဖို့ဆုံးဖြတ်လိုက်တာ” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ၁ လကျော်ကျော်လောက်ကလည်း မတရားသိမ်းယူထားတဲ့ လယ်မြေဆိုပြီး မှုတ်ဆေးနဲ့ မှုတ်ပြီး ကန့်ကွက်ခဲ့ပြီး လယ်ယာမြေနဲ့ အခြေားမြေများ စုံစမ်းစစ်စစ်ရေးကော်မရှင်ကိုလည်း တိုင်ထားပေမယ့် အခုထိ အကြောင်း မပြန်သေးဘူးလို့ ဆိုပါတယ်။
သိမ်းဆည်းခံထားရတဲ့ တခြားလယ်သမားတွေလည်း ကန့်ကွက် တိုင်ကြားထားတယ်လို့ ကိုထွန်းထွန်းဝင်းက ပြောပါတယ်။
“ကျနော်နည်းတူ ကျန်နစ်နာနေတဲ့ လယ်သမားတွေ အများကြီးဗျ။ သူတို့လည်းကျနော်လိုဘဲ ကန့်ကွက်ထားကြတယ်ဗျ။ သူတို့လည်း ကြာရင် မခံနိုင်ဘဲ ဆန္ဒပြကြမှာဘဲ။ ဒေသဖွံ့ဖြိုးရေးကို အမှန်တကယ် ရြေည်ရွယ်တယ်ဆိုရင် ကျနော်တို့လယ်သမားတွေနဲ့ ဆင်းရဲသားတွေရဲ့ဘ၀ကို အရင်မြှင့်ရမှာ အခုတော့ ခရိုနီတွေဘဲ ကောင်းစားနေကြတယ်။ သမ္မတပြောတဲ့ ဆင်းရဲမွဲတေမှုပပျောက်ရေးကို ဂရုမစိုက်ဘဲ ထင်ရာ လုပ်နေကြတဲ့သဘောဘဲ။ ကျနော်တို့နဲ့ အရင် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းပြီးမှ ဆောက်ပါလို့ ဒီနေ့ ဒီနေရာကနေ တောင်းဆိုလိုက်ပါတယ်။”

DVB Burmese မှ ကူးယူဖော်ပြသည်။  

မြ၀တီမြို့ ရေဘေးဒဏ်ကြောင့် ဒုက္ခသည်စခန်း ၉ ခုဖွင့်

မအေးအေးမာ

သောင်ရင်းမြစ် မြစ်ရေလျှံတဲ့အတွက် မဲဆောက်-မြ၀တီ နှစ်နိုင်ငံ နယ်စပ်တလျှောက် ထောင်နဲ့ချီရှိတဲ့ မြန်မာနိုင်ငံသားတွေဟာ ရေဘေးဒဏ်ကို ခံစားနေရပါတယ်။ မြ၀တီမြို့ဘက်မှာတော့ ကယ်ဆယ်ရေးစခန်း ၉ ခု ဖွင့်ထားပေမဲ့ တမြို့လုံးနီးပါး ရေဘေးဒဏ် ခံနေရပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ က သတင်းပေးပို့ခဲ့ပါတယ်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နဲ့ မြ၀တီမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့ တောင်ကျရေ ကျဆင်းမှု၊ ဆည်ရေတွေ ဖောက်လုပ်လိုက်တဲ့အတွက်လည်း ရေဘေးဒဏ်ကို နှစ်နိုင်ငံနယ်စပ်မှာရှိတဲ့ ပြည်သူတွေ ခံစားနေရတာပါ။ ဒါပေမဲ့လည်း မြ၀တီမြို့ဘက်မှာတော့ ဒုက္ခသည်စခန်း ၉ ခု ဖွင့်ထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်နေပေမဲ့ လူတွေအများအပြား နေထိုင်ဖို့ အခက်အခဲတွေရှိနေကြောင်း ရေဘေးဒဏ်ခံနေရတဲ့ မြ၀တီမြို့ခံတဦးက ပြောပြပါတယ်။

“ပထမတုန်းက ကယ်ဆယ်ရေးစခန်းမှာ သွားနေတယ်။ အခုက ကယ်ဆယ်ရေးစခန်းမှာ နေလို့ မရတော့ဘူး။ ရေတွေ တအားပြည့်နေတယ်။ စခန်း ၉ ခုအပြင်ကို နောက်ထပ် ဒီလို အိမ်ငယ်တွေမှာလည်း အိမ်တွေကတော့ ပိုက်ဆံရှိတာမဟုတ်ပေမဲ့ အိမ်မြင့်မြင့်တွေ၊ မိုးရေလုံတဲ့၊ ရေမတက်ဘူးဆိုတဲ့ နေရာတွေက ကယ်ဆယ်ရေး စခန်းငယ်တွေလို အဲ့လို အကူအညီပေးထားတဲ့အိမ်တွေ အများကြီးရှိတယ်အမ။ ကယ်ဆယ်ရေးစခန်းတွေ အကုန်လုံး ပြည့်တဲ့အပြင် လမ်းဘေးတွေမှာ အဲ့ဒီ အမိုးရှိတဲ့ အိမ်တွေမှာ လူတွေ ငုတ်တုတ်နေနေရတယ်။ အာရှလမ်းမကြီးပေါ်တောင် ရေကျော်တယ်။ အမ ဆိုးတာပေါ့ အများကြီး။ ကျမတို့အိမ် ၂ ထပ်ကိုတောင် ဘယ်တုန်းကမှ ရေမှ မရောက်တာ။ အခုက အပေါ်ထပ်ထိတောင် ရောက်တယ်ဆိုတော့ ရေက မနည်းဘူးပဲ တက်မယ်။ ရေတက်တဲ့ဟာတွေ အကုန်လုံးလည်း ပိတ်ထားတယ်။ မတက်တဲ့ ကုန်းပေါ်က ကျောင်းတွေလည်း ပိတ်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေအတွက်နဲ့ ဘယ်သူမှ မလာနိုင်ကြဘူး။ ဟိုး မြို့လယ်ခေါင်က ဘယ်တုန်းကမှ ရေမတက်တဲ့ ဘုရားနားက နေရာတွေပါ အကုန်လုံး ပြောင်းပြေးရတာလေ။ တန်းလျားတွေဆို အကုန် မြုပ်ကုန်ပြီ။ ခေါင်တွေ မပေါ်တော့တဲ့ အိမ်တွေလည်း မပေါ်တော့ဘူး။ အကုန်လုံး ဒုက္ခရောက်တယ်။ ကျမတို့တောင်မှ ဘာပစ္စည်းမှ မပါဘူးအမ။ စောင်တထည်နဲ့ ၀တ်ဖို့ အ၀တ်အစားပဲပါတယ်။ ကလေးငယ်နဲ့ဆိုတော့။ ဘာပစ္စည်းမှကို ကျမတို့ မသယ်နိုင်ဘူး။ သူတို့ သယ်ပေးတယ်ဆိုရင်တောင် ထားစရာ နေရာ မရှိဘူးအမ။ လူတယောက်ကို တဆွဲတပိုးနဲ့ ဆိုရင်တောင် လူတွေကလည်း ပြည့်။”

အမှတ် ၅ ရပ်ကွက်မှာဆိုရင်  ကျွန်းတောဈေး၊ ရေပူဘုန်းတော်ကြီးကျောင်း၊ ကိုးန၀င်းကျောင်း၊ သမ္မတသုခ၊ ဖားခြောက်ကောင်၊ ရက်ကွက် ၃ မှာတော့  ဓမ္မရန်အောင်ဘုန်ကြီးကျောင်း၊ အမှတ် ၂ ရက်ကွက်မှာတော့ တေဇသက်ကီဘုန်းကြီးကျောင်း၊ အမှတ် ၄ ရက်ကွက်မှာတော့ တောရကျောင်း ကြခတ်တောကျောင်း၊ ကျောက်ဖျာဓမ္မာရုံတွေမှာ ဒုက္ခသည်စခန်းတွေ ဖွင့်ထားခဲ့တာပါ။

ဒါ့အပြင် ရေမ၀င်တဲ့ ချန်းသာတဲ့ မိသားစုတွေ နေထိုင်ရာ အိမ်တွေမှာပါ ရေဘေး ဒုက္ခသည်တွေကို နေထိုင်ခွင့် ပေးထားပါ။ တမြို့လုံးနီးပါး ရေဘေးဒဏ် ကြုံနေရတဲ့ အတွက် တချို့လူတွေကတော့ လမ်းမတွေပေါ်က  အကာအကွယ်ရှိတဲ့ နေရာတိုင်းမှာ ခိုလှုံနေကြရပါတယ်။ အလားတူ မြ၀တီ အင်ကြင်းမြိုင်ဆိုတဲ့ နေရာနဲ့နီးတဲ့ ထိုင်းနိုင်ငံဘက်ခြမ်း မယ်ကုမိုင် ဆိုတဲ့နေရာမှာလည်း ရာနဲ့ချီရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်ရာ နေရာတွေမှာ တဲအိမ်တွေဟာ ရေစီးနဲ့အတူ မျောပါသွားခြင်း၊ အိမ်ခေါင်မိုးအထိ ရေနစ်မြုပ်တဲ့အတွက် ထိုင်းလူထုတွေထံမှာ အကူအညီတွေ တောင်းခံနေရပါတယ်။ မယ်ကုမိုင်ဘက်က ရွှေ့ပြောင်းမြန်မာ အလုပ်သမားတွေ ပြောပြတာကတော့ -

