လွတ်ငြိမ်းချမ်းသာခွင့်မှ ကျန်ရှိ ပြစ်ဒဏ်ဖြင့် ဦးနေမျိုးဇင် ထောင်ဒဏ် ၆ နှစ် ကျ
Tuesday, May 7, 2013
ပုသိမ် (မဇ္ဈိမ)။ ။ ပန်းတနော် တရားရုံးမှ ချမှတ်လိုက်သည့် ပုဒ်မ ၅၀၀ အရ ထောင်ဒဏ် ၃ လဖြင့် မအူပင် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသော ဦးနေမျိုးဇင် အား ယခင် လွတ်ငြိမ်းချမ်းသာခွင့်၏ ပြစ်ဒဏ်ကြွေး ၆ နှစ်ကိုပါ တပါတည်း ကျခံရမည်ဟု ပြည်ထဲရေး ဝန်ကြီးဌာနမှ ချမှတ်လိုက်သည်။
ထိုအမိန့်စာကို ခရိုင် အုပ်ချုပ်ရေးမှူးက မအူပင် အကျဉ်းထောင်တွင် လာရောက် ဖတ်ကြားသွားခဲ့ခြင်း ဖြစ်သည်။
“ကျနော်တို့က ပန်းတနော် တရားရုံးကို ဒဏ်ငွေ နှစ်သောင်း ပေးဆောင်ပြီးတော့ ပန်းတနော်မြို့နယ် တရားသူကြီးက မအူပင် အကျဉ်းထောင်မှ သွားစောင့်နေတာ။ မအူပင်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအေးသောင်း က ထောင်ကို ရောက်လာပြီး အမိန့်စာဖတ်ပြတယ်လို့ ကြားတယ်။ အရင် ပြစ်ဒဏ် ၆ နှစ်ကို ကျခံခိုင်းတယ်လို့ သိရပါတယ်” ဟု ပန်းတနော်မြို့နယ်၊ အင်းမကျေးရွာနေ ဦးမောင်မောင်ငြိမ်း က ပြောသည်။
ကိုနေမျိုးဇင် မှာ ရဲတပ်ဖွဲ့အား အသရေဖျက်မှုဖြင့် ပန်းတနော်မြို့နယ် တရားရုံးမှ ထောင်ဒဏ် ၃ လ ချမှတ်ထားခြင်း ဖြစ်သည်။
၎င်းမှာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်အရ ပုဒ်မ ၄၀၁ ဖြင့် လွတ်မြောက်လာခဲ့ ခြင်းဖြစ်၍ ထိုစဉ်က လက်ကျန် ပြစ်ဒဏ်ကို ယခုပြစ်မှုတွင် တပါတည်း ကျခံရခြင်းဖြစ်သည်။
စည်သူမောင်မောင်
Mizzima - News in Burmese
Labels:
ပြည်တွင်းသတင်း