တဖြည်းဖြည်းစုလာတာ
တကယ်တော့ ရှစ်လေးလုံး အရေးတော်ပုံဟာ ၁၉၈၈ခုနှစ် သြဂုတ်လ ၈ရက်နေ့ကျမှ ပေါ်လာ တာမဟုတ်ပါဘူး။တဖြည်း ဖြည်းစု လာတာပါ။တစ်ရိပ်ရိပ်တက်လာ တာပါ။ ၁၉၇၄၊ ၁၉၇၅၊ ၁၉၇၆၊ ၁၉၇၇ တောက်လျှောက် ဦးသန့် အရေးအခင်း၊အလုပ်သမား အရေးအခင်း၊မှိုင်းရာပြည့်၊ ခွန် လေးလုံးဆိုတာတွေက အစပျိုး ခဲ့တာပါ။ တစ်ပါတီ အာဏာရှင် မဆလအစိုးရဟာ နိုင်ငံရေးနဲ့ ပတ် သက်လာရင် ခပ်ကြမ်းကြမ်းကိုင် တွယ်ခဲ့ပါတယ်။သိကြတဲ့ အတိုင်း ပါပဲ။
၁၉၆၂ခုနှစ် အာဏာသိမ်း ပြီးကတည်းက တက္ကသိုလ် ကျောင်း သား နိုင်ငံရေး လှုပ်ရှားသူတွေ ကို ရက်ရက်စက်စက် ချေမှုန်း ခဲ့တာပါ။စာပေနယ်အနု ပညာနယ် က ပညာရှင်တွေလည်း ကျွန်းပို့ခံ ရတဲ့အထိတော်လှန်ရေး ကောင်စီ ပွဲကြမ်းခဲ့တာကို အတိုက်အခံ နိုင်ငံရေးသမားတွေ
အလူးလူး အလိမ့်လိမ့်ခံခဲ့ကြရပါတယ်။ ဒီ အရိုးတွေဟာ၁၉၈၈မှာ ပြန်တွန် တယ်လို့ ဆိုရမှာပေါ့။
၁၉၈ဝမှာ သာသနာသန့် ရှင်း ရေးနဲ့အတူ မဆလအစိုး ရက ၂/၈ဝ အမိန့်ကို ကြေညာပြီး အထွေထွေ လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့တယ်။ နိုင်ငံရေးအရ ကစားကွက်တစ်ခု ဖွင့်လိုက်တာ ပါ။တကယ်တမ်းတော့ ပြည်ပ ရောက် အတိုက်အခံတွေ ဘယ်လိုပဲ ပြန်လာလာ ထောင်ထဲကလူတွေ ဘယ်လိုပဲပြန်လွတ်လွတ် ရင် ထဲက ဝေဒနာ တွေလျော့ပါးသွား ခဲ့တာ
မဟုတ်ပါဘူး။အဘက် ဘက်က ယိုယွင်းခြစားနေတဲ့ နိုင်ငံတော် ယန္တရား ကြီးတစ်ခုလုံး ဟာ ကျွန်တော့်အတွက်တော့ အငြိမ့်ဇာတ်ခုံကြီးပါပဲ။ သရော် စရာ ပြက်လုံးပေါင်းများစွာကို မွေးဖွားပေးနေသလိုပါပဲ။
ဆာလဖာဒိုင်အောက်ဆိုဒ်
ကျွန်တော် တက္ကသိုလ် ကျောင်းသား ဘဝမှာတင် စတွေ့ ရတဲ့ ပညာရေးကမောက်ကမ ဖြစ်စဉ်ဟာ ကျွန်တော့်ကို ဇာဂနာ လို့လူသိစေခဲ့တဲ့ပညာရေး ပြက်လုံး တစ်ခုဖြစ်စေခဲ့ပါတယ်။
အင်္ဂလိပ် လို အခေါ်အဝေါ် မှန်သမျှမြန်မာ ဘာသာနဲ့ ပြောင်းရမယ်ဆိုတဲ့ အာဏာရှင်ရဲ့ မိန့်ကြားချက်ကို ပညာရှိဆရာကြီးတွေခမျာ မဖြစ် မနေ ဘာသာ လိုက်ပြန်နေရရှာပါ တယ်။