“ညနေ ၄ နာရီလောက်မှာ ရေတွေက ဒူးခေါင်လောက်အထိ ရှိတယ်။ ကျမတို့ကလည်း ဒီလောက်အထိ ရေတက်မယ်လို့ မထင်ဘူးပေါ့။ တဖြည်းဖြည်းနဲ့ ရေက ခါးစောင်းထိ ရှိလာတော့ နိုင်သလောက်လေးပဲ ရွှေ့ရတော့တယ်။ အဲ့အချိန်မှာ ၉ နာရီကျော် ၁၀ နာရီလောက် ရှိနေပြီ။ အဲ့လောက်ကျတော့ ကျမတို့လည်း လူပဲ ရုန်းရတော့တာပေါ့။ ရှိတဲ့ဆန်တွေကတော့ အကုန်လုံး ပါသွားတော့တာပေါ့။ အိမ်တွေကတော့ အကုန်မြုပ်တယ်အမ။ ခေါင်မိုးတွေမြုပ် တတောင်လောက်ပဲ ပေါ်တော့တယ်။ အိမ်နှစ်လုံးကတော့ မျောသွားတယ်။ ရွှေ့လိုက်လို့။ မရွှေ့လို့ရှိရင်တော့ လူ အသက်အန္တရာယ်ရှိတယ်လေ။ အားလုံးလည်း ဒုက္ခရောက်တာပေါ့နော်။ ရှိတဲ့ဟာတွေတော့ မျောတာပေါ့နော်။ တိရစ္ဆာန်တွေကအစပေါ့။ ဒါပေမဲ့ ဒီလိုမျိုး ကြုံဖူးတာကတော့ ၂ ခါရှိပါပြီ။ ဒီတခါကတော့ တော်တော်လေးကို အခက်အခဲ ကြုံရတယ်။ လူက အသက်နဲ့လုပြီးတော့ လာရတဲ့ ပုံစံမျိုးမှာ ရှိတာပေါ့။”

မြ၀တီ - မဲဆောက်မြို့ဟာ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်ရေးတွေ လုပ်တဲ့မြို့တွေ ဖြစ်တဲ့အတွက် တဘက်နဲ့တဘက် ကုန်ပစ္စည်းတွေကို တင်ပို့သိုလှောင်တဲ့ နေရာတွေ အများအပြား ရှိနေတာပါ။ ကုန်သည်တွေရဲ့ ကုန်ပစ္စည်း သိုလှောင်တဲ့နေရာ တချို့လည်း ရေဘေးဒဏ် ခံရတဲ့အတွက် ကုန်ဈေးနှုန်းပါ ထပ်ကြီးလာမှာကို စိုးရိမ်မိတယ်လို့ မြ၀တီမြို့က ပြည်သူတဦးက ဆက်ပြောသွားပါတယ်။

“ကုန်သည်တွေဆိုလည်း အများကြီး ဆုံးရှုံးတယ်လေ။ သိုလှောင်တဲ့ကုန်တွေဆို စိုရွှဲနစ်ကုန်ပြီဖြစ်တဲ့အတွက် ရှေ့ကိုတော့ သိပ်မမျှော်မှန်းရဲပါဘူး။ ကုန်ဈေးနှုန်းတွေ တက်မယ်လို့ ကျမတို့ ထင်တယ်လေ။ ဘာဖြစ်လို့လဲဆိုတော့ ဆိုင်တွေမှာလည်း ကုန်ပစ္စည်းတွေက တော်တော်များများ ကုန်ကုန်ပြီလေ။ ဆိုင်တွေဆို အများကြီးပဲ ရေမြုပ်သွားတယ်။ အိမ်တွေမှာ ရွှေ့ထားတဲ့ ပစ္စည်းတွေလည်း မြုပ်တယ်။ ဂိုဒေါင်က ပစ္စည်းတွေလည်း မြုပ်တယ်။ အိုးမဲ့ အိမ်မဲ့တွေလည်း တော်တော်များများ ဖြစ်နေပြီ။ အခုဆို သောင်စပ်က အိမ်တွေဆို အကုန်မျောတယ်။”

မိုးအဆက်မပြတ် ရွာသွန်းခြင်း၊ တောင်ကျရေ ကျဆင်းခြင်း၊ ဆည်ရေများ ဖောက်ထုတ်ခြင်းတွေကြောင့်  နယ်စပ်တလျှောက်မှာ ရေဘေးဒဏ်ကို ကြုံနေကြရတာပါ။ မြ၀တီမြို့ဘက်မှာ ဇူလိုင်လ ၂၉ ရက်နေ့ကထက် ဇူလိုင်လ ၃၀ ရက်နေ့က အခြေအနေ ပိုဆိုးလာတဲ့အကြောင်း မဲဆောက်မြို့ဘက်မှာတော့ ရေဆိုးရေညစ်တွေကို ဖောက်ထုတ်မှုတွေကြောင့် ဇူလိုင်လ ၂၉ ရက်နေ့ကထက်စာရင်  မြို့ထဲက လမ်းမပေါ်မှာ ရေတွေ လျော့ကျသွားပြီး ကားအသွားအလာတွေ ပိုလုပ်လာနိုင်တာကို တွေ့ရပါတယ်။ ဒါပေမဲ့လည်း မိုးရေးမြစ်အနီး နယ်စပ်တလျှောက်မှာ နေထိုင်နေရတဲ့ နှစ်နိုင်ငံ ပြည်သူတွေကတော့ ရေဘေးဒဏ်ကို ခံစားနေရဆဲဖြစ်ပါတယ်။

voa burmese မှ ကူးယူဖော်ပြသည်။

ရေနံယိုဖိတ်မှု ထိုင်းခရီးသွားလုပ်ငန်းရှင်တွေစိုးရိမ်


ထိုင်းနိုင်ငံ အပန်းဖြေကျွန်းတကျွန်းရဲ့ ကမ်းရိုးတန်းတလျှောက်ကနေ ယိုစိမ့် ပျံ့နှံ့ပြီး ထိုင်းနိုင်ငံကုန်းမြေထိ ရောက်ရှိနိုင်တဲ့ ရေနံစိမ်းတွေကို တားဆီးဖို့ အထူး အကာအကွယ် လုပ်ထားတဲ့ အဖြူရောင်ဝတ်စုံတွေနဲ့ လုပ်သားတွေဟာ တူးရွင်းတွေ ရေပုံးတွေနဲ့ အကြီးအကျယ် ကြိုးစားနေကြပါတယ်။
 
ရေနံစိမ်းတွေဟာ Samet ကျွန်းရဲ့ ကမ်းခြေ အတော်များများဆီ အင်္ဂါနေ့က ရေနံစိမ်းတွေ လာတင်ခဲ့ပြီး အဲဒီ ရေနံစိမ်းတွေကို ဖယ်ရှားပစ်ဖို့ ထိုင်းစစ်သားတွေနဲ့ စွမ်းအင်ကုမ္ပဏီရဲ့ ရာနဲ့ချီတဲ့ ဝန်ထမ်းတွေ လုပ်ဆောင်နေကြပါတယ်။
 
ကျွန်းတဝိုက်က ရေပေါ်မှာရှိနေတဲ့ ဆီကြောကြီးကို ဖယ်ပစ်ပြီး မိုင်တော်တော်အဝေးမှာရှိတဲ့ ရနောင်းခရိုင် ကမ်းရိုးတန်းဘက်ကို လေပြင်းနဲ့ လှိုင်းလုံးတွေနဲ့ ပါမသွားဖို့ ကြိုးစားနေကြတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
 
ဒီလို ရေနံစိမ်း ယိုစိမ့်မှုကြောင့် နိုင်ငံခြားခရီးသွားတွေ အများကြီး ပြန်သွားကြလို့ ဒီအပန်းဖြေကျွန်းရဲ့ ခရီးသွားလုပ်ငန်းအပေါ် ရိုက်ခတ်မှုကြီးမှာကို ပိုပြီး စိုးရိမ်လာနေကြပါတယ်။
 
Ko Samet လို့လည်းခေါ်တဲ့ ဒီကျွန်းမှာ ကမ်းခြေတွေက အဖြူရောင် သဲသောင်တွေနဲ့မို့လို့ နိုင်ငံခြား ခရီးသွားတွေရော ဒေသခံတွေပါ ကြိုက်ကြတာပါ။ ထိုင်းအစိုးရပိုင် PTT ရေနံကုမ္ပဏီနဲ့ ဌာနခွဲတခု ဦးစီးလုပ်ကိုင်တဲ့ ရေနံပိုက်လိုင်းကနေ လီတာ (၅) သောင်းလောက်ရှိတဲ့ ရေနံစိမ်းတွေဟာ စနေနေ့ကပဲ ထိုင်းပင်လယ်ကွေ့မှာ ယိုစိမ့်ထွက်ကုန်တာပါ။ ဒါဟာ ထိုင်းနိုင်ငံသမိုင်းမှာ စတုတ္ထအကြီးဆုံး ရေနံ ယိုစိမ့်မှုဖြစ်ပါတယ်။
 
PTT ကတော့ ယိုစိမ့်တဲ့ရေနံစိန်းတွေကို (၃) ရက်အတွင်း အပြီး ဖယ်ရှားနိုင်ဖို့ ခန့်မှန်းထားတယ်လို့ အင်္ဂါနေ့မှာပဲ ပြောသွားတာပါ။ ဒါပေမဲ့ ရှင်းလင်းရေး လုပ်ငန်းတွေ ပြီးဖို့ အများကြီး လိုသေးတယ်လို့ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေကပြောပြီး PTT ဟာ ဒီလိုအဖြစ်မျိုး ပေါ်ပေါက်လာရင် ပြဿနာကို ဘယ်လို ရှင်းမလဲ ကြိုပြင်ဆင် မထားဘူးလို့လည်း စွပ်စွဲသွားပါတယ်။

