Thursday, 17 January 2013
![]() |
ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဉ်များကို တွေ့ရစဉ် |
စည်းကမ်းမဲ့မောင်းနှင်ခဲ့သည့် ပြိုင်ကားငါးစီးကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ရက်နေ့ ညပိုင်းတွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်အတွင်း စည်းကမ်းမဲ့စွာ ပြိုင်မောင်းနေသဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တားဆီးဖမ်းဆီးရန် ညွှန်ကြားချက်ဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဇန်န၀ါရီလ ၁၃ရက် ညပိုင်း က ပြည်သူ့ရင်ပြင်အတွင်း စည်းကမ်းမဲ့ ပြိုင်မောင်းနေသည့် ယာဉ် ၁၃စီးအနက်မှ ငါးစီးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးသာဌေးက '' အခုလို စည်းကမ်းမဲ့ ပြိုင်မောင်းခဲ့တဲ့ ပြိုင်ကားငါးစီးကို ထိန်းသိမ်းထားပါတယ်။ဘယ်လိုနည်းလမ်းမျိုးနဲ့ အရေးယူ အပြစ်ပေးမယ် ဆိုတာကိုတော့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တင်ပြထားပါတယ်။အဲဒီ မှတ်ချက်ပေါ် မူတည်ပြီးတော့ ဆောင်ရွက်သွားမှာပါ''ဟု ပြောကြားခဲ့ပါသည်။
အဆိုပါ ပြိုင်ကားငါးစီးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၌ ထိန်းသိမ်းထားကြောင်း သိရသည်။ဖမ်းဆီး သိမ်းဆည်းခဲ့သည့် ပြိုင်ကား အမျိုးအစားများမှာ ၉က/၄--- Toyota Supra အနက်ရောင်၊၉ဃ/၂--- Nissan Skyline အနက်ရောင်၊၄င/၄--- Nissan Skyline အဖြူရောင်၊၁င/၃--- Nissan Skyline အဖြူရောင်နှင့် ၂ဃ/၉--- Subaru အပြာရောင် ယာဉ်တို့ ဖြစ်ကြောင်း သိရသည်။
အဆိုပါယာဉ်များအားလုံး၏ မှန်များမှာ စတေကာများ တပ်ဆင် ထားပြီး ယာဉ်မောင်းများမှာ အသက် ၁၈ နှစ်မှ ၂၅နှစ်အတွင်း ရှိသူများ ဖြစ်ကြောင်း သတင်းရရှိသည်။ ဖမ်းစီးရမိခဲ့သည့် ငါးစီးတွင် Drift မောင်းယှဉ် ပြိုင်သည့် ယာဉ်နှစ်စီး မပါဝင်ခဲ့ဘဲ Drift မောင်းယှဉ်ပြိုင်သည့် ယာဉ်နှစ်စီးမှာ ၄ဂ/၃၂-- နံပါတ်ပြားတပ်ဆင်ပြီး နံပါတ်ပြားကို စတစ်ကာဖြင့် ရေးသားထားသည့် အဖြူရောင်ကားနှင့် ၄င/၃၅-- နံပါတ်ပြား တပ်ဆင်ထားပြီး နံပါတ်မှာ နောက် နံပါတ်ပြားတစ်ခုသာပါရှိပြီး ရှေ့နံပါတ်ပြားမပါရှိဘဲ အနက်ရောင်ကားတို့ ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
စည်းကမ်းမဲ့ ပြိုင်မောင်းခဲ့သည့် ယာဉ်မောင်းများမှာ တာမွေမြို့နယ်၊ သာကေတမြို့နယ်၊စမ်းချောင်းမြို့နယ်၊ လှိုင်မြို့နယ်နှင့် မရမ်းကုန်းမြို့နယ်တို့တွင် နေထိုင်သူများဖြစ်ပြီး စစ်ဘက်ဆိုင်ရာ အရာရှိကြီးများနှင့် ပတ်သက်သူများနှင့် နီးစပ်သူများ ပါဝင်ကြောင်း စုံစမ်းသိရှိရသည်။
ဖမ်းစီးထားသော ပြိုင်ကားငါးစီး၏ ယာဉ်မောင်းများအား နောက်နောင်တွင် စည်းကမ်းမဲ့စွာ ပြိုင်ကားများ အုပ်စုဖွဲ့မောင်းနှင်ခြင်း မပြုလုပ်ရန် ခံဝန်ကတိပြုလုပ်၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။
၂၀၁၂ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး၌ အုပ်စုလိုက် ကားပြိုင်မောင်းပြီး ခိုက်ရန်ဖြစ်ပွားသည့် ဖြစ်စဉ်များ၊အရှိန်ပြင်းစွာ မောင်းနှင်မှုကြောင့် ယာဉ်တိမ်းမှောက်မှုနှင့် ယာဉ်တိုက်မှုများ မကြာခဏ ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲ တပ်ဖွဲ့မှူးရုံးမှ သိရှိရသည်။
![]() |
ဖမ်းဆီးထိန်းသိမ်းထားသည့် ယာဉ်များကို တွေ့ရစဉ် |