ဥပမာဆိုရရင် ဆာလဖာ ဒိုင်အောက်ဆိုဒ်ကို ကန့်ဒိုင် အောက်ဆိုဒ်လို့ ရေးရတယ်။ ကဲ ဗျာမခက်ပေဘူးလား။ ဒိုင်အောက် ဆိုဒ်က မြန်မာစကားလား။ ဒီတော့ ကျွန်တော် တို့ကပြက်လုံး လုပ်တာပေါ့။ မော်တော်ကား ကိုဗမာလို ဘယ်လိုခေါ်မလဲ။ ဂီယာကို၊ လီဘာကို၊ ကလပ်ခ်ကို ဗမာလို ဘယ်လိုခေါ်မလဲပေါ့။ ပရိသတ်ကတော့ တအုန်းအုန်းနဲ့ ရယ်လို့။ပွဲလည်း
ပြီးရောဇာဂနာ လည်းကံကောင်းလို့ အဖမ်းမခံ ရတယ်။ကျောင်းတော့ ခြောက်လ ထုတ်ခံလိုက်ရပါတယ်။
ဒါတွေဟာ ရှစ်လေးလုံး အရေးတော်ပုံကြီးဆီ ဦးတည်သွားနေတဲ့ မီးပွားလေးတွေပါပဲ။ မဆလခေတ်မှာ အင်မတန် နာမည် ကြီးတဲ့ လူကြီးတစ်ယောက်က တော့ တစ်ဒသမငါးလို့ အမည်ရ
တဲ့၊မျက်မှန်ကြီးလို့လည်း ခေါ်တဲ့ ထောက်လှမ်းရေးဗိုလ်ချုပ် တင်ဦးပါပဲ။အခု Market Place ဖွင့်ထားတဲ့နေရာမှာ သူရဲ့ထောက်လှမ်းရေးဌာနချုပ်ပေါ့။ သူက အရပ်သားသတင်းပေးတွေကို လက်သပ်မွေးပြီး အစိုးရကို ဆန့် ကျင်တဲ့သူမှန်သမျှ ဆွဲစေ့တော့ တာပါပဲ။ အဆိုးဆုံးခံရသူတွေ ကတော့စာရေးဆရာ၊ကဗျာ ဆရာ နဲ့ အနုပညာရှင်တွေပါ။
ဒီတော့ အနုပညာလောကထဲမှာ သူ့ကို ရွံ့ ကြမုန်းကြတယ်။၁၉၈၃ခုနှစ် လောက်မှာသူ့ကို ပျားဂေဟာ ကိစ္စ နဲ့ ဖမ်းလိုက်တော့ အားလုံးလန့် သွားတယ်။နောက်ဆက်တွဲ ထောက် လှမ်းရေးမှန်သမျှပြုတ်။ သူတို့နဲ့ အဆက်အသွယ်ရှိသူမှန် သမျှဖြုတ် ဆိုတော့ အုတ်အော်သောင်း တင်းပေါ့။နာမည်ဆိုးနဲ့ ကျော် ကြားတဲ့ ထောက်လှမ်းရေးကြီး လည်း
ဗုန်းဗုန်းလဲသွားလိုက်တာ မြောက်ကိုရီးယားက ကင်မင်ချူးတို့၊ဇင်မိုတို့ အာဇာနည်ကုန်းဗုံးခွဲ တာ ဘယ်ထောက်လှမ်းရေးကမှ မသိလိုက်ကြပါဘူး။ (ဒီအကြောင်း ထည့်ပြောတာ တိုက်ဆိုင်လွန်း လို့ပါ။ထောက်လှမ်း ရေးအကြီးအကဲ ဦးတင်ဦးကို ဖမ်းလိုက် ချိန်မှာ အာဇာနည်ကုန်းဗုံးကွဲ တယ်။
နအဖအစိုးရလက်ထက် ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့်ကို
ဖမ်းလိုက်တဲ့အခါ မြေနီကုန်း City Mart ၊ပုဇွန်တောင် ကုန်သွယ်ရေးစင်တာ။ရှစ်မိုင် junction 8 သုံးနေရာဆက်တိုက် ဗုံးကွဲတယ်။ ခုထိ လက်သည်မမိဘူး။)
ပျားကေဒါနဲ့ မဆလကေဒါ
ထောက်လှမ်းရေး ဦးတင်ဦး နဲ့ကျွန်တော်နဲ့ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး ထောင် ထဲမှာဆုံခဲ့ရတယ်။ သူ့အပြော အရ မဆလပါတီထဲမှာ အားပြိုင် မှုတွေရှိခဲ့တယ်။