VOA Burmese မှ ကူးယူဖော်ပြသည်

စစ်အုပ်စုရဲ့  နိုင်ငံရေး မျက်လှည့်လား

ဦးအောင်ခင် ကိုဇော်ဝင်းလှိုင်

အနှစ် (၂၀) ကျော် မြန်မာပြည်ကို ကြီးစိုးပြီး ချမ်းသာကြွယ်ဝလာတဲ့ စစ်အုပ်စုကို ကမ္ဘာက လက်ခံနိုင်အောင် ဒီမိုကရေစီ ပြုပြင်ရေး လုပ်တာဆိုတဲ့ အမြင်ကို လေ့လာသူ အတော်များများ လက်ခံကြပါတယ်။ ဦးသိန်းစိန်အစိုးရရဲ့  ပြုပြင်ရေးကို စစ်အုပ်စုရဲ့  နိုင်ငံရေးမျက်လှည့်အဖြစ် ရှုမြင်ကြပါတယ်။ နိုင်ငံရေးအကျဉ်းသား အများအပြားလွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးလုပ်ခွင့်ပြုတာရယ်၊ စာပေစီစစ်ရေး ရုတ်သိမ်းလိုက်တာရယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးတာရယ်၊ နိုင်ငံခြားမှာ ခိုလှုံနေတဲ့ မြန်မာပြည်သားတွေကို ပြန်လာခွင့်ပြုတာရယ် စတာတွေကိုကြည့်ပြီး ဦးသိန်းစိန်ကို ချီးကျူးဂုဏ်ပြုကြပါတယ်။

ဦးသိန်းစိန်ကို ဆုချီးမြှင့်ပြီး ဂုဏ်ထူးဆောင်ဘွဲ့ ပေးတာရှိသလို နိုဘလ်ငြိမ်းချမ်းရေးဆုပေးဖို့ အမည်တင်သွင်းသူ ရှိပါတယ်။ တေးသံရှင် ကိုမွန်းအောင်နဲ့အဖွဲ့ကတော့ ဦးသိန်းစိန်ဟာ နိုဘလ်ဆုနဲ့ မထိုက်တန်ဘူးဆိုပြီး နော်ဝေမှာ ကန့်ကွက်နေပါတယ်။ ဦးသိန်းစိန်လက်ထက်မှာ ကချင်စစ်ပွဲပြန်ဖြစ်တာမို့ ပြည်တွင်းတမျိုး ပြည်ပတမျိုး လုပ်တာဆိုပြီး မယုံသင်္ကာ ဖြစ်သူများလာပါတယ်။ အခု အကောင်အထည်ဖော်နေတဲ့ လုပ်ငန်းအများစုဟာ စစ်အစိုးရလက်ထက်က သဘောတူခဲ့တဲ့ စီမံချက်တွေဖြစ်လို့ စစ်အုပ်စုရဲ့  အကျိုးစီးပွားကို အရပ်သားအစိုးရပုံစံနဲ့ ဆက်လက်မြှင့်တင်နေတာလို့ ရှု့ မြင်ကြပါတယ်။

ဦးသိန်းစိန်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ရေးဆွဲခဲ့တဲ့ နိုင်ငံရေးလမ်းညွှန်အတိုင်း လုပ်နေတာလို့ ယူဆသူတွေထဲမှာ ထိုင်းအခြေစိုက် မြန်မာ့ရေးရာ ဝါရင့်အကဲခတ် Bertlin Lintner ဟာ ရှေ့ တန်းက ပါဝင်ပါတယ်။ မိမိသမ္မတဖြစ်လာအောင် အကွက်ဆင်ပေးတဲ့ ဦးသန်းရွှေရဲ့ အမိန့်ကို ဦးသိန်းစိန် နာခံနေတုန်းပဲလို့ ဆိုပါတယ်။ လွတ်လပ်စွာ ဦးဆောင်လုပ်ကိုင်တဲ့နေရာမှာ ဦးသိန်းစိန်ဟာ အလွန်အားနည်းတယ်လို့ ဇူလိုင်လ (၉) ရက်နေ့ ဆောင်းပါးမှာ Bertlin Lintner က သုံးသပ်ပါတယ်။ ဒီအတိုင်းဆိုရင် မိမိကိုယ်တိုင် အကွက်ဆင်ပြီးပထုတ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက်လာအောင် လုပ်တာကို ဦးသန်းရွှေက ခွင့်ပြုတဲ့သဘော ဖြစ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည် သမ္မတမဖြစ်နိုင်အောင် အခြေခံဥပဒေမှာ ဟန့်တားထားတာဟာလည်း ဦးသန်းရွှေရဲ့  လက်ချက်လို့ ယူဆကြပါတယ်။

ဒါကြောင့် အငြိမ်းစားဗိုလ်ချုပ်ကြီးသန်းရွှေရဲ့  သြဇာအာဏာအရှိန်အဝါ ဘယ်လောက်ကျန်ရှိနေတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံရေးလွတ်လပ်မှု ဘယ်လောက်ရှိတယ်ဆိုတာနဲ့ တိုင်းတာနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းအကြား ကွာဟမှုကြီးမားလာပြီး ဒေါ်အောင်ဆန်းစုကြည် ဦးရွှေမန်းဘက်က ရပ်တည်တာကို စိုးရိမ်စရာအဖြစ်၊ Berkeley တက္ကသိုလ် အာရှရေးရာ သုတေသီ ကိုမင်းဇင် က Foreign Policy စာစောင်မှာ ဇူလိုင် (၁၀) ရက်နေ့က ရေးပါတယ်။ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ဇူလိုင်လ (၁၈) ရက်နေ့က ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်တာကိုကြည့်ရင် ရင်းနှီးမှု အတိုင်းအတာကို ခန့်မှန်းနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရန်သူလို သဘောထား မှားတယ်လို့ ဦးရွှေမန်း ပြောတာဟာ ဦးသန်းရွှေနဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

တိုင်းပြည်ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို အာရုံမစိုက်ဘဲ ဗိုလ်ချုပ်ဟောင်းတွေရဲ့  အာဏာပြိုင်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်နေတာကို ပညာတတ်အသိုင်းအဝိုင်းနဲ့ စီးပွားရေးလောကမှာ အံ့သြနေကြတယ်လို့ ကိုမင်းဇင် က ဆိုပါတယ်။ ဦးသန်းရွှေ ခန့်အပ်ထားတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်ရဲ့  ရပ်တည်ချက်ကို မသိနိုင်သေးပေမယ့် စစ်အာဏာသိမ်းနိုင်မယ့် အလားအလာကို ကိုမင်းဇင် က တွေးပူနေပုံရပါတယ်။ ဥပဒေပြုလွှတ်တော်မှာ အစိုးရလုပ်ရပ်ကို ဝေဖန်တာဟာ ဝါရင့်ဒီမိုကရေစီနိုင်ငံတွေမှာ လုပ်ရိုးလုပ်စဉ်ပါ။ ဒါပေမဲ့ သမ္မတဖြစ်ချင်တဲ့ ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌက ကြံ့ဖွံ့အစိုးရရဲ့  လုပ်ဆောင်ချက်ကိုဝေဖန်ပြီး သမ္မတဖြစ်ချင်တဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မဟာမိတ်လုပ်တာဟာ အထူးအဆန်းလို ဖြစ်နေပါတယ်။ တနည်းဆိုရင်တော့ ကြံ့ဖွံ့နဲ့ NLD ပါတီပူးပေါင်းတော့မယ့် အလားအလာလို ဖြစ်နေပါတယ်။

ဦးသိန်းစိန်အစိုးရရဲ့  အသွင်ကူးပြောင်းရေးကို အယုံအကြည်မရှိသူထဲမှာ ADB အာရှဖွံ့ဖြိုးရေးဘဏ်က အမျိုးသမီးဥပဒေပညာရှင် ကာလမကွီးနီး Kala Mulqueeny လည်း ပါဝင်ပါတယ်။ နေပြည်တော်မှာ ကျင်းပတဲ့ အရှေ့ အာရှ ကမ္ဘာ့စိးပွားရေးညီလာခံမှာ ဦးဆောင်ဆွေးနွေးခဲ့တဲ့ အမျိုးသမီးတဦး ဖြစ်ပါတယ်။ စစ်အုပ်စုကြီးစိုးတာကို ပြည်တွင်းပြည်ပမှာ အသိအမှတ်ပြုဖို့ ရည်ရွယ်တဲ့ ပြုပြင်ရေးဖြစ်တာမို့ အကန့်အသတ်ရှိနေတာလို့ သူကဆိုပါတယ်။ ဦးသိန်းစိန်ဟာ အခြေခံဥပဒေကို ပြင်ဆင်လိုသူ မဟုတ်ဘူးလို့လည်း မကွီးနီက မြင်ပါတယ်။ ဦးသိန်းစိန်ဟာ ပြုပြင်ရေးသမားဖြစ်နိုင်ပေမယ့် စစ်အုပ်စု (သို့မဟုတ်) ဦးသန်းရွှေအုပ်စု ခွင့်ပြုသလောက်သာ ပြုပြင်ရေးလုပ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဒေါ်အောင်ဆန်းစုကြည်က ဦးရွှေမန်းနဲ့ လက်တွဲဖို့ ဆုံးဖြတ်တာဖြစ်ပုံရပါတယ်။