ဦးနေဝင်းဟာ တိုင်းပြည်ကိုရေရှည်ထိန်းထားဖို့ ခက်လာတယ်။ စီးပွားရေး လုံးဝ စုတ်ပြတ်နေတယ်။ဒီတော့ ဦးတင်ဦး လက်ထဲကို တိုင်းပြည်ကို ဘယ်ပုံ စီမံသင့်သလဲလို့ အပ်လိုက်တယ်။ ဒီအခါမှာ ပျားဂေဟာ ထူထောင် ပြီး ပျားကေဒါတွေ မွေးထုတ် တော့တာပါပဲ။ ဘွဲ့ရပညာတတ် တွေ အားလုံးဟာ ပျားဂေဟာကို ပဲဦးတည်ကြတော့တယ်။ သင်္ဘော သားတွေ၊ ဆရာဝန်တွေခေတ် မစားတော့ဘူး။ ပျားတွေ ခေတ် ထလာတယ်။ ပျားကေဒါနဲ့ မဆလကေဒါ အားပြိုင်လာတယ်။ မဆလက မင်္ဂလာဒုံမှာ ဗဟိုနိုင်ငံ ရေးတက္ကသိုလ်ဆိုပြီး ကျောင်းဖွင့် တယ်။ ကေဒါမွေးတယ်။
ဦးတင်ဦးနဲ့ပြိုင်ဘက်က ဦးစိန်လွင် တို့အုပ်စု။ ဦးတင်ဦးက သူ့ကေဒါ တွေကို နေရာကောင်းတွေ ပို့ တယ်။ ဆိုပါတော့ ဒုတိယဝန်ကြီး တော်တော်များများဟာ သူပျား တွေချည်းပဲ။
ပညာရေးဌာနမှာ တောင် သူ့ပျားတွေကို ညွှန်ချုပ် လိုနေရာပေးထားတယ်။ ထုံးစံ အတိုင်း အာဏာရှင်ဆိုတာ သူ့ခုံ ကိုလှုပ်လာရင် မကြိုက်တော့ဘူး လေ။ ခွင့်ပြုတုန်းက ခွင့်ပြုခဲ့ ပေမယ့် တကယ်တမ်းကျတော့ သဘောထားမကြီးနိုင်ပါဘူး။ အကုန်ဆွဲဖမ်းပစ်လိုက်တော့တာ ပါပဲ။ ဒါက ဘာကိုပြနေသလဲ ဆိုရင် မဆလထဲမှာ မညီမညွတ် ဖြစ်နေတယ်(ဒါမှမဟုတ်) ဦး နေဝင်းကဘယ်သူ့ကိုမှမယုံကြည် ဘူးဖြစ်နေတယ်လို့ ဆိုရမှာပါ။
ပိုက်ဆံသိမ်းပြီ
တိုင်းပြည်စီးပွားရေးလည်း မကောင်း၊ နိုင်ငံရေးကလည်း မငြိမ်တဲ့အချိန်မှာ ချိန်ကိုက်ဗုံး တစ်လုံးပေါက်သွားတယ်။ပိုက် ဆံတွေကို ပြန်သိမ်းတဲ့ကိစ္စပါ။ ပြည်သူတွေ တော်တော် အထိနာ သွားတယ်။ အစိုးရကို မကျေနပ် မှု ဒီဂရီအမြင့်ဆုံးပါပဲ။ ဖြစ်ချင် တော့ ကုလားဗမာအဓိကရုဏ်း တွေက ပြည်မှာ၊ တောင်ကြီးမှာ ဖြစ် လာခဲ့တယ်။ (ဒါတွေကလည်း ဖော်မြူလာလို
ဖြစ်နေတယ်။ တစ်ခုခု ပေါက်ကွဲတော့မယ်ဆိုရင် ကုလား ဗမာပြဿနာပေါ်လာ လေ့ ရှိနေတယ်။ သတိပြုစရာပါ)
မတ်လ ၁၃ရက်နေ့ည ကြို့ ကုန်းမှာ ကျောင်းသားနဲ့ အရပ် သား ရန်ဖြစ်တဲ့ ပြဿနာဟာ ဘာမှ မကြီးပါဘူး။ ဒါပေမဲ့ ကိုင် တွယ်ပုံကရိုင်း လွန်းလှလေတယ်။ မောင်ဖုန်းမော်နဲ့ မောင်စိုးနိုင်တို့ အသတ်ခံခဲ့ရတယ်။ ရန်ကုန် တက္ကသိုလ်နဲ့ စက်မှုတက္ကသိုလ် ပေါင်းမိသွားတော့တာပါပဲ။ ဒီပွဲ အပြီးမှာကျောင်းသားတွေ အဖမ်း ခံရတယ်။ ဒီတုန်းက ကျွန်တော်
ဆရာဝန်ဖြစ်နေပြီ။ ကျောင်းသား မဟုတ်တော့ဘူး။ ဒါပေမဲ့ တက္က သိုလ်ကို မခွာနိုင်သေးဘူး။ တက္က သိုလ် အပန်းဖြေရိပ်သာမှာ ကျောင်းသား တွေစုပြီးတိုင်ပင်ရင် ကျွန်တော်တို့ အရိုင်းတို့ရောက် ရောက်သွားတယ်။ မောင်မောင် ကျော်တို့ မိုးသီးတို့က စာရွက်တွေ ဝေချင်တယ်ဆို ကျွန်တော်တို့က ယူပြီးဝေပေးတယ်။ အဲဒီအချိန် ဌေးကြွယ်တို့၊ လှမျိုးနောင်တို့က ထောင်ထဲရောက်နေပြီပေါ့။
ကျွန်တော်တို့ မြပုဏ္ဏမာအဖွဲ့သား တွေဟာ တက္ကသိုလ်အနုပညာ အသင်းကို အခြေခံဖွဲ့ထားတာ ဖြစ်လို့ ကျောင်းသားစိတ် အပြည့် နဲ့ပါ။ ဖိုးဖြူဆိုရင်
ကြေညာချက် တော်တော်များများကို ဖယောင်း စက္ကူပေါ်မှာရေးပေးတယ်။အရိုင်း ကဒီဇိုင်းဆွဲတယ်။ ၈၈တုန်းက ဒီ ဇိုင်းသားသားဆိုတာ အရိုင်းပဲပေါ့။
အရိုင်းရောကျွန်တော်ရော
ကြေကွဲနေတယ်
၁၉၈၈၊ ဇွန်အရေးအခင်း ဖြစ်တော့ ကျွန်တော်တို့ မျက်စိ ရှေ့တင်။ကျွန်တော်နေတာ မြေနီ ကုန်းဆိုတော့ အားလုံးမျက်မြင် ကိုယ်တွေ့ပဲ။ ကျွန်တော်ရော အရိုင်းပါ အိပ်မပျော်ကြဘူး။
စားလို့လည်းမရဘူး။ ကိုယ်ဘာမှ မလုပ်ပေးနိုင်တာကို ကြေကွဲနေ တယ်။ အဲဒီအချိန်မှာ သြဂုတ် ၈ ရက်နေ့ လူထုတိုက်ပွဲစမယ်ဆိုတာ လိုင်းကျလာတော့ ကျွန်တော်တို့ ပါဝင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဇာဂနာ၊ အရိုင်းဆိုတာ လူသိ နေတဲ့လူ တွေဖြစ်နေပြီ။ ပြီးတော့ မြန်မာ့အသံ ရုပ်မြင်သံကြားဝင်း ထဲ ဥဒဟိုသွားနေနိုင်တဲ့ အခွင့် လည်း ရနေတော့ စနည်းနာရတာ ပေါ့။ ဦးစိန်လွင် ကိုယ်တိုင်ကွပ်ကဲ တဲ့အဖွဲ့ မြန်မာ့အသံ စတူဒီယို အေ အရှေ့မှာ ကွပ်ကဲရေး ရုံးဖွင့် တယ်လေ။ ကျွန်တော်နဲ့အရိုင်း က မယောင်မလည်နဲ့ သူတို့နား သွားသွားပြီး
သတင်းထောက် လှမ်းတယ်။ ၂၂က တပ်တွေ ရောက်လာပြီ။ သနက (၃)နဲ့ (၅)ကိုမြို့လုံခြုံရေးအတွက်နေရာယူ ခိုင်းလိုက်ပြီ။ ဒါဆိုရင် သြဂုတ် ၈ ရက်နေ့ကိုဖြိုခွင်းတော့မယ်ပေါ့။
ရန်ကုန်ဟာငရဲခန်းလို ဆူလို့ညံလို့
ကျွန်တော်အသားတွေ တုန် လာတယ်။ ကျွန်တော့်သူငယ်ချင်း တွေ ညီအစ်ကိုတွေကတော့ မြန်မာ့အသံရှေ့ကနေ မဆလ အစိုးရ အလိုမရှိဆိုတာတွေ အော်ပြီးမြို့ထဲချီတက်သွားကြပြီ။