စစ်အစိုးရလုပ်ခဲ့တဲ့ စီးပွားရေးပြဿနာတွေကို ဖြေရှင်းဖို့ ဦးသိန်းစိန်အစိုးရကို တာဝန်ပေးတာသာဖြစ်လို့ စစ်အုပ်စု ဆက်လက်ကြီးစိုးနေမှာ ဖြစ်ပါတယ်။ စစ်အုပ်စုကြီးစိုးရေးအတွက် ရေးဆွဲထားတဲ့ ပြင်ဆင်ရခက်ခဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အရင်ဆုံး ပြင်ဆင်နိုင်မှသာ ဒီမိုကရေစီ ပြုပြင်ရေးကို စနိုင်ပါလိမ့်မယ်။ အခြေခံဥပဒေကို မပြင်ဆင်နိုင်ရင်တော့ စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေရဲ့  နိုင်ငံရေးမျက်လှည့်ကိုသာ ဆက်လက်မြင်တွေ့ရဖွယ်ရှိတယ်လို့ ပြောရပါလိမ့်မယ်။

မြန်မာနိုင်ငံမှာ ဆက်လက်ဖမ်းဆီးမှုတွေ ရှိနေတဲ့အပေါ် ကင်တားနားစိုးရိမ်

ဒေါ်လှလှသန်း
 နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို မြန်မာသမ္မတ ဦးသိန်းစိန်က ပြန်လွှတ်ပေး လိုက်တဲ့အပေါ် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တာနား (Mr. Thomas Ojae Quintana) ကကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးမှုတွေ ဆက်ရှိနေသေးတဲ့အတွက် စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းနဲ့ နိုင်ငံရေးနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ အမျိုးသမီး ဒေါ်ဘောက်ဂျာ ဖမ်းဆီးခံရတာအတွက် သူ့အနေနဲ့ စိုးရိမ်မကင်းဖြစ်ပြီး၊ သြဂုတ်လအတွင်း မြန်မာနိုင်ငံကို သွားရောက်မယ့် အစီအစဉ်အတွင်း အာဏာပိုင်တွေနဲ့ ဆွေးနွေးမယ်လို့လည်း မစ္စတာ ကင်တားနား ကဗွီအိုအေကို ပြောပါတယ်။ အပြည့်အစုံကိုတော့ ဒေါ်လှလှသန်း ကတင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တာနား ဟာ မြန်မာသမ္မတ ဦးသိန်းစိန် က သူ့ရဲ့မကြာမီက ဥရောပ ခရီးစဉ်အတွင်း ကတိပေးခဲ့တဲ့အတိုင်း မြန်မာနိုင်ငံမှာ ယုံကြည်ချက်နဲ့ အကျဉ်းကျနေသူတွေ ဒီနှစ်ကုန်မှာ မရှိစေရဘူးဆိုတဲ့ ပြောဆိုချက်အတိုင်း ဇူလိုင်လ ၂၃ ရက်နေ့က နိုင်ငံရေး အကျဉ်းသား ၇၃ ဦးကို ပြန်လွှတ်ပေးတဲ့အပေါ် ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး အကျဉ်းသား ၁၀၀ နီးပါး ဆက်လက် ကျန်ရှိနေသေးတဲ့ အတွက်လည်း အားလုံးကို ပြန်လွှတ်ပေးဖို့ သူကတောင်းဆိုလိုက်ပါတယ်။

“ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ အားလုံးကို ပြန်လွှတ်ပေးသင့်ပါတယ်။ ဘာကြောင့် တချို့နိုင်ငံရေး အကျဉ်းသားတွေ ကျန်နေသေးတယ် ဆိုတာကို ကျနော် နားမလည်နိုင်ပါဘူး။ ဒါဟာ ကျနော် လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေး မှူး ဖြစ်လာကတည်းက မြန်မာအစိုးရကို တောင်းဆို လာခဲ့တာပါ။ နိုင်ငံရေး အကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရမှာ ဖြစ်ပါတယ်။”

ဒါ့အပြင် လူ့အခွင့်အရေး လှုပ်ရှားသူတွေကို ဆက်လက် ဖမ်းဆီးမှုတွေ ရှိနေတဲ့ အပေါ်မှာလည်း စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်း မစ္စတာ ကင်တာနား ကပြောပါတယ်။

“အခု အရပ်သား အစိုးရလက်ထက်မှာ အစိုးရရဲ့ ပေါ်လစီတွေနဲ့ အမြင်ချင်းမတူတဲ့သူတွေကို ပြန်ပြီးဖမ်းနေတာ တွေ့ရပါတယ်။ အထူးသဖြင့် သဘာဝ သယံဇာတ တူးဖော်မှု၊ ရေကာတာတည်ဆောက်မှု၊ လယ်ယာမြေသိမ်းဆည်းမှု၊ တခြားမိရိုးဖလာ လုပ်ကိုင်မှုတွေအပြင် ရခိုင်ပြည်နယ်မှာ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကိုလည်း ဖမ်းဆီးနေတာ တွေ့ရပါတယ်။”

အထူးသဖြင့် အမျိုးသား ဒီမိုကရေစီအင်အားစု (NDF) ပါတီရဲ့ ကချင်ပြည်နယ်ဆိုင်ရာ ဥက္ကဋ္ဌဖြစ်သူ ဒေါ်ဘောက်ဂျာ ကို ဇူလိုင်လ ၁၈ ရက်နေ့က ဖမ်းဆီးခဲ့တဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း သူသြဂုတ်လ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ မြန်မာအာဏာပိုင်တွေနဲ့ သူ့ရဲ့စိုးရိမ်မကင်း ဖြစ်မှုကို ထုတ်ဖော် ပြောကြားမယ်လို့လည်း မစ္စတာ ကင်တာနား ကပြောပါတယ်။

“ကျနော့်အနေနဲ့ ဒေါ်ဘောက်ဂျာ ကိစ္စနဲ့ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်မိပါတယ်။ သူဖမ်းဆီးခံရတဲ့အကြောင်း ကျနော်ဖတ်ရပါတယ်။ သူ့ရဲ့အမှုကို တရားရေးရာအရ ဆုံးဖြတ်မယ်ဆိုတာလည်း သိပါတယ်။ အစိုးရအနေနဲ့ ဒီနေရာမှာ စေတနာရင်းမှန်ဖို့ လိုပါတယ်။ တဘက်မှာ နိုင်ငံရေးအကျဉ်းသား ၇၃ ဦးကို လွှတ်ပေးပေမဲ့ တဘက်မှာ ပြန်ဖမ်းဆီးမှုတွေ ရှိနေပါတယ်။ ဒီနေရာမှာ လိုအပ်တဲ့သူတွေကို အကူအညီပေးနေတဲ့သူ၊ တကယ်ဆို အစိုးရလုပ်ရမယ့် တာဝန်ကို သူက၀င်ရောက် ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ ကျနော် သြဂုတ်လ မြန်မာပြည် သွားတဲ့အခါ ဒေါ်ဘောက်ဂျာ ကိစ္စကို ထည့်သွင်းပြီး အာဏာပိုင်တွေနဲ့ ဆွေးနွေးမှာ ဖြစ်ပါတယ်။”

ဒေါ်ဘောက်ဂျာကို ၂၀၀၉ ခုနှစ်က ကျေးရွာအတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ အမှုနဲ့စွပ်စွဲပြီး ဖမ်းဆီးထားတာ ဖြစ်ပါတယ်။ သူ့ကို လူသေမှုနဲ့ ပုဒ်မ ၃၀၄ (က) အပြင်၊ ဆေးထိုးအပ် ကိုင်တဲ့အမှုနဲ့ ပုဒ်မ ၃၃ အပြင်၊ မြန်မာနိုင်ငံ ဆေးဝါးအက်ဥပဒေ ပုဒ်မ ၄၁ စသဖြင့် ပုဒ်မ ၃ ခုနဲ့ ဖမ်းဆီးထားတာဖြစ်ပြီး ဒေါ်ဘောက်ဂျာဟာ လောလောဆယ်မှာ ဆက်သွယ်မှု ခက်ခဲတဲ့ ဖားကန့်မှာ ထိန်းသိမ်းခြင်း ခံထားရတယ်လို့ သိရပါတယ်။

မစ္စတာ ကင်တာနား က မြန်မာအစိုးရ အနေနဲ့ ပြုပြင်ပြောင်းလဲရေး ဖော်ဆောင် ရာမှာ ငြိမ်းချမ်းစွာ စုဝေးဆန္ဒပြမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု စတဲ့ အခြေခံ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာပြီး၊ ဥပဒေတွေကို ပြင်ဆင်ရာ မှာ မြန်မာနိုင်ငံရဲ့ တရားရေးစနစ်ဟာလည်း သီးခြားရပ်တည်ဖို့ အရေးကြီးတယ် လို့လည်း သူကပြောပါတယ်။

“လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ဆန္ဒပြခွင့် စသဖြင့်ဟာ လူ့အခွင့်အရေး ပဋိဥာဏ် စာတမ်းကြီးမှာ သိပ်ကိုအရေးကြီးတဲ့ အခွင့်အရေးတရပ် ဖြစ်ပါတယ်။ ဒါကို မြန်မာအစိုးရက လေးစားဖို့ လိုအပ်ပါတယ်။ အထူးသဖြင့် ဆန္ဒပြသူတွေကို ဒေသခံအာဏာပိုင်တွေ၊ ရဲနဲ့တရားရုံးတွေက တုန့်ပြန် အရေးယူတာတွေကို နိုင်ငံတော် အစိုးရက လေးလေးနက်နက် စုံစမ်းစစ်ဆေးသင့်ပါတယ်။ ဒီလိုဆန္ဒပြသူတွေကို ဖမ်းဆီးမှုတွေ တွေ့နေရပါတယ်။ ဒါဟာ နိုင်ငံရေးအရ လှုံ့ဆော်မှု အကြောင်းတရားတွေ ပါနေလို့ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကို အစိုးရက စုံစမ်းစစ်ဆေး ပေးသင့်ပါတယ်။ ဒီအကြောင်း ကျနော်မကြာမီ သြဂုတ်လကျ မြန်မာနိုင်ငံ သွားတဲ့အခါမှာ ဆွေးနွေးဖို့ ရှိပါတယ်။”