ကိုယ်ဘာလုပ်နိုင်သလဲ။ မသိ။ ဘာမှမလုပ်နိုင်။ ဒါပေမဲ့ လိုက် ပြောလို့တော့ရတာပဲ။ အရေးထဲ အရိုင်းက လူအုပ်နဲ့ပါသွားပြီ။ ကျွန်တော်မြန်မာ့အသံ မြောက် ဘက်ပေါက်ကနေထွက်ပြီး မြို့
ထဲကို တက္ကဆီနဲ့လိုက်တော့ လူ အုပ်ကမြို့တော်ခန်းမရှေ့ မရောက် သေး။ ကျွန်တော်နဲ့သိတဲ့လူတွေ တစ်ယောက်မှမတွေ့။ အကော် ဒီယံဦးအုန်းကျော်ရဲ့ ဧရာဝတီ တေးသံသွင်းမှာ ဝင်ထိုင်ရင်း လူ အုပ်ကိုမျှော်။ ဟော ဗိုလ်ချုပ် လမ်းဘက်က တက်လာပါပကော။ နည်းတဲ့လူတွေ မဟုတ်။ မြို့တော် ခန်းမရှေ့ရောက်တော့ တရား တွေဟောကြ၊ စကားတွေပြော ကြ။
ကျွန်တော်နဲ့တွေ့သူ အား လုံးကို တပ်ကပစ်လိမ့်မယ်လို့ လိုက်ပြောပေမယ့် အားလုံးက ရယ်သွမ်းသွေးလို့ရယ်။ ပစ်ပါစေ ပေါ့။ ကျွန်တော်လက်ပိုက်ပြီးပဲ ကြည့်နေဖို့ရှိတော့တယ်။ ညရှစ် နာရီလောက်ကျ တော့ တစ်မြို့ လုံး မီးတွေမှောင်ကျ သွားတယ်။ သမ္မတရုံဘက် စစ်ကားတွေ အမှောင်ထဲမှာ မီးစုံဖွင့်ပြီး အရှိန် နဲ့ မောင်းချလာလိုက်တာ။ စိတ် ထဲတော့ သွားပြီလို့
တွက်လိုက် မိပါတယ်။ ဆူးလေဘုရားကို အဲဒီစစ်ကားတွေ ပတ်ပြီး ရပ် လိုက်တော့ မြို့တော်ခန်းမရှေ့က သပိတ်တပ်က အေးအေးရယ်။ ထမင်းအစားမပျက်။ ဒုန်းဒုန်း စပစ်တော့မှ လူသံတွေ ပွက် လောရိုက်လို့။ ရန်ကုန်ဟာ ငရဲ ခန်းလို ဆူလို့ညံလို့။ ကျွန်တော် လည်း ပြေးမိပြေးရာ ပြေးထည့် လိုက်တော့ ဘယ်တွေရောက် ကုန်မှန်း မသိတော့ဘူး။
၁၉၈၈ ရဲ့ သြဂုတ်၈ရက်ညဟာ သွေးစက် စွန်းထင်းခဲ့ပြီ။ အမှောင်ထဲမှာ ဘယ်နှယောက်ကျဆုံးခဲ့ပြီလဲ မသိ။ ကျွန်တော်လည်းမသိ။ ဘယ်သူ မှလည်းသိမယ်မထင်။ ခု ၂၅နှစ်ပြည့်ပြီ။ မြို့တော်ခန်းမ
ရှေ့ရောက်တိုင်း ဒီမြင်ကွင်းပဲ ပြန်ပြန်မြင်နေတယ်။
၈၈စိတ်ဓာတ်
မြင်ကွင်းတင် ဘယ်ဟုတ်ပါ့ မလဲ။ ဒီလူတွေ ဒီမျက်နှာတွေကိုပဲ ပြန်ပြန်မြင်နေတယ်။ ၈၈တုန်းက သေချင်သေပါစေဆိုပြီး ကျော ချင်း ကပ်ခဲ့သူတွေ လက်ချင်းချိတ် ခဲ့သူတွေ ခုတော့ အချင်းချင်းပြန် တိုက်နေကြပြန်ပေါ့။ ၈၈စိတ် ဓာတ်ဆိုတာ တစ်ခုတည်းပါ။ ဦး တည်ချက်တူရင် တွဲလုပ် ကြတာ ပါ။ ရှစ်လေးလုံးငွေရတုဖြစ် ဖြစ်၊ စိန်ရတုဖြစ်ဖြစ် အရေးကြီးတာ ၈၈ စိတ်ဓာတ်လေးအလံ ထူစေ့ချင်ပါတယ်။
ဇာဂနာ
Popular Journal