၂၀၀၈ ခု၊ မေလကစပြီး လူ့အခွင့်အရေး စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သူ မစ္စတာ ကင်တာနား ဟာ ဒီနှစ်အတွင်း ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ကလည်း မြန်မာနိုင်ငံကို ၆ ရက်ကြာ သွားရောက်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် သြဂုတ်လ ခရီးစဉ်ဟာ ဒုတိယမြောက် မြန်မာနိုင်ငံကို ဒီနှစ်အတွင်း သွားရောက် တဲ့ ခရီးစဉ်လည်း ဖြစ်မှာပါ။
VOA Burmese မှ ကူးယူဖော်ပြသည်

ကမ္ဘောဒီးယား ရွေးကောက်ပွဲရလဒ် အငြင်းအခုံဖြစ်

ဗွီအိုအေ (မြန်မာပိုင်း)

ကမ္ဘောဒီးယား နိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲအတွင်း အနိုင်အရှုံး ထွက်ပေါ်ခဲ့ပြီးတဲ့နောက် မသမာမှုတွေနဲ့ ရှိခဲ့တဲ့ အထောက်အထားတွေကို စုဆောင်းဖို့ ဒီကနေ့ ဗုဒ္ဓဟူးနေ့ လူထုနဲ့ တွေ့ဆုံမယ်လို့ အတိုက်အခံပါတီက ပြောလိုက်ပါတယ်။

ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) ရဲ့ခေါင်းဆောင် စမ် ရင်စီ (Sam Rainsy) ကတော့ မဲဆန္ဒရှင်တွေရဲ့ အခွင့်အရေး ဆုံးရှုံးခဲ့ရတာတွေကို ပြည်တွင်းနဲ့ နိုင်ငံတကာ အကဲခတ်တွေကို တင်ပြဖို့ အထောက်အထားတွေ စုဆောင်းသွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။

ရွေးကောက်ပွဲ မှတ်ပုံတင်စာရင်း သွင်းရာမှာ မဲဆန္ဒရှင် ၁ သန်း ၂ သိန်းရဲ့ အမည်စာရင်းတွေ ပါမလာကြသလို၊ ၂ သိန်းလောက်ကတော့ စာရင်းထပ် နေသူတွေ ဖြစ်တယ်လို့လည်း အတိုက်အခံခေါင်းဆောင်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

အစိုးရကတော့ ရွေးကောက်ပွဲ မသမာမှု စွပ်စွဲချက်တွေအပေါ် နိုင်ငံတကာက စုံစမ်းစစ်ဆေးဖို့ တောင်းဆိုချက်ကို လက်မခံတဲ့ အကြောင်းနဲ့ အတိုက်အခံတွေ အနေနဲ့ အထောက်အထားရှိတယ်ဆိုရင် ရှင်းရှင်းလင်းလင်း ပြသဖို့ တောင်းဆိုခဲ့တဲ့ အကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကို ကိုးကားပြီး Reuters သတင်းတပုဒ်က ဖော်ပြခဲ့တာပါ။

ဝန်ကြီးချုပ် Hun Sen ရဲ့ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီ (CPP) ကတော့ ရွေးကောက်ပွဲမှာ အမတ်နေရာ ၆၈ နေရာနဲ့ အနိုင်ရခဲ့တာ ဖြစ်တဲ့အကြောင်းနဲ့ ၀န်ကြီးချုပ်အဖြစ် ဟွန်ဆန် ကိုပဲ ဆက်လက် တင်မြှောက်သွားမှာ ဖြစ်တဲ့အကြောင်း ကြေညာထားပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) တို့ကတော့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲ အတွင်း မဲမသမာမှု စွပ်စွဲချက်တွေအပေါ် စိုးရိမ်မကင်းတဲ့အကြောင်း ပြောဆို ထားပါတယ်။

ဗွီအိုအေ မြန်မာပိုင်းမှ ကူးယူဖော်ပြသည်

WikiLeaks သတင်းပေါက်ကြားသူ ရန်သူအားပေးမှုကလွတ်

ဗွီအိုအေ (မြန်မာပိုင်း)
 
အင်တာနက်ပေါ်မှာ လျို့ဝှက်သတင်း အချက်အလက်တွေကို ဖော်ပြနေတဲ့ WikiLeaks ကို အမေရိကန် အစိုးရရဲ့ လျို့ဝှက်ချက်တွေ ပေါက်ကြားမှုနဲ့ အရေးယူခံထားရတဲ့ အမေရိကန်စစ်သား Bradley Manning အနေနဲ့ ရန်သူကို အားပေးကူညီမှု စွပ်စွဲချက် အတွက် အပြစ်မရှိကြောင်း စစ်ခုံရုံးက ဆုံးဖြတ်လိုက်ပါတယ်။

တသက်တကျွန်း ပြစ်ဒဏ်အထိ ကျခံရနိုင်တဲ့ အမှုနဲ့ ပတ်သက်လို့ တိုက်ရိုက် စွပ်စွဲနိုင်ခြင်း မရှိဘူးဆိုပြီး Oklahoma ဇာတိ Manning အပေါ် ဆုံးဖြတ်ခဲ့တာပါ။

ဒါပေမဲ့လည်း ပြည်သူပိုင် ပစ္စည်းတွေကို ခိုးယူမှု၊ နိုင်ငံတော်ကို နှောက်ယှက်ဖျက်ဆီးမှု၊ ကွန်ပြူတာကို အသုံးပြုပြီး မသမာမှု စတဲ့ ပြစ်ဒဏ် သက်သာတဲ့ စွပ်စွဲချက်တွေအတွက် အပြစ်ရှိကြောင်း ၀ါရှင်တန်မြို့တော်အနီး မေရီလန်းပြည်နယ် Fort Meade တပ်တွင်း ခုံရုံးက ဆုံးဖြတ်ခဲ့ပါတယ်။

အမှုတွေ အားလုံးအတွက် စီရင်ခံရမယ်ဆိုရင်တော့ အနှစ် ၁၀၀ ကျော်အထိ ကျခံရမှာပါ။

သူဟာဆိုရင် WikiLeaks ၀ဘ်ဆိုဒ်ကို အမေရိကန် အစိုးရရဲ့ သတင်းအချက် အလက် မှတ်တမ်းပေါင်း ၇ သိန်းကျော် ပေါက်ကြားခဲ့မှုနဲ့ ဆက်နွယ်ပြီး ရာဇ၀တ်မှု ၂၁ မှုနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပေါက်ကြားခဲ့တဲ့ အချက်အလက်တွေထဲမှာတော့ အမေရိကန် သံတမန်တွေရဲ့ လျို့ဝှက်ကြေးနန်းစာတွေ၊ အီရတ်နဲ့ အာဖဂန် စစ်ပွဲက စစ်ဘက်ဆိုင်ရာ အစီရင်ခံစာတွေ ပါဝင်ခဲ့တာပါ။ အခုနောက်ဆုံး ကျန်နေသေးတဲ့ အမှုတွေနဲ့ ပတ်သက်လို့ သူ့အနေနဲ့ အပြစ်ရှိကြောင်း တရားခွင်မှာ ၀န်ခံတာမျိုးတော့ မရှိသေးပါဘူး။

ကျောက်ဖြူ မဒေးကျွန်း ဆန္ဒပြခေါင်းဆောင် ၁ဝ ဦးအမှု စတင်စစ်ဆေး

ပြီးခဲ့တာ ဧပြီလ ၁၈ရက်နေ့က ရခိုင်ပြည်နယ် မဒေးကျွန်းမှာ ရွှေသဘာဝ ဓာတ်ငွေ့စီမံကိန်းကို ဆန္ဒပြခဲ့ကြတဲ့ ဆန္ဒပြခေါင်းဆောင် ၁ ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးမှာ ဒီကနေ့ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပါတယ်။
ဒီနေ့တရားရုံးမှာ စစ်ဆေးခံရတာနဲ့ ပတ်သက်ပြီး ဆန္ဒပြခေါင်းဆောင်တစ်ဦးဖြစ်သူဦးထွန်းကြည်ကအခုလိုပြောပါတယ်။
"ကျနော်တို့က ဦးဆောင်ပြီး ဆန္ဒပြတာလားလို့မေးတယ်လေ၊ ကျနော်တို့က မဟုတ်ဘူး၊ ရွာသူရွာသားတွေက ဆန္ဒပြချင်လို့ပြတာ၊ ကျနော်တို့က ဒီဥပဒေနဲ့ ပြဿနာမဖြစ်အောင် ဦးဆောင်ပြီးဖြေရှင်းပေးတာ"
သူတို့ ၁ ဦးဟာ တရားမင်စီတန်း လှည့်လည်မှုနဲ့ တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။
ဒီအမှုနဲ့ ပတ်သက်ပြီး အရင်တုန်းက တရားလိုပြသက်သေတွေကို ခုနှစ်ကြိမ် စစ်ဆေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ရွှေသဘာဓာတ်ငွေ့စီမံကိန်းကြောင့် မဒေးကျွန်းမှာ လယ်သိမ်း၊ မြေသိမ်းကိစ္စတွေ ဖြစ်ပေါ်ခဲ့တဲ့အပေါ် ထိုက်တန် တဲ့လျော်ကြေးငွေပေးဖို့ ဒေသခံတွေက တောင်းဆိုခဲ့ကြတာပါ။

RFA Burmese မှ ကူးယူဖော်ပြသည်

ဗြိတိန်အောက်လွှတ်တော်ဥက္ကဌ နဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သူရဦးရွှေမန်းတို့ တွေ့ဆုံ

 2013-07-30
ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဗြိတိန်အောက် လွှတ်တော် ဥက္ကဌ Mr. John Bercow နဲ့ အဖွဲ့ကို ဒီနေ့မနက် လွှတ်တော်အဆောက်အဦးဝင်းထဲမှာရှိတဲ့ ဇဗ္ဗူသီရိခန်းမဆောင်မှာ တွေ့ဆုံ ခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ်တွေ လည်း တက်ရောက်ခဲ့ကြပါတယ်။ 

လွှတ်တော်အတွေ့ အကြုံနည်းသေးတဲ့ မြန်မာနိုင်ငံက လွှတ်တော် ကိုယ်စားလှယ်တွေကို အရည်အသွေးမြှင့် သင်တန်းတွေပေးသွားမယ်လို့ ဗြိတိန်အောက် လွှတ်တော် ဥက္ကဌ ကပြောကြောင်း အဲဒီတွေ့ဆုံပွဲ ကို တက်ရောက်ခဲ့တဲ့ ကွန်ဟိန်းမဲဆန္ဒ နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းဝါနုက RFAကိုပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး လွှတ်တော် နှစ်ရပ်စလုံး က ကိုယ်စားလှယ်တွေကို ချပြသင့်ကြောင်း ဗြိတိန်အောက်လွှတ်တော်ဥက္ကဌက အကြံပြုဆွေးနွေးသွားတယ် လို့ သိရပါတယ်။

RFA Burmese

1331 နံပါတ်သို့ SMS ပေးပို့၍ Internet လိုင်းဖွင့်နိုင်ပါပြီ


ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM / WCDMA ကြိုတင်ငွေဖြည့်ကဒ်ဖြင့် တယ်လီဖုန်းသုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့ လူကိုယ်တိုင်လာရောက် လျှောက်ထားရန် မလိုဘဲ မိမိမိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃) ရက်နေ့မှစတင်၍ တိုက်ရိုက်ဖွင့်လှစ် သုံးစွဲနိုင်ရန် ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ “Orderdata service” စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ ငွေလက်ကျန်ထဲမှ ၁၀၀၀၀ိ/ (ကျပ်တစ်သောင်း တိတိ) ကိုနှုတ်ယူမည်ဖြစ်ပါသည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

အင်တာနက်လျှောက်ထားပြီးလျှင် 1234123 မှ

Dear customer, you have ordered product service successfully! Please restart you handset. ဟု message ပြန်ပို့လာပြီး ဖုန်းကို restart ချ၍ internet Setting ချိန်ပြီး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

Internet Setting ချိန်ရန်

Menu > Setting > Wireless & Networks > Mobile Network > Access Point Names ကို ဖွင့်ပြီး Menu ခလုတ်ကို နှိပ်ပါ ၊ New APN ကို ရွေးပါ။

Name : mptnet

APN : mptnet

Proxy : မရိုက်ရ

Port : မရိုက်ရ

Authentication type : PAP or CHAP (ရွေးချယ်လိုက်ပါ)
အထက်ပါ စာများ ရိုက်ပြီးသွားလျှင် Menu ခလုတ်နှိပ်ပြီး Save ဖြင့်ထွက်လိုက်ပါ။
Data Switch (အထက်အောက် မြှား) ကို On ပေးခြင်းဖြင့် Internet အသုံးပြုလို့ ရပါပြီ။

 Myanmar Journal

လယ်တောကအပြန် --- ရွှံ့ဘွဲ့




Maukkha Education Magazine  မှ ကူးယူဖော်ပြသည်

မသန်စွမ်းအဖွဲ့ရှစ်ဖွဲ့ ပြည်ထောင်စုလွှတ်တော်တွင် လေ့လာမည်

Published on July 29, 2013 by ​အေး​နိုင် 
 
မသန်းစွမ်းမှုဆိုင်ရာ မိတ်ဖက်အဖွဲ့ရှစ်ဖွဲ့က တာဝန်ရှိသူတွေဟာ နေပြည်တော်က ပြည်ထောင်စုလွှတ်တော်ကို ဇူလိုင် ၃၀ ရက်နေ့မှာ ပထမဆုံးအကြိမ် သွားရောက်လေ့လာကြမှာဖြစ်ပါတယ်။
ကိုယ်စားလှယ်တွေကတော့ (ကိုယ်အင်္ဂါ၊ အမြင်အာရုံ၊ ဥာဏ်ရည်၊ အပြောနဲ့အကြားအာရုံ မသန်စွမ်းမှုလေးမျိုးကို ကိုယ်စားပြုတဲ့ မသန်းစွန်းမှုဆိုင်ရာ မိတ်ဖွဲ့အဖွဲ့ ရှစ်ဖွဲ့က တာဝန်ရှိသူ ၁၆ ဦးဖြစ်ပါတယ်။
မသန်စွမ်းတာဝန်ရှိသူတွေဟာ လွှတ်တော်ကို မနက်ပိုင်းတပိုင်းလုံး လေ့လာမှာဖြစ်သလို ညနေပိုင်းကျရင် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ sky palace hotel မှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီတွေ့ဆုံပွဲမှာ မသန်စွမ်းတွေရဲ့ လက်ရှိအခြေအနေနဲ့ လုပ်ဆောင်မှုတွေကို တင်ပြကြမှာ ဖြစ်ပါတယ်။
ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့ပါတယ်။
ဒီအပေါ် သူတို့လေ့လာရေးအဖွဲ့က ကျေးဇူးတင်စကားကို ဦးစွာပြောဆိုပြီး သူတို့ရဲ့ လိုအပ်ချက်တွေကို တင်ပြမယ်လို့  ဒီခရီးစဉ်ကို ဦးဆောင်တဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့က လုပ်ငန်းဆောင်ရွက်ရေး ဒါရိုက်တာ ဦးအောင်ကိုမြင့်က ပြောပါတယ်။
“နိုင်ငံသားထဲက နိုင်ငံသားတွေဖြစ်တဲ့ မသန်စွမ်းသူတွေလည်းပဲ အခြားနိုင်ငံသားတွေ ရသင့်ရထိုက်တဲ့အခွင့်အရေးကို တန်းတူ ရချင်တယ်ဆိုတဲ့အကြောင်းလေးကို ကျနော်တို့ ပြောပြမှာဖြစ်ပါတယ်။ လက်ရှိ ဆုံးရှုံးနေရတဲ့ အခွင့်အရေးတွေရှိပါတယ်။ မသန်စွမ်းမှုကြောင့် ဆုံးရှုံးနေရတဲ့အခွင့်အရေး ဘာတွေဘာတွေဖြစ်ပါတယ်ဆိုတာ ထောက်ပြပြီးတော့ မသန်စွမ်းသူများ ဥပဒေ မြန်မာနိုင်ငံမှာ အမြန်ဆုံးပြဋ္ဌာန်းနိုင်ဖို့အတွက် ကျနော်တို့ တွန်းအားပေးဖို့အတွက်၊ တင်ပြဖို့အတွက် သွားမှာဖြစ်ပါတယ်။”
လက်ရှိမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ဦးဆောင်ပြီး မသန်စွမ်းအဖွဲ့တွေထံက အကြံဥာဏ်ရယူရေးဆွဲခဲ့တဲ့ မသန်စွမ်းသူများ ဥပဒေမူကြမ်း ရှေ့နေချုပ်ရုံးကို တင်ပြခဲ့ရာမှာ ၀န်ကြီးဌာနထံ ပြန်ကျလာပြီလို့ ဦးအောင်ကိုမြင့်က ပြောပါတယ်။
ဒါကြောင့် ၀န်ကြီးဌာနက လွှတ်တော်ကို တင်ပြတဲ့အခါ မသန်စွမ်းသူတွေရဲ့ လိုလားချက်အခြေအနေမှန်ကို တင်ပြနိုင်အောင် လွှတ်တော်ကိုယ်စားလှယ်တွေကို တင်ပြမယ်လို့ ဆိုပါတယ်။
မသန်စွမ်းသူတွေရဲ့ အရေးကို မသန်စွမ်းသူတွေ ကိုယ်တိုင် ပါဝင်ဆောင်ရွက်ခွင့်ပေးဖို့ အရေးကြီးတယ်လို့ ဦးအောင်ကိုမြင့်က ပြောပါတယ်။
“မသန်ဘူးဆိုတာ မှန်ပေမယ့် ကျန်တဲ့အပိုင်းက စွမ်းဆောင်နိုင်သေးတာ ဖြစ်တာကြောင့် တိုင်းပြည်ကို အလုပ်အကျွေးပြုနိုင်တယ်။ အဲဒါကြောင့် မသန်စွမ်းသူတွေကို သနားပါတယ်၊ သနားတဲ့အတွက် လုပ်ပေးလိုက်မယ်၊ ငါတို့က ပြန်လည်ထူထောင်ပေးမှရမယ်၊ ငါတို့ လုပ်ပေးမှရမယ်ဆိုတာမျိုး မဟုတ်ဘဲနဲ့ မသန်စွမ်းသူတွေရဲ့အရေးကို မသန်စွမ်းသူတွေ ကိုယ်တိုင် ပါဝင်ပြီးတော့ သူတို့လိုအပ်ချက်ကို အမှန်တကယ် သူတို့ပြောတာကို နားထောင်ပြီး လုပ်ပေးဖို့ လိုတာပေါ့။ အဲလို လုပ်လိုက်မယ်ဆိုရင် သူတို့ဟာလည်း နိုင်ငံရဲ့ အင်အားတွေပဲ။ မသန်စွမ်းသူတွေကို လျစ်လျူရှုထားခြင်းဖြင့် တနည်းအားဖြင့် အသိအမှတ် မပြုတာလို့ပဲ ပြောရမှာပေါ့။”

DVB Burmese မှ ကူးယူဖော်ပြသည် 

အီဂျစ်စစ်တပ် အာဏာသိမ်း

Published on July 4, 2013 by ဒီဗွီဘီ   
 
အီဂျစ်စစ်တပ်က သမ္မတမော်စီနဲ့ အစိုးရအဖွဲ့ဝင်အားလုံးကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီး အီဂျစ်နိုင်ငံရဲ့ အာဏာကို မနေ့ညက သိမ်းယူလိုက်ပါတယ်။
စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အယ်လ်စီစီက လက်ရှိအခြေခံဥပဒေကို ရပ်ဆိုင်းလိုက်ကြောင်းနဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးမယ့်အကြောင်း ရုပ်မြင်သံကြားကနေ ပြောကြားလိုက်ပါတယ်။
ရွေးကောက်ပွဲ မလုပ်နိုင်သေးခင်ကာလမှာ အခြေခံဥပဒေခုံရုံးရဲ့ တရားသူကြီးချုပ်ဖြစ်သူ အက်ဒလီမန်ဆိုက နိုင်ငံ့အကြီးအကဲအဖြစ် ယာယီတာဝန်ယူသွားမယ်လို့လည်း ထည့်သွင်း ပြောကြားပါတယ်။
သမ္မတမော်စီ ရာထူးမှ နုတ်ထွက်ပေးရေးအတွက် ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်ပွားပြီးနောက် စစ်တပ်က အာဏာသိမ်းလိုက်တာပါ။

ယာယီနိုင်ငံကူးလက်မှတ်စခန်း ၅ ခု ဆက်ဖွင့်ရန် ညှိနှိုင်း

Published on July 30, 2013 by နန်းမြနဒီ   
 
ထိုင်းရောက် မြန်မာနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေအတွက် နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးကိစ္စတွေ ဆက်ပြီးဆောင်ရွက်ဖို့ ၀န်ဆောင်မှုစခန်း ၅ ခု ဖွင့်ရေး ကိစ္စကို တာဝန်ရှိသူတွေ ညှိနှိုင်းနေကြပါတယ်။
ထိုင်းနိုင်ငံ ခရိုင် ၁၂ ခုမှာ လောလောဆယ် ဖွင့်လှစ်ထားတဲ့  နိုင်ငံကူးလက်မှတ် ဆောင်ရွက်ရေးစခန်းတွေဟာ လာမယ်ဩဂုတ် ၁၁ ရက်နေ့မှာ   သက်တမ်းကုန်ဆုံးတော့မှာ ဖြစ် ပေမယ့် လုပ်ငန်းစဉ် မပြီးပြတ်သေးတာကြောင့် နောက်ထပ် ၅ နေရာမှာ ဆက်ပြီး ဖွင့်လှစ်ဖို့ စီစဉ်ကြောင်း  ဒီနေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ ဖော်ပြထားပါတယ်။
ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက  ရွှေ့ပြောင်းအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က အခုလို ပြောပါတယ်။

“ညှိထားတုန်းပဲ ရှိသေးတယ်။ ညှိထားတယ်ဆိုတာကလည်း နဂို စခန်းဟောင်းတွေကပဲ ပြန်ရွေးမှာပါ။ အသစ်တွေတော့ မဟုတ်ပါဘူး။ စခန်း ၁၁ ခုရှိတယ်။ အဲဒီ ၁၁ ခုထဲကမှ အဆင်ပြေမယ့် စခန်း ၅ ခုကို ပြန်ရွေးမလားဆိုတာ ကျနော်တို့ ညှိနေကြတာပဲ ရှိသေးတယ်။ စီစဉ်နေတုန်းပဲ ရှိသေးတယ်။ အခု ၁၁ ခုထဲမှာ လုပ်ဖို့ ကျန်မယ့်လူတွေ ရှိဦးမယ်။ နောက် ကလေးတွေ ရှိမယ်၊ နောက် ၄ နှစ်ပြည့်သွားတဲ့ အလုပ်သမားတွေ ရှိဦးမယ်လေ။ လေးနှစ်ပြည့်တဲ့လူတွေက ပြန်ရမယ်၊ ခဏပြန်ပြီးတော့ ပြန်လာရမယ်ဆိုတော့ ၁ လပြန်ရမယ်။ ကိစ္စတွေ ရှိတယ်၊ အဲဒီ လုပ်ငန်းတွေ လုပ်ဖို့ ကျနော်တို့ ဖွင့်တာ ဖြစ်တယ်။”
လက်ရှိအချိန်မှာ နိုင်ငံသားစိစစ်ရေးနဲ့ ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးရေးစခန်း တွေကို ထိုင်းနိုင်ငံ ဘန်ကောက်၊ စမွတ်ပရာကန်၊ စမွတ်စခွန်၊ ဆူရတ်ဌာနီ၊ ဆုန်ခလာ၊ ပထုမ်ဌာနီ၊ လယောင်း၊ ရနောင်း၊ ကန်ချနဘူရီ၊ ခွန်ကဲင်၊ ချင်းမိုင်၊ ချင်းရိုင်နဲ့ တာ့ခ်စတဲ့ခရိုင်တွေမှာ ဖွင့်လှစ်ပြီး  တနေရာတည်းအပြီးစနစ်နဲ့ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။
ဒီအစီအစဉ်မှာ ထိုင်းနိုင်ငံထဲက တရားမ၀င်အလုပ်သမားတွေအနေနဲ့ နိုင်ငံသားစိစစ်ရေး နဲ့ ယာယီနိုင်ငံကူးလက်မှတ်တွေကို ဒီနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့ကနေ မတ် ၁၆ ရက်အထိ လာလုပ်ဖို့ ကြေညာခဲ့ပေမယ့်လည်း သတ်မှတ်ချိန်အတွင်းမှာ လာရောက်ဆက်သွယ်ဆောင်ရွက်တဲ့ အလုပ်သမား ရာခိုင်နှုန်းနည်းနေသေးတာကြောင့် ၀န်ဆောင်မှုသက်တမ်းတွေ နောက်ထပ် ၃ ကြိမ် တိုးမြှင့်ခဲ့ပါတယ်။
အဆိုပါအစီအစဉ်ဟာ  လာမယ့်ဩဂုတ်လ ၁၁ ရက်မှာ ပြီးဆုံးမယ်လို့ ကြေညာထားပေမယ့်  ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့တုန်းက ပြုလုပ်သွားတဲ့ ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ ရွှေ့ပြောင်းအလုပ်သမား စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးမှာတော့ ရွှေ့ပြောင်းအလုပ်သမား ယာယီနိုင်ငံကူးလက်မှတ် ဆောင်ရွက်ခြင်းကို နောက်ထပ်တနှစ်ထိ တိုးမြှင့်ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြောင်း ထိုင်းသတင်းဌာနတွေမှာ ဖော်ပြသွားပါတယ်။
ဒါဟာ ယာယီနိုင်ငံကူးလက်မှတ်လုပ်ဖို့ လာရောက်စာရင်းပေးထားပြီးသားသူတွေအတွက် ဆက်လက်ဆောင်ရွက်ပေးဖို့အပြင် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ မှီခိုသူ အသက် ၁၅ နှစ်အောက်  ကလေးငယ်တွေအတွက်ပါ  နိုင်ငံကူးလက်မှတ်နဲ့ နေထိုင်ခွင့်ဗီဇာတွေ ထုတ်ပေးဖို့ ဖြစ်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားများ စီမံခန့်ခွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် နိုင်းပရ၀စ် ခိန့်ဖွန်က  သတင်းထောက်တွေကို ပြောပါတယ်။
အဲဒီအစည်းအဝေးမှာ ရေလုပ်ငန်းက အလုပ်သမားပြတ်လပ်မှုပြဿနာကို ဖြေရှင်းဖို့အတွက် ငါးဖမ်းလှေပေါ်က အလုပ်သမားတွေကိုတော့ ၁ နှစ်ကို ၂ ကြိမ် ၊ ၁ ကြိမ်ကို အချိန် ၁ လအတွင်း  အလုပ်သမားကတ်ဆောင်ရွက်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား ၃ နိုင်ငံက နိုင်ငံကူးလက်မှတ်လုပ်ဖို့  မှတ် ပုံတင်ထားကြတဲ့ အလုပ်သမားပေါင်း ၂၉၂, ၂၃၅ ဦးရှိပြီး မြန်မာအလုပ်သမား ၁၁၂,၂၅၀ ဦးနှုန်း ပါဝင်တယ်လို့ ထိုင်းသတင်းဌာနမှာ ဖော်ပြထားပါတယ်။
ထိုင်းနိုင်ငံအနေနဲ့ သူတို့နိုင်ငံက လူကုန်ကူးမှုပြဿနာနဲ့ အလုပ်သမားမလုံလောက်မှု ပြဿနာကို ဖြေရှင်းဖို့အတွက်  နယ်စပ်ကနေတဆင့် အလုပ်သမားတင်သွင်းဖို့လည်း စီစဉ်နေ တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြထားပါတယ်။
အထူးသဖြင့် စိုက်ပျိုးရေးလုပ်ငန်းနဲ့ ရေလုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ဖို့ အိမ်နီးချင်းနိုင်ငံ နယ်စပ်တလျှောက်မှာ နေထိုင်တဲ့သူတွေအနေနဲ့ ထိုင်းဘက်ခြမ်းကို အထောက်အထားတခုခုနဲ့ ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ သက်ဆိုင်ရာနိုင်ငံက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းနေတယ်လို့ ဆိုပါတယ်။
အဲဒီလက်မှတ်နဲ့ ထိုင်းဘက်မှာ ၃ လ၊ ၆ လနဲ့ ၁ နှစ် စသဖြင့် ၀င်ခွင့်ပြုဖို့ရှိကြောင်း၊  ဒါပေမယ့် ယာယီနိုင်ငံကူးလက်မှတ် အစားထိုးစာရွက်သာဖြစ်ပြီး ကန့်သတ်နယ်မြေထဲမှာ လုပ်ဆောင်ရမှာဖြစ်ကြောင်း၊ ဒီဆုံးဖြတ်ချက်တွေ အတည်ပြုပေးနိုင်ဖို့ ထိုင်းဝန်ကြီးများ ကော်မတီအစည်းအဝေးမှာ ဆက်လက်တင်ပြဖို့ရှိကြောင်း နိုင်းပရ၀စ် ခိန့်ဖွန်က  သတင်းထောက်တွေကို ပြောခဲ့တယ်လို့ သိရပါတယ်။

DVB Burmese မှ ကူးယူဖော်ပြသည်။ 

ကရင်ပြည်နယ်တ၀န်း ရေလွမ်း

Published on July 30, 2013 by နော်နိုရင်း   
 
အဆက်မပြတ် ရွာသွန်းတဲ့မိုးကြောင့် မြစ်ချောင်းတွေ ရေလျံပြီး ကရင်ပြည်နယ် လှိုင်းဘွဲ့တမြို့လုံးနီးပါး ရေလွှမ်းနေသလို ပြည်နယ်မြို့တော် ဘားအံမြို့မှာလည်း ရေကြီးမှုကြောင့် ရေဘေးဒုက္ခသည်တွေအတွက် ကယ်ဆယ်ရေးစခန်း ၁၂ ခုလောက် ဖွင့်လှစ်ထားရပါတယ်။
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့မှာ  မိုးအဆက်မပြတ်ရွာသွန်းနေမှုကြောင့် တောင်ကျရေ အရှိန်နဲ့ လှိုင်းဘွဲ့ချောင်းရေ မြင့်တက်လာတဲ့အတွက် လှိုင်းဘွဲ့မြို့ပေါ်ရပ်ကွက်တွေ အားလုံးနီးပါး ရေဘေးဒဏ်ခံစားနေရတယ်လို့ မြို့ခံ ဦးချစ်တင်က ဒီဗွီဘီကို ပြောပါတယ်။

“ဇူလိုင် ၂၇ ရက်နေ့ကတည်းက  ရေစတက်ခဲ့တာဖြစ်ပြီး  အခုချိန်ထိ ရေမကျသေးဘဲ  မြို့ပေါ် ရပ်ကွက် ၄ ခုလုံး ရေလွမ်းမိုးမှုဖြစ်ရတာလို့ ပြောပါတယ်။“၂၇ ရက်နေ့က ရေစတက်တယ်၊ ရေက တက်တာ မြန်တယ်။ ၂၈ ရက်နေ့က ပြောင်းကြတာပေါ့။ အခု ၂၉၊ ၃၀ ရှိပြီ။ အိမ်တွေတော့ မြုပ်ကြတယ်။ အောက်ထပ်တွေကတော့ အိမ်တိုင်းလိုလို မြုပ်တာပဲ။ တထပ်ရှိတဲ့ အိမ်ဆိုရင်ပြောင်းပေါ့။ ဘုံလယ်ရာမြေ ဆိုရင် ခေါင်အထိ မြုပ်သွားတယ်၊ (က) ရပ်ကွက်ပေါ့။ အခုတော့ မီးသတ်က အဖွဲ့ဝတ်စုံတွေနဲ့ လိုက်ကူညီတာလည်းရှိပါတယ်၊ ပြောင်းရွေ့လို့ မရတဲ့ဟာလေးတွေပေါ့။”
နေအိမ်တွေ ရေမြုပ်သွားတဲ့ မိသားစုတွေ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေဆီ ပြောင်းရွှေ့ကြရပြီး ကျောင်းတွေအားလုံးလည်း ပိတ်ထားရပါတယ်။
ဒါ့ပြင် ကားလမ်းတွေ ရေမြုပ်ကုန်တဲ့အတွက် လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်သွားသလို မြို့နီးနားတ၀ိုက်က လယ်မြေတွေလည်း ရေနစ်မြုပ်ကုန်လို့ စိုက်ပျိုးသီးနှံတွေ ပျက်စီးမယ့် အနေအထား ဖြစ်နေပါတယ်။
လှိုင်းဘွဲ့မြို့မှာ လူနေအိမ်ခြေ ၅ ထောင်လောက်ရှိပြီး အရင်ကလည်း နှစ်စဉ် ရေကြီးလေ့ရှိပေမယ့်  ဒီနှစ် ရေကြီးမှုဟာ  အရင်နှစ်တွေထက် ပိုမိုဆိုးရွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
အလားတူ ကရင်ပြည်နယ် ဘားအံမြို့မှာလည်း  ဇူလိုင် ၂၈ ရက်နေ့ကစပြီး သံလွင်မြစ်ရေ တက်မှုကြောင့် အနိမ့်ပိုင်းရပ်ကွက်တွေဖြစ်တဲ့ ၁ ၊ ၂ နဲ့ ၅  ရပ်ကွက်တွေက ဒေသခံတချို့ ဘုန်းကြီးကျောင်းနဲ့ ဓမ္မာရုံတွေမှာ ပြောင်းရွှေ့နေကြရတယ်လို့ မြို့ခံတဦးက ဒီဗွီဘီကို ပြောပါတယ်။
ဒီရေကြီးမှုကြောင့် ရေကြီးရပ်ကွက်က ကျောင်းတွေပိတ်ထားရပြီး ရေဘေးဒုက္ခသည် ၈ ထောင် လောက်အတွက် အာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်း ၁၁ ခု ဖွင့်လှစ်ပေးထားပါတယ်။
ဦးချစ်တင်က “လောလောဆယ် အာဏာပိုင် အဖွဲ့အစည်းတွေကတော့ တပ်ရော မြို့နယ် အုပ်ချုပ်ရေးမှူးရော ကျန်းမာရေး ဌာနကရော အကုန်လုံး တချို့ စခန်းတွေက သိပ်ဆိုးဆိုးရွာရွာတော့ မရှိပါဘူးတဲ့။ ၀မ်းသွားတာ တဦး နှစ်ဦးလောက်နဲ့ ကိုယ်ဝန်ဆောင်တဦး ဆေးရုံပို့ ဒါလောက်ပဲ ရှိတယ်။ ဝေတာကမ်းတာ ဆန်အဓိက။ နောက် ခေါက်ဆွဲတို့ ကြက်ဥတို့ ဘယ်သူက ဝေပေးသလဲဆိုတော့ အလှူရှင်တွေကနေပြီးတော့ လာလှူဒါန်းတဲ့ ပိုက်ဆံတွေနဲ့ အာဏာပိုင် အဖွဲ့အစည်းက ပြန်ပြီးတော့ လှူတာပေါ့။ ၁ သောင်းထည့်တာတို့၊ ၅ သောင်းထည့်တာတို့၊ အဲဒီပိုက်ဆံတွေနဲ့ ပေါင်းပြီး ပစ္စည်းဝယ်ပြီးတော့ ရေဘေးစခန်းတွေကို ပေးတာ” လို့ ပြောပါတယ်။
ကရင်ပြည်နယ်  မြ၀တီ၊ ကော့ကရိတ်မြို့နယ်တွေမှာလည်း ရေကြီးမှုတွေနဲ့ ကြုံတွေ့ နေရပြီး ရှမ်းပြည်နယ်အရှေ့ပိုင်း  တာချီလိတ်၊  မိုင်းဆတ်နဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့တွေမှာ လည်း ရေကြီးမှုတွေနဲ့ ကြုံတွေ့နေရပါတယ်။ 

DVB Burmese မှ ကူးယူဖော်ပြသည်။

နောက်ဆုံးရ သတင်း အပုဒ် (၅၀)

 

Sponsors

Most Reading

အသစ်တင်သမျှ အချိန်နဲ့ တပြေးညီဖတ်ရှုရန် Like နှိပ်ပေးပါ

အင်္ဂလိပ်သတင်းများ

သတင်းစာနှင့် ဂျာနယ်များ

Sidebar One

မင်္ဂလာပါ
The Burma Post သည် လက်လှမ်းမှီသမျှ ရရှိ၊ ပေးပို့လာသော သတင်းမှန်၊ သတင်းဦး၊ သတင်းထူးနှင့် အခြားသောဗဟုသုတဖြစ် ဖွယ် ကောင်းနိုနို ရာရာများ၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး၊ စီးပွါးရေ၊ ဘာသာရေး၊ ယာဉ်ကျေးမှု စသည်တို့အပြင် ရုပ်ရှင်၊ ဂီတ၊ ဟာသနှင့် ထူးဆန်းအံသြဖွယ်ရာများကို
များစွာသောပြည်သူများ တနေရာတည်း၊ တထိုင်တည်းနှင့် လေ့လာ၊ ကြည့်ရှု၊ ခံစားစေရန် စုစည်းပြီး ၀န်ဆောင်မှုပေးခြင်းသာဖြစ်ပါသည်။

သတင်း၊ ဆောင်းပါများကိုလည်း ပေးပို့နိုင်ပါသည်။
ဆက်သွယ်ရန်>>> theburmapost@gmail